This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 29, 2008

သိသမျှ တွေးဆအဖြေ(၄)

အမေး။ ။တပည့်တော်တို့ ကမ္ဘာ့မြောက်ဖျား တိုင်းပြည်တွေမှာ နွေဆို ည ၉ နာရီ ၁၀ နာရီလဲ နေရောင် လင်းနေပါတယ်။ ည ၁၂ နာရီကျော်ရင် မိုးပြန်လင်းတဲ့အရပ် လင်းပါတယ်။ နေလွဲညစာ မစားပါဆိုတဲ့ သီလက ဒီအရပ်တွေမှာဆို ဘယ်လို ယူပါသလဲဘုရား။
ဆောင်းတွင်းဆိုလဲ ၉ နာရီ၊ ၁၀ နာရီမှ မိုးလင်းပြီး ညနေ ၃ နာရီဆို မိုးချုပ်တဲ့ အရပ်တွေမှာ အရုဏ်တက်ချိန်ကို သံဃာတော်တွေနဲ့ သာသနာက ဘယ်လို သတ်မှတ်ပါသလဲဘုရား။
အဖြေ။ ။ဝိကာလဘောဇရဲ့ ဆိုလိုရင်းက နေ့လွဲညစာကို ပြောတာပါ။့ မြန်မာနိုင်ငံမှာ ၀ိကာလဘောဇနကို နာရီဖြင့် သတ်မှတ်ကြပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က နာရီမရှိသေးတဲ့အတွက် ရဟန်းခံရာမှာ ဘယ်အချိန်ရဟန်းဖြစ်တယ်ဆိုတာ မှတ်သားထားဖို့အတွက် နေ ရှိတဲ့အချိန် နေပူထဲရပ်ကာ မိမိကိုဗဟိုပြုပြီး မိမိအရိပ်ဆုံးတဲ့အရပ်ကို တစ်ယောက်က မြေကြီးမှာ တုတ်လေးနဲ့မှတ်ပေးရပါတယ်၊ ပြီးလျှင် ရှေ့ခြေဖ၀ါးနှင့်နောက်ခြေဖ၀ါးဆက်ပီး သတ်မှတ်ထားတဲ့နေရာရောက်အောင် လှမ်းရပါတယ်။ အဲဒီအခါ ဘယ်နှစ်ဖ၀ါးရှိတယ်ဆိုတာကို ရေတွက်ပြီး (ဘယ်နှစ်ဖ၀ါးမှာ ရဟန်းဖြစ်တယ်ဆိုတာပြီး) အချိန်ကို သတ်မှတ်ရပါတယ်။

