၁။ မြတ်စွာဘုရားလက်ထက်တော်က အနာထပိဏ် သူဌေးကြီးဟာ ဒါနတရားကိုသာ များများကြားချင်ပြီး၊ အနိစ္စ ဒုက္ခတရားတွေကို စိတ်မ၀င်စားလို့ အာယတန ဖဿ စတာတွေနဲ့ စပ်တဲ့ တရားကိုတောင် ကွယ်လွန်ခါနီးမှ အရှင်သာရိပုတ္တရာဟောလို့ နာရတယ်လို့ သိရပါ တယ်။ သောတာပန်အဆင့်ကို ရောက်နေတဲ့ သူဌေးကြီးဟာ အနိစ္စ ဒုက္ခစတဲ့ တရားတွေကို ဘာလို့ စိတ်မ၀င်စားတာပါလဲဘုရား၊ သဒ္ဓါ၊ သီလ နှစ်ခုနဲ့ပဲ သောတာပန် ဖြစ်ခဲ့တာပါလား ဖြေကြားပေးစေချင်ပါတယ်ဘုရား။ ။
အဖြေ။ ။မေးသင့်တဲ့မေးခွန်းတစ်ခုပါ၊ အနာထပိဏ်သူဌေးကြီးဟာ သောတာပန်ပင်ဖြစ်သော်လည်း အနိစ္စစတာတွေကို စိတ်မ၀င်စားတာ က သူဌေးကြီးဟာ ပေးကမ်းစွန့်ကြဲလှူဒါန်းတဲ့ အရာမှာသာ စိတ်ထက်သန်တယ် စိတ်ဝင်စားလွန်းလို့ပါပဲ၊ သည်လို ဒါနပြုရာမှာသာ မွေ့လျော်လွန်းတဲ့အတွက် မြတ်စွာဘုရားက (ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဒါယကာနံ ယဒိဒံ သုဒတ္တော ဂဟပတိ အနာထ ပိဏ္ဍိကော) ဟု မိန့်တော်မူကာ လှူဒါန်းပေးကမ်းစွန့်ကြမှုတွင် မွေ့လျော်ကြတဲ့ ငါဘုရားရဲ့တပည့်သားသာဝကတို့တွင် အနာထပိဏ္ဍိက အမည်ရတဲ့ သုဒတ္တသူကြွယ်ဟာ အသာဆုံးအမြတ်ဆုံး ဖြစ်တယ်လို့ ဧတဒဂ်ဘွဲ့ထူးကြီးဖြင့် ချီးမြှင့်ခံခဲ့ရပါတယ်။
နောက်တစ်ခု သူဌေးကြီးဟာ သီလ သဒ္ဓါလောက်နဲ့ သောတာပန် ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ဒီအကြောင်းကို စုံလင်စွာသိရအောင် အနာထပိဏ္ဍိကောဝါဒသုတ္တန်လာ အကြောင်းအရာအချို့ကို ထုတ်ပြပါမည်။
သူဌေးကြီးရဲ့ ဘ၀ဇာတ်ကြောင်းမှာ မေးစရာကောင်းတာက သူဌေးကြီးသည် သေခါနီးမှာ “နက်နဲတဲ့တရားကို နာရတယ် ယခင်က မြတ်စွာဘုရားထံမှ ဒီလိုတရားမျိုးကို မနာခဲ့ရဖူးပါ” ဟု သူဌေးကြီးရဲ့ သေခါနီး ပြောစကားအရ မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးကို သိမ်မွေ့နက်နဲတဲ့ တရားစကားမျိုး မဟောကြားခဲ့ဘူးလား? ဟု မေးဖွယ်ရှိပါတယ်။ ထိုအမေးကို ဖြေမည်ဆိုရင် မြတ်စွာဘုရား မဟောတာ မဟုတ်၊ ဟောခဲ့ပါတယ်။ သို့သော်လည်း အနာထပိဏ္ဍိကောဝါဒသုတ္တန်တွင်လာသော ဒွါရ၊ အာရုံ၊ ၀ိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ဓါတ်၊ ခန္ဓာ ငါးပါး၊ အရူပဈာန်လေးပါး၊ ပစ္စုပ္ပန်လောကနှင့်တမလွန်လောကတို့ကို သူ့ကဏ္ဍနှင့်သူအသေးစိတ်ဖေါ်ပြပြီး အရဟတ္တဖိုလ်အထိတိုင်အောင် ဟောကြားထားသော တရားစကားမျိုးကိုကား ယခင်က မကြားဖူးခဲ့ပေ၊ ဒါကြောင့် အနာထပိဏ်က အထက်ပါ ကဲ့သို့ လျှောက်ဆိုရခြင်းဖြစ်ပါ
