စာရေးသူများသည် ဖြစ်လာသည့် ထုတ်ဖေါ်မပြောဖြစ်သော အကြောင်းအရာများကို စာရွက်ပေါ်တွင် ဖွင့်အန်သွန်ချ ရေးရပေသည်။ စာရေးသူသည် ယခင်ဆိုလျှင် ဒိုင်ယာယီထဲတွင် ခံစားရသည်များကို ဖွင့်ချရေးသားခဲ့သည်။ ယခုကား အခြေအနေအရ ဒိုင်ယာယီထဲမှာပင် ကိစ္စမပြီး၊ ဆိုက်ပေါ်သို့ ပို့စ်တင်လိုက်ရသည်အထိဖြစ်ခဲ့ရသည်။
အကြောင်းကား…….
ရုရှားဖက်ဒရေးရှင်း၊မော်စကိုမြို့မှ ငွေပို့တယ်ဆိုလို့ မောင်ဝင်းမြင့်အား အွန်လိုင်းပေါ်တွင် မေးကြည့်ရာ ပြီးခဲ့သည့်လတုန်းက ပို့လိုက်ပြီ ဖြစ်ကြောင်း ပြောပါသည်။ သို့သော်လည်း စာရေးသူထံသို့ ပိုက်ပိုက်က မရောက်ရှိသေးပေ၊ ရောက်ရှိနေကြောင်းလည်း ဘယ်ဘဏ်ကမှ ဖုန်းမလာပါ။ သည်လိုဆို တစ်ခုခု့ မှားနေပြီထင်သည်ဟု တွေးမိသည်။
နောက်ကြိမ်ထပ်မံ၍ ငွေပို့သူအား အွန်လိုင်းပေါ်ကနေ ပြန်မေးသောအခါ ငွေလွဲလိုက်ပြီ ဖြစ်ကြောင်း၊ ပို့လိုက်သည့် ဘဏ်က ကမ္ဘောဇဘဏ်ဖြစ်ကြောင်း ပြောပါသည်။ ပို၍သေချာအောင် ငွေပို့ပြေစာကိုလည်း အီးမေးလ်နှင့် ပို့လိုက်ပါသည်။ ငွေရပြေစာတွင် (၁၃.၁.၂၀၀၉) ရက်စွဲဖြင့် ပို့ထားသည်ကို သိလိုက်ရသည်။
သို့နှင့် မြိတ်-ကမ္ဘောဇဘဏ်ခွဲကို ဖုန်းနှင့် မေးကြည့်ရာ ရောက်နေပြီ ဖြစ်ကြောင်း ပြောပါသည်။ စာရေးသူကလည်း ငယ်ရွယ်သည့်အချိန်ကဆိုလျှင် သွားဖြစ်သည်။ ယခုအသက်အရွယ်ကြီးပြီဖြစ်သည့်အတွက် ဘဏ်ကို မသွားခဲ့သည်မှာ ကြာခဲ့ပေပြီ။ ဘဏ်ကိုမဆိုထားနှင့် မည်သည့်အရောင်းဆိုင်ကိုမှ မရောက်ဖြစ်တာ ကြာခဲ့ပြီ၊ လိုအပ်လျှင် ကလေးတွေကိုပဲ ခိုင်းနေကျ ဖြစ်သည်။
ထို့ကြောင့် မှတ်ပုံတင်နှင့်အတူ ကိုယ်စားဘုန်းကြီးတစ်ပါး လွတ်ပေးမည်ဖြစ်ကြောင်း ပြောရာ ကိုယ်တိုင်လာမှ ရမည် ဖြစ်ကြောင်း ပြောသည့်အတွက် ဘုန်းကြီးလည်း ဘဏ်ကို ကိုယ်တိုင်ပဲ သွားလိုက်ပါသည်။ ဘဏ်ရောက်တော့ အမျိုးသမီးဝန်ထမ်းတစ်ဦးက….