အနောက်နိုင်ငံတွေမှာ အာရုဏ်တက်အချိန်ကို နာရီနှင့် မသတ်မှတ်ဘဲ နေထွက်တဲ့အချိန်ကိုမှတ်သားပြီး နေထွက်တဲ့အချိန်ထက် တစ်နာရီစော၍ အာရုဏ်တက်ချိန်ကို သတ်မှတ်ရပါ့မယ်။ ဒီမှာတော့ (၁၂)နာရီကျော်လျှင် ၀ိကာလ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ အထူးသဖြင့် ယခုမေးခွန်းရှင်ပြောတဲ့ ကမ္ဘာ့မြောက်ဖျားမှာတော့ နေအထက်တည့်တည့်ရောက်တဲ့အချိန်ကို မှတ်သားပြီး နည်းနည်းလွဲတာနဲ့ ၀ိကာလ လို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။
တစ်ခါက မဟာစည်ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ဟာ မြန်မာနိုင်ငံမှ နေ့ဆွမ်းဘုဉ်းပေးအပြီးမှာ အနောက်နိုင်ငံသို့ လေယဉ်စတင် ပျံသန်းလာတာ မြန်မာစံတော်ချိန်နှင့်ကြည့်လျှင် ညနေလို့ခန့်မှန်းရတဲ့အချိန်မှာ ဟိုဘက်ရောက်တော့ အာရုဏ်တက်ချိန်ရောက်လို့ ဆွမ်းဘုဉ်းပေးတော်မူခဲ့ရတဲ့ ဖြစ်ရပ်လဲ ရှိပါတယ်။
ဝိကာလအချိန်ကို နေ ဖြင့် အဓိကထား သတ်မှတ်ကြောင်းကို မြတ်စွာဘုရားလက်တော်က ပဏ္ဍိတ သာမဏေ ဖြစ်ရပ်ဖြင့် ထင်ရှားသိနိုင်ပါတယ်။
အခါတစ်ပါး သာဝတ္ထိပြည်တွင် အရှင်သာရိပုတ္တရာမထေရ်ရဲ့ အလုပ်ကျွေးဖြစ်တဲ့ ဒါယကာဇနီးမောင်နှံတို့မှာ သားယောင်္ကျားလေး တစ်ယောက် ရှိခဲ့ပါတယ်။ သူ့နာမည်က ပဏ္ဍိတ (မောင်ပညာ) လို့ ခေါ်ပါတယ်။ ခုနှစ် နှစ်ရွယ်ရောက်သောအခါ သာသနာ့ဘောင်ဝင်ဖို့အတွက် မိခင်ဖခင်များမှာ ခွင့်တောင်းတော့ မိခင်ဖခင်များက ၀မ်းသာစွာ ခွင့်ပြုပါတယ်။ တစ်နေ့ သူတို့ဆရာဖြစ်တဲ့ အရှင်သာရိပုတ္တရာမထေရ်ထံ ပို့ပြီး သာမဏေ၀တ်စေပါတယ်။ အဲဒီမှာ ကိုရင်ပဏ္ဍိတရဲ့ မိဘများက ခုနှစ်ရက်လုံး ကျောင်းမှာပဲနေထိုင်ပြီး ဆွမ်းချက်ပြီးဆက်ကပ်နေပါတယ်။ ခုနှစ်ရက်မြောက်လို့ မိဘများအိမ်ပြန်သွားတဲ့အခါ ဆွမ်းအတွက် ကိုရင်ပဏ္ဍိတ ဆွမ်ခံရပါတယ်။
အဲဒီမှာ အရှင်သာရိပုတ္တရာဟာ ကိုရင်ပဏ္ဍိတနှင့်အတူ ရွာတွင်း ဆွမ်းခံကြွဝင်တော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာဟာ နေ့စဉ် ဆွမ်းခံကြွရင် သံဃာတော်များနှင့်အတူ ဆွမ်းခံကြွတော်မူပေမယ့် ဒီနေ့မှာ ကိုရင်ပဏ္ဍိတဟာ သင်္ကန်းဝတ်လာခါစဖြစ်၍ သင်္ကန်းကို ကောင်းစွာ ထိန်းသိန်းမနိုင်သေးပါ။ သင်္ကန်းမနိုင်မနင်းနှင့် ဆွမ်းခံဝင်လျှင် သာသနာ့ သာရုပ္ပ ကြည်ညိုဖွယ် မဖြစ်နိုင်တာကိုသိတဲ့အတွက် ကိုရင်အား သင်္ကန်းကို ချပ်ရပ်စွာ ၀တ်ရုံနိုင်အောင် သင်ပေးရင်းဖြင့် အရှင်သာရိပုတ္တရာမထေရ်ဟာ ကိုရင်နှင့်အတူ ဆွမ်းခံကြွတော်မူတယ်လို့ မှတ်ယူရပါမယ်။
ရှေးသူတော်ကောင်းကြီးများ၏ သာသနာမျိုးဆက်သစ်ဖြစ်တဲ့ ကိုရင်လေးအပေါ်တွင်စောင့်ရှောက်ပုံမှာ ယနေ့ခေတ် အတုယူထိုက်လှပါတယ်။
ဆွမ်းခံကြွရာ လမ်းတွင် ကိုရင်ပဏ္ဍိတကမေး၍ အရှင်သာရိပုတ္တရာက အဖြေပေးတော်မူခဲ့ပါတယ်။
(အမေးအဖြေကို ဤနေရာတွင် စာရှည်မည်စိုးသဖြင့် အမေးအဖြေအကြောင်းကို သိချင်သပဆိုလျှင် ဓမ္မပဒအဋ္ဌကထာတွင် ဖတ်ရှုနိုင်ပါတယ်။)
အမေးအဖြေပြီးသောအခါ ကိုရင်ပဏ္ဍိတက “ ရေ၊မြှား၊သစ် စတာတွေဟာ စိတ်မရှိပါဘဲ၊ လိုရာပြုလုပ်နိုင်ကြသေးတယ်၊စိတ်ရှိတဲ့ ငါတို့လူတွေဟာလည့်း စိတ်ကို လိုရာမှာထားပြီး ရဟန်းတရားအားထုတ်နိုင်ရမှာပေါ့”…ဟုတွေးကြံလျှက်…..
ကိုရင်ပဏ္ဍိတသည် အရှင်သာရိပုတ္တရာအား သူဟာ ကျောင်းကို ပြန်နှင့်တော့မှာဖြစ်တဲ့အကြောင်း ရိုသေစွာလျှောက်ထားကာ ကျောင်းသို့ပြန်လာပါတယ်။ကျောင်းရောက်သောအခါ ကိုရင်ပဏ္ဍိတ ကျောင်းထဲဝင်ပြီး တပ္ပလ္လင်ခွေထိုင်လျှင် ခန္ဓာဥာဏ်စိုက်ကာ စတင်တရား ရှုမှတ်ပါတော့တယ်။
ထိုအချိန်တွင်သိကြားမင်း သိသောကြောင့် စတုမဟာရာဇ် နတ်မင်းကြီးလေးဦးကို ခေါ်ကာ “တရားရှုမှတ်နေတဲ့ ကိုရင်ပဏ္ဍိတအား ကျေးငှက်တို့ အသံများဖြင့် အနှောက်အယှက်ဖြစ်နေလိမ့်မယ်။ ဒီအနှောက်အယှက်မှ ကင်းအောင် သင်တို့ သွားပြီး စောင့်ရှောက်ပါ၊ ပြီးလျှင် လနတ်သား၊နေနတ်သား၊ နေ၀န်းတို့ကို ရှေ့ဆက်မသွားနိုင်အောင်တားထားလော့” ဟု ပြောပြီး သိကြားမင်းကိုယ်တိုင်က ကျောင်းရှေ့တွင် စောင့်ကြပ်ပေးနေပါတယ်။ (ကိုရင်ပဏ္ဍိတတရားအားထုတ်နေတဲ့အချိန်မှာ နေမြင့်နေပီဖြစ်တဲ့အတွက် နေ၀န်းတို့ကို နတ်တို့တန်ခိုးဖြင့် နေမွန်းမတိမ်းနိင်အောင် တားမြစ်ထားပါတယ်။)
ဇာတ်ကြောင်းရှည်မှာစိုးတဲ့အတွက် လိုရင်းပဲပြောတော့မယ်။ ကိုရင်ပဏ္ဍိတ တရားထူးရမှာကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားရှင် ဟာ ကျောင်းသို့ ကြွတော်မူခဲ့ပါတယ်၊ မကြမှီ အရှင်သာရိပုတ္တရာရောက်လာသောအခါ ဘုရားရှင်သည် အရှင်သာရိပုတ္တရာနှင့်အတူ ပြဿနာ လေးချက်အမေး အဖြေပြုလုပ်ပါတယ်၊ ထိုအမေးအဖြေ အဆုံးတွင် ကိုရင်သည် အာသဝေါကင်းကွာရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ ထိုနောက် ကိုရင်ဟာ ဆွမ်းဘုဉ်းပေးပါတယ်၊ ဘုဉ်းပေးအပြီးတွင် နတ်မင်းလေးဦးတို့က ဆွဲငင်ထားသော နေ၀န်းကို လွတ်လိုက်သောအခါ နေသည် မွန်းတည့်နေရာမှ ရုတ်ရက် လျှောကျကာ နေစောင်းသွားခဲ့ပါတော့သည်။
ထိုဖြစ်ရပ်ဖြင့် ဘုရားရှင်လက်ထက်က အကာလကို ‘နေ’ ဖြင့် အဓိကထား၍ သတ်မှတ်ခဲ့ပါကြောင်းအဖြေပေးလိုက်ရပါတယ်။
အမေး။ ။နောက်မေးခွန်းကတော့ အသေးအဖွဲ ပြောလဲ ရပါတယ်။ ထိုင်းသံဃာတော်များ ပဲနို့ကို ညနေ ဘုဉ်းပေးကြပါတယ်။ ထိုင်းမှာ ရိပ်သာဝင်ခဲ့တဲ့ သူငယ်ချင်းကလဲ ထိုင်းရိပ်သာမှာ ယောဂီတွေကို ညနေ ပဲနို့တိုက်ကြောင်း ပြောပြပါတယ်။ ထိုင်းလဲ ထေရ၀ါဒချင်း အတူတူပဲဆိုတော့ နို့ကို လက်ခံတာနဲ့ မခံတာ ဘာကွာပါလဲဘုရား။ ထိုင်းမှာလို ပဲနို့ကို ရဟန်းတော်များနဲ့ ဥပုသ်ဆောက်တည်ထားသူများ မှီဝဲကောင်းပါသလား။
အဖြေ။ ။သည်မေးခွန်းဟာ အသေးအဖွဲဆိုပေမယ့် အရေးကြီးတဲ့မေးခွန်းပါတစ်ခုပါ။ ထိုင်းမှသံဃာတော်များဟာ ထေရ၀ါဒဆိုပေမယ့် သူတို့က အခါမဲ့အချိန်မှာ ပဲနို့သာမဟုတ်၊ ကောဖီ၊ လဘက်ရည်စတဲ့ အရည်မှန်သမျှ သုံးဆောင်ကောင်းတယ်လို့ ယူဆပြီး သုံးဆောင်ကြတာဟာ ယခင်ကတည်းက ကြားဖူးခဲ့ပါတယ်။
ထိုဝိကာလနဲ့ပတ်သက်၍ သုဒ္ဓပါစိတ်၌ ၀ိကာလသိက္ခာပုဒ် ဟူ၍ ပါရှိပါတယ်။ ထိုသိက္ခာပုဒ်က နေလွဲသောအခါ ခဲဘွယ် ဘောဇဉ်များကို သုံးဆောင်သော ထိုရဟန်းအား ပါစိတ်အာပတ်သင့်စေ ဟု ပညတ်ထားတော်မူသော သိက္ခာပုဒ်ဖြစ်ပါသည်။
ဤသိက္ခာပုဒ်အဖွင့်တွင် သူ့ကာလအတွင်း၌ စားထိုက်သော အစာများကို ‘ ကာလိက’ ဟုခေါ်ပါတယ်။ ကာလိကနဲ့ပတ်သက်ပြီး ယာဝကာလိက၊ ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇီဝိက ဟူ၍ (၄)မျိုး ရှိပါတယ်။
ယာဝကာလိက။ ။အာရုဏ်တက်ပြီးမှ မွန်းတည့်တိုင်အောင် စားသောက်ကောင်းသော ဘောဇဉ်နှင့်ခဲဖွယ်ဟူသမျှ(နွားနို့စသော သောက်ဖွယ်များပါ) ယာဝကာလိက မည်၏။
ယာမကာလိက။ ။မွန်းတည့်ပြီးနောက် အာရုဏ်မတက်မီ မိုးသောက်ယာမ်တိုင်အောင် သောက်ထိုက်သော ဖျော်ရည်များကို ‘ယာမကာလိ က’ ခေါ်ပါတယ်။ ဖျော်ရည်လုပ်ရန် အသီးများကို ကျမ်းဂန်တွင် (၈)မျိုးပြပါတယ်။ (၁)သပြေသီး၊ (၂)မုဒရက်သီး(သဗျက်သီး)၊(၃)ဖက်သက်သီး (အချို့အရပ် ၌ မြရာသီး)၊ (၄)သစ်မည်ဆီသီး၊၊(၅)တောငှက်ပျော်သီး (၆)အိမ်ငှက်ပျောသီး၊ (၇) သရက်သီး၊(၈)ကြာစွယ်သီး တို့ဖြစ်ပါတယ်။
ထိုအသီးများကို ဖျော်ရည်လုပ်သောက်လျှင် အပြစ်မရှိပေ။
သတ္တာဟကာလိက။ ။ တစ်ကြိမ်အကပ်ခံထားလျှင် (၇)ရက်ပတ်လုံး စားသုံးထိုက်သော ထောပတ်၊ ဆီဦး၊ဆီ၊ ပျား၊ တင်လဲ ငါးမျိုးကို သတ္တာဟကာလိက ဟုခေါ်ပါသည်။ ထိုငါးမျိုးသည် (၇)ရက်ပတ်လုံးစားသုံးထိုက်ပါတယ်။
ယာဝဇီဝက။ ။ တစ်သက်လုံးစားကောင်းသော အရာကား ဆား၊ ချင်း တို့သည် ယာဝဇီဝက မည်၏။
အထက်ပါအကြောင်းအရာများကို ထောက်ခြင်းဖြင့် နွားနို့၊ ပဲနို့၊ လဘက်ရည်၊ကော်ဖီ၊လဘက်သုတ်၊စသည်များသည် ယာဝကာလိက ထဲပါဝင်သဖြင့် မသုံးဆောင်ကောင်းပါ ဟုဖြေကြားပေးလိုက်ပါသည်။
အမေး။ ။မဟာသွံသာရ ရုပ်ရှင်တော်မြတ်၊ ကပ်ကျော်လာဘ်ခေါ် ..... ဘုရားဆိုတာတွေ ကြားနေရပါတယ်။ ရုပ်ရှင်တော် ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါဘုရား။ ဘုရားရုပ်ပွားများကို ကပ်ကျော်လာဘ်ခေါ်၊ လာဘမုနိ စတဲ့ အမည်များ မှည့်ခေါ်တာ သင့်မသင့် သိလိုပါတယ်ဘုရား။
အဖြေ။ ။ရုပ်ရှင်တော်ဆိုတာက ဘုရားဆင်းတုတော်တွေမှာ နဖူးသင်းကျစ်ရဲ့အောက်နားမှာ ဥုံနလုံမွေရှင်တော်ဆိုတာ ဖတ်ဖူးပါတယ်။ ပြီးတော့ မှဲ့ရှင်တော်ဘုရားဆိုတာရှိသေးတယ်၊ မြတ်စွာဘုရားဆင်းတုတော်ရဲ့ မျက်နှာတော်မှာ မှဲ့တစ်လုံးရှိပါတယ်၊ ဒီမှဲ့ဟာ တစ်ခါကျရင် လက်ရှိ ရှိနေတဲ့နေရာကနေ ရွေ့လျားကာ မျက်နှာတော်ရဲ့ တစ်ခြားနေရာမှာ တွေ့ရတယ်လို့ သူတစ်ပါးပြောတာ ကြားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် တစ်နေရာတည်း၌ မတည်နေပဲ ဟို သည် ရွေ့နေတဲ့ ဆင်းတုတော်များကို ရုပ်ရှင်တော် လို့ မှည့်ခေါ်ကြတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
အမှန်စင်စစ် ဘုရားဆင်းတုတော်ဟာ အသက်မရှိတဲ့ အ၀ိညာဏက သက်သက်ပါပဲ ၊ ဒါဖြင့် ဘာပြုလို့ ဆင်းတုတော်များဟာ တစ်နေရာမှာတော့ ပြုံးယောင်းသန်းနေပြီး တစ်နေရာမှာတော့ ပုံမှန်အတိုင်းရှိနေရတာလဲ၊ စဉ်းစားစရာဖြစ်နေပါတယ်၊ ဆင်းတုတော်ဟာ တစ်နေရာနှင့်တစ်နေရာမတူ အ၀ိညာဏက ဖြစ်သော်လည်း အမှန်တကယ် ပုံစံပြောင်းနေတယ်ဆိုရင်တော့ နတ်များရဲ့ ဖန်တီးမှုတစ်ခုဟု ယူဆရပါတယ်။ ဘာကြောင့်တုန်းဆိုရင် ဆင်းတုတော်ဟာ အ၀ိညာဏက အသက်မရှိတဲ့အတွက် အမူအရာမပြောင်းနိုင်ဘူးဆိုတာပါပဲ။ သည်နေရာမှာ အမြင်ရှင်းဖို့ အထူးလိုအပ်လှပါတယ်။
ပြီးလျှင် ဘုရားရုပ်ပွားတော်များကို ကပ်ကျော်ဘုရား၊ လာဘ်ကျော်ဘုရား၊ လာဘမုနိဘုရား လို့ အမည်တတ်တာဟာ ဘုရားဂုဏ်တော်ကို တကယ်ယုံကြည်တဲ့ သဒ္ဓါစစ်မှန်တဲ့ ပုဂ္ဂိုလ်အဖို့ နာမည်ဟာ အဓိကမကျပေမယ့်လို့ လောဘသားတွေအတွက်တော့ ဒီနာမည်တွေဟာ ကြောင်ကို ငါးကြော်ကျွေးသလို အကြိုက်တွေ့နေကြမှာအမှန်ပါပဲ၊ ဘာကြောင့်ဆိုရင် သူတို့မှာ စစ်မှန်တဲ့ သဒ္ဓါတရားမရှိလို့ပါပဲ။ သူတို့ကိုးကွယ်တာက ဘုရားကိုမဟုတ်ဘူး လာဘ်တွေရဖို့ ဘုရားကို ကိုးကွယ်ကြတာပါ။ သည်လိုလူမျိုးတွေအတွက် ဘုရားဘွဲ့တော်တွေ အသစ်အဆန်းတွေ ဒီယနေ့ခေတ်မှာ ပေါ်လာရတာပါ။ လာဘမုနိဆိုတိုင်း လာဘ်ရနိင်မလား၊ ကပ်ကျော်ဆိုတိုင်းကပ်က ကျော်နိုင်ပါ့မလား၊အလိုတော်ပြည့်ဆိုတိုင်း အလိုတော်ပြည့်နိုင်မလား၊ ဆုတောင်းပြည့်ဆိုတိုင်း ဆုတောင်းပြည့်နိင်မလား တွေးစရာများဖြစ်နေ ပါတယ်။ (လောဘမကြီးပဲ ယုံကြည်မှုသက်သက်ဖြင့် ကိုးကွယ်မှုစနစ်မှန်ကန်ဖို့ လိုတာပါ)။်
ဒီရုံမြင်လို့ ဒီခြုံထွင်တဲ့သူများကလည်း ဘုရားကို ထုလုပ်ပြီးတဲ့အခါ ဘုရားအစဉ်အဆက် မရှိသေးတဲ့ နာမည်ဆန်းတွေကို ပန်းချီဆရာခေါ်ပြီး တတ်ပေးလိုက်တော့တာပါပဲ။ သည်လိုနာမည်တတ်မှလည်း ကိုယ့်ဆင်းတုတော်အား လာဖူးကြမှာ ပူဇော်ကြမှာကိုး…..။ သည်လိုသာမှည့်ခေါ်ကြမယ်ဆိုရင် လူတွေရဲ့သဒ္ဓါတရားကို ဖျက်ဆီးရာရောက်နေပါတယ်။ လိုရင်းကိုဖြေရမယ်ဆိုရင် ဘုရားကို ဒီလို လာဘ်ကျော်၊ကပ်ကျော်၊ လာဘ်ခေါ် စတဲ့ လောဘလွှမ်းမိုးတဲ့နာမည်တွေကို မှည့်ခေါ်မသင့်ဘူး လို့ ဖြေလိုက်ပါတယ်။
အမေး။ ။နောက်တခုက ရုပ်ရှင်မင်းသားတယောက် ထုတဲ့ ဘုရားပါ။ အရှင်ဘုရားလဲ သိပါလိမ့်မယ်။ လက်ဝါးနှစ်ဖက် ဖြန့်ပြထားပုံနဲ့ လက်ဝါးတဖက်မှာ အသိ၊ တဖက်မှာ သတိလို့ ရေးထိုးထားတာပါ။ မုဒြတွေထဲမှာ ဒီလိုပုံ တခါမှ မရှိဖူးဘူးလို့ သိရပါတယ်။ အနေကဇာ တင်ပေးဖို့ တာဝန်ရှိတဲ့ သံဃာတော်များအမြင်နဲ့ ဒီလို ထွင်းထုတာ မှန်မမှန် ရှင်းပြပေးပါဘုရား။
အဖြေ။ ။ ဟုတ်ပါတယ်၊ ဒီလိုမုဒြာမျိုး မရှိပါဘူး၊ ဒါပေမယ့် ဒီမုဒြာမျိုးဟာ မြောက်ပိုင်းမဟာယာန ဗုဒ္ဓဘာသာမှာ တန္တရ၀ါဒဆိုတာရှိတယ်၊ အဲဒီတန္တရကနေ လာတာပါ။ သူတို့ မြောက်ပိုင်းမှာတော့ မုဒြာမျိုးစုံနေအောင် ရှိပါတယ်။ သူတို့မှာ ဒီမုဒြာကို တကယ့် အတတ်ပည်ာတစ်ခုအနေနဲ့ အသုံးချတာလို့ ကြာဖူးပါတယ်။ ပြောချင်တာက ရုပ်ရှင်မင်းသားထုထားတဲ့ မုဒြာမျိုးဟာ ထေရ၀ါဒမှာ လုံးဝမရှိပါဘူးဆိုတာပဲ ဖြေလိုက်ပါရစေ။
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၂၈.၉.၂၀၀၈၊ ည ၈း၀၀နာရီ

