သည်နေ့ အွန်လိုင်းပေါ်မှာ G-talk ဖြင့် နော်ဝေနိုင်ငံမှ အမျိုးသမီးတစ်ဦးက ဘာသာရေးနှင့်ပတ်သက်ပြီး မရှင်းတာလေးတွေကို မေးထားပါသည်။ မေးသင့်မေးထိုက်သော မေးခွန်းလည်းဖြစ်ပါသည်။ သည်အမေး၏အဖြေကို စာဖတ်သူများလည်း ဖတ်ရှုနိုင်အောင် တင်ပြလိုက်ရပါသည်။
(၁)။အမေး။ ။ခုဒ္ဒကနိကာယ် သုတ္တနိပါတ် မေတ္တာသုတ်မြန်မာပြန် စာမျက်နှာ (၁၁)၊ နံပါတ်(၉)ပုဒ်တွင် မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းသူသည် လောကုတ္တရာသီလရှိသည်ဖြစ်၍ သောတာပတ္တိမဂ်ဥာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ တပ်မက်တွယ်တာမှု တဏှာကို ပယ်ဖျောက်သည်ရှိသော် တဖန်ပဋိသန္ဓေနေခြင်းသို့ မရောက်တော့ပေ ဟုပါရှိရာ…
- မေတ္တာကမ္မဋ္ဌာန်းက ၀ိပဿနာနဲ့ ထပ်တူအကျိုးပေးပါသလား၊
- ၀ိပဿနာတရား အားမထုတ်ဘဲ မေတ္တာပွားသန်ရင်ရော မဂ်ဖိုလ်ရနိုင်ပါသလား၊ ဟု မေးလာပါသည်။
အဖြေ။ ။မေတ္တာကမ္မဋ္ဌာန်းက ၀ိပဿနာနဲ့ ထပ်တူ အကျိုးမပေးသလို ၀ိပဿနာတရားအားမထုတ်ဘဲ မေတ္တာပွားသန်ရင်လည်း မဂ်ဖိုလ်ကို မရနိုင်ပါ ဟုဖြေရပါမည်။ သည်လောက်ဖြင့် ထိုအဖြေကျေနပ်နိုင်မည် မထင်ပါ။ ရှင်းဦးအံ့……
မေတ္တာသုတ်ပါဠိတော်တွင်….
နောက်ဆုံး(၂)ဂါထာအနက် ပထမဂါထာ-
“တိဋ္ဌံ စရံနိသိန္နောဝ (ပေ) ဗြဟ္မမေတံ ၀ိဟာရမိဓမာဟု” သည်ဂါထာ၏ အဓိပ္ပါယ်က- သွားရပ်ထိုင်လျောင်း အိပ်မပျော်သေးသည့်ကာလအတွင်း မှာ မေတ္တာပို့လို့ ရနိုင်သည်။ ထိုကဲ့သို့ မေတ္တာနှင့်ယှဉ်တဲ့သတိကိုဖြစ်စေလျှက် မေတ္တာပွားနေမည်ဆိုလျှင် ထိုသူသည် မြတ်သောနေထိုင်ခြင်း၊ အထက်တန်းကျ သည့်နေထိုင်ခြင်း(ဗြဟ္မ၀ိဟာရီ)ဖြင့် နေထိုင်သည်ဟု ဟောထားပါသည်။ ဒါက မေတ္တာကမ္မဋ္ဌာန်းကို ညွန်ကြားလိုက်တာပါ။
နောက်ဆုံး ဒုတိယဂါထာ-
ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊ နဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုနရေတိ။ ဟူသော အဆုံးဂါထာသည် မေတ္တာဈာန်နှင့်ယှဉ်သော သမာဓိကို အခြေခံကာ ၀ိပဿနာတက်ဖို့ရန်အတွက် ဟောထားသောဂါထာတော် ဖြစ်ပါသည်။
ထိုဂါထာကား မေတ္တာကမ္မဋ္ဌာန်းပေးသည်မဟုတ်၊ ၀ိပဿနာကမ္မဋ္ဌာန်းပေးသည်ဟုမှတ်ယူရမည်၊ ရှင်းဦးအံ့….