“ မှတ်ပုံတင်ပေးပါ” ဟုတောင်းသည့်အတွက် ကပ္ပိယထံမှ ဘုန်းကြီး မှတ်ပုံတင်ကို ယူကာ ထုတ်ပေးလိုက်သည်။
“ ပို့လိုက်တဲ့ငွေက ဘယ်လောက်ပါလဲ” ဟု မေးပြန်သည်။ သူတို့တာဝန်အရ မေးသင့်လို့ မေးသည် ထင်ပြီး၊ “…………………ပါ” ဟု ပြန်လည်ဖြေလိုက်သည်။
ငွေထုတ်သူနှင့် မှတ်ပုံတင် တိုက်ဆိုင်ကြည့်၍ တူနေပြီ ဆိုလျှင် ပြဿနာမရှိ မေးစရာမလိုဘဲ ပေးလိုက်ရုံသာ ၊ ယခုတော့ ထိုမေးခွန်း နှစ်ခုအပြင် နောက်တစ်ခု မေးလိုက်ပါသည်။ ၀န်ထမ်းအမျိုးသမီးက ဘုန်းကြီးအပေါ် ယုံမှားသံသယ၀င်နေသလော ဟု တွေးမိသော်လည်း မဖြစ်နိုင်ဟု ယူဆမိပါသည်။
“ အရှင်ဘုရား…. ငွေပို့လိုက်သူက ဘယ်သူပါလဲ” လို့ မယုံသင်္ကာမှုဖြင့် တရားခံမေးစစ်သကဲ့သို့ မေးနေတော့ရာ စိတ်မရှည်ချင်တော့။ မေးသူက အခွင့်ရေးယူလွန်းရာကျသည်ဟုထင်သည်၊ သည်လိုမမေးသင့်ဟုထင်သည်။
အမေးခံရသည်မှာ ယခင်က လူများကို သည်လို စစ်စစ်ပေါက်ပေါက် မမေးမြန်ဖူးဘူးဟု သိရသည်။ ရှိစေတော့။ လူဆိုလျှင် တော်ပေဦးမည်။ ယခုကား ဘုန်းကြီးရဟန်းဖြစ်ပါလျှက် မေးစစ်ခံရသည့်အတွက် ပညာရှိသူတော်ကောင်းများ၏ မျက်စိဖြင့်ကြည့်လျှင် အလွန်အရုပ်ဆိုးသော ဖြစ်ရပ်တစ်ခု ဖြစ်နေပေတော့သည်။
မေးမြန်းချက်များပုံထောက်ရင် ငွေအမောင်းက အလွန်များမည်ဟု စာဖတ်သူများ ထင်ကောင်းထင်ကြပေမည်။ ပို့လိုက်သည့်ငွေသည် များများမဟုတ်၊ တစ်သိန်းနှင့်ကိုးထောင် မျှသာ ဖြစ်သည်။
သည်အထိတောင် မေးလိုက်သည့်အတွက် လူကြားထဲ ပြဿနာမဖြစ်ချင်၊ ပြဿနာဖြစ်လျှင်လည်း ရှက်လှသည့်အတွက်ကြောင့် မေးသမျှ ဖြေကာ ဘာမှ မပြောဘဲ၊ ကပ္ပိယနှင့်အတူ ငွေထုတ်ကာ ပြန်လာခဲ့ပါသည်။
ဆိုရေးရှိက ဆိုအပ်စွဆိုတာလို တစ်ချို့ ဘဏ်များတွင် ဘဏ်ဝန်ထမ်းများက ဘုန်းကြီးရဟန်းများကို လူနှင့်တန်းတူထားကာ ဆက်ဆံကြသည်ကိုလည်း တွေ့ရပေသည်။ ဘာသာခြားများတောင်မှ ဤလိုဆက်ဆံသည်ကို မမြင်ဖူးပေ။
ပြောလိုသည်မှာ ၀န်ထမ်းအမျိုးသမီးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျှက် ရဟန်းသံဃာတစ်ပါးအား မယုံသင်္ကာသည့် အနေအထားဖြင့် မမေးမြန်းကောင်းပေ။ ဆဒ္ဒန်ဆင်မင်းသည် တိရစ္ဆာန်ဖြစ်ပါလျှက် သောနုတ္ထိုရ်မုဆိုး၏ ကိုယ်တွင် သင်္ကန်းစကို မြင်လိုက်သောကြောင့် သံဃာကို ရိုသေသောအားဖြင့် သူ့၏ အစွယ်ကို ဖြတ်ခွင့်ပေးခဲ့သည့် သာဓကလည်း ရှိခဲ့ပေသည်။ ယခုတော့ အသိဥာဏ်ရှိတဲ့ လူတစ်ယောက်ဖြစ်ပါလျှက် ရဟန်းတစ်ပါးအပေါ် သာမန်လူတစ်ယောက်အလား ဆက်ဆံခဲ့သည်မှာ ဘာသာယဉ်ကျေးမှု အလွန်အားနည်းနေသည်မှာ ထင်ရှားလှသည်။ ဘာသာခြားအမျိုးသမီးများတောင်မှ ဘုန်းကြီးရဟန်းများကို သည်လိုမေးမြန်းမှုမျိုး မရှိသလောက်ပင် ဖြစ်သည်။
အချူပ်ပြောရလျှင် ဘဏ်လုပ်ငန်းနဲ့ပတ်သက်သည့် ဘဏ်မန်နေဂျာများက မိမိဝန်ထမ်းများအား လူမှုဆက်ဆံရေးသင်တန်းများ ပေးကောင်းပေးပါလိမ့်မည် ဟု ထင်မိပါသော်လည်း ဘုန်းကြီးရဟန်းများနှင့် ဆက်ဆံရေးကိုမူ သင်မပေးထားဟု ယူဆမိပါသည်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျှက် ဘာသာယဉ်ကျေးမှု အားနည်းလွန်းလှသည့် ထိုဘဏ်ဝန်ထမ်းအမျိုးသမီးအား စာရေးသူတို့၏ ကျောင်းတွင် မကြာမီ ဖွင့်လှစ်တော့မည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို ကလေးများနှင့်အတူ တက်ရောက် သင်ကြားနိုင်လျှင် ကောင်းပေစွ ဟု ပြောလိုက်ချင်ပါတော့သည်။ ။
Wednesday, February 11, 2009
ပြောလိုက်ချင်ပါသည်။
Posted in: ဆောင်းပါး
0 comments:
Post a Comment