Monday, September 29, 2008

သိသမျှ တွေးဆအဖြေ(၄)

အမေး။ ။တပည့်တော်တို့ ကမ္ဘာ့မြောက်ဖျား တိုင်းပြည်တွေမှာ နွေဆို ည ၉ နာရီ ၁၀ နာရီလဲ နေရောင် လင်းနေပါတယ်။ ည ၁၂ နာရီကျော်ရင် မိုးပြန်လင်းတဲ့အရပ် လင်းပါတယ်။ နေလွဲညစာ မစားပါဆိုတဲ့ သီလက ဒီအရပ်တွေမှာဆို ဘယ်လို ယူပါသလဲဘုရား။
ဆောင်းတွင်းဆိုလဲ ၉ နာရီ၊ ၁၀ နာရီမှ မိုးလင်းပြီး ညနေ ၃ နာရီဆို မိုးချုပ်တဲ့ အရပ်တွေမှာ အရုဏ်တက်ချိန်ကို သံဃာတော်တွေနဲ့ သာသနာက ဘယ်လို သတ်မှတ်ပါသလဲဘုရား။
အဖြေ။ ။ဝိကာလဘောဇရဲ့ ဆိုလိုရင်းက နေ့လွဲညစာကို ပြောတာပါ။့ မြန်မာနိုင်ငံမှာ ၀ိကာလဘောဇနကို နာရီဖြင့် သတ်မှတ်ကြပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က နာရီမရှိသေးတဲ့အတွက် ရဟန်းခံရာမှာ ဘယ်အချိန်ရဟန်းဖြစ်တယ်ဆိုတာ မှတ်သားထားဖို့အတွက် နေ ရှိတဲ့အချိန် နေပူထဲရပ်ကာ မိမိကိုဗဟိုပြုပြီး မိမိအရိပ်ဆုံးတဲ့အရပ်ကို တစ်ယောက်က မြေကြီးမှာ တုတ်လေးနဲ့မှတ်ပေးရပါတယ်၊ ပြီးလျှင် ရှေ့ခြေဖ၀ါးနှင့်နောက်ခြေဖ၀ါးဆက်ပီး သတ်မှတ်ထားတဲ့နေရာရောက်အောင် လှမ်းရပါတယ်။ အဲဒီအခါ ဘယ်နှစ်ဖ၀ါးရှိတယ်ဆိုတာကို ရေတွက်ပြီး (ဘယ်နှစ်ဖ၀ါးမှာ ရဟန်းဖြစ်တယ်ဆိုတာပြီး) အချိန်ကို သတ်မှတ်ရပါတယ်။


အနောက်နိုင်ငံတွေမှာ အာရုဏ်တက်အချိန်ကို နာရီနှင့် မသတ်မှတ်ဘဲ နေထွက်တဲ့အချိန်ကိုမှတ်သားပြီး နေထွက်တဲ့အချိန်ထက် တစ်နာရီစော၍ အာရုဏ်တက်ချိန်ကို သတ်မှတ်ရပါ့မယ်။ ဒီမှာတော့ (၁၂)နာရီကျော်လျှင် ၀ိကာလ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ အထူးသဖြင့် ယခုမေးခွန်းရှင်ပြောတဲ့ ကမ္ဘာ့မြောက်ဖျားမှာတော့ နေအထက်တည့်တည့်ရောက်တဲ့အချိန်ကို မှတ်သားပြီး နည်းနည်းလွဲတာနဲ့ ၀ိကာလ လို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။
တစ်ခါက မဟာစည်ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ဟာ မြန်မာနိုင်ငံမှ နေ့ဆွမ်းဘုဉ်းပေးအပြီးမှာ အနောက်နိုင်ငံသို့ လေယဉ်စတင် ပျံသန်းလာတာ မြန်မာစံတော်ချိန်နှင့်ကြည့်လျှင် ညနေလို့ခန့်မှန်းရတဲ့အချိန်မှာ ဟိုဘက်ရောက်တော့ အာရုဏ်တက်ချိန်ရောက်လို့ ဆွမ်းဘုဉ်းပေးတော်မူခဲ့ရတဲ့ ဖြစ်ရပ်လဲ ရှိပါတယ်။