တယ်။
နောက်တနည်း… သူဌေးကြီးဟာ ဒါနနှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားကာ ဒါနတွင် မွေ့လျော်သူတစ်ယောက်ဖြစ်တဲ့အတွက် ဘုရားရှင် နှင့် ရဟန်းသံဃာတော်များထံ သွားရောက်တဲ့အခါ သူ၏လက်တွင် ဘာမျှမရှိဘဲ မသွားတတ်ပေ။ နံနက်အချိန် ကျောင်းသို့ သွားလျှင် ယာဂု ၊ ခဲဖွယ်စတာတွေကို ယူဆောင်စေ၍ သွားလေ့ရှိပါတယ်။ နေလွဲအချိန်တွင် ကျောင်းသို့ သွားသောအခါ ထောပတ်၊ ပျားရည်၊ တင်လဲစတာတွေကို ယူဆောင်စေ၍ ကျောင်းသို့ သွားကြပါတယ်။ နောင်မတတ်သာသည့်အဆုံးလှူစရာ မရှိသောအခါ အနီးအနားမှ သဲနုနုများကို ယူဆောင်စေပြီး ဂန္ဓကုဋီကျောင်း ပရိဝုဏ်အတွင်း ခင်းကျင်းစေပါတယ်။
သူဌေးကြီးသည် ကျောင်းကို ရောက်သောအခါ လှူဒါန်းစရာရှိတာများကို လှူဒါန်းကာ သီလယူပြီး အချိန်တန် အိမ်ပြန်လေ့ ရှိပါသည်။ သည်လို ဒါနဖြင့်မွေ့လျော်နေတာကိုပင် ဘုရားအလောင်းတို့သွားရာ လမ်းစဉ်အတိုင်း သွားနေတာ ဖြစ်ပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားဟာ် နှစ်ဆယ့်လေးနှစ်ကြာ ကာလပတ်လုံး များသောအားဖြင့် ဒါနနဲ့စပ်တဲ့ တရားစကားကိုသာ ဟောကြားတော်မူခဲ့သကဲ့သို့ အရှင်သာရိပုတ္တရာစတဲ့ မဟာသ၀ကကြီးများထံသို့ သူဌေးကြီးသွားတဲ့အခါမှာလည်း မဟာသာဝကကြီးများက ဒါနနဲ့စပ်တဲ့ တရားစကားကိုသာ ဟောပြောလေ့ရှိပါ တယ်။ ထို့ကြောင့် အရှင်အာနန္ဒာက “ သူဌေး…အ၀တ်ဝတ်သူ လူတို့အဖို့ သိမ့်မွေ့နက်နဲသော တရားစကားကို ပြောသော်လည်း လူတို့ရဲ့ စိတ်ထဲ မထင်နိုင်၊” ဟု အိပ်ရာတွင်လှဲနေသော အနာထပိဏ်သူဌေးအား မိန့်ကြားတော်မူခြင်းဖြစ်ပါတယ်။
အနာထပိဏ်ပြောသလို “ မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးအား မဂ် ဖိုလ်ရကြောင်း ၀ိပဿာနာတရားကို လုံးဝ မဟောကြားဘူး ဟု မမှတ်ယူရပါ။ အနာထပိဏ္ဍိကောဝါဒသုတ္တန်လာ (၉)၀ါရတို့ဖြင့် အကျယ်ဟောပြသည်ကိုသာ မနာဖူးတာပါ။ ဖြောင့်မှန်တဲ့ အရိယာမဂ်သို့ ရောက်ကြောင်း ၀ိပဿနာတရားကိုတော့ ကြားနာခဲ့ဖူးပါတယ်။
ဥဇုမဂ္ဂါဝဟာ ၀ိပဿနာ ဘဂ၀တော ပနဿ ကထိကပုဗ္ဗာ = အမှန်စင်စစ် မြတ်စွာဘုရားသည် ဤသူဌေးကြီးအား ဖြောင့်မှန်စွာ အရိယာမဂ်သို့ ရောက်ကြောင်း ၀ိပဿနာတရားကို ရှေးက ဟောအပ်ဖူးခဲ့လေပြီ ဟု အနာထပိဏ္ဍိကောဝါဒသုတ္တန် ဋီကာတွင် အထူးတလည် ဖွင့်ပြထားပါသည်။