ဒိဋ္ဌိဉ္စ -ဒိဋ္ဌိတို့မှ၊ အနုပဂ္ဂမ္မ- မကပ်ရောက်မူ၍။ ဆိုရာမှာ ဒိဋ္ဌိသည် အတ္တဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊အကိရိယဒိဋ္ဌိ၊သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စသည်တို့ဖြစ်သည်။ ထိုဒိဋ္ဌိစသည် ကင်းအောင် မကပ်ရောက်အောင် နာမရူပပရိစ္ဆေဒဥာဏ်၊(နာမ်ရုပ်ကိုသိတဲ့ဥာဏ်) ပစ္စယပရိဂ္ဂဟဥာဏ်(အကြောင်းအကျိုးကို သိတဲ့ဥာဏ်) သမ္မသနဥာဏ် (အနိစ္စစသည်လက္ခဏာဖြင့်သုံးသပ်တဲ့ဥာဏ်)၊ ဥဒယ၀ယ(ရုပ်နာမ်ဖြစ်ပျက်ကိုသိတဲ့)ဥာဏ်များသို့ရောက်လျှင် ဒိဋ္ဌိတွေမကပ်ရောက်ဘူးဆိုသည်ကို သိထားရပါမည်။
ထိုကြောင့် ဒိဋ္ဌိများကို မကပ်ရောက်ပါစေနဲ့ဟူသည် ၀ိပဿနာကမ္မဋ္ဌာန်းကို ညွန်ကြားထားသည်ဟု မှတ်ယူရပါမည်။
မြတ်စွာဘုရားသည် မေတ္တာ၏ နောက်နားကနေ ၀ိပဿနာတရားကို ဒိဋ္ဌိဉ္စ စသည်ဖြင့် ညွန်ကြားတော်မူသည်ဟု မှတ်ယူရပါမည်။ မေတ္တာသုတ်တော်တွင် ရဟန်းတော်(၅၀၀)တို့သည် မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်းနှစ်မျိုးကို သင်ယူခဲ့သည်ဟု မှတ်ယူထားရပါမယ်။
(က) - မေတ္တာကမ္မဋ္ဌာန်းရယ်၊
(ခ) - ဒိဋ္ဌိပြုတ်ကြောင်း ကာမဂုဏ်တွေ ကင်းရှင်းကြောင်း ဆိုတဲ့ ၀ိပဿနာကမ္မဋ္ဌာန်းရယ် ကမ္မဋ္ဌာန်း နှစ်မျိုးပါ။
မြတ်ဘုရားက မေတ္တာသုတ်တော်မှာ ထိုကမ္မဋ္ဌာန်းနှစ်မျိုး ပေးထားသဖြင့် ရှေးဦးစွာ မေတ္တာကမ္မဋ္ဌာန်းပွားများရပါမည်၊ မေတ္တာပွားများ၍ ဈာန်များရရှိလာသောအခါ ထိုမေတ္တာဈာန်၏ သမာဓိကို အခြေခံကာ ၀ိပဿနာပွားရမည် ဟု မှတ်ယူရပါမည်။
ထို့ကြောင့် မေတ္တာအခြေခံသည့် ဈာန်တရားတို့ဖြင့် မဂ်ဖိုလ်ကို တိုက်ရိုက်မရောက်နိုင်ပေ၊ ထိုဈာန်တရား၏ သမာဓိကို အခြေခံကာ ၀ိပဿနာပွားမှ မဂ်ဖိုလ်ရောက်နိုင်သောကြောင့် မေတ္တာသည် ၀ိပဿနာနဲ့ထပ်တူအကျိုးမပေးသလို မေတ္တာပွားရုံမျှနှင့်လည်း မဂ်ဖိုလ်မရနိုင်ပါ ဟု ဖြေကြားလိုက်ရပါသည်။
(၂)အမေး။ ။ နိုင်ငံခြားသားများ ဗုဒ္ဓ၀ါဒကို လိုက်စားတဲ့အခါ မဟာယာနနဲ့ ထေရ၀ါဒကို ရောထွေးတတ်ကြပါတယ်၊ ကွဲပြားခြားနားပုံနှင့် ထေရ၀ါဒရဲ့ အနှစ်ကို ဘယ်လိုဖြေရှင်းပြရပါ့မလဲဘုရား…………
အဖြေ။ ။ ဗုဒ္ဓဘာသာလောကမှာ ထေရ၀ါဒဗုဒ္ဓဘာသာ၊ မဟာယာန ဗုဒ္ဓဘာသာ၊ ဟီနယာနဗုဒ္ဓဘာသာ ဟူ၍ ဝေါဟာရတွေ ရှိကြပါ သည်။ သည်ဘာသာတွေ၏ ကွဲပြားခြားနားမှုတွေက အလွန်ကျယ်ဝန်းသည့်အတွက် သိသာရုံအနည်းငယ်မျှ တင်ပြေပေးလိုက်ပါသည်။