ဝိကာလအချိန်ကို နေ ဖြင့် အဓိကထား သတ်မှတ်ကြောင်းကို မြတ်စွာဘုရားလက်တော်က ပဏ္ဍိတ သာမဏေ ဖြစ်ရပ်ဖြင့် ထင်ရှားသိနိုင်ပါတယ်။
အခါတစ်ပါး သာဝတ္ထိပြည်တွင် အရှင်သာရိပုတ္တရာမထေရ်ရဲ့ အလုပ်ကျွေးဖြစ်တဲ့ ဒါယကာဇနီးမောင်နှံတို့မှာ သားယောင်္ကျားလေး တစ်ယောက် ရှိခဲ့ပါတယ်။ သူ့နာမည်က ပဏ္ဍိတ (မောင်ပညာ) လို့ ခေါ်ပါတယ်။ ခုနှစ် နှစ်ရွယ်ရောက်သောအခါ သာသနာ့ဘောင်ဝင်ဖို့အတွက် မိခင်ဖခင်များမှာ ခွင့်တောင်းတော့ မိခင်ဖခင်များက ၀မ်းသာစွာ ခွင့်ပြုပါတယ်။ တစ်နေ့ သူတို့ဆရာဖြစ်တဲ့ အရှင်သာရိပုတ္တရာမထေရ်ထံ ပို့ပြီး သာမဏေ၀တ်စေပါတယ်။ အဲဒီမှာ ကိုရင်ပဏ္ဍိတရဲ့ မိဘများက ခုနှစ်ရက်လုံး ကျောင်းမှာပဲနေထိုင်ပြီး ဆွမ်းချက်ပြီးဆက်ကပ်နေပါတယ်။ ခုနှစ်ရက်မြောက်လို့ မိဘများအိမ်ပြန်သွားတဲ့အခါ ဆွမ်းအတွက် ကိုရင်ပဏ္ဍိတ ဆွမ်ခံရပါတယ်။
အဲဒီမှာ အရှင်သာရိပုတ္တရာဟာ ကိုရင်ပဏ္ဍိတနှင့်အတူ ရွာတွင်း ဆွမ်းခံကြွဝင်တော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာဟာ နေ့စဉ် ဆွမ်းခံကြွရင် သံဃာတော်များနှင့်အတူ ဆွမ်းခံကြွတော်မူပေမယ့် ဒီနေ့မှာ ကိုရင်ပဏ္ဍိတဟာ သင်္ကန်းဝတ်လာခါစဖြစ်၍ သင်္ကန်းကို ကောင်းစွာ ထိန်းသိန်းမနိုင်သေးပါ။ သင်္ကန်းမနိုင်မနင်းနှင့် ဆွမ်းခံဝင်လျှင် သာသနာ့ သာရုပ္ပ ကြည်ညိုဖွယ် မဖြစ်နိုင်တာကိုသိတဲ့အတွက် ကိုရင်အား သင်္ကန်းကို ချပ်ရပ်စွာ ၀တ်ရုံနိုင်အောင် သင်ပေးရင်းဖြင့် အရှင်သာရိပုတ္တရာမထေရ်ဟာ ကိုရင်နှင့်အတူ ဆွမ်းခံကြွတော်မူတယ်လို့ မှတ်ယူရပါမယ်။
ရှေးသူတော်ကောင်းကြီးများ၏ သာသနာမျိုးဆက်သစ်ဖြစ်တဲ့ ကိုရင်လေးအပေါ်တွင်စောင့်ရှောက်ပုံမှာ ယနေ့ခေတ် အတုယူထိုက်လှပါတယ်။
ဆွမ်းခံကြွရာ လမ်းတွင် ကိုရင်ပဏ္ဍိတကမေး၍ အရှင်သာရိပုတ္တရာက အဖြေပေးတော်မူခဲ့ပါတယ်။
(အမေးအဖြေကို ဤနေရာတွင် စာရှည်မည်စိုးသဖြင့် အမေးအဖြေအကြောင်းကို သိချင်သပဆိုလျှင် ဓမ္မပဒအဋ္ဌကထာတွင် ဖတ်ရှုနိုင်ပါတယ်။)
အမေးအဖြေပြီးသောအခါ ကိုရင်ပဏ္ဍိတက “ ရေ၊မြှား၊သစ် စတာတွေဟာ စိတ်မရှိပါဘဲ၊ လိုရာပြုလုပ်နိုင်ကြသေးတယ်၊စိတ်ရှိတဲ့ ငါတို့လူတွေဟာလည့်း စိတ်ကို လိုရာမှာထားပြီး ရဟန်းတရားအားထုတ်နိုင်ရမှာပေါ့”…ဟုတွေးကြံလျှက်…..