ထို့ကြောင့် အနာထပိဏ်သူဌေး သောတာပန်တည်တဲ့ ကိစ္စတွင် သဒ္ဓါ သီလနဲ့သာမဟုတ် ၀ိပဿနာတရားကိုလည်း မြတ်ဘုရားထံမှ နာရ၍ ပညာလည်း ပါဝင်ပါတယ်။ ဤသို့ဖြင့် အနာထပိဏ်သူဌေးဟာ သဒ္ဓါနှင့်သီလအပြင် သမာဓိ ပညာတရားတို့ဖြင့် သောတာပတ္တမဂ်ဖိုလ်သို့ ရောက်ရကြောင်း အဖြေပေးလိုက်ရပါသည်။
(မဟာဗုဒ္ဓ၀င်၊ နှာ. ၁၆၅-၁၆၆)
(၂)အမေး။ ။ ဂိဇ္ဈဂုဋ်တောင်စောင်းကနေ ဒေ၀ဒတ် လုပ်ကြံဖို့ ကြိုးစားစဉ်က ဘုရားရှင်တို့မည်သည် မိမိတို့ ဆန္ဒအလျောက်သာ ပရိနိဗ္ဗာန်ပြုမြဲ ဖြစ်တယ်လို့ မြတ်စွာဘုရာ အမိန့်ရှိခဲ့ပါတယ်။ ပရိနိဗ္ဗာန်စံတော့ နုစဉ်ဘ၀က သမားတော်ဖြစ်စဉ် ဆေးကုခမပေးတဲ့ သူဌေးသားကို ၀မ်းလားဆေး တိုက်ခဲ့လို့ ၀ိပါက်လည်ရတာလို့ ဖန်ရပါတယ်။ ဒါဆို မိမိဆန္ဒအလျောက် ပရိနိဗ္ဗာန်ပြုတာ မဟုတ်ဘဲ ၀ဋ်လည်တာ(သက်တမ်းကြောင့်မဟုတ်၊ ကံကြောင့်ဆိုရင်) ဖြစ်နေပါသလားဘုရား။ ။
အဖြေ။ ။ မြတ်စွာဘုရားဟာ ၀မ်းတော်လားတာ ကံကြောင့်ဖြစ်ပေမယ့် ပရိနိဗ္ဗာန်ပြုတာ ၀မ်းတော်လားတဲ့အတွက်ကြောင့် မဟုတ်ပါ။ ဒီအကြောင်းကို ဗဟုသုတလည်းရစေ၊ သဘောလည်းပေါက်စေဖို့အတွက် အကျယ်ရှင်းပြပါဦးမယ်။
မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်မပြုမှီ ဆယ်လအလို၌ ဝေဠုဝရွယ်ငယ်တွင် ၀ါကပ်တော်မူပါတယ်။ ထိုသို့ဝါကပ်တော်မူပြီးတဲ့အခါ အသက်ကိုပင် ဖြတ်တောက်ခြွေယူနိုင်လောက်အောင် ပြင်းထန်တဲ့ ရောဂါဝေဒနာ စွဲကပ်လာပါတော့တယ်။ အဲဒီအခါ မြတ်စွာဘုရားဟာ မဟောဗောဓိပင်မှာတုန်းက ဘုရားဖြစ်တော်မူခါနီးကကဲ့သို့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို ၀ိဿနာတင် ပွားတော်မူပြီး အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူပါတယ်။ ဒီလိုဝင်စားတဲ့အခါမှာလည်း သည်မှ နောက် ကဆုန်လပြည့်တိုင်အောင် ဆယ်လပတ် လုံး ဒီရောဂါဝေဒနာတို့သည် မဖြစ်ပါစေကုန်သတည်း” ဟု အဓိဋ္ဌာန်တော်မူပြီးမှ အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူပါတယ်။ အရဟတ္တဖလသမာပတ်ကို အာယုသင်္ခါရဖလသမာပတ်ဟုလည်း ခေါ်ကြပါတယ်။
မြတ်စွာဘုရားဟာ ပြင်းထန်သော အသက်ကိုပင်ခြွေယူနိုင်တဲ့ ရောဂါဝေဒနာကို အာယသင်္ခါရဖလသမာပတ်ဖြင့် ပယ်ရှားတော်မူ ခဲ့ပါတယ်။ ထို့ကြောင့် ရောဂါဝေဒနာများဟာ ကဆုန်လပြည့်တိုင်အောင်(ဆယ်လကြာ) မပေါ်လာတော့ဘဲ ငြိမ်းစဲသွားပါတယ်။