(က)။ ။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတဲ့ ပိဋကတ်သုံးပုံ တရားတော်များကို တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲခြင်း၊ ပယ်နုတ်ခြင်း၊ ဖြည့်စွက်ခြင်း လုံးဝမပြုဘဲ အရှိကိုအရှိအတိုင်း လိုက်နာကျင့်သုံးနေသည့် ဗုဒ္ဓဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။
ပထမသင်္ဂါယနာမှသည် ဆဋ္ဌသင်္ဂါယနာတိုင်အောင် ထေရ်အရှင်တို့ သင်္ဂါယနာတင်တော်မူခဲ့ကြသော သုတ်၊၀ိနည်း၊အဘိဓမ္မာတရား တော်များအတိုင်း လိုက်နာကျင့်သုံးနေကြနေသည့် ဗုဒ္ဓဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။ ၄င်းသည် သီရိလင်္ကာ၊မြန်မာ၊ယိုးဒယား၊ကမ္ဗောဒီးယား၊လာအိုစသည်တိုင်အောင်ပျံ့နှံ့သွားသည်၊ထို့ကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်းခေါ်ဆိုကြပါ သည်။
(ခ)။ ။ ရှင်တော်ဘုရား ဟောကြားထားသည့် တရားတော်များအား အရှိကို အရှိအတိုင်း မဟုတ်ဘဲ၊ ကာလဒေသစသည်အလိုက် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ ကျင့်သုံးပြီး၊ သာဝကအဖြစ် ပစ္စေကဗုဒ္ဓါအဖြစ်နှင့် နိဗ္ဗာန်မရနိုင်၊ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်မှ နိဗ္ဗာန်ရနိုင်သည် ဟုယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓဘာသာ ဟုခေါ်ဝေါ်ကြပါသည်။ ယခု တိဗက်၊ တရုတ်၊ ဂျပန် ၊ ကိုးရီးယားစသည့်နိုင်ငံများမှာ ကျင့်သုံးကြပါသည်။ထို့ကြောင့်မဟာယာနဗုဒ္ဓဘာသာကို မြောက်ပိုင်းဗုဒ္ဓဘာသာဟုခေါ်ဆိုကြပါသည်။
(ဂ)ဗုဒ္ဓတရားတော်များကို ထေရ၀ါဒလို အရှိကို အရှိအတိုင်း လိုက်နာကျင့်သုံးသည်လည်းမဟုတ်၊ မဟာယနတွေလောက်လည်း ဖြည့်စွက်ခြင်း၊ ပယ်နုတ်ခြင်း မပြုတဲ့ ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာလို့ ခေါ်ပါသည်။
ဟီနယာနတွေကို မဟာယာနတွေက သူတို့ကဲ့သို့ မဟာယနတစ်ခုတည်းကိုသာ လက်မခံဘဲ သာဝကဥာဏ၊ပစ္စေကဗောဓိယာန ဆိုပြီး နိပ်ကျသည့် ယာနနှစ်ခုကို လက်ခံသည့်အတွက်ကြောင့်တစ်ကြောင်း သူတို့နဲ့အယူအဆမမျှတာလည်း တစ်ကြောင်းကြောင့် အနိမ့်စားဂိုဏ်းလို့ နှိမ်ပြီးခေါ်တာဖြစ်ပါသည်။ သည်ဂိုဏ်းကို ရှေးက အိန္ဒိယပြည်၊ ဂန္ဓရတိုင်း၊ ကသ္မီရတုင်း(ယခု ကက်ရှမီးယားပြည်နယ်)တို့မှာ ကျင့်သုံးခဲ့သည်။ ယခုအခါ ဟီနယာနဂိုဏ်းဆိုတာ ဗုဒ္ဓဘာသာလောက က ကွယ်ပျောက်သွားပါပြီ။ တစ်ချို့က ထေရ၀ါဒကို ဟီနယာနဟု ထင်နေကြ ပြောဆိုနေကြပါသည်၊ ထေရ၀ါဒနှင့်မဆိုင်သည့်အပြင် တစ်ခြားစီ ဖြစ်နေပါသည်။
ထေရ၀ါဒနှင့်မဟာယာနတို့ မတူကွဲပြားခြားနားသော အဓိကအချက်များစွာ ရှိပေသည်။ အရေးကြီးဆုံး ခြားနားချက်များအနက်…..