Wednesday, September 24, 2008

သိသမျှ တွေးဆအဖြေ(၃)

၁။ မြတ်စွာဘုရားလက်ထက်တော်က အနာထပိဏ် သူဌေးကြီးဟာ ဒါနတရားကိုသာ များများကြားချင်ပြီး၊ အနိစ္စ ဒုက္ခတရားတွေကို စိတ်မ၀င်စားလို့ အာယတန ဖဿ စတာတွေနဲ့ စပ်တဲ့ တရားကိုတောင် ကွယ်လွန်ခါနီးမှ အရှင်သာရိပုတ္တရာဟောလို့ နာရတယ်လို့ သိရပါ တယ်။ သောတာပန်အဆင့်ကို ရောက်နေတဲ့ သူဌေးကြီးဟာ အနိစ္စ ဒုက္ခစတဲ့ တရားတွေကို ဘာလို့ စိတ်မ၀င်စားတာပါလဲဘုရား၊ သဒ္ဓါ၊ သီလ နှစ်ခုနဲ့ပဲ သောတာပန် ဖြစ်ခဲ့တာပါလား ဖြေကြားပေးစေချင်ပါတယ်ဘုရား။ ။
အဖြေ။ ။မေးသင့်တဲ့မေးခွန်းတစ်ခုပါ၊ အနာထပိဏ်သူဌေးကြီးဟာ သောတာပန်ပင်ဖြစ်သော်လည်း အနိစ္စစတာတွေကို စိတ်မ၀င်စားတာ က သူဌေးကြီးဟာ ပေးကမ်းစွန့်ကြဲလှူဒါန်းတဲ့ အရာမှာသာ စိတ်ထက်သန်တယ် စိတ်ဝင်စားလွန်းလို့ပါပဲ၊ သည်လို ဒါနပြုရာမှာသာ မွေ့လျော်လွန်းတဲ့အတွက် မြတ်စွာဘုရားက (ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ဒါယကာနံ ယဒိဒံ သုဒတ္တော ဂဟပတိ အနာထ ပိဏ္ဍိကော) ဟု မိန့်တော်မူကာ လှူဒါန်းပေးကမ်းစွန့်ကြမှုတွင် မွေ့လျော်ကြတဲ့ ငါဘုရားရဲ့တပည့်သားသာဝကတို့တွင် အနာထပိဏ္ဍိက အမည်ရတဲ့ သုဒတ္တသူကြွယ်ဟာ အသာဆုံးအမြတ်ဆုံး ဖြစ်တယ်လို့ ဧတဒဂ်ဘွဲ့ထူးကြီးဖြင့် ချီးမြှင့်ခံခဲ့ရပါတယ်။