ထိုဖလသမာပတ်အကြောင်းနှင့်စပ်၍ မြတ်စွာဘုရားဟာ ယခင်က ဖလသမာပတ်ဝင်စားတော်မူခဲ့ဖူးပါတယ်။ ယခင်က၀င်စားခဲ့တဲ့ ဖလသမာပတ်ဟာ ခဏိကဖလသမာပတ်လို့ ခေါ်ပါတယ်၊(၀င်စားလိုတဲ့ ခဏမှာပင် ၀ိဿနာသာမန် အခြေခံ၍ ၀င်စားတဲ့ ဖလသမာပတ်ဖြစ် ပါတယ်။ ထိုခဏိကဖလသမာပတ်ဟာ ၀င်စားတုန်းခဏမှာသာလျှင် ရောဂါဝေဒနာကို ပယ်ခွာတွန်းလှန်နိုင်ပါတယ်။ မှော်ရှိတဲ့ ရေအိုင်အတွင်းသို့ ကျောက်ခဲ အုတ်ခဲ ပစ်ချလိုက်လျှင် ပစ်ချတုန်းခဏ ကျောက်ခဲ အုတ်ခဲကျရာနေရာမှာ မှော်များဟာ ခဏသာ ရှဲသွားပြီး ကျောက်ခဲ အုတ်ခဲများ ရေထဲသို့ကျရောက်သွားတာနဲ့ မှော်များဟာလည်း ရေပေါ်မှာ ပြန်၍ ဖုံးလွှမ်းမြဲ ဖုံးလွှမ်းသကဲ့သို့ ခဏိက ဖလသမာပတ်ဟာ ၀င်စားတုန်းခဏတွင် ရောဂါများကို ပယ်ခွာနိုင်ပြီး သမာပတ်မှထတဲ့အခါ ရောဂါဝေဒနာများ ပြန်၍ လွှမ်းမိုးမြဲ လွှမ်းမိုးနေပါတော့တယ်။
ဝေဠုဝရွာတွင် ပြင်းထန်ပြီး ပရိနိဗ္ဗာန်ပြုလောက်တဲ့ ရောဂါဝေဒနာကို မြတ်စွာဘုရားဟာ ရူပသတ္တက နာမသတ္တကနည်းများဖြင့် မဟာဝိပဿနာ အခြေခံ၍ ၀င်စားတဲ့ ဖလသမာပတ်ဖြင့် ပယ်ခွတော်မူပါတယ်။ ဥပမာ.. အားကောင်းတဲ့ ယောင်္ကျားဟာ ရေကန်ထဲဆင်းတဲ့ အခါ ရေပြင်ပေါ်ရှိ မှော်များကို လက်ခြေတို့ဖြင့် အားကုန် ဖယ်ရှားလိုက်တဲ့အတွက် အချိန်အလွန်ကြာမှ မှော်များသည် တဖန်ပြန်၍ ဖုံးလွှမ်းလာသလို အရဟတ္တဖိုလ်ဖလသမာပတ်ဟာလည်း အားကြီးတဲ့အတွက် ရောဂါဝေဒနာကို အချိန်အလွန်ကြာအောင် ပယ်ရှားထားနိုင်တယ်ဟု မှတ်ရပါမယ်။ ရောဂါကို ပယ်ရှားနိုင်တဲ့ကာလဟာ ဆယ်လကြာမြင့်မှာဖြစ်တယ်၊ ဟုဆိုထားသောကြောင့် (ဆေးအာနိသင် ကုန်လျှင် ရောဂါပြန်ဖြစ်သလို)ဆယ်လကြာလျှင် အသက်ကို ခြွေစေနိုင်တဲ့ ရောဂါပြန်၍ ဖေါက်ပြန်မှာဖြစ်ပါတယ် လို့ဆိုလိုပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားဟာ ၀မ်းတော်မလားလည်း ပရိနိဗ္ဗာန်ပြုမှာဖြစ်ပါတယ်။
အချူပ်ဆိုရသော် မြတ်စွာဘုရားဟာ ဝေဠုဝရွာမှာ ပရိနိဗ္ဗာန်ပြုနိုင်လောက်တဲ့ ရောဂါဆိုးကြီး စွဲကပ်ရာကနေ ဆိုခဲ့ပြီးသည့် ဖလသမာပတ်ဖြင့် (controlled) ထိန်းချူပ်ခဲ့ပြီး၊ ဝေဠုဝရွာမှ နေ သာဝတ္ထိ၊ ဝေသာလီ၊ ဘဏ္ဍုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့၊ ပါဝါပြည်၊(ရွှေပန်းထိမ်သည်စုန္ဒတို့နေထိုင်ရာမြို့)၊ ထိုမှတဆင့် ကုသိနာရုံပြည် သို့ အစဉ်အတိုင်းကြွတော်မူစဉ်အတွင်း ဆယ်လကြာမြင့်ခဲ့ပါ တယ်။ ပြီးမှ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တာကြောင့် ကံကြောင့်မဟုတ်ဘဲ မြတ်စွာဘုရားရဲ့ ဆန္ဒအလျောက် ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်လို့ ဖြေကြားပေးလိုက်ရပါတော့သတည်း။ ။