ပထမအချက်မှာ… ထေရ၀ါဒီတို့က ဗုဒ္ဓကို လူသားဘုရားအဖြစ် ခံယူထားသော်လည်း မဟာယာန၀ါဒီက ထာဝရတည်နေသည့် ပုဂ္ဂိုလ်မြတ်၊ ထာဝရဘုရားအဖြစ် လက်ခံထားသည်။
ဒုတိယအချက်။ ။မဟာယာနတို့သည် ရဟန္တာပုဂ္ဂိုလ်ကို အလေးမထားဘဲ ဗောဓိသတ္တ ဘုရားအလောင်းကိုသာ စံပြုစရာ ပုဂ္ဂိုလ်မြတ်အဖြစ် ရှေ့တန်းတင်ကြသည်။ ဘုရားအလောင်းသည် သတ္တ၀ါတို့အား ကရုဏာထားသူ၊မေတ္တာထားသူ၊ ပရဟိတအကျိုးဆောင်ရွက်တတ်သူ၊ မြတ်သောပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုသည်။ ဘုရားအလောင်းဘ၀ဖြင့် သတ္တ၀ါတို့၏ အကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နောက်ဆုံးတွင် ဘုရားဖြစ်ကာ သတ္တ၀ါတို့အား နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်သည်ဟုဆိုသည်။
တတိယအချက်။ ။ပါရမီ(၁၀)ပါးဖြည့်ဆည်းကာ ကိုယ်တိုင်အားထုတ်ကြိုးပမ်းခြင်းဖြင့်သာ ဗောဓိဥာဏ်(ဘုရားအဖြစ်)ကို ရရှိနိုင်သည် ဟု ထေရ၀ါဒီတို့က ယုံကြည်လက်ခံထားသော်လည်း မဟာယာန၀ါဒီတို့က ဗုဒ္ဓကိုကြည်ညိုရိုကျိုးခြင်း၊ သတ္တ၀ါတို့အား မေတ္တာထား၊ ကရုဏာပွားခြင်း အားဖြင့် ဗောဓိဥာဏ်ကို ရရှိနိုင်သည်ဟု ဆိုသည်။
တနည်းဆိုရလျှင်…ထေရ၀ါဒီတို့၏ ပဓာနကျင့်စဉ်မှာ ပညာဖြစ်ပြီး၊ မဟာယာနာဝါဒီတို့၏ ပဓာနကျင့်စဉ်မှာ ကရုဏာဖြစ်သည်။
စတုတ္ထအချက်။ ။နိဗ္ဗာန်နှင့်ပတ်သက်၍ ယူဆပုံခြားနားခြင်းဖြစ်သည်။ ထေရ၀ါဒက နိဗ္ဗာန်သည် တဏှာကုန်ခမ်းခြင်း၊ ချူပ်ငြိမ်းခြင်းသာဖြစ် သည်။ သီးခြားဘုံဘ၀မရှိဟု ယူသည်။ မဟာယာန၀ါဒီတို့က နိဗ္ဗာန်သည် ထာဝရပျော်ရွှင်ချမ်းမြေ့မှုတို့ရှိနေသော ဘုံတစ်ခုဖြစ်သည်ဟု ယူဆ သည်။
နောက်ဆုံးခြားနားချက်။ ။လူတိုင်းဘုရားအဖြစ်ကို ရရှိနိင်သော အသိဥာဏ်ရှိသည်။ လူတိုင်းဘုရားဖြစ်နိုင်သည် ဟု မဟာယာန၀ါဒီတို့က လက်ခံထားသော်လည်း ထေရ၀ါဒီတို့က ပါရမီထူးသူ၊ လူနည်းစုသာ ဘုရားအဖြစ် ကြိုးပမ်းရရှိနိုင်သည် ဟု ယူဆထားခြင်းပင်ဖြစ်လေသည်။
နောက်တစ်ခု ထေရ၀ါဒ၏ အနှစ်သာရကို ပြောမည်ဆိုလျှင် သီလ သမာဓိ ပညာ ၀ိမုတ္တိရသတို့ဖြစ်သည်။ သီလ သမာဓိ ပညာ ဖြစ်သည့် မဂ္ဂင်ရှစ်ပါးအကျင့်တရား ဖြစ်သည်၊ ထိုအကျင့်တရားတို့ကို ကိုယ်တိုင်ကျင့်မှ ထိုအကျင့်၏အနှစ်သာရကို ရနိုင်သည်။
ထိုအကျင့်၏ အဆုံး၊ (အနှစ်သာရ)ပန်းတိုင်ကား ကိလေသာကင်းရာ တဏှာကုန်ရာဖြစ်သည်ဟု ဖြေကြားပေးလိုက်ရပါသည်။
(၃)အမေး။ ။သဲအင်းဂူဆရာတော်ဘုရားကြီးရဲ့တရားကို ဖတ်နာကြားရတော့ မဂ်ဖိုလ်နိဗ္ဗာန်ရပုံ ရဟန်းကိစ္စပြီးပုံကို အတိအကျ ရက်စွဲ၊ အချိန်နှင့် ဟောထားတာ ဖတ်ရပါတယ်။တကယ်ဇွဲနဲ့အားထုတ်ခဲ့တယ်ဆိုတာလဲ လက်ခံပါတယ်။ ဒါပေမယ့် ရဟန်းတော်များအား ဈာန်၊ မဂ်ဖိုလ်ရကြောင်း လူဝတ်ကြောင်တို့အား မပြောရလို့ ၀ိနည်းရှိကြောင်း ဆရာတော်တစ်ပါးရဲ့စာအုပ်မှာ ဖတ်ရပါတယ်၊ ကွဲလွဲနေတာ ရှင်းပြပေးပါဘုရား။
အဖြေ။ ။ ရဟန်းတော်များသည် ဈာန်မဂ်ဖိုလ်နဲ့ပတ်သက်ပြီး လူဝတ်ကြောင်တို့အား မပြောရ ဟုဝိနည်းမှာလာသည်ဆိုသည်မှာ မှန်ပါသည်။(စတုတ္ထပါရာဇိကသုက္ခာပုဒ်)။
ဒါပေမယ့် ဒီစတုတ္ထပါရာဇိကဖြစ်တဲ့ ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်မှာ အညတြ အဓိမာနာ ဟူသည့် ချွင်းချက် ပါဠိစကားလုံး ပါလာပါသည်။ [အဓိ(အဓိဂတ)=ရအပ်ပြီဟု+မာန=မှတ်ထင်ခြင်း] ဈန်မဂ်ဖိုလ်ရအောင် ကြိုးကြိုးစားစား အားထုတ်နေသော ယောဂီသူတော်စင် ဖြစ်၍ ကိလေသာများ အထင်အရှား မဖြစ်သည်ကို သတိပြုမိပြီး မိမိမှာ ဈာန်(သို့)မဂ်ဖိုလ်များကို မရသေးသော်လည်း “ရနေပြီ” ဟု မှတ်ထင်မှုကို အဓိမာန ဟုခေါ်သည်။
အဓိမာနပုဂ္ဂိုလ်ဟူသည် တရားကို တကယ်ကြိုးစားအားထုတ်နေသည့် ယောဂီရဟန်းကိုခေါ်ပါသည်။
တနည်း။ ။[ အဓိ(အဓိက)= လွန်ကဲသော+မာ မှတ်ထင်ခြင်း။] မိမိမှာ ရှိသော ကာမာဝစရ သီလ သမာဓိ ပညာထက် ပို၍ မဟဂ္ဂုတ် လောကုတ္တရာ သီလ သမာဓိ ပညာရှိနေပြီဟု မှတ်ထင်မှုကို “အဓိမာန” ဟုခေါ်သည်။ ထိုကဲ့သို့ ထင်မှတ်၍ စပ်မိစပ်ရာ ပြောသော ရဟန်းအား အပြစ်မရှိ အာပတ်မသင့်သည့်အပြင် ပါရာဇိကလည်းမကျပေ။ ဤနေရာ၌ မိမိမှာ မဂ်ဖိုလ်တရားများ မရှိမှန်းသိလျှက် ကြွားဝါလိုသောစိတ်ဖြင့် ပြောဆိုလျှင် စတုတ္ထပါရာဇိကသိက္ခာပုဒ်အရ အာပတ်သင့်၍ ပါရာဇိကကျသည်။
အထက်ပါကို ကြည့်ခြင်းအားဖြင့် သဲအင်းဂူဆရာတော်ကြီးသည် အမှန်တကယ် ဇွဲနှင့်အားထုတ်နေသူဖြစ်ပြီး မဂ်ဖိုလ်ရပြီဟုလွန်ကဲစွာ မှတ်ထင်သည်ဆိုလျှင် ဈာန်မဂ်ဖိုလ်ရပုံကို ပြောသော်လည်း ပါရာဇိကမကျ ဟု မှတ်ယူရပါမည်။
ထိုသိက္ခာပုဒ်၏ အင်္ဂါမျာကား ၁။ ဥတ္တရိမနုဿဓမ္မ၏ မိမိ၌ မရှိခြင်း။၂။ယုတ်မာသော(၀ါကြွားလိုသော)စိတ်ဖြင့်ပြောခြင်း။ ၃။သူတစ်ပါးကို ကဲ့သို့ ညွန်ပြသောအရာမဟုတ်ခြင်း ။ ၄ ။ နားထောင်သူက လူသားစင်စစ်ဖြစ်ခြင်း။ ၅။ ပြောပြီးသည်နက်တစ်ပြိုင်နက် ဤကိုယ်တော်သည် ဈာန်ရ (သို့)အရိယာပုဂ္ဂိုလ်ဟုသိခြင်း။ ထိုငါးပါးညီညွတ်လျှင် ပါရာဇိကကျပြီး၊ ထိုငါးပါးအနက်တစ်ပါးပါး ချွတ်ယွင်းလျှင် ပါရာဇိက မကျပေ။
(၄)အမေး။ ။ဘုရာဆုပန်သူဟာ မြင့်မြတ်တယ်၊ မာန်နတ်တောင် ရှင်ဥပဂုတ် ဆုံးမတာ ခံရအပြီးမှာ ဘုရားက သည်းခံသလောက် သာဝက က င့ါကို မညှာဘူး။ ဒါကြောင့် ငါသာဝကမဖြစ်လို၊ ဘုရားသာဖြစ်လိုတယ်ဆိုပြီး ဘုရားဆုပန်လိုက်လို့ ရှင်ဥပဂုတ်က တောင်းပန်ရတယ်လို့ ရေးထားတာ ဖတ်ရပါတယ် ရဟန္တာဟာ (ဗျာဒိတ်တောင် မခံရသေးတဲ့) သာမန်ဘုရားဆုပန်ရုံ နတ်လူကို ရိုသေဖို့ တောင်း ပန်ဖို့လိုသလား။ ။
အဖြေ။ ။ထိုမေးခွန်းတွင် ဘုရားဆုပန်က သာဝကထက်မြင့်မြတ်တယ်ဟု သဘောပါနေသည့်အတွက် မဟာယာနနှင့် နီးစပ်နေသည်ဟု မှတ်ရပေမည်။
ဥပဂုတ္တဟူသည် ရှင်လေးပါးထဲပါသည့်အတွက် ယခုထိ တောင်သမုဒ္ဒရာတွင် အသက်ထင်ရှားရှိကြောင်းဆိုသဖြင့် “ သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဟူသော မြတ်စွာဘုရားဟောသည်နှင့် (ထေရ၀ါဒနှင့်)မကိုက်ညီ၊တလွဲစီဖြစ်နေပါသည်။ မာနတ်သားကို ရှင်ဥပဂုတ္တက ဆုံးမသည့်ကိစ္စကို မှန်နန်းမဟာရာဇ၀င်ကြီးတွင် ရေးထားသည်ကို အကျဉ်းမျှ ဖေါ်ပြပေးပါမည်။
ရာဇ၀င်ကြီး(ဦးကုလားရာဇ၀င်)တွင် မာနတ်ကိုဥပဂုတ္တကဆုံးမသည့်အကြောင်း စကားရပ်များသည် ခြောက်အင်္ဂါခန့်ရှိသော လောကပညတ္တိကျမ်းတွင် လာပါသည်။ လောကပညတ္တိကျမ်းကိုလည်း သင်္ဂါယနာတင်ကျမ်း မဟုတ်ဟူ၍ ဆရာမြတ်တို့ မိန့်တော်မူ၏။ ဤစကားရပ်များသည် သင်္ဂါယနာတင် ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းကြီး ကျမ်းခိုင်များအနက် မည်သည့်ကျမ်းတွင်မှ မပါရှိပေ။