ကိုရင်ပဏ္ဍိတသည် အရှင်သာရိပုတ္တရာအား သူဟာ ကျောင်းကို ပြန်နှင့်တော့မှာဖြစ်တဲ့အကြောင်း ရိုသေစွာလျှောက်ထားကာ ကျောင်းသို့ပြန်လာပါတယ်။ကျောင်းရောက်သောအခါ ကိုရင်ပဏ္ဍိတ ကျောင်းထဲဝင်ပြီး တပ္ပလ္လင်ခွေထိုင်လျှင် ခန္ဓာဥာဏ်စိုက်ကာ စတင်တရား ရှုမှတ်ပါတော့တယ်။
ထိုအချိန်တွင်သိကြားမင်း သိသောကြောင့် စတုမဟာရာဇ် နတ်မင်းကြီးလေးဦးကို ခေါ်ကာ “တရားရှုမှတ်နေတဲ့ ကိုရင်ပဏ္ဍိတအား ကျေးငှက်တို့ အသံများဖြင့် အနှောက်အယှက်ဖြစ်နေလိမ့်မယ်။ ဒီအနှောက်အယှက်မှ ကင်းအောင် သင်တို့ သွားပြီး စောင့်ရှောက်ပါ၊ ပြီးလျှင် လနတ်သား၊နေနတ်သား၊ နေ၀န်းတို့ကို ရှေ့ဆက်မသွားနိုင်အောင်တားထားလော့” ဟု ပြောပြီး သိကြားမင်းကိုယ်တိုင်က ကျောင်းရှေ့တွင် စောင့်ကြပ်ပေးနေပါတယ်။ (ကိုရင်ပဏ္ဍိတတရားအားထုတ်နေတဲ့အချိန်မှာ နေမြင့်နေပီဖြစ်တဲ့အတွက် နေ၀န်းတို့ကို နတ်တို့တန်ခိုးဖြင့် နေမွန်းမတိမ်းနိင်အောင် တားမြစ်ထားပါတယ်။)
ဇာတ်ကြောင်းရှည်မှာစိုးတဲ့အတွက် လိုရင်းပဲပြောတော့မယ်။ ကိုရင်ပဏ္ဍိတ တရားထူးရမှာကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားရှင် ဟာ ကျောင်းသို့ ကြွတော်မူခဲ့ပါတယ်၊ မကြမှီ အရှင်သာရိပုတ္တရာရောက်လာသောအခါ ဘုရားရှင်သည် အရှင်သာရိပုတ္တရာနှင့်အတူ ပြဿနာ လေးချက်အမေး အဖြေပြုလုပ်ပါတယ်၊ ထိုအမေးအဖြေ အဆုံးတွင် ကိုရင်သည် အာသဝေါကင်းကွာရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ ထိုနောက် ကိုရင်ဟာ ဆွမ်းဘုဉ်းပေးပါတယ်၊ ဘုဉ်းပေးအပြီးတွင် နတ်မင်းလေးဦးတို့က ဆွဲငင်ထားသော နေ၀န်းကို လွတ်လိုက်သောအခါ နေသည် မွန်းတည့်နေရာမှ ရုတ်ရက် လျှောကျကာ နေစောင်းသွားခဲ့ပါတော့သည်။
ထိုဖြစ်ရပ်ဖြင့် ဘုရားရှင်လက်ထက်က အကာလကို ‘နေ’ ဖြင့် အဓိကထား၍ သတ်မှတ်ခဲ့ပါကြောင်းအဖြေပေးလိုက်ရပါတယ်။
အမေး။ ။နောက်မေးခွန်းကတော့ အသေးအဖွဲ ပြောလဲ ရပါတယ်။ ထိုင်းသံဃာတော်များ ပဲနို့ကို ညနေ ဘုဉ်းပေးကြပါတယ်။ ထိုင်းမှာ ရိပ်သာဝင်ခဲ့တဲ့ သူငယ်ချင်းကလဲ ထိုင်းရိပ်သာမှာ ယောဂီတွေကို ညနေ ပဲနို့တိုက်ကြောင်း ပြောပြပါတယ်။ ထိုင်းလဲ ထေရ၀ါဒချင်း အတူတူပဲဆိုတော့ နို့ကို လက်ခံတာနဲ့ မခံတာ ဘာကွာပါလဲဘုရား။ ထိုင်းမှာလို ပဲနို့ကို ရဟန်းတော်များနဲ့ ဥပုသ်ဆောက်တည်ထားသူများ မှီဝဲကောင်းပါသလား။