(၂)အမေး။ ။အရှင်ဘုရား…တပည့်တော်တို့ နိုင်ငံမှာ ရာမာဇန်ဥပုသ်လမို့ မွတ်ဆလင်တွေ ဥပုသ်စောင့်နေပါတယ်ဘုရား။ သူတို့က နေ့စာ မစားရပါ။ ခရစ်ယာန်လည်း သည်သဘောပါပဲ၊ ဥပုသ်စောင့်ရာမှာ အစားကို အချိန်နဲ့ ရှောင်တာ ဘာသာတိုင်း တူနေပါတယ်။ ဘာကြောင့် ပါလဲဘုရား။ ။
အဖြေ။ ။ အစားရှောင်တာနဲ့ပတ်သက်ပြီး ဘာသာတိုင်းတူတယ်ဆိုပေမယ့် အခြားဘာသာတွေရဲ့အယူအဆနဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အယူအဆခြင်းမတူသလို၊ အကျိုးသက်ရောက်မှုလည်း ကွာခြားပါလိမ့်မယ်။
မွတ်ဆလင်တွေမှာ ဥပုသ်လအတွင်းမှာသာ ရှောင်ပါတယ်။တစ်ခါက ကျောင်းနေဖက် ဘာသာခြားသူငယ်ချင်းတစ်ဦးဟာ သူတို့ဥပုသ်လဖြစ်တဲ့အတွက် ဥပုသ်စောင့်ရာမှာ တံတွေးတောင် မမျိုချမိအောင် နေတာကို မြင်ရပါတယ်။ အတန်းထဲမှာလဲ တံတွေးခံဖို့ ခွက်တစ်လုံး အနားချထားတာကို တွေ့ရပါတယ်၊ သူပြောတော့ အဲဒါဥပုသ်စောင့်တာတဲ့၊
ဗုဒ္ဓဘာသာမှာတော့ သတ်မှတ်ထားတဲ့ ဥပုသ်နေ့တွေမှာ ဥပုသ်(သီလ)စောင့်ကြပါတယ်၊ သည်နေရာတွင် အခြားဘာသာတွေရဲ့ ဥပုသ်အဓိပ္ပါယ်ကို မသိပါ။ ဗုဒ္ဓဘာသာရဲ့ ဥပုသ်အဓိပ္ပါယ်ကား ဥပေါသထ ဆိုတဲ့ ပါဠိကလာတာပါ။ ဥပ+ ၀သထ၊ ဥပ= ရတနာသုံးပါး၌ ချည်းကပ်၍၊ ၀သထ= နေသည်။ ဆိုလိုရင်းအပြည့်အစုံက ရှစ်ပါးသီလကို ရတနာသုံးပါးထံချည်းကပ်ကာ ဆောက်တည်၍ နေထိုင်ပါတယ် လို့ အဓိပ္ပါယ်ရပါတယ်။
သူတို့ဘာသာရဲ့အစားရှောင်တဲ့ ကျိုးသက်ရောက်မှုတော့ မသိပါ။ ဗုဒ္ဓဘာသာမှာတော့ အစားရှောင်တာနဲ့ပတ်သက်ပြီး……
ဝိကာလလို့ခေါ်တဲ့ နေ့လည်(၁၂)နာရီကျော်ကနေ အာရုံတက်သည်အထိ အစာကို ရှောင်ရပါတယ်။ ၀ိကာလဘောဇနသိက္ခာပုဒ်ကို ဆောက်တည်ထားတဲ့ပုဂ္ဂိုလ်ဟာ ညနေစာမစားတဲ့အတွက် တရားအားထုတ်တဲ့နေရာမှာ အလုပ်မရှုပ်တော့တဲ့အပြင် ဗလိဗောဓနည်းတယ်၊ ငိုက်မြည်းခြင်းကင်းပြီး ကြည်လင်လင် လန်းလန်းဆန်းဆန်း ရှိတာကိုလည်း တွေ့ရပါတယ်။ အစားရှောင်ခြင်းဖြင့် ကိလေသာကို အားပေးရာလည်း မရောက်တော့ပါ။
Wednesday, September 24, 2008
သိသမျှ တွေးဆအဖြေ(၃)
Posted in: အမေးအဖြေကဏ္ဍ
0 comments:
Post a Comment