တန်ခိုးဖြင့်ဖန်ဆင်း၍ ဆုံးမရသည်ဆိုသည့် လောကပညတ္တိစကားသည် ၀ိနည်းကျမ်းဂန်တို့နှင့် မသင့်လျော် မညီမညွတ်သော စကားဖြစ်သည်။
ပါရာဇိကဏ် အဋ္ဌကထာ၌ ဓမ္မာသောကမင်း ကျောင်း (၈၄၀၀၀)နှင့် အသောကာရာမကျောင်းကြီးကို ဆောက်တော်မူသောအခါ တန်ခိုးအာနုဘော်ကြီးစွာ ဣန္ဒဂုတ္တအမည်ရှိသော ရဟန္တာကို ကျောင်းဆောက်ရာ၌ စီရင်နိုင်စေရန် ရဟန်းသံဃာတို့က ပေးကြောင်း၊ ဣန္ဒဂုတ္တမထေရ်လည်း မာနတ်သားကို တားမြစ်ရကြောင်း မပါရှိပေ။ ဣန္ဒဂုတ္တမထေရ်လည်း ရဟန္တာဖြစ်သည်မှန်လျှင် မိမိကိုယ်ကိုနဂါးရုပ်၊ဂဠုန်ရုပ် အစရှိသော အရုပ်ဖန်ဆင်းခြင်း တည်းဟူသော ၀ိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာ မပြုအပ်ဟူ၍ သဗ္ဗညုတ မြတ်စွာဘုရား ပညတ်တော်မူသည်ကို လွန်ကျူး၍ မိမိကိုယ်ကို ကျားရုပ်စသည်ဖန်ဆင်းခြင်း တန်ခိုးဗျာဋိဟာကို ပြတော်မမူရာ၊ ဤသို့ အစရှိသည်ဖြင့် ကျမ်းဂန်တို့နှင့် မလျော်မသင့် မညီမညွတ်သော စကားရပ်များ လာရှိသောကြောင့် ရာဇ၀င်ကြီး၌ ရေးထားသော စကားရပ်များသည် ပညာရှိတို့သည် အယုံအကြည် မမှတ်ယူအပ်။ သုတ်မဟာဝါ အဋ္ဌကထာ ပါရာဇိကဏ် အဋ္ဌကထာ၊ သာရတ္ထဒီပနီ ဋီကာကြီးတို့၌ လာရှိသည့်အတိုင်း ရေးထားခဲ့သည့် စကားရပ်များကိုသာ ပညာရှိတို့ မှတ်သားအပ်၏။ ။(မှန်နန်းမဟာရာဇ၀င်ကြီး)
သည်စကားရပ်တို့ဖြင့် ဤအမေးပြဿနာ၏ အဖြေကို သိသာထင်ရှားလောက်ပါပြီဟု ထင်ပါသည်။
၅။အမေး။ ။ဘုရားနှင့် ဘုရားအလောင်းများ၊ ကွမ်ရင်မယ်တော်စသည်တို့သာ မြတ်တယ်၊ သာဝကသံဃာတော်များနှင့် ဘုရားဆုမပန်သူများ ဒီလောက်မမြတ်ဘူးဆိုတဲ့အယူ ဘာလို့ထွန်းကားလာသလဲဆိုတာ အမိန့်ရှိပေးပါဘုရား။ ။
အဖြေ။ ။အထက်ပါအမေးတွင် ဘုရားနှင့်ဘုရားအလောင်း ဘုရားဆုပန်သူများသာမြတ်ပြီး သာဝကသံဃာတော်များ ဘုရားဆုမပန်သူများ မမြတ်ဘူးဆိုသည့် ထိုအယူသည် မြောက်ပိုင်းဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ အယူဖြစ်ပါသည်။
ထိုအယူသည် ဘာလို့(ဘာ့ကြောင့်)ထွန်း ကားလာရသလဲဆိုလျှင်..
မဇ္ဈိမဒေသ၌ (အသောကမင်း၏) မောရိယအင်ပါယာပြိုကွဲပြီး ဗြဟ္မဏ၀ါဒကို ယုံကြည်လက်ခံသော သုင်္ဂမင်းဆက်၊ ကုသျှန်မင်းဆက်များ ထွန်းကားလာ သောအခါ ထိုမင်းများသည် ဗြဟ္မာဏ၀ါဒီများ ဖြစ်ကြ၍ ဗုဒ္ဓဘာသာကို အထူးပင် နှိပ်ကွပ်ခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းများ သီတင်းသုံးနေသည့် ကျောင်းများစွာတို့ကို မီးရှို့ဖျက်ဆီးပစ်ပြီး၊ ရဟန်းတော်များကို သတ်ဖြတ်ခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းတော်များသည် မဇ္ဈိမဒေသတွင် ဆက်လက် မနေထိုင်နိုင်တော့ဘဲ နယ်စွန်နယ်ဖျားသို့ တိမ်းရှောင်သွားကြရပါသည်။ သဗ္ဗတ္ထိဝါဒဂိုဏ်း မဟာသံဃိကဂိုဏ်း စသော အချို့ဗုဒ္ဓဘာသာဂိုဏ်းများသည် ဗြဟ္မဏတို့၏ အလိုကျဖြစ်စေရန် ပိဋကတ်တော်လာ အချို့အချက်အလက်များကို ပြင်ဆင်ခဲ့ကြသည်။ ထေရ၀ါဒီတို့ကဲ့သို့ ပိဋကတ်တော် ကို ပါဠိဘာသာဖြင့် ဆက်လက်မယူဆောင်နိုင်တော့ဘဲ သက္ကတဘာသာသို့ ပြန်ဆို ဆောင်ယူကြသည်။
ကနိသျှကမင်းလက်ထက် ရောက်သောအခါ မဇ္ဈိမဒေသ၌၄င်း၊ ထိုခေတ် အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသတို့၌ ၄င်း၊ ပင်မထေရ၀ါဒဂိုဏ်းသည် ရပ်တည် နေနိုင်ခြင်း မရှိတော့ချေ။ သဗ္ဗတ္ထိဝါဒဂိုဏ်း၊ မဟာသံဃိကဂိုဏ်း၊ အန္ဓကဂိုဏ်း၊ အပရသေလိယဂိုဏ်း၊ ပုဗ္ဗသေလိယဂိုဏ်း၊(စေတိယဂိုဏ်း)စသည်တို့သာ တည်ရှိခဲ့သည်။ ထို့ကြောင့် ဂိုဏ်းကွဲတို့အနက် မဟာသံဃိကဂိုဏ်း၊ အန္ဓကစသည်တို့မှ အခြေခံလျှက် မဟာယာနဂိုဏ်းဟူ၍ ထင်ရှားပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည် ဟု အဖြေပေးလိုက်ရပါတော့သတည်း။
ဦးကောဝိဒ(မြိတ်)
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
17.9.2008, 6:30 AM
ကျမ်းကိုး..
မှန်နန်းမဟာရာဇ၀င်တော်ကြီး၊
နန္ဒသိန်းဇံ၏ ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ၊
ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ၊မေတ္တာသုတ္တံ အဋ္ဌကထာ
ပါတိမောက်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ
Wednesday, September 17, 2008
သိသမျှ တွေးဆဖြေမည်(၁)
Posted in: အမေးအဖြေကဏ္ဍ
0 comments:
Post a Comment