နောက်တစ်ခု သူဌေးကြီးဟာ သီလ သဒ္ဓါလောက်နဲ့ သောတာပန် ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ဒီအကြောင်းကို စုံလင်စွာသိရအောင် အနာထပိဏ္ဍိကောဝါဒသုတ္တန်လာ အကြောင်းအရာအချို့ကို ထုတ်ပြပါမည်။
သူဌေးကြီးရဲ့ ဘ၀ဇာတ်ကြောင်းမှာ မေးစရာကောင်းတာက သူဌေးကြီးသည် သေခါနီးမှာ “နက်နဲတဲ့တရားကို နာရတယ် ယခင်က မြတ်စွာဘုရားထံမှ ဒီလိုတရားမျိုးကို မနာခဲ့ရဖူးပါ” ဟု သူဌေးကြီးရဲ့ သေခါနီး ပြောစကားအရ မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးကို သိမ်မွေ့နက်နဲတဲ့ တရားစကားမျိုး မဟောကြားခဲ့ဘူးလား? ဟု မေးဖွယ်ရှိပါတယ်။ ထိုအမေးကို ဖြေမည်ဆိုရင် မြတ်စွာဘုရား မဟောတာ မဟုတ်၊ ဟောခဲ့ပါတယ်။ သို့သော်လည်း အနာထပိဏ္ဍိကောဝါဒသုတ္တန်တွင်လာသော ဒွါရ၊ အာရုံ၊ ၀ိညာဏ်၊ ဖဿ၊ ဝေဒနာ၊ ဓါတ်၊ ခန္ဓာ ငါးပါး၊ အရူပဈာန်လေးပါး၊ ပစ္စုပ္ပန်လောကနှင့်တမလွန်လောကတို့ကို သူ့ကဏ္ဍနှင့်သူအသေးစိတ်ဖေါ်ပြပြီး အရဟတ္တဖိုလ်အထိတိုင်အောင် ဟောကြားထားသော တရားစကားမျိုးကိုကား ယခင်က မကြားဖူးခဲ့ပေ၊ ဒါကြောင့် အနာထပိဏ်က အထက်ပါ ကဲ့သို့ လျှောက်ဆိုရခြင်းဖြစ်ပါ
တယ်။
နောက်တနည်း… သူဌေးကြီးဟာ ဒါနနှင့်ပတ်သက်၍ အလွန်စိတ်ဝင်စားကာ ဒါနတွင် မွေ့လျော်သူတစ်ယောက်ဖြစ်တဲ့အတွက် ဘုရားရှင် နှင့် ရဟန်းသံဃာတော်များထံ သွားရောက်တဲ့အခါ သူ၏လက်တွင် ဘာမျှမရှိဘဲ မသွားတတ်ပေ။ နံနက်အချိန် ကျောင်းသို့ သွားလျှင် ယာဂု ၊ ခဲဖွယ်စတာတွေကို ယူဆောင်စေ၍ သွားလေ့ရှိပါတယ်။ နေလွဲအချိန်တွင် ကျောင်းသို့ သွားသောအခါ ထောပတ်၊ ပျားရည်၊ တင်လဲစတာတွေကို ယူဆောင်စေ၍ ကျောင်းသို့ သွားကြပါတယ်။ နောင်မတတ်သာသည့်အဆုံးလှူစရာ မရှိသောအခါ အနီးအနားမှ သဲနုနုများကို ယူဆောင်စေပြီး ဂန္ဓကုဋီကျောင်း ပရိဝုဏ်အတွင်း ခင်းကျင်းစေပါတယ်။
သူဌေးကြီးသည် ကျောင်းကို ရောက်သောအခါ လှူဒါန်းစရာရှိတာများကို လှူဒါန်းကာ သီလယူပြီး အချိန်တန် အိမ်ပြန်လေ့ ရှိပါသည်။ သည်လို ဒါနဖြင့်မွေ့လျော်နေတာကိုပင် ဘုရားအလောင်းတို့သွားရာ လမ်းစဉ်အတိုင်း သွားနေတာ ဖြစ်ပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားဟာ် နှစ်ဆယ့်လေးနှစ်ကြာ ကာလပတ်လုံး များသောအားဖြင့် ဒါနနဲ့စပ်တဲ့ တရားစကားကိုသာ ဟောကြားတော်မူခဲ့သကဲ့သို့ အရှင်သာရိပုတ္တရာစတဲ့ မဟာသ၀ကကြီးများထံသို့ သူဌေးကြီးသွားတဲ့အခါမှာလည်း မဟာသာဝကကြီးများက ဒါနနဲ့စပ်တဲ့ တရားစကားကိုသာ ဟောပြောလေ့ရှိပါ တယ်။ ထို့ကြောင့် အရှင်အာနန္ဒာက “ သူဌေး…အ၀တ်ဝတ်သူ လူတို့အဖို့ သိမ့်မွေ့နက်နဲသော တရားစကားကို ပြောသော်လည်း လူတို့ရဲ့ စိတ်ထဲ မထင်နိုင်၊” ဟု အိပ်ရာတွင်လှဲနေသော အနာထပိဏ်သူဌေးအား မိန့်ကြားတော်မူခြင်းဖြစ်ပါတယ်။
အနာထပိဏ်ပြောသလို “ မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးအား မဂ် ဖိုလ်ရကြောင်း ၀ိပဿာနာတရားကို လုံးဝ မဟောကြားဘူး ဟု မမှတ်ယူရပါ။ အနာထပိဏ္ဍိကောဝါဒသုတ္တန်လာ (၉)၀ါရတို့ဖြင့် အကျယ်ဟောပြသည်ကိုသာ မနာဖူးတာပါ။ ဖြောင့်မှန်တဲ့ အရိယာမဂ်သို့ ရောက်ကြောင်း ၀ိပဿနာတရားကိုတော့ ကြားနာခဲ့ဖူးပါတယ်။
ဥဇုမဂ္ဂါဝဟာ ၀ိပဿနာ ဘဂ၀တော ပနဿ ကထိကပုဗ္ဗာ = အမှန်စင်စစ် မြတ်စွာဘုရားသည် ဤသူဌေးကြီးအား ဖြောင့်မှန်စွာ အရိယာမဂ်သို့ ရောက်ကြောင်း ၀ိပဿနာတရားကို ရှေးက ဟောအပ်ဖူးခဲ့လေပြီ ဟု အနာထပိဏ္ဍိကောဝါဒသုတ္တန် ဋီကာတွင် အထူးတလည် ဖွင့်ပြထားပါသည်။
ထို့ကြောင့် အနာထပိဏ်သူဌေး သောတာပန်တည်တဲ့ ကိစ္စတွင် သဒ္ဓါ သီလနဲ့သာမဟုတ် ၀ိပဿနာတရားကိုလည်း မြတ်ဘုရားထံမှ နာရ၍ ပညာလည်း ပါဝင်ပါတယ်။ ဤသို့ဖြင့် အနာထပိဏ်သူဌေးဟာ သဒ္ဓါနှင့်သီလအပြင် သမာဓိ ပညာတရားတို့ဖြင့် သောတာပတ္တမဂ်ဖိုလ်သို့ ရောက်ရကြောင်း အဖြေပေးလိုက်ရပါသည်။
(မဟာဗုဒ္ဓ၀င်၊ နှာ. ၁၆၅-၁၆၆)
(၂)အမေး။ ။ ဂိဇ္ဈဂုဋ်တောင်စောင်းကနေ ဒေ၀ဒတ် လုပ်ကြံဖို့ ကြိုးစားစဉ်က ဘုရားရှင်တို့မည်သည် မိမိတို့ ဆန္ဒအလျောက်သာ ပရိနိဗ္ဗာန်ပြုမြဲ ဖြစ်တယ်လို့ မြတ်စွာဘုရာ အမိန့်ရှိခဲ့ပါတယ်။ ပရိနိဗ္ဗာန်စံတော့ နုစဉ်ဘ၀က သမားတော်ဖြစ်စဉ် ဆေးကုခမပေးတဲ့ သူဌေးသားကို ၀မ်းလားဆေး တိုက်ခဲ့လို့ ၀ိပါက်လည်ရတာလို့ ဖန်ရပါတယ်။ ဒါဆို မိမိဆန္ဒအလျောက် ပရိနိဗ္ဗာန်ပြုတာ မဟုတ်ဘဲ ၀ဋ်လည်တာ(သက်တမ်းကြောင့်မဟုတ်၊ ကံကြောင့်ဆိုရင်) ဖြစ်နေပါသလားဘုရား။ ။
အဖြေ။ ။ မြတ်စွာဘုရားဟာ ၀မ်းတော်လားတာ ကံကြောင့်ဖြစ်ပေမယ့် ပရိနိဗ္ဗာန်ပြုတာ ၀မ်းတော်လားတဲ့အတွက်ကြောင့် မဟုတ်ပါ။ ဒီအကြောင်းကို ဗဟုသုတလည်းရစေ၊ သဘောလည်းပေါက်စေဖို့အတွက် အကျယ်ရှင်းပြပါဦးမယ်။
မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်မပြုမှီ ဆယ်လအလို၌ ဝေဠုဝရွယ်ငယ်တွင် ၀ါကပ်တော်မူပါတယ်။ ထိုသို့ဝါကပ်တော်မူပြီးတဲ့အခါ အသက်ကိုပင် ဖြတ်တောက်ခြွေယူနိုင်လောက်အောင် ပြင်းထန်တဲ့ ရောဂါဝေဒနာ စွဲကပ်လာပါတော့တယ်။ အဲဒီအခါ မြတ်စွာဘုရားဟာ မဟောဗောဓိပင်မှာတုန်းက ဘုရားဖြစ်တော်မူခါနီးကကဲ့သို့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို ၀ိဿနာတင် ပွားတော်မူပြီး အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူပါတယ်။ ဒီလိုဝင်စားတဲ့အခါမှာလည်း သည်မှ နောက် ကဆုန်လပြည့်တိုင်အောင် ဆယ်လပတ် လုံး ဒီရောဂါဝေဒနာတို့သည် မဖြစ်ပါစေကုန်သတည်း” ဟု အဓိဋ္ဌာန်တော်မူပြီးမှ အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူပါတယ်။ အရဟတ္တဖလသမာပတ်ကို အာယုသင်္ခါရဖလသမာပတ်ဟုလည်း ခေါ်ကြပါတယ်။
မြတ်စွာဘုရားဟာ ပြင်းထန်သော အသက်ကိုပင်ခြွေယူနိုင်တဲ့ ရောဂါဝေဒနာကို အာယသင်္ခါရဖလသမာပတ်ဖြင့် ပယ်ရှားတော်မူ ခဲ့ပါတယ်။ ထို့ကြောင့် ရောဂါဝေဒနာများဟာ ကဆုန်လပြည့်တိုင်အောင်(ဆယ်လကြာ) မပေါ်လာတော့ဘဲ ငြိမ်းစဲသွားပါတယ်။
ထိုဖလသမာပတ်အကြောင်းနှင့်စပ်၍ မြတ်စွာဘုရားဟာ ယခင်က ဖလသမာပတ်ဝင်စားတော်မူခဲ့ဖူးပါတယ်။ ယခင်က၀င်စားခဲ့တဲ့ ဖလသမာပတ်ဟာ ခဏိကဖလသမာပတ်လို့ ခေါ်ပါတယ်၊(၀င်စားလိုတဲ့ ခဏမှာပင် ၀ိဿနာသာမန် အခြေခံ၍ ၀င်စားတဲ့ ဖလသမာပတ်ဖြစ် ပါတယ်။ ထိုခဏိကဖလသမာပတ်ဟာ ၀င်စားတုန်းခဏမှာသာလျှင် ရောဂါဝေဒနာကို ပယ်ခွာတွန်းလှန်နိုင်ပါတယ်။ မှော်ရှိတဲ့ ရေအိုင်အတွင်းသို့ ကျောက်ခဲ အုတ်ခဲ ပစ်ချလိုက်လျှင် ပစ်ချတုန်းခဏ ကျောက်ခဲ အုတ်ခဲကျရာနေရာမှာ မှော်များဟာ ခဏသာ ရှဲသွားပြီး ကျောက်ခဲ အုတ်ခဲများ ရေထဲသို့ကျရောက်သွားတာနဲ့ မှော်များဟာလည်း ရေပေါ်မှာ ပြန်၍ ဖုံးလွှမ်းမြဲ ဖုံးလွှမ်းသကဲ့သို့ ခဏိက ဖလသမာပတ်ဟာ ၀င်စားတုန်းခဏတွင် ရောဂါများကို ပယ်ခွာနိုင်ပြီး သမာပတ်မှထတဲ့အခါ ရောဂါဝေဒနာများ ပြန်၍ လွှမ်းမိုးမြဲ လွှမ်းမိုးနေပါတော့တယ်။
ဝေဠုဝရွာတွင် ပြင်းထန်ပြီး ပရိနိဗ္ဗာန်ပြုလောက်တဲ့ ရောဂါဝေဒနာကို မြတ်စွာဘုရားဟာ ရူပသတ္တက နာမသတ္တကနည်းများဖြင့် မဟာဝိပဿနာ အခြေခံ၍ ၀င်စားတဲ့ ဖလသမာပတ်ဖြင့် ပယ်ခွတော်မူပါတယ်။ ဥပမာ.. အားကောင်းတဲ့ ယောင်္ကျားဟာ ရေကန်ထဲဆင်းတဲ့ အခါ ရေပြင်ပေါ်ရှိ မှော်များကို လက်ခြေတို့ဖြင့် အားကုန် ဖယ်ရှားလိုက်တဲ့အတွက် အချိန်အလွန်ကြာမှ မှော်များသည် တဖန်ပြန်၍ ဖုံးလွှမ်းလာသလို အရဟတ္တဖိုလ်ဖလသမာပတ်ဟာလည်း အားကြီးတဲ့အတွက် ရောဂါဝေဒနာကို အချိန်အလွန်ကြာအောင် ပယ်ရှားထားနိုင်တယ်ဟု မှတ်ရပါမယ်။ ရောဂါကို ပယ်ရှားနိုင်တဲ့ကာလဟာ ဆယ်လကြာမြင့်မှာဖြစ်တယ်၊ ဟုဆိုထားသောကြောင့် (ဆေးအာနိသင် ကုန်လျှင် ရောဂါပြန်ဖြစ်သလို)ဆယ်လကြာလျှင် အသက်ကို ခြွေစေနိုင်တဲ့ ရောဂါပြန်၍ ဖေါက်ပြန်မှာဖြစ်ပါတယ် လို့ဆိုလိုပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားဟာ ၀မ်းတော်မလားလည်း ပရိနိဗ္ဗာန်ပြုမှာဖြစ်ပါတယ်။
အချူပ်ဆိုရသော် မြတ်စွာဘုရားဟာ ဝေဠုဝရွာမှာ ပရိနိဗ္ဗာန်ပြုနိုင်လောက်တဲ့ ရောဂါဆိုးကြီး စွဲကပ်ရာကနေ ဆိုခဲ့ပြီးသည့် ဖလသမာပတ်ဖြင့် (controlled) ထိန်းချူပ်ခဲ့ပြီး၊ ဝေဠုဝရွာမှ နေ သာဝတ္ထိ၊ ဝေသာလီ၊ ဘဏ္ဍုရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့၊ ပါဝါပြည်၊(ရွှေပန်းထိမ်သည်စုန္ဒတို့နေထိုင်ရာမြို့)၊ ထိုမှတဆင့် ကုသိနာရုံပြည် သို့ အစဉ်အတိုင်းကြွတော်မူစဉ်အတွင်း ဆယ်လကြာမြင့်ခဲ့ပါ တယ်။ ပြီးမှ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တာကြောင့် ကံကြောင့်မဟုတ်ဘဲ မြတ်စွာဘုရားရဲ့ ဆန္ဒအလျောက် ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်လို့ ဖြေကြားပေးလိုက်ရပါတော့သတည်း။ ။
(၂)အမေး။ ။အရှင်ဘုရား…တပည့်တော်တို့ နိုင်ငံမှာ ရာမာဇန်ဥပုသ်လမို့ မွတ်ဆလင်တွေ ဥပုသ်စောင့်နေပါတယ်ဘုရား။ သူတို့က နေ့စာ မစားရပါ။ ခရစ်ယာန်လည်း သည်သဘောပါပဲ၊ ဥပုသ်စောင့်ရာမှာ အစားကို အချိန်နဲ့ ရှောင်တာ ဘာသာတိုင်း တူနေပါတယ်။ ဘာကြောင့် ပါလဲဘုရား။ ။
အဖြေ။ ။ အစားရှောင်တာနဲ့ပတ်သက်ပြီး ဘာသာတိုင်းတူတယ်ဆိုပေမယ့် အခြားဘာသာတွေရဲ့အယူအဆနဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အယူအဆခြင်းမတူသလို၊ အကျိုးသက်ရောက်မှုလည်း ကွာခြားပါလိမ့်မယ်။
မွတ်ဆလင်တွေမှာ ဥပုသ်လအတွင်းမှာသာ ရှောင်ပါတယ်။တစ်ခါက ကျောင်းနေဖက် ဘာသာခြားသူငယ်ချင်းတစ်ဦးဟာ သူတို့ဥပုသ်လဖြစ်တဲ့အတွက် ဥပုသ်စောင့်ရာမှာ တံတွေးတောင် မမျိုချမိအောင် နေတာကို မြင်ရပါတယ်။ အတန်းထဲမှာလဲ တံတွေးခံဖို့ ခွက်တစ်လုံး အနားချထားတာကို တွေ့ရပါတယ်၊ သူပြောတော့ အဲဒါဥပုသ်စောင့်တာတဲ့၊
ဗုဒ္ဓဘာသာမှာတော့ သတ်မှတ်ထားတဲ့ ဥပုသ်နေ့တွေမှာ ဥပုသ်(သီလ)စောင့်ကြပါတယ်၊ သည်နေရာတွင် အခြားဘာသာတွေရဲ့ ဥပုသ်အဓိပ္ပါယ်ကို မသိပါ။ ဗုဒ္ဓဘာသာရဲ့ ဥပုသ်အဓိပ္ပါယ်ကား ဥပေါသထ ဆိုတဲ့ ပါဠိကလာတာပါ။ ဥပ+ ၀သထ၊ ဥပ= ရတနာသုံးပါး၌ ချည်းကပ်၍၊ ၀သထ= နေသည်။ ဆိုလိုရင်းအပြည့်အစုံက ရှစ်ပါးသီလကို ရတနာသုံးပါးထံချည်းကပ်ကာ ဆောက်တည်၍ နေထိုင်ပါတယ် လို့ အဓိပ္ပါယ်ရပါတယ်။
သူတို့ဘာသာရဲ့အစားရှောင်တဲ့ ကျိုးသက်ရောက်မှုတော့ မသိပါ။ ဗုဒ္ဓဘာသာမှာတော့ အစားရှောင်တာနဲ့ပတ်သက်ပြီး……
ဝိကာလလို့ခေါ်တဲ့ နေ့လည်(၁၂)နာရီကျော်ကနေ အာရုံတက်သည်အထိ အစာကို ရှောင်ရပါတယ်။ ၀ိကာလဘောဇနသိက္ခာပုဒ်ကို ဆောက်တည်ထားတဲ့ပုဂ္ဂိုလ်ဟာ ညနေစာမစားတဲ့အတွက် တရားအားထုတ်တဲ့နေရာမှာ အလုပ်မရှုပ်တော့တဲ့အပြင် ဗလိဗောဓနည်းတယ်၊ ငိုက်မြည်းခြင်းကင်းပြီး ကြည်လင်လင် လန်းလန်းဆန်းဆန်း ရှိတာကိုလည်း တွေ့ရပါတယ်။ အစားရှောင်ခြင်းဖြင့် ကိလေသာကို အားပေးရာလည်း မရောက်တော့ပါ။

Saturday, September 20, 2008

သိသမျှ တွေးဆအဖြေ(၂)

(၁)အမေး။ ။ မာရ်နတ်ကြောင့် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မလျှောက်မိဘူးဆိုပါလျှင် မြတ်စွာဘုရား ရှေ့တော်တည့်တည့်မှာ မာရ်နတ်ဟာ သာဝကတစ်ပါးကို လာခြောက်လန့်ဖို့ စီးထားဖို့ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ ပုထုဇဉ်မာရ်နတ်သည် သောတာပန် အရှင်အာနန္ဒာကို ဒီလို အသံမထွက်နိုင်အောင် စီးထားလို့ရပါသလားဘုရား။
အဖြေ။ ။ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်က အရိယာသောတာပန်ဖြစ်တဲ့ အရှင်အာနန္ဒာကို အသံမထွက်အောင် စီးထားလို့ ရပါတယ် လို့ပဲ ပြောပါရစေ။ အကျယ်ကို ရှင်းပြပါဦးမယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး တိပိဋကဆရာတော်ကြီး ဦးဝိစိတ္တာသာရာဘိဝံသဆရာတော်ကြီးရေးသားတော်မူတဲ့ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲမှာ ရေးသားထားတာတွေ့ရပါတယ်။
ဝိပလ္လာသတရား(၁၂)ပါးရှိပါတယ်၊ ၀ိပလ္လာသဆိုတာ ဖေါက်ပြန်စွာဖြစ်တတ်သောတရား လို့ အဓိပ္ပါယ်ရပါတယ်။ ၀ိပလ္လာသ တရား(၁၂)ပါးဆိုတာက….
မမြဲသောတရား(အနိစ္စ)၌ မြဲ(နိစ္စ)တယ်လို့ ဖေါက်ပြန်စွာဖြစ်တတ်တဲ့ (၁)သညာဝိပလ္လာသ၊ (၂)စိတ္တ၀ိပလ္လာသ၊(၃)ဒိဋ္ဌိဝိပလ္လာသ ဆိုတဲ့တရား သုံးပါး။
ဆင်းရဲတဲ့(ဒုက္ခ)တရား၌ ချမ်းသာ(သုခ)တယ်လို့ ဖေါက်ပြန်စွာဖြစ်တတ်တဲ့ (၁)သညာဝိပလ္လာသ၊(၂)စိတ္တ၀ိပလ္လာသ၊ (၃)ဒိဋ္ဌိဝိပလ္လာသ ဆိုတဲ့ သုံးပါး။
အနတ္တတရားကို အတ္တဖြစ်တယ်လို့ ဖေါက်ပြတ်စွာ ဖြစ်တတ်တဲ့ (၁)သညာဝိပလ္လာသ၊(၂)သညာဝိပလ္လာသ၊ (၃)ဒိဋ္ဌိဝိပလ္လာသဆိုတဲ့ သုံးပါး။
အသုဘ(မတင့်တယ်)တဲ့တရား၌ တင့်တယ်(သုဘ)တယ်လို့ ဖေါက်ပြန်စွာ ယူတတ်တဲ့(၁)သညာဝိပလ္လာသ၊(၂)သညာဝိပလ္လာ သ၊ (၃)ဒိဋ္ဌိဝိပလ္လာသဆိုတဲ့ သုံးပါး။ ဆိုပြီး ၀ိပလ္လာသတရား(၁၂)ပါးရှိပါတယ်။
ထိုဝိပလ္လာသ(၁၂)ပါးလုံး ကင်းရှင်းပယ်ခွာပြီးတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ကို မာရ်နတ်သည် အနှောက်အယှက်မပေးနိုင်။ (အရှင်မဟာမောဂ္ဂလန်ဝတ္တုကို ပြန်တွေးကြည့်ပါ)။ ထိုဝိပလ္လာသ(၁၂)ပါးလုံး မကင်းရှင်း မပယ်ခွာသေးတဲ့ ပုထုဇဉ်များနှင့် ထိုဝိပလ္လာသတို့ မှ အချို့တစ်ဝက်ကိုသာ ပယ်ပြီးဖြစ်၍ အချို့တစ်ဝက်ကျန်ရှိနေသေးတဲ့ အရိယာပုဂ္ဂိုလ်များရဲ့ စိတ်ကိုကား မာရ်နတ်က အနှောက်အယှက်ပေးနိုင် ပါတယ်။
အရှင်အာနန္ဒာမထေရ်မှာ ဖေါ်ပြရာပါ ၀ိပလ္လာသ(၁၂)ပါးတို့အနက် ဒုက္ခတရား၌ သုခထင်သော သညာဝိပလ္လာသနှင့်စိတ္တ၀ိပလ္လာ သ(၂)ပါး။ အသုဘတရား၌ သုဘဟုထင်သော သညာဝိပလ္လာသ၊ စိတ္တ၀ိပလ္လာသ(၂)ပါး။ ဒီဝိပလ္လာသတရားလေးပါးကို မပယ်ရသေး(ကျန် ၀ိပလ္လာသ ရှစ်ပါးတို့ကိုသာ ပယ်ရှားပြီးဖြစ်သည်)။ ထို့ကြောင့် အရှင်အာနန္ဒာရဲ့စိတ်ကို မာရ်နတ်က အနှောက်အယှက်ပေးနိုင်ပါတယ်လို့ အဖြေပေးလိုက်ရပါတယ်။
ဆက်လက်၍….မာရ်နတ်ရဲ့အနှောက်အယှက်ပေးပုံကို ဗဟုဿုတရပါစေအကြောင်း မဟာဗုဒ္ဓ၀င်လာအတိုင်း ထပ်လောင်း၍ ဖေါ်ပြလိုက် ပါတယ်။
မာရ်နတ်ဟာ သတ္တ၀ါတို့ရဲ့ စိတ်ကို အနှောက်အယှက် ပြုလုပ်လိုသောအခါ ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင်းကိုလည်း ဖန်ဆင်းပြတယ်။ ကြောက်မက်ဖွယ် အသံကြီးကိုလည်း ဖန်ဆင်းပြီးကြားစေပါတယ်။ ထိုအခါ ၀ိပလ္လာသမကင်းသေးတဲ့ သတ္တ၀ါတို့ဟာ မာရ်နတ်ရဲ့ ကြောက်မက်ဖွယ် အဆင်း၊အသံတို့ကြောင့် သတိကင်းလွတ်ကာ ခံတွင်းဖွင့်ဟပြီးနေကြကုန်တယ်။ ထိုအခါ ထိုသူရဲခံတွင်းမှ မာရ်နတ်ဟာ သူိ့လက်ကိုသွင်းပြီး နှလုံးသားကို ကြိတ်ချေသလို ဆုတ်ကိုင်၍ ထားပါတယ်။ ထိုအခါ သတ္တ၀ါတို့ဟာ သတိကင်းလွတ်ကာ မိန်းမောတွေဝေ နစ်မြော နေကြပါတယ်။ ဤနည်းဖြင့် သတ္တ၀ါတို့ရဲ့စိတ်ကို အနှောက်အယှက် ပြုကြပါတယ်
မာရ်နတ်ဟာလည်း အရှင်အာနန္ဒာမထေရ်ရဲ့ ခံတွင်းမှ လက်ကို သွင်း၍ နှလုံးသားကို ကြိတ်ချေလိုက်သလို ညှဉ်းပန်းနှိပ် စက်ဖို့ မစွမ်းနိုင်ဘူး။ အမှန်မှာ ကြောက်စရာကောင်းတဲ့ အာရုံကို ပြပါတယ်။ မာရ်နတ်ပြတဲ့ ကြောက်မက်ဖွယ်အာရုံကို မြင်ရတဲ့အတွက် အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားမိန့်မှာတော်မူတဲ့ စကားတော်နိမိတ် အရိပ်အရောင်ကို မသိခဲ့ခြင်း ဖြစ်ပါတယ်။

(၂)အမေး။ ။မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့အခါ အရှင်အာနန္ဒာကို အချို့မထေရ်များက ကဲ့ရဲ့အပြစ်တင်ကြတာ ဖတ်ရပါတယ်။ မြတ်စွာဘုရားကို ပရိနိဗ္ဗာန် မပြုသေးဖို့ မတောင်းပန်ခဲ့လို့ဆိုတာက ရှေးဘုရားတို့ ထုံးစံအတိုင်း မိမိဆန္ဒသဘောအလျောက် ပရိနိဗ္ဗာန်စံတဲ့ မြတ်စွာဘုရားကို အရှင်အာနန္ဒာ မလွန်ဆန်နိုင်တာ အပြစ်မဟုတ်ပါဘူး လို့ ယူဆမိပါတယ်။ မလ္လာမင်းသမီးများ ထိကိုင်ငိုကြွေးလို့ အလောင်းတော် မျက်ရည်စွန်းရတယ်ဆိုတာလဲ ပြောလောက်စရာ အပြစ်မဟုတ်ဘူး ထင်ပါတယ်။ နှစ်ပေါင်းများစွာ နောက်တော်ပါးမှာ အမြဲလုပ်ကျွေးခဲ့ပြီး မြတ်စွာဘုရားနဲ့ သံဃာတော်တွေကပါ ချီးမွမ်းရသူ၊ ဧတဒဂ် ငါးခုသခင် သင်္ဂါယနာမှာလဲ သုတ္တန်နဲ့ အဘိဓမ္မာကို တာဝန်ယူ ဖြေကြားပေးခဲ့ရတဲ့ အရှင်အာနန္ဒာကို ကျေးဇူးစကားသာ ဆိုစရာရှိတယ်လို့ မြင်ပါတယ်။ အရှင်အာနန္ဒာ အပြစ်ရှိမရှိ ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။ ။
အဖြေ။ ။မေးခွန်းရှင်မေးတဲ့အထဲမှာ ကျန်ခဲ့တာတစ်ခုရှိပါတယ်၊ မြတ်စွာဘုရား ရေသောက်ချင်တာကို အရှင်အာနန္ဒာက ရေမခတ်ပေးဘူးဆိုတာကိုလည်း ရဟန်းတော်များက အပြစ်ပြောကြတယ်လို့ ဖတ်ရပါတယ်။အဲဒါကိုအရင်ပြောမယ်။
မြတ်စွာဘုရားဟာ စုန္ဒ ရွေပန်းထိမ်သည်ရဲ့သားက လှူဒါန်းတဲ့ ၀က်ပျိုသားကို ဘုဉ်းပေးပြီး နောက်ပိုင်း ကုသိန္နာရုံပြည်သို့အကြွ ပင်ပမ်းတော်မူတဲ့အတွက်လမ်း ဘေး သစ်ပင်အရိပ်တစ်ခုတွင် နားတော်မူခဲ့ပါတယ်။ အဲဒါဒီအခါမှာ မြတ်စွာဘုရားက “ အာနန္ဒာ ငါဘုရား ရေသောက်ချင်တယ်။” မိန့်တော်မူတော့ အရှင်အာနန္ဒာက “အရှင်ဘုရား.. ဒီနားကရေက မကြာသေးခင်က လှည်းများစွာတို့ ဖြတ်သွားတဲ့ အတွက် ရေနောက်ကျုနေပါတယ်ဘုရား…ဒီကနေသိပ်ဝေးတဲ့နေရာမှာ ကကုဓာမြစ်ရှိပါတယ် အဲဒီရောက်ရင် ကြည်လင်အေးမြတဲ့ ရေကို ရနိုင်ပါတယ်။” ပြန်လျှောက်ထားပါတယ်၊ နောက်မြတ်စွာဘုရားက နှစ်ကြိမ်တိုင်တိုင်လျှောက်ပါတယ်၊ နောက်ကျုနေတဲ့အတွက် အရှင်အာနန္ဒမခတ်ပေးပါဘူး၊ ဒါပေမယ့် သုံးကြိမ်မြောက် အမိန့်ရှိလာတော့မှ အနားကချောင်းရေကို သွားခတ်ပါတယ်၊ အရှင်အာနန္ဒာ သောက်ရေခတ်ဖို့ အနားရောက်တယ် ဆိုရင်ပဲ ရေဟာ အလိုလိုနေရင်းက ကြည်လင်သွားပါတယ်။ အဲဒီိရေကို မြတ်စွာဘုရား အားဆက်လိုက်ပါတယ်။
ဆိုလိုတာက အရှင်အာနန္ဒာဟာ မြတ်စွာဘုရားအား ရေမခတ်ပေးချင်လို့ မဟုတ်ပါဘူး၊ ပထမအကြိမ်နဲ့ဒုတိယအကြိမ်မှာ ရေနောက်ကျုနေတဲ့အတွက် ထိုရေကို မြတ်စွာဘုရားအား မဘုဉ်းပေးစေချင်တဲ့အတွက် မခတ်ပေးတာပါ။ ဒါကြောင့် ရေမခတ်ပေးတဲ့ကိစ္စ မှာ အရှင်အာနန္ဒာအပြစ်မဟုတ်ဘူးဆိုတာ ဖြေကြားလိုက်ပါတယ်။
မြတ်စွာဘုရားရဲ့သဘောဆန္ဒအလျောက် ပရိနိဗ္ဗာန်ပြုတာနဲ့ပတ်သက်ပြီး…
ဘုရားရှင်တိုင်းဟာ လူ့သက်တမ်း ငါးပုံပုံ လေးပုံသာ နေတော်မူမြဲဓမ္မတာဖြစ်ပါတယ်၊ ယခုအသက်တစ်ရာတန်းမှာ ရှစ်ဆယ်သာ နေခွင့်ရှိပါတယ်။ ရှစ်ဆယ်ကျော်လျှင် သွားကျိုး၊ဆံဖြူစတဲ့ ဇရာတရားတွေ နှောက်ယှက်လာကြတော့မယ်။ ဘုရားရှင်ဆိုတာ လူ၊နတ်များရဲ့ အလယ်မှာ တင့်တယ်တဲ့ ဥပဓိရုပ်သာရှိသင့်တယ်၊ အလွန်အိုမင်းခဲ့မယ်ဆိုရင် ဥပဓိရုပ်ပျက်စီးပါလိမ့်မယ်။ဒါကြောင့် ဘုရားရှင်တိုင်းရဲ့ သက်တမ်း ငါးပုံပုံ လေးပုံသာ နေမြဲဖြစ်ပါတယ်။
ဒါကြောင့် မာရ်နတ်လျှောက်/မလျှောက် အသစ်ရှစ်ဆယ်ကျရင် ပရိနိဗ္ဗာန်ဝင်စံရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မာရ်နတ်က လျှောက်ထားပြန်တယ်၊ ဒါကို မြတ်စွာဘုရားကသိတယ်၊ အရှင်အာနန္ဒာကမသိဘူး၊ တကယ်လို့သိခဲ့ရင် အလွန်စိတ်ထိခိုက်လိမ့်မယ်၊ ဒါကြောင့် တန်ခိုးဣဒ္ဓိပါဒ်လေးပါးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များ အာယုကပ်ပတ်လုံး နေနိုင်တယ်လို့ ဟောတော့ အရှင်အာနန္ဒာရဲ့စိတ်ကို မာရ်နတ်က ပိတ်ထားတယ်။ အကယ်၍ မာရ်နတ်ကမပိတ်တောင်မှ မြတ်စွာဘုရားကပိတ်မှာပဲ၊ ဘာ့ကြောင့်ဆိုရင် ဒီလိုပိတ်ထားတဲ့ အတွက် အာနန္ဒာဟာ ငါ့ရဲ့ချို့ယွင်းချက်ပါလား ဆိုပြီး စိတ်အတော်အတန်သက်သာသွားတယ်။
မာရ်နတ်ပိတ်တဲ့အကြောင်းကိုတော့ အထက်တွင်ဖေါ်ပြပြီးဖြစ်လို့ ဒီအဖြေကိုကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။

(၃)အမေး။ ။အရှင်မဟာမောဂ္ဂလန်ဟာ ခိုးသားငါးရာရိုက်လို့ ပရိနိဗ္ဗာန် စံရတယ်လို့ ဆိုပါတယ်။ ဒီစကားမှန်ရင် ဒီအပြစ်အတွက် နုစဉ်ကာလက ငရဲလဲ ကျပြီးပြီဆိုရင် အဂ္ဂသာဝက ဖြစ်အောင် ဘ၀ပေါင်းများစွာ ဖြည့်ခဲ့ရတဲ့ ဒါန၊သီလစတဲ့ ပါရမီများဟာ ကျန်တဲ့ အကုသိုလ် အကြွင်းအကျန်အငုတ်မျှကို ဘာကြောင့် မပယ်နိုင်တာပါလဲဘုရား။
ရဟန္တာကိုသတ်သူဟာ ခြွင်းချက်မရှိ ငရဲကျရမှာဆိုတော့ ဒီအန္တရာယ်ကို ဥာဏ်နဲ့ ကြိုသိပါရက်နဲ့ နောက်တစ်ကြိမ်မှာ အရှင် မဟာမောဂ္ဂလန် မရှောင်တိမ်းတော့ဘူးဆိုရင် ခိုးသားငါးရာကို ငရဲ သေချာပေါက်ကျအောင် လုပ်လိုက်သလို ဖြစ်မှာဆိုတော့ မဟာကရုဏာရှင် ရှင်မဟာမောဂ္ဂလန် ဒီလို ပြုရက်ပါ့မလား သိလိုပါတယ်ဘုရား။
အဖြေ။ ။ အရှင်မဟာမောဂ္ဂလန်ဟာ သူပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် ငရဲမှာ ခံရပြီးပြီဆိုပေမယ့် ‘၀ဋ်မှာအမြဲ ငရဲမှာအပ’ဆိုတာ ကြားဖူးမှာပေါ့။ သူ့ပြုခဲ့တဲ့အကုသိုလ်ကံဟာ အကြွင်းအကျန်ရှိသေးလို့ဆိုရမှာပါ။ အရှင်မဟာမောဂ္ဂလန်သာမဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင်တောင်မှ (၀ိပါက်တော်ဆယ့်နှစ်ပါး)ရှိသေးတာပဲ။ အရှင်မဟာမောဂ္ဂလန်တော့ ဘယ်ဆိုဖွယ်ရာရှိ တော့မှာလဲ။
ခိုးသားတွေရဲ့စက်ကွင်းက ပထမတော့ လွတ်အောင် သူ့အဘိဥာဉ်နဲ့ရှောင်နိုင်ပေမယ့် ဒီနောက်ဆုံးအချိန်မှာ အတိတ်က ပြုခဲ့တဲ့ဝဋ်ကြွေးက နောက်ဆုံးခံရဖို့အချိန်ရောက်လာပြီဆိုတာကို အရှင်မဟာမောဂ္ဂလန်က ဥာဏ်နဲ့ ဆင်ခြင်မိတာပါ။
ပို၍သေခြာအောင် တိပိဋကဓရဆရာတော်ဘုရားကြီးရေးသားတဲ့ မဟာဗုဒ္ဓ၀င်မှာ လာရှိတဲ့အတိုင်းဖေါ်ပြပေးလိုက်ပါတယ်။
[ထိုမကောင်းမှု=အကုသိုလ်ကံသည် ဤမျှကာလကြာအောင် အကျိုးပေးခွင့်မရသေးဖြင့် ပြာဖုန်းသော မီးကျီးစုကဲ့သို့ တည်နေ၍ ဤယခုနောက်ဆုံး= ပစ္တိဘ၀ခန္ဓကိုယ်ကို အပြေးအမှီလိုက်၍ ဖမ်းကိုက်လေတော့၏။ လောကဥပမာအားဖြင့် မုဆိုးသည် သားသမင်ကို မြင်၍ ခွေးကိုလွတ်လိုက်လေရာ ထိုခွေးသည် သားကောင်ကို အစဉ်လိုက်၍ မှီရာအရပ်၌ပင်လျှင် ဖမ်းကို်က်သကဲ့သို့ ထို့အတူ ဤအရှင် မောဂ္ဂလာန်အလောင်းဖြစ်သူ ပြုလုပ်ခဲ့သော အကုသိုလ်ကံသည်လည်း အကျိုးပေခွင့်ကို ရရာဘုံဌာန၌ပင် အကျိုးပေးလေတော့၏ ။
ထိုသို့အကျိုးပေးခွင့်ရသောကံမှ လွတ်မြောက်သောသူမည်သည် မရှိချေ။ အရှင်မောဂ္ဂလာန်မထေရ်မြတ်သည် မိမိပြုခဲ့သော အကုသိုလ်ကံက ဆွဲငင်ဖမ်းကိုက်မိကြောင်းကို ကောင်းစွာသိတော်မူ၍ ထိုခုနှစ်ကြိမ်မြောက်၌ကား အရပ်တစ်ပါးသို့ တန်ခိုးဖြင့် ဖဲသွားမှုကို မပြုနိုင်တော့ချေ၊ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကောင်းကင်ပျံတက်ခြင်းငှာ မစွမ်းနိုင်တော့ချေ၊ နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမခြင်းငှာ စွမ်းနိုင် “ ဝေဇယန္တာပြာသာဒ်ကို ဆတ်ဆတ်ခါအောင်တုန်လှုပ်စေခြင်းငှာ စွမ်းနိင်သော မထေရ်မြတ်၏ တန်ခိုး= ဣဒ္ဓိသည် လည်း အကုသိုလ်ကံစွမ်းကြောင့် အားနွဲ့ခြင်းသို့ ရောက်ခဲ့လေသည်။]
(မဟာဗုဒ္ဓ၀င် ဆဋ္ဌမတွဲ- ပပိုင်း)
ဤမဟာဗုဒ္ဓ၀င်လာအရ ရရှိထားတဲ့ တန်ခိုးများသည် နောက်ဆုံးအကုသိုလ်ကံ အကျိုးပေးခွင့်ရသည့်အစွမ်းဖြင့် တန်ခိုးများပျောက်ကာ သူခိုးတွေရဲ့ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။
(၃)။ ။ သမထကမ္မဋ္ဌာန်းလေးဆယ်မှာ အနီ၊အပြာစတဲ့ အရောင်များကို ကသိုဏ်းဝန်းပြု၍ ရှုခြင်းသည် မြတ်စွာဘုရား ညွန်ကြားသော ကမ္မဋ္ဌာန်းဟုတ်၊မဟုတ် သိလိုပါတယ်ဘုရား။ ။
အနီရောင်ကို ကသိုဏ်းဝန်းလုပ်တယ်ဆိုတာ ကသိုဏ်း(၁၀)ပါးထဲမှ လောဟိတကသိုဏ်းဖြစ်ပါတယ်၊ အပြာရောင်ကသိုဏ်ဝန်း ပြုတယ်ဆိုတာက နီလကသိုဏ်းဖြစ်ပါတယ်။ ကသိုဏ်း(၁၀)ပါးအပါအ၀င် ကမ္မဋ္ဌာန်း(၄၀)ကို အဘိဓမ္မတ္ထသင်္ဂဟ လက်သန်းအဋ္ဌကထာတွင်လာရှိတဲ့အတွက် မြတ်စွာဘုရား ညွန်ကြားတဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်လို့ ဖြေကြားပေးလိုက်ရပါတယ်။ ။
(၄)အမေး။ ။လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတွင် ယခင်ပွင့်တော်မူပြီး ဘုရားရှင် သုံးဆူတို့၏ ရေစစ်၊ တောင်ဝှေး၊ စသည်ပါ ဌာပနာထားသည် ဟု ဖတ်ရပါသည်။ အားတော် ၁၀ တန်ရှိသော (ကာယခွန်အားပါ ကြီးသော) မြတ်စွာဘုရားတို့သည် တပည့်တော်တို့ လူသာမာန်များကဲ့သို့ တောင်ဝှေးထောက်၍ ချိနဲ့စွာ သွားလာခြင်း ရှိ/မရှိ ရှင်းပြပေးတော်မူပါဘုရား။
အဖြေ။ ။ ရွှေတိဂုံဘုရားတွင် လေးဆူဓါတ်ပုံရွှေတိဂုံဆိုသည့်အတိုင်း ဘုရားလေးဆူတို့ရဲ့ ဓါတ်တော်၊အသုံးအဆောင်များ လေးမျိုးရှိပါတယ်။ ဒီလေးမျိုးမှာ
ကကုသာန်ဘုရား = တောင်ဝှေး၊
ကောဏဂုဏ်ဘုရား = ရေစစ်တော်၊
ကဿပဘုရား = ရေသနုပ်တော်၊
ဂေါတမဘုရား = ဆံတော် တို့ဖြစ်ကြပါတယ်။ တောင်ဝှေးတော်ကား ကကုသာန် မြတ်စွာဘုရားရဲ့အသုံးအဆာင် ပရိဘောဂ စေတီတော်ဖြစ်ပါတယ်။ တောင်ဝှေးတော် အသုံးပြုကြောင်းကို ကကုသာန် မြတ်စွာဘုရားရဲ့ ဗုဒ္ဓ၀င်မှာ ရှာဖွေသော်လည်း မတွေ့ပါ။ နောက်ဆုံး ဂေါတမမြတ်စွာဘုရားရဲ့ မဟာဗုဒ္ဓ၀င်မှာလည်းမတွေ့ခဲ့ပါ။ မြတ်စွာဘုရားဟာ တောင်ဝှေးတော်ကို အသုံးပြုတယ်ဆိုတာ အဘယ်နေရာမှာမှ မတွေ့ရသည့်အတွက် တောင်ဝှေးတော် ကို အသုံးပြုလေ့မရှိဘူးဟုပဲ ပြောရမည်ဖြစ်သည်။ သို့မဟုတ် အရေးကြီးသည့်အရာတစ်ခု မဟုတ်သည့်အတွက်မဖေါ်ပြသည်ပဲလား မပြောတတ်။ ဒီအကြောင်းကို ကျေနပ်မှုမရှိတဲ့အတွက် နောင် အလျဉ်းသင့်လျှင် ရှာဖွေတွေ့ရှိပါက ပြန်လည် ဖေါ်ပြပေးပါမည်။ ။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပေါစေ
ဦးကောဝိဒ(မြိတ်)
၂၀.၉.၂၀၀၈ ၊ 11း19 AM

Wednesday, September 17, 2008

သိသမျှ တွေးဆဖြေမည်(၁)

သည်နေ့ အွန်လိုင်းပေါ်မှာ G-talk ဖြင့် နော်ဝေနိုင်ငံမှ အမျိုးသမီးတစ်ဦးက ဘာသာရေးနှင့်ပတ်သက်ပြီး မရှင်းတာလေးတွေကို မေးထားပါသည်။ မေးသင့်မေးထိုက်သော မေးခွန်းလည်းဖြစ်ပါသည်။ သည်အမေး၏အဖြေကို စာဖတ်သူများလည်း ဖတ်ရှုနိုင်အောင် တင်ပြလိုက်ရပါသည်။

(၁)။အမေး။ ။ခုဒ္ဒကနိကာယ် သုတ္တနိပါတ် မေတ္တာသုတ်မြန်မာပြန် စာမျက်နှာ (၁၁)၊ နံပါတ်(၉)ပုဒ်တွင် မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းသူသည် လောကုတ္တရာသီလရှိသည်ဖြစ်၍ သောတာပတ္တိမဂ်ဥာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ တပ်မက်တွယ်တာမှု တဏှာကို ပယ်ဖျောက်သည်ရှိသော် တဖန်ပဋိသန္ဓေနေခြင်းသို့ မရောက်တော့ပေ ဟုပါရှိရာ…

- မေတ္တာကမ္မဋ္ဌာန်းက ၀ိပဿနာနဲ့ ထပ်တူအကျိုးပေးပါသလား၊

- ၀ိပဿနာတရား အားမထုတ်ဘဲ မေတ္တာပွားသန်ရင်ရော မဂ်ဖိုလ်ရနိုင်ပါသလား၊ ဟု မေးလာပါသည်။

အဖြေ။ ။မေတ္တာကမ္မဋ္ဌာန်းက ၀ိပဿနာနဲ့ ထပ်တူ အကျိုးမပေးသလို ၀ိပဿနာတရားအားမထုတ်ဘဲ မေတ္တာပွားသန်ရင်လည်း မဂ်ဖိုလ်ကို မရနိုင်ပါ ဟုဖြေရပါမည်။ သည်လောက်ဖြင့် ထိုအဖြေကျေနပ်နိုင်မည် မထင်ပါ။ ရှင်းဦးအံ့……

မေတ္တာသုတ်ပါဠိတော်တွင်….

နောက်ဆုံး(၂)ဂါထာအနက် ပထမဂါထာ-

“တိဋ္ဌံ စရံနိသိန္နောဝ (ပေ) ဗြဟ္မမေတံ ၀ိဟာရမိဓမာဟု” သည်ဂါထာ၏ အဓိပ္ပါယ်က- သွားရပ်ထိုင်လျောင်း အိပ်မပျော်သေးသည့်ကာလအတွင်း မှာ မေတ္တာပို့လို့ ရနိုင်သည်။ ထိုကဲ့သို့ မေတ္တာနှင့်ယှဉ်တဲ့သတိကိုဖြစ်စေလျှက် မေတ္တာပွားနေမည်ဆိုလျှင် ထိုသူသည် မြတ်သောနေထိုင်ခြင်း၊ အထက်တန်းကျ သည့်နေထိုင်ခြင်း(ဗြဟ္မ၀ိဟာရီ)ဖြင့် နေထိုင်သည်ဟု ဟောထားပါသည်။ ဒါက မေတ္တာကမ္မဋ္ဌာန်းကို ညွန်ကြားလိုက်တာပါ။

နောက်ဆုံး ဒုတိယဂါထာ-

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ သီလ၀ါ ဒဿနေန သမ္ပန္နော။

ကာမေသု ၀ိနေယျ ဂေဓံ၊ နဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုနရေတိ။ ဟူသော အဆုံးဂါထာသည် မေတ္တာဈာန်နှင့်ယှဉ်သော သမာဓိကို အခြေခံကာ ၀ိပဿနာတက်ဖို့ရန်အတွက် ဟောထားသောဂါထာတော် ဖြစ်ပါသည်။

ထိုဂါထာကား မေတ္တာကမ္မဋ္ဌာန်းပေးသည်မဟုတ်၊ ၀ိပဿနာကမ္မဋ္ဌာန်းပေးသည်ဟုမှတ်ယူရမည်၊ ရှင်းဦးအံ့….

ဒိဋ္ဌိဉ္စ -ဒိဋ္ဌိတို့မှ၊ အနုပဂ္ဂမ္မ- မကပ်ရောက်မူ၍။ ဆိုရာမှာ ဒိဋ္ဌိသည် အတ္တဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊အကိရိယဒိဋ္ဌိ၊သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စသည်တို့ဖြစ်သည်။ ထိုဒိဋ္ဌိစသည် ကင်းအောင် မကပ်ရောက်အောင် နာမရူပပရိစ္ဆေဒဥာဏ်၊(နာမ်ရုပ်ကိုသိတဲ့ဥာဏ်) ပစ္စယပရိဂ္ဂဟဥာဏ်(အကြောင်းအကျိုးကို သိတဲ့ဥာဏ်) သမ္မသနဥာဏ် (အနိစ္စစသည်လက္ခဏာဖြင့်သုံးသပ်တဲ့ဥာဏ်)၊ ဥဒယ၀ယ(ရုပ်နာမ်ဖြစ်ပျက်ကိုသိတဲ့)ဥာဏ်များသို့ရောက်လျှင် ဒိဋ္ဌိတွေမကပ်ရောက်ဘူးဆိုသည်ကို သိထားရပါမည်။

ထိုကြောင့် ဒိဋ္ဌိများကို မကပ်ရောက်ပါစေနဲ့ဟူသည် ၀ိပဿနာကမ္မဋ္ဌာန်းကို ညွန်ကြားထားသည်ဟု မှတ်ယူရပါမည်။

မြတ်စွာဘုရားသည် မေတ္တာ၏ နောက်နားကနေ ၀ိပဿနာတရားကို ဒိဋ္ဌိဉ္စ စသည်ဖြင့် ညွန်ကြားတော်မူသည်ဟု မှတ်ယူရပါမည်။ မေတ္တာသုတ်တော်တွင် ရဟန်းတော်(၅၀၀)တို့သည် မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်းနှစ်မျိုးကို သင်ယူခဲ့သည်ဟု မှတ်ယူထားရပါမယ်။

(က) - မေတ္တာကမ္မဋ္ဌာန်းရယ်၊

(ခ) - ဒိဋ္ဌိပြုတ်ကြောင်း ကာမဂုဏ်တွေ ကင်းရှင်းကြောင်း ဆိုတဲ့ ၀ိပဿနာကမ္မဋ္ဌာန်းရယ် ကမ္မဋ္ဌာန်း နှစ်မျိုးပါ။

မြတ်ဘုရားက မေတ္တာသုတ်တော်မှာ ထိုကမ္မဋ္ဌာန်းနှစ်မျိုး ပေးထားသဖြင့် ရှေးဦးစွာ မေတ္တာကမ္မဋ္ဌာန်းပွားများရပါမည်၊ မေတ္တာပွားများ၍ ဈာန်များရရှိလာသောအခါ ထိုမေတ္တာဈာန်၏ သမာဓိကို အခြေခံကာ ၀ိပဿနာပွားရမည် ဟု မှတ်ယူရပါမည်။

ထို့ကြောင့် မေတ္တာအခြေခံသည့် ဈာန်တရားတို့ဖြင့် မဂ်ဖိုလ်ကို တိုက်ရိုက်မရောက်နိုင်ပေ၊ ထိုဈာန်တရား၏ သမာဓိကို အခြေခံကာ ၀ိပဿနာပွားမှ မဂ်ဖိုလ်ရောက်နိုင်သောကြောင့် မေတ္တာသည် ၀ိပဿနာနဲ့ထပ်တူအကျိုးမပေးသလို မေတ္တာပွားရုံမျှနှင့်လည်း မဂ်ဖိုလ်မရနိုင်ပါ ဟု ဖြေကြားလိုက်ရပါသည်။

(၂)အမေး။ ။ နိုင်ငံခြားသားများ ဗုဒ္ဓ၀ါဒကို လိုက်စားတဲ့အခါ မဟာယာနနဲ့ ထေရ၀ါဒကို ရောထွေးတတ်ကြပါတယ်၊ ကွဲပြားခြားနားပုံနှင့် ထေရ၀ါဒရဲ့ အနှစ်ကို ဘယ်လိုဖြေရှင်းပြရပါ့မလဲဘုရား…………

အဖြေ။ ။ ဗုဒ္ဓဘာသာလောကမှာ ထေရ၀ါဒဗုဒ္ဓဘာသာ၊ မဟာယာန ဗုဒ္ဓဘာသာ၊ ဟီနယာနဗုဒ္ဓဘာသာ ဟူ၍ ဝေါဟာရတွေ ရှိကြပါ သည်။ သည်ဘာသာတွေ၏ ကွဲပြားခြားနားမှုတွေက အလွန်ကျယ်ဝန်းသည့်အတွက် သိသာရုံအနည်းငယ်မျှ တင်ပြေပေးလိုက်ပါသည်။

(က)။ ။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတဲ့ ပိဋကတ်သုံးပုံ တရားတော်များကို တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲခြင်း၊ ပယ်နုတ်ခြင်း၊ ဖြည့်စွက်ခြင်း လုံးဝမပြုဘဲ အရှိကိုအရှိအတိုင်း လိုက်နာကျင့်သုံးနေသည့် ဗုဒ္ဓဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

ပထမသင်္ဂါယနာမှသည် ဆဋ္ဌသင်္ဂါယနာတိုင်အောင် ထေရ်အရှင်တို့ သင်္ဂါယနာတင်တော်မူခဲ့ကြသော သုတ်၊၀ိနည်း၊အဘိဓမ္မာတရား တော်များအတိုင်း လိုက်နာကျင့်သုံးနေကြနေသည့် ဗုဒ္ဓဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။ ၄င်းသည် သီရိလင်္ကာ၊မြန်မာ၊ယိုးဒယား၊ကမ္ဗောဒီးယား၊လာအိုစသည်တိုင်အောင်ပျံ့နှံ့သွားသည်၊ထို့ကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်းခေါ်ဆိုကြပါ သည်။

(ခ)။ ။ ရှင်တော်ဘုရား ဟောကြားထားသည့် တရားတော်များအား အရှိကို အရှိအတိုင်း မဟုတ်ဘဲ၊ ကာလဒေသစသည်အလိုက် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ ကျင့်သုံးပြီး၊ သာဝကအဖြစ် ပစ္စေကဗုဒ္ဓါအဖြစ်နှင့် နိဗ္ဗာန်မရနိုင်၊ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်မှ နိဗ္ဗာန်ရနိုင်သည် ဟုယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓဘာသာ ဟုခေါ်ဝေါ်ကြပါသည်။ ယခု တိဗက်၊ တရုတ်၊ ဂျပန် ၊ ကိုးရီးယားစသည့်နိုင်ငံများမှာ ကျင့်သုံးကြပါသည်။ထို့ကြောင့်မဟာယာနဗုဒ္ဓဘာသာကို မြောက်ပိုင်းဗုဒ္ဓဘာသာဟုခေါ်ဆိုကြပါသည်။

(ဂ)ဗုဒ္ဓတရားတော်များကို ထေရ၀ါဒလို အရှိကို အရှိအတိုင်း လိုက်နာကျင့်သုံးသည်လည်းမဟုတ်၊ မဟာယနတွေလောက်လည်း ဖြည့်စွက်ခြင်း၊ ပယ်နုတ်ခြင်း မပြုတဲ့ ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာလို့ ခေါ်ပါသည်။

ဟီနယာနတွေကို မဟာယာနတွေက သူတို့ကဲ့သို့ မဟာယနတစ်ခုတည်းကိုသာ လက်မခံဘဲ သာဝကဥာဏ၊ပစ္စေကဗောဓိယာန ဆိုပြီး နိပ်ကျသည့် ယာနနှစ်ခုကို လက်ခံသည့်အတွက်ကြောင့်တစ်ကြောင်း သူတို့နဲ့အယူအဆမမျှတာလည်း တစ်ကြောင်းကြောင့် အနိမ့်စားဂိုဏ်းလို့ နှိမ်ပြီးခေါ်တာဖြစ်ပါသည်။ သည်ဂိုဏ်းကို ရှေးက အိန္ဒိယပြည်၊ ဂန္ဓရတိုင်း၊ ကသ္မီရတုင်း(ယခု ကက်ရှမီးယားပြည်နယ်)တို့မှာ ကျင့်သုံးခဲ့သည်။ ယခုအခါ ဟီနယာနဂိုဏ်းဆိုတာ ဗုဒ္ဓဘာသာလောက က ကွယ်ပျောက်သွားပါပြီ။ တစ်ချို့က ထေရ၀ါဒကို ဟီနယာနဟု ထင်နေကြ ပြောဆိုနေကြပါသည်၊ ထေရ၀ါဒနှင့်မဆိုင်သည့်အပြင် တစ်ခြားစီ ဖြစ်နေပါသည်။

ထေရ၀ါဒနှင့်မဟာယာနတို့ မတူကွဲပြားခြားနားသော အဓိကအချက်များစွာ ရှိပေသည်။ အရေးကြီးဆုံး ခြားနားချက်များအနက်…..

ပထမအချက်မှာ… ထေရ၀ါဒီတို့က ဗုဒ္ဓကို လူသားဘုရားအဖြစ် ခံယူထားသော်လည်း မဟာယာန၀ါဒီက ထာဝရတည်နေသည့် ပုဂ္ဂိုလ်မြတ်၊ ထာဝရဘုရားအဖြစ် လက်ခံထားသည်။

ဒုတိယအချက်။ ။မဟာယာနတို့သည် ရဟန္တာပုဂ္ဂိုလ်ကို အလေးမထားဘဲ ဗောဓိသတ္တ ဘုရားအလောင်းကိုသာ စံပြုစရာ ပုဂ္ဂိုလ်မြတ်အဖြစ် ရှေ့တန်းတင်ကြသည်။ ဘုရားအလောင်းသည် သတ္တ၀ါတို့အား ကရုဏာထားသူ၊မေတ္တာထားသူ၊ ပရဟိတအကျိုးဆောင်ရွက်တတ်သူ၊ မြတ်သောပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုသည်။ ဘုရားအလောင်းဘ၀ဖြင့် သတ္တ၀ါတို့၏ အကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နောက်ဆုံးတွင် ဘုရားဖြစ်ကာ သတ္တ၀ါတို့အား နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်သည်ဟုဆိုသည်။

တတိယအချက်။ ။ပါရမီ(၁၀)ပါးဖြည့်ဆည်းကာ ကိုယ်တိုင်အားထုတ်ကြိုးပမ်းခြင်းဖြင့်သာ ဗောဓိဥာဏ်(ဘုရားအဖြစ်)ကို ရရှိနိုင်သည် ဟု ထေရ၀ါဒီတို့က ယုံကြည်လက်ခံထားသော်လည်း မဟာယာန၀ါဒီတို့က ဗုဒ္ဓကိုကြည်ညိုရိုကျိုးခြင်း၊ သတ္တ၀ါတို့အား မေတ္တာထား၊ ကရုဏာပွားခြင်း အားဖြင့် ဗောဓိဥာဏ်ကို ရရှိနိုင်သည်ဟု ဆိုသည်။

တနည်းဆိုရလျှင်…ထေရ၀ါဒီတို့၏ ပဓာနကျင့်စဉ်မှာ ပညာဖြစ်ပြီး၊ မဟာယာနာဝါဒီတို့၏ ပဓာနကျင့်စဉ်မှာ ကရုဏာဖြစ်သည်။

စတုတ္ထအချက်။ ။နိဗ္ဗာန်နှင့်ပတ်သက်၍ ယူဆပုံခြားနားခြင်းဖြစ်သည်။ ထေရ၀ါဒက နိဗ္ဗာန်သည် တဏှာကုန်ခမ်းခြင်း၊ ချူပ်ငြိမ်းခြင်းသာဖြစ် သည်။ သီးခြားဘုံဘ၀မရှိဟု ယူသည်။ မဟာယာန၀ါဒီတို့က နိဗ္ဗာန်သည် ထာဝရပျော်ရွှင်ချမ်းမြေ့မှုတို့ရှိနေသော ဘုံတစ်ခုဖြစ်သည်ဟု ယူဆ သည်။

နောက်ဆုံးခြားနားချက်။ ။လူတိုင်းဘုရားအဖြစ်ကို ရရှိနိင်သော အသိဥာဏ်ရှိသည်။ လူတိုင်းဘုရားဖြစ်နိုင်သည် ဟု မဟာယာန၀ါဒီတို့က လက်ခံထားသော်လည်း ထေရ၀ါဒီတို့က ပါရမီထူးသူ၊ လူနည်းစုသာ ဘုရားအဖြစ် ကြိုးပမ်းရရှိနိုင်သည် ဟု ယူဆထားခြင်းပင်ဖြစ်လေသည်။

နောက်တစ်ခု ထေရ၀ါဒ၏ အနှစ်သာရကို ပြောမည်ဆိုလျှင် သီလ သမာဓိ ပညာ ၀ိမုတ္တိရသတို့ဖြစ်သည်။ သီလ သမာဓိ ပညာ ဖြစ်သည့် မဂ္ဂင်ရှစ်ပါးအကျင့်တရား ဖြစ်သည်၊ ထိုအကျင့်တရားတို့ကို ကိုယ်တိုင်ကျင့်မှ ထိုအကျင့်၏အနှစ်သာရကို ရနိုင်သည်။

ထိုအကျင့်၏ အဆုံး၊ (အနှစ်သာရ)ပန်းတိုင်ကား ကိလေသာကင်းရာ တဏှာကုန်ရာဖြစ်သည်ဟု ဖြေကြားပေးလိုက်ရပါသည်။

(၃)အမေး။ ။သဲအင်းဂူဆရာတော်ဘုရားကြီးရဲ့တရားကို ဖတ်နာကြားရတော့ မဂ်ဖိုလ်နိဗ္ဗာန်ရပုံ ရဟန်းကိစ္စပြီးပုံကို အတိအကျ ရက်စွဲ၊ အချိန်နှင့် ဟောထားတာ ဖတ်ရပါတယ်။တကယ်ဇွဲနဲ့အားထုတ်ခဲ့တယ်ဆိုတာလဲ လက်ခံပါတယ်။ ဒါပေမယ့် ရဟန်းတော်များအား ဈာန်၊ မဂ်ဖိုလ်ရကြောင်း လူဝတ်ကြောင်တို့အား မပြောရလို့ ၀ိနည်းရှိကြောင်း ဆရာတော်တစ်ပါးရဲ့စာအုပ်မှာ ဖတ်ရပါတယ်၊ ကွဲလွဲနေတာ ရှင်းပြပေးပါဘုရား။

အဖြေ။ ။ ရဟန်းတော်များသည် ဈာန်မဂ်ဖိုလ်နဲ့ပတ်သက်ပြီး လူဝတ်ကြောင်တို့အား မပြောရ ဟုဝိနည်းမှာလာသည်ဆိုသည်မှာ မှန်ပါသည်။(စတုတ္ထပါရာဇိကသုက္ခာပုဒ်)။

ဒါပေမယ့် ဒီစတုတ္ထပါရာဇိကဖြစ်တဲ့ ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်မှာ အညတြ အဓိမာနာ ဟူသည့် ချွင်းချက် ပါဠိစကားလုံး ပါလာပါသည်။ [အဓိ(အဓိဂတ)=ရအပ်ပြီဟု+မာန=မှတ်ထင်ခြင်း] ဈန်မဂ်ဖိုလ်ရအောင် ကြိုးကြိုးစားစား အားထုတ်နေသော ယောဂီသူတော်စင် ဖြစ်၍ ကိလေသာများ အထင်အရှား မဖြစ်သည်ကို သတိပြုမိပြီး မိမိမှာ ဈာန်(သို့)မဂ်ဖိုလ်များကို မရသေးသော်လည်း “ရနေပြီ” ဟု မှတ်ထင်မှုကို အဓိမာန ဟုခေါ်သည်။

အဓိမာနပုဂ္ဂိုလ်ဟူသည် တရားကို တကယ်ကြိုးစားအားထုတ်နေသည့် ယောဂီရဟန်းကိုခေါ်ပါသည်။

တနည်း။ ။[ အဓိ(အဓိက)= လွန်ကဲသော+မာ မှတ်ထင်ခြင်း။] မိမိမှာ ရှိသော ကာမာဝစရ သီလ သမာဓိ ပညာထက် ပို၍ မဟဂ္ဂုတ် လောကုတ္တရာ သီလ သမာဓိ ပညာရှိနေပြီဟု မှတ်ထင်မှုကို “အဓိမာန” ဟုခေါ်သည်။ ထိုကဲ့သို့ ထင်မှတ်၍ စပ်မိစပ်ရာ ပြောသော ရဟန်းအား အပြစ်မရှိ အာပတ်မသင့်သည့်အပြင် ပါရာဇိကလည်းမကျပေ။ ဤနေရာ၌ မိမိမှာ မဂ်ဖိုလ်တရားများ မရှိမှန်းသိလျှက် ကြွားဝါလိုသောစိတ်ဖြင့် ပြောဆိုလျှင် စတုတ္ထပါရာဇိကသိက္ခာပုဒ်အရ အာပတ်သင့်၍ ပါရာဇိကကျသည်။

အထက်ပါကို ကြည့်ခြင်းအားဖြင့် သဲအင်းဂူဆရာတော်ကြီးသည် အမှန်တကယ် ဇွဲနှင့်အားထုတ်နေသူဖြစ်ပြီး မဂ်ဖိုလ်ရပြီဟုလွန်ကဲစွာ မှတ်ထင်သည်ဆိုလျှင် ဈာန်မဂ်ဖိုလ်ရပုံကို ပြောသော်လည်း ပါရာဇိကမကျ ဟု မှတ်ယူရပါမည်။

ထိုသိက္ခာပုဒ်၏ အင်္ဂါမျာကား ၁။ ဥတ္တရိမနုဿဓမ္မ၏ မိမိ၌ မရှိခြင်း။၂။ယုတ်မာသော(၀ါကြွားလိုသော)စိတ်ဖြင့်ပြောခြင်း။ ၃။သူတစ်ပါးကို ကဲ့သို့ ညွန်ပြသောအရာမဟုတ်ခြင်း ။ ၄ ။ နားထောင်သူက လူသားစင်စစ်ဖြစ်ခြင်း။ ၅။ ပြောပြီးသည်နက်တစ်ပြိုင်နက် ဤကိုယ်တော်သည် ဈာန်ရ (သို့)အရိယာပုဂ္ဂိုလ်ဟုသိခြင်း။ ထိုငါးပါးညီညွတ်လျှင် ပါရာဇိကကျပြီး၊ ထိုငါးပါးအနက်တစ်ပါးပါး ချွတ်ယွင်းလျှင် ပါရာဇိက မကျပေ။

(၄)အမေး။ ။ဘုရာဆုပန်သူဟာ မြင့်မြတ်တယ်၊ မာန်နတ်တောင် ရှင်ဥပဂုတ် ဆုံးမတာ ခံရအပြီးမှာ ဘုရားက သည်းခံသလောက် သာဝက က င့ါကို မညှာဘူး။ ဒါကြောင့် ငါသာဝကမဖြစ်လို၊ ဘုရားသာဖြစ်လိုတယ်ဆိုပြီး ဘုရားဆုပန်လိုက်လို့ ရှင်ဥပဂုတ်က တောင်းပန်ရတယ်လို့ ရေးထားတာ ဖတ်ရပါတယ် ရဟန္တာဟာ (ဗျာဒိတ်တောင် မခံရသေးတဲ့) သာမန်ဘုရားဆုပန်ရုံ နတ်လူကို ရိုသေဖို့ တောင်း ပန်ဖို့လိုသလား။ ။

အဖြေ။ ။ထိုမေးခွန်းတွင် ဘုရားဆုပန်က သာဝကထက်မြင့်မြတ်တယ်ဟု သဘောပါနေသည့်အတွက် မဟာယာနနှင့် နီးစပ်နေသည်ဟု မှတ်ရပေမည်။

ဥပဂုတ္တဟူသည် ရှင်လေးပါးထဲပါသည့်အတွက် ယခုထိ တောင်သမုဒ္ဒရာတွင် အသက်ထင်ရှားရှိကြောင်းဆိုသဖြင့် “ သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဟူသော မြတ်စွာဘုရားဟောသည်နှင့် (ထေရ၀ါဒနှင့်)မကိုက်ညီ၊တလွဲစီဖြစ်နေပါသည်။ မာနတ်သားကို ရှင်ဥပဂုတ္တက ဆုံးမသည့်ကိစ္စကို မှန်နန်းမဟာရာဇ၀င်ကြီးတွင် ရေးထားသည်ကို အကျဉ်းမျှ ဖေါ်ပြပေးပါမည်။

ရာဇ၀င်ကြီး(ဦးကုလားရာဇ၀င်)တွင် မာနတ်ကိုဥပဂုတ္တကