ရန်ကုန်-မန္တလေး အစုံ-အဆန် ရထားကြီးဟာ နံနက်ပိုင်းမှ မိုးချုပ်တဲ့အထိ ခရီးသည်များ တင်ဆောင်ကာ တဂျုံးဂျုံး တဂျက်ဂျက် ဖြင့် နေ့စဉ်နေ့တိုင်း တစ်ဘူတာဝင် တစ်ဘူတာထွက် မရပ်မနား ခုတ်မောင်းလျှက်ရှိသလို စာရေးသူတို့ရဲ့ မြို့လေးမှာလည်း မော်တော်ယဉ်များဟာ နေ့စဉ်နေ့တိုင်း ကိစ္စကြီးငယ် အသွယ်သွယ်ဖြင့် ဥဒဟို သွားလာနေကြပါတယ်။ ထို့အတူ လူ၊နတ်ဗြဟ္မာသတ္တ၀ါအားလုံးဟာ ဘ၀သံသရာရပ်ဝန်းထဲတွင် မရပ်မနား သွားလာကျက်စားနေကြပါတယ်။
အစုံ-အဆန်ရထားကြီးဟာ နေ့စဉ်နေ့တိုင်း မရပ်မနား ခုတ်မောင်းနေခြင်းဟာ လောင်စာဆီများကို မပြတ်တမ်း ဖြည့်ပေးနေသော ကြောင့် ဖြစ်ပါတယ်။ လောင်စာဆီများ မရှိတော့ရင် ရပ်နားသွားနိုင်ပါတယ်။ လောကသတ္တ၀ါများဟာ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတည်းဟူသော ကံတရားများကြောင့် အထက် အောက် စုံ-ဆန်ကာ မရပ်မနားဘဲ ဘ၀ဆိုတဲ့ ရထားကြီး ခုတ်မောင်းလျှက်ရှိနေပါတယ်။ ဘ၀ဆိုတဲ့ရထားကြီးဟာ သံသရာရပ်ဝန်း၌ လူဘူတာ၊ နတ်ဘူတာ၊ ဗြဟ္မာဘူတာ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာဘူတာအသီးသီးတွင် တစ်ဘူတာဝင် တစ်ဘူတာထွက်ဖြင့် မရပ်မနား ၀င်ထွက် ခုတ်မောင်းကျင်လည်နေကြရပါတယ်။
လူ၊နတ်ဗြဟ္မာ ဘူတာအသီးသီးကို ရောက်ရှိတဲ့အခါမှာလည်း အောက်တန်းကျတဲ့ဘူတာထက် အထက်တန်းကျတဲ့ ဘူတာတွေမှာ ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိတို့ဘ၀နေ၀င်ချိန် လှပပြီးလျှင် သံသရာရပ်ဝန်းက အဆင့်အတန်းမြင့်တဲ့ ဘ၀ဘူတာအသီးသီးတို့တွင် အထက်တန်းကျကျ ၀င်ထွက်ဖို့ အထူးလိုအပ်လှပါတယ်။
တစ်နေ့ စာရေးသူ ငွေရတု စာစောင်အတွက် ရန်ကုန်မြို့ကို ခေတ္တရောက်ရှိစဉ် ထိုစာအုပ်ကိစ္စနှင့် မြို့ထဲသွားရန်ရှိသောကြောင့် Taxi စီးလာခဲ့ရပါတယ်၊ Taxi စီးနေစဉ် ကားမောင်းသောသူအား …..
" ဒကာကြီး….Taxi ဆွဲတာ အဆင်ပြေရဲ့လား ဒကာကြီး" ဟု စားရေးသူက မေးလိုက်ရာ Taxi သမားက " အဆင်ပြေတယ်ရယ်လို့တော့ မဟုတ်ပါဘူး ဒီလိုပါပဲ၊ တစ်ခြား Taxi သမား တွေ ကားမောင်းတာ တစ်နေ့ကို တစ်သောင်းကျော်လောက် ကျန်ကြတယ်လို့ ပြောပါတယ်ဘုရား၊ တပည့်တော် ကားမောင်းတာ သူတို့ လောက် မကျန်ပါဘူးဘုရား၊ တစ်ခုတော့ရှိတာပေါ့ ၊ တပည့်တော်ကားကို လာငှားတဲ့ သူက ပိုက်ဆံမတတ်နိုင်ရင် သူပေးသလောက်ကိုပဲ တပည့်တော် ယူလိုက်တာတော့ ရှိပါတယ်ဘုရား။ "
"လောကမှာ ဒီလိုTaxiသမားတွေလည်း ရှိသေးတာကိုး" ဟု တွေးမိကာ စာရေးသူက Taxi သမားအား သူလုပ်ခဲ့တဲ့အလုပ်အပေါ် ကျေနပ်အားရမှု ဖြစ်အောင် သဘာဝတရားလေးတွေကို ပြောဖြစ်ခဲ့ပါတယ်။
လောက၌ တစ်ဖက်သားအား နားလည်ပေးတတ်ကာ စိတ်ထားနူးညံ့ပြီး အတ္တမဆန်သော ပုဂ္ဂိုလ်များရှိသကဲ့သို့ အဘယ်သူတွေ ဘယ်လို ဖြစ်နေနေ ကိုယ်ရလျှင် ပြီးပြီးရော နားလည်မှုမပေးနိုင်ဘဲ အတ္တဆန်သော ပုဂ္ဂိုလ်များလည်း ရှိကြပါတယ်။ စာသံပေသံနှင့်ပြောလျှင် ထိုပုဂ္ဂိုလ်နှစ်မျိုးသည် လောဘသမားနှင့် အလောဘသမားများဟု ခေါ်ရမှာ ဖြစ်ပါတယ်။ လောက၌ စိတ်ထားဖြောင့်မတ်ပြီး ရိုးသားစွာရှာဖွေလုပ်ကိုင်နေကြသော သူများဟာ ထီပေါက်တာကလွဲ၍ ချက်ခြင်းကြီး မကြီးပွားနိုင်ကြပေ။ သို့သော်လည်း ပုံမှန်ဝင်ငွေက နေတဆင့် တဖြည်းဖြည်း တိုးတက်လာကာ နောက်ဆုံး ချမ်းသာကြွယ်ဝသောသူ ဖြစ်သွားနိုင်ပါတယ်။ သဒ္ဓါ ၊ သတိ ၊၀ီရိယ ၊ ပညာ ဟူသည့်ကြီးပွားကြောင်းတရားများဟာ ကိုယ့်သန္တာန်မှာ ရှိနေမယ်ဆိုရင် မိမိရည်ရွယ်ထားတဲ့ အခြေအနေသို့ ရောက်လာပါလိမ့်မယ်၊ ထိုအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ တချို့သောသူများဟာ ယခုရေတွင်းတူးပြီး ယခုရေကြည်သောက်လိုကြတဲ့ လောဘသားများ ဖြစ်တဲ့အတွက် အမြန်ကြီးပွားနိင်ရန် (တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ) ဖြတ်လမ်းကနေ လိုက်တတ်ကြတယ်။ ထိုဖြတ်လမ်းသမားများဟာ လောက၌ ကြီးပွားနိုင်ရန် အလွန်ခဲယဉ်းလှပေတယ်။ အဘယ့်ကြောင့် နည်းဟူမူ ရှိသင့်ရှိထိုက်သော လောဘထက်ပိုလွန်ပြီး မပြုသင့် မပြုထိုက်၊ မဆိုသင့် မဆိုထိုက်၊ မတွေးသင့် မတွေးထိုက်သော အရာများကို ပြုလုပ်၊ပြောဆို၊တွေးကြံကြတဲ့အတွက် သူရဲ့ကံဟာ မစင်ကြယ်တော့ပါ၊ မစင်ကြယ်တော့ရင် ကြီးပွားချမ်းသာမှုဆိုတာ ဖြစ်လာနိုင်စရာအကြောင်းမရှိပေ။
ဤသို့ဆိုလျှင် မကောင်းမှုအကုသိုလ်ဒုစရိုက်ဖြင့် ကြီးပွားချမ်းသာနေကြသော ၀ိသမလောဘသမားများက မည်သို့ပါနည်း ဟု စောဒကတက်စရာရှိနေပါတယ်။ အမှန်စင်စစ် ထိုသူများဟာ ပစ္စပ္ပုန်ဘ၀၌ အကုသိုလ် ဒုစရိုက်အလုပ်ဖြင့် အသက်မွေးစေကာမူ အတိတ်ကပြုလုပ်ခဲ့သည့် ဖြူစင်သောကံတရားများ၏ အထောက်အပံ့ရနေသောကြောင့်ဖြစ်ပါတယ်။ ယခုပြုလုပ်တဲ့ မစင်ကြယ်တဲ့ကံများက နောင်တစ်ချိန်မှာ အကျိုးပေးခွင့်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကံတရားဟာ (၄)မျိုးရှိပါတယ်။ ၄င်းတို့မှာ (၁) ကြီးလေးသောကံ၊ ထိုကံသည် ကုသိုလ်ဖက်ဆိုလျှင် မဂ်ဖိုလ်နိဗ္ဗာန်ဖြစ်ပြီး အကုသိုလ်ဖက်ဆိုလျှင် ပဉ္စနန္တရိယ ကံဖြစ်သည်။ (၂) သေခါနီး၌အာရုံထင်လာသော ကံ၊ ကြီးလေးသောကံမရှိဘူးဆို လျှင် သေခါနီးဖြစ်ပေါ်လာသော ကံတရားက အကျိုးပေးပါလိမ့်မယ်။ (၃)ထိုသေခါနီးကံမရှိဘူးဆိုလျှင် ဘ၀တစ်လျှောက်ပြုလုပ်ခဲ့သော အလေ့အကျင့်ကံ (အာစိဏ္ဏကံ)က အကျိုးပေးပါလိမ့်မယ်။ (၄) အထက်ပါကံသုံးမျိုးမရှိဘူးဆိုလျှင် ပြုကာမတ္တ (အမှတ်တမဲ့)ဖြစ်သော ကတ္တဋာကံ ကာအကျိုးပေးပါလိမ့်မယ်” လို့ ပြောတဲ့အခါ Taxi သမားက စာရေးသူအား “ အရှင်ဘုရား….ပြောခဲ့တဲ့ ကတ္တဋာကံ ဆိုတာ ဘယ်လိုလဲ ၊ ဒီကံရဲ့ အဓိပ္ပါယ်ကို သိချင်ပါတယ်ဘုရား” ဟုမေးလာပါတယ်။
“ဒကာကြီး….ကတ္တဋာကံဆိုတာ - ပြုကာမတ္တကံကို ခေါ်ပါတယ်။ ဘ၀တစ်လျှောက်တွင် အမှတ်မထင် ပြုလုပ်ခဲ့သော ကောင်းကံများနှင့် မကောင်းကံများကို ကတ္တဋာကံဟုခေါ်ပါတယ်။ ဥပမာ - Taxi သမားတစ်ယောက်သည် ၂၀၀၀ကျပ် တန်သောခရီးတစ်ခုကို ၁၅၀၀ ကျပ်ဖြင့် ဈေးဆစ်လာပါက မိမိအတွက် မနစ်နာပါက လျှော့ပေးရမှာ ဖြစ်ပါတယ်။ တစ်ဘက်သားအပေါ် စိတ်ကောင်းထားကာ နားလည်မှု ပေးတတ်ပြီး ဈေးလျှော့ပေးလိုက်တဲ့အတွက် မိမိ၌လည်းကုသိုလ်ရ၊ သူတစ်ပါးတွင်လည်း စိတ်ချမ်းသာစွာဖြင့် လိုရာခရီးသို့ ရောက်ကြရပါတယ်။ ဒီလို အမှတ်မထင်ပြုလိုက်သော ကံကို ကတ္တဋာကံဟုခေါ်ပါတယ်။ အထက်ပါဆိုခဲ့ပြီးသော ကံ (၃)မျိုးမရှိဘူးဆိုလျှင် ဘ၀မှာ အမှတ်မထင်ပြုလုပ်သော ကံ က အကျိုးပေးပါလိမ့်မယ်” လို့ ရှင်းပြလိုက်သောအခါ ထိုTaxi မောင်းသမားဟာ ယခင်က မသိခဲ့ဘူးသော ကံတရား အကြောင်းကို သိခွင့်ရတဲ့အတွက် လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပါတော့တယ်။
တဖန် Taxiမောင်းသမားဟာ "အရှင်ဘုရား…. အခုတလော ရပ်ကွက်အတော်များများမှာ တရားပွဲတွေ ကျင်းပလာကြပါတယ်ဘုရား၊ တရားပွဲတွေ ကျင်းပသလောက် တရားနာသူတွေလည်း အရင်ကနဲ့မတူ များသထက်များလာပါတယ်ဘုရား၊ " လို့ ပြောရာ
စာရေးသူက "ဟုတ်ပါတယ်၊ ရပ်ကွက်တိုင်းလိုလို တရားပွဲတွေ ကျင်းပနိုင်ကြတာဟာ လူအများအတွက် အလွန်ဝမ်းမြောက်စရာကောင်းလှပါတယ်။ ပြောဦးမယ်ဒကာကြီးရေ…… တရားပွဲတွေမှာ တရားနာသူ များသထက်များလာတာဟာ ၀မ်းသာစရာကောင်းပါတယ်၊ ဒါပေမယ့် နာရတဲ့တရားကို ယောနိသော မနသိကာရ သင့်လျော်မှန်ကန်စွာ နှလုံးသွင်းပြီး ၊ လက်တွေ့အသုံးချတရားတစ်ခုအနေနဲ့ အသုံးချကြမယ်ဆိုရင် တရားတော်ကို ဟောတဲ့သူက ဟောရကျိုးနပ်သလို ၊ တရားနာတဲ့သူမှာလည်း တရားနာရကျိုး နပ်တယ်လို့ဆိုရပါမယ်၊ ဒီနေရာမှာ တရားနာသူများနှင့်ပတ်သက်ပြီး အင်္ဂုတ္တရနိကာယ်၊ တိကပါဠိတော်မှာ မြတ်စွာဘုရား မိန့််တော်မူထားတာရှိပါတယ်၊ အဲဒါလေးကိုလည်း မှတ်သားထားက ပိုကောင်းလိမ့်မယ်ဒကာကြီး……
လောကမှာ တရားနာတဲ့ ပုဂ္ဂိုလ်အမျိုးအစား (၃)မျိုး ရှိပါတယ်။ ၄င်းတို့မှာ..
(၁) အ၀ကုဇ္ဇပည ပုဂ္ဂိုလ်
(၂) ဥစ္ဆင်္ဂပည ပုဂ္ဂိုလ်
(၃) ပုထုပည ပုဂ္ဂိုလ် များ ဖြစ်ကြပါတယ်။
အ၀ကုဇ္ဇပည ပုဂ္ဂိုလ် ဆိုတာက မှောက်ထားသော အိုးနှင့်တူသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မှောက်ထားသော အိုးကို ရေဘယ်လိုဖြည့်ဖြည့် မပြည့်နိုင်ပါဘူး။ ထို့အတူ တရားနာတဲ့အခါမှာ ဘယ်ကိုယ်တော်က အသံကောင်းတယ်၊ ဘယ်ကိုယ်တော်က အလွမ်းကောင်းတယ် စတဲ့ အသံကိုသာ နားထောင်ပြီး တရားပွဲသာပြီးသွားတယ်၊ သူ့စိတ်ထဲမှာ ဘာတရားမှ မကျန်ရစ်ဘဲ တရားနာတာသာ အဖတ်တင်တယ် တရားတစ်လုံးမှ မမှတ်မိတဲ့ ပုဂ္ဂိုလ်ကို အ၀ကုဇ္ဇပည ပုဂ္ဂိုလ် လို့ခေါ်ပါတယ်။
ဥစ္ဆင်္ဂပည ပုဂ္ဂိုလ်ဆိုတာက ရင်ခွင်(သို့မဟုတ်) ခါးပိုက်ဆောင်နဲ့တူတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ထိုင်နေရာမှ ခါးပိုက်ဆောင်ထဲ ပစ္စည်းများ ထည့် ထားပေမယ့်လို့ ထသွားလိုက်တဲ့အခါ မေ့လျော့ပြီး ခါးပိုက်ဆောင်ထဲမှ ပစ္စည်းများကျန်ခဲ့ပါတော့တယ်။ ထို့အတူ တရားနာတဲ့အခါမှာ အသံကို နားမထောင်ဘဲ တရားရဲ့အနက်အဓိပ္ပါယ်တွေကို သေသေချာချာ လေ့လာမှတ်သားပါတယ်။ ဒါပေမယ့် တရားပွဲဆုံးတော့ မှတ်သားထားတဲ့ တရားတွေ မေ့လျော့ကာ တရား အစရှာမရတော့၊ အိမ်ပြန်ရောက်တံအခါ နာလာတဲ့တရား ဘာတစ်ခုမှ မကျန် မှတ်မိခြင်းကင်းတဲ့ ပုဂ္ဂိုလ်ကို ဥစ္ဆင်္ဂ ပည ပုဂ္ဂိုလ် လို့ခေါ်ပါတယ်။
ပုထုပည ပုဂ္ဂိုလ် ဆိုတာက ကျယ်ပြန့်သော ပညာရှိတဲ့ ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ သူက တရားနာနေစဉ်မှာလည်း မှတ်မိအောင် စူးစူးစိုက်စိုက် နာယူ တယ်။ နာယူထားတဲ့တရားကိုလည်း မှတ်မိလွယ်အောင် စာရွက် ဘောပင်လေးတွေနဲ့ မှီသလောက် လိုက်ပြီး ရေးမှတ်ထားလိုက်တယ်။ ရေးမှတ်ထားတဲ့ တရားအကြောင်းတွေကို အိမ်ပြန်ရောက်လို့ အားတဲ့အခါ ပြန်ကြည့်ပြီး မှန်ကန်တဲ့နှလုံးသွင်းမှုလည်းရှိတယ်။ဒါ့အပြင် သိထားတဲ့ တရားအပေါ်မှာလည်း အဖန်ဖန်အထပ်ထပ် တွေးတောတယ်၊ ပြီးရင် လက်တွေ့ကျင့်သုံးပါတယ်။ တရားနာကြားတဲ့အတိုင်း လက်တွေ့ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကို ပုထုပည ပုဂ္ဂိုလ် လို့ခေါ်ပါတယ်” ဟု စာရေးသူက ပြောပြလိုက်ရာ Taxi မောင်းသမားက " ဟုတ်တယ်နော်ဘုရား…ဒီတရားက လက်တွေ့အသုံးချတရားဆိုတာ မှန်လိုက်တာ ၊ ဆက်ပြီး မိန့်တော်မူပါဦးဘုရား…၊"ဟု ပြောလာရာ စာရေးသူက ဆက်လက်ရှင်းပြခဲ့ပါတယ်။
“တရားနာရုံတင် မဟုတ်ပါဘူး ဒကာကြီး…..၊ နာထားတဲ့တရားများကို ယောနိသောမနိကာမရ သင့်တင့်စွာနှလုံးသွင်းရပါမယ် အချို့လူများဟာ တရားရိပ်သာကို သွားကာ တရားစခန်းဝင်ကြပါတယ်။ တရားစခန်းဝင်တယ်ဆိုတာ အသက်ရှင်စဉ် နေတတ်ထိုင်တတ်ရုံမျှမက မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ သင်တန်းတက်ရခြင်းပင် ဖြစ်ပါတယ်။ လောကမှာ စားဝတ်နေရေးစတဲ့ လူနေမှုရပ်ဝန်း၌ လောဘ ၊ ဒေါသ၊မောဟတွေ အားကြီးလာတဲ့အခါ ဒီမတရားလောဘ၊ ဒေါသတွေကို လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဓမ္မကို အသုံးချရပါမယ်။
အများအားဖြင့် လူတွေဟာ အထက်ကဆိုခဲ့သလို တရားနာတဲ့သူက များပါတယ်၊ ကိုယ်တိုင်ကျင့်တဲ့သူလည်း ရှိတယ်ဆိုပေ မယ့် အရေအတွက်အားဖြင့် အလွန်နည်းပါးပါသေးတယ်။ ပြောချင်တာက တရားနာတာလည်းနာရမယ်၊ မှတ်ယူလာတဲ့ တရားများကို လည်း လက်တွေ့အသုံးချတရားတစ်ခုအနေနှင့် လောကကို ရင်ဆိုင်ဖြေရှင်းရပါ့မယ်။ ဒီလိုရင်ဆိုင်ဖြေရှင်းကြတယ်ဆိုတာ အကျိုးနှစ်ချက်ရရှိပါတယ်။ (၁)လောကီအကျိုးစီးပွားလည်း ပြီးစီးအောင်မြင်စေပါတယ်။(၂) ဓမ္မနှင့်မကင်းတဲ့အတွက် ကုသိုလ်ရတဲ့အပြင် နိဗ္ဗာန်အထောက်အပံ့လည်း ဖြစ်ပါတယ်။ အလုပ်လုပ်ရင်း ကုသိုလ်ယူနိုင်ရပါမယ်လို့ ဆိုလိုပါတယ်။
နောက်တစ်ခုက စားဝတ်နေရေးတို့နှင့် နဘမ်းလုံးနေရတဲ့အခါ ဓမ္မနှင့်ကင်းနေသူ(ဓမ္မကို မဆုတ်ကိုင်ထားနိုင်သူ) အတွက် ကုသိုလ်ဆိုတာ လွယ်မယ်မထင်ပါဘူး၊ အကုသိုလ်တွေနဲ့ တစ်နေသာကုန်သွားတယ်၊ ညဉ့်ကျရင်လည်း မောမောနဲ့အိပ်မှာဆိုတော့ သူ့မှာ ဘာကုသိုလ်မှ ရလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဓမ္မနှင့်မကင်းသူတွေများမှာတော့ ကုသိုလ်လည်းရ ၀မ်းလည်းဝ ဆိုသလို အလွန်ပဲ တန်ဖိုးရှိလှပါတယ်၊ လူ့ဘ၀ရတာ အရတော်လှပါတယ်။ တွက်ချေကိုက်တယ်လို့ပဲ ပြောရမည်ပေါ့။
ဥပမာ- ရောဂါဖြစ်လျှင် ထိုရောဂါပျောက်ဆေးဖြင့် ရောဂါဖြစ်ဆဲတွင် ကုသရမည်ဖြစ်သလို လောဘ ၊ ဒေါသ စသော ကိလေသာ ရောဂါများဖြစ်ခိုက်တွင် ဓမ္မ ဆေးဖြင့် လက်တွေ့ အသုံးချရင်း ကိလေသာရောဂါတွေကို ကုစားသွားရပါမယ်။ ကုစားဖန်များတဲ့သူတွေဟာ ကြာသောအခါ မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်တစ်ယောက်ဖြစ်ကာ ကိုယ့်ဘ၀အေးချမ်းပုံကို ကိုယ်တိုင်ပဲသိရှိခံစားလာရပါလိမ့်မယ်။ ဒါကြောင့်ဒကာကြီးလည်း ဘ၀အတွက်ရုန်းကန်ရတဲ့အခါမှာ ကြမ်းတမ်းခက်ထန်နေပေမယ့်လို့ ငြိမ်းချမ်းတဲ့ဘ၀ပိုင်ရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်နော်၊ ကြိုးလည်းကြိုးစားနိုင်ပါစေ ” လို့ ကားမောင်းသူအား ပြောဆိုနှုတ်ဆက်ရင်း ဆင်းရမည့်နေရာကို ရောက်သဖြင့် ဆင်းကျန်ရစ်ခဲ့ပါတော့တယ်။
စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၆.၉.၂၀၀၈ ည၊ ၁၀း၂၆
Tuesday, September 9, 2008
ငြိမ်းချမ်းတဲ့ဘ၀ပိုင်ရှင်ဖြစ်ပါစေ
Posted in: ဆောင်းပါး
0 comments:
Post a Comment