အဖြေ။ ။သည်မေးခွန်းဟာ အသေးအဖွဲဆိုပေမယ့် အရေးကြီးတဲ့မေးခွန်းပါတစ်ခုပါ။ ထိုင်းမှသံဃာတော်များဟာ ထေရ၀ါဒဆိုပေမယ့် သူတို့က အခါမဲ့အချိန်မှာ ပဲနို့သာမဟုတ်၊ ကောဖီ၊ လဘက်ရည်စတဲ့ အရည်မှန်သမျှ သုံးဆောင်ကောင်းတယ်လို့ ယူဆပြီး သုံးဆောင်ကြတာဟာ ယခင်ကတည်းက ကြားဖူးခဲ့ပါတယ်။
ထိုဝိကာလနဲ့ပတ်သက်၍ သုဒ္ဓပါစိတ်၌ ၀ိကာလသိက္ခာပုဒ် ဟူ၍ ပါရှိပါတယ်။ ထိုသိက္ခာပုဒ်က နေလွဲသောအခါ ခဲဘွယ် ဘောဇဉ်များကို သုံးဆောင်သော ထိုရဟန်းအား ပါစိတ်အာပတ်သင့်စေ ဟု ပညတ်ထားတော်မူသော သိက္ခာပုဒ်ဖြစ်ပါသည်။
ဤသိက္ခာပုဒ်အဖွင့်တွင် သူ့ကာလအတွင်း၌ စားထိုက်သော အစာများကို ‘ ကာလိက’ ဟုခေါ်ပါတယ်။ ကာလိကနဲ့ပတ်သက်ပြီး ယာဝကာလိက၊ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိက ဟူ၍ (၄)မျိုး ရှိပါတယ်။
ယာဝကာလိက။ ။အာရုဏ်တက်ပြီးမှ မွန်းတည့်တိုင်အောင် စားသောက်ကောင်းသော ဘောဇဉ်နှင့်ခဲဖွယ်ဟူသမျှ(နွားနို့စသော သောက်ဖွယ်များပါ) ယာဝကာလိက မည်၏။
ယာမကာလိက။ ။မွန်းတည့်ပြီးနောက် အာရုဏ်မတက်မီ မိုးသောက်ယာမ်တိုင်အောင် သောက်ထိုက်သော ဖျော်ရည်များကို ‘ယာမကာလိ က’ ခေါ်ပါတယ်။ ဖျော်ရည်လုပ်ရန် အသီးများကို ကျမ်းဂန်တွင် (၈)မျိုးပြပါတယ်။ (၁)သပြေသီး၊ (၂)မုဒရက်သီး(သဗျက်သီး)၊(၃)ဖက်သက်သီး (အချို့အရပ် ၌ မြရာသီး)၊ (၄)သစ်မည်ဆီသီး၊၊(၅)တောငှက်ပျော်သီး (၆)အိမ်ငှက်ပျောသီး၊ (၇) သရက်သီး၊(၈)ကြာစွယ်သီး တို့ဖြစ်ပါတယ်။
ထိုအသီးများကို ဖျော်ရည်လုပ်သောက်လျှင် အပြစ်မရှိပေ။
သတ္တာဟကာလိက။ ။ တစ်ကြိမ်အကပ်ခံထားလျှင် (၇)ရက်ပတ်လုံး စားသုံးထိုက်သော ထောပတ်၊ ဆီဦး၊ဆီ၊ ပျား၊ တင်လဲ ငါးမျိုးကို သတ္တာဟကာလိက ဟုခေါ်ပါသည်။ ထိုငါးမျိုးသည် (၇)ရက်ပတ်လုံးစားသုံးထိုက်ပါတယ်။
ယာဝဇီဝက။ ။ တစ်သက်လုံးစားကောင်းသော အရာကား ဆား၊ ချင်း တို့သည် ယာဝဇီဝက မည်၏။
အထက်ပါအကြောင်းအရာများကို ထောက်ခြင်းဖြင့် နွားနို့၊ ပဲနို့၊ လဘက်ရည်၊ကော်ဖီ၊လဘက်သုတ်၊စသည်များသည် ယာဝကာလိက ထဲပါဝင်သဖြင့် မသုံးဆောင်ကောင်းပါ ဟုဖြေကြားပေးလိုက်ပါသည်။
အမေး။ ။မဟာသွံသာရ ရုပ်ရှင်တော်မြတ်၊ ကပ်ကျော်လာဘ်ခေါ် ..... ဘုရားဆိုတာတွေ ကြားနေရပါတယ်။ ရုပ်ရှင်တော် ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါဘုရား။ ဘုရားရုပ်ပွားများကို ကပ်ကျော်လာဘ်ခေါ်၊ လာဘမုနိ စတဲ့ အမည်များ မှည့်ခေါ်တာ သင့်မသင့် သိလိုပါတယ်ဘုရား။
အဖြေ။ ။ရုပ်ရှင်တော်ဆိုတာက ဘုရားဆင်းတုတော်တွေမှာ နဖူးသင်းကျစ်ရဲ့အောက်နားမှာ ဥုံနလုံမွေရှင်တော်ဆိုတာ ဖတ်ဖူးပါတယ်။ ပြီးတော့ မှဲ့ရှင်တော်ဘုရားဆိုတာရှိသေးတယ်၊ မြတ်စွာဘုရားဆင်းတုတော်ရဲ့ မျက်နှာတော်မှာ မှဲ့တစ်လုံးရှိပါတယ်၊ ဒီမှဲ့ဟာ တစ်ခါကျရင် လက်ရှိ ရှိနေတဲ့နေရာကနေ ရွေ့လျားကာ မျက်နှာတော်ရဲ့ တစ်ခြားနေရာမှာ တွေ့ရတယ်လို့ သူတစ်ပါးပြောတာ ကြားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် တစ်နေရာတည်း၌ မတည်နေပဲ ဟို သည် ရွေ့နေတဲ့ ဆင်းတုတော်များကို ရုပ်ရှင်တော် လို့ မှည့်ခေါ်ကြတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
အမှန်စင်စစ် ဘုရားဆင်းတုတော်ဟာ အသက်မရှိတဲ့ အ၀ိညာဏက သက်သက်ပါပဲ ၊ ဒါဖြင့် ဘာပြုလို့ ဆင်းတုတော်များဟာ တစ်နေရာမှာတော့ ပြုံးယောင်းသန်းနေပြီး တစ်နေရာမှာတော့ ပုံမှန်အတိုင်းရှိနေရတာလဲ၊ စဉ်းစားစရာဖြစ်နေပါတယ်၊ ဆင်းတုတော်ဟာ တစ်နေရာနှင့်တစ်နေရာမတူ အ၀ိညာဏက ဖြစ်သော်လည်း အမှန်တကယ် ပုံစံပြောင်းနေတယ်ဆိုရင်တော့ နတ်များရဲ့ ဖန်တီးမှုတစ်ခုဟု ယူဆရပါတယ်။ ဘာကြောင့်တုန်းဆိုရင် ဆင်းတုတော်ဟာ အ၀ိညာဏက အသက်မရှိတဲ့အတွက် အမူအရာမပြောင်းနိုင်ဘူးဆိုတာပါပဲ။ သည်နေရာမှာ အမြင်ရှင်းဖို့ အထူးလိုအပ်လှပါတယ်။
ပြီးလျှင် ဘုရားရုပ်ပွားတော်များကို ကပ်ကျော်ဘုရား၊ လာဘ်ကျော်ဘုရား၊ လာဘမုနိဘုရား လို့ အမည်တတ်တာဟာ ဘုရားဂုဏ်တော်ကို တကယ်ယုံကြည်တဲ့ သဒ္ဓါစစ်မှန်တဲ့ ပုဂ္ဂိုလ်အဖို့ နာမည်ဟာ အဓိကမကျပေမယ့်လို့ လောဘသားတွေအတွက်တော့ ဒီနာမည်တွေဟာ ကြောင်ကို ငါးကြော်ကျွေးသလို အကြိုက်တွေ့နေကြမှာအမှန်ပါပဲ၊ ဘာကြောင့်ဆိုရင် သူတို့မှာ စစ်မှန်တဲ့ သဒ္ဓါတရားမရှိလို့ပါပဲ။ သူတို့ကိုးကွယ်တာက ဘုရားကိုမဟုတ်ဘူး လာဘ်တွေရဖို့ ဘုရားကို ကိုးကွယ်ကြတာပါ။ သည်လိုလူမျိုးတွေအတွက် ဘုရားဘွဲ့တော်တွေ အသစ်အဆန်းတွေ ဒီယနေ့ခေတ်မှာ ပေါ်လာရတာပါ။ လာဘမုနိဆိုတိုင်း လာဘ်ရနိင်မလား၊ ကပ်ကျော်ဆိုတိုင်းကပ်က ကျော်နိုင်ပါ့မလား၊အလိုတော်ပြည့်ဆိုတိုင်း အလိုတော်ပြည့်နိုင်မလား၊ ဆုတောင်းပြည့်ဆိုတိုင်း ဆုတောင်းပြည့်နိင်မလား တွေးစရာများဖြစ်နေ ပါတယ်။ (လောဘမကြီးပဲ ယုံကြည်မှုသက်သက်ဖြင့် ကိုးကွယ်မှုစနစ်မှန်ကန်ဖို့ လိုတာပါ)။်
ဒီရုံမြင်လို့ ဒီခြုံထွင်တဲ့သူများကလည်း ဘုရားကို ထုလုပ်ပြီးတဲ့အခါ ဘုရားအစဉ်အဆက် မရှိသေးတဲ့ နာမည်ဆန်းတွေကို ပန်းချီဆရာခေါ်ပြီး တတ်ပေးလိုက်တော့တာပါပဲ။ သည်လိုနာမည်တတ်မှလည်း ကိုယ့်ဆင်းတုတော်အား လာဖူးကြမှာ ပူဇော်ကြမှာကိုး…..။ သည်လိုသာမှည့်ခေါ်ကြမယ်ဆိုရင် လူတွေရဲ့သဒ္ဓါတရားကို ဖျက်ဆီးရာရောက်နေပါတယ်။ လိုရင်းကိုဖြေရမယ်ဆိုရင် ဘုရားကို ဒီလို လာဘ်ကျော်၊ကပ်ကျော်၊ လာဘ်ခေါ် စတဲ့ လောဘလွှမ်းမိုးတဲ့နာမည်တွေကို မှည့်ခေါ်မသင့်ဘူး လို့ ဖြေလိုက်ပါတယ်။
အမေး။ ။နောက်တခုက ရုပ်ရှင်မင်းသားတယောက် ထုတဲ့ ဘုရားပါ။ အရှင်ဘုရားလဲ သိပါလိမ့်မယ်။ လက်ဝါးနှစ်ဖက် ဖြန့်ပြထားပုံနဲ့ လက်ဝါးတဖက်မှာ အသိ၊ တဖက်မှာ သတိလို့ ရေးထိုးထားတာပါ။ မုဒြတွေထဲမှာ ဒီလိုပုံ တခါမှ မရှိဖူးဘူးလို့ သိရပါတယ်။ အနေကဇာ တင်ပေးဖို့ တာဝန်ရှိတဲ့ သံဃာတော်များအမြင်နဲ့ ဒီလို ထွင်းထုတာ မှန်မမှန် ရှင်းပြပေးပါဘုရား။
အဖြေ။ ။ ဟုတ်ပါတယ်၊ ဒီလိုမုဒြာမျိုး မရှိပါဘူး၊ ဒါပေမယ့် ဒီမုဒြာမျိုးဟာ မြောက်ပိုင်းမဟာယာန ဗုဒ္ဓဘာသာမှာ တန္တရ၀ါဒဆိုတာရှိတယ်၊ အဲဒီတန္တရကနေ လာတာပါ။ သူတို့ မြောက်ပိုင်းမှာတော့ မုဒြာမျိုးစုံနေအောင် ရှိပါတယ်။ သူတို့မှာ ဒီမုဒြာကို တကယ့် အတတ်ပည်ာတစ်ခုအနေနဲ့ အသုံးချတာလို့ ကြာဖူးပါတယ်။ ပြောချင်တာက ရုပ်ရှင်မင်းသားထုထားတဲ့ မုဒြာမျိုးဟာ ထေရ၀ါဒမှာ လုံးဝမရှိပါဘူးဆိုတာပဲ ဖြေလိုက်ပါရစေ။
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၂၈.၉.၂၀၀၈၊ ည ၈း၀၀နာရီ

2 comments:

သစ်မည်ဆီသီးဆိုတာ ဘာသီးပါလဲ ဦးဇင်း။ သပျက်သီးဆိုတာ စပျစ်သီးကို ခေါ်တာပါလား။

ဦးဇင်းရဲ့ တွေးသမျှ တွေးဆအဖြေတွေကို အရမ်း နှစ်သက်တယ်။ ထပ်ရေးပေးတော်မူပါဦး ဘုရား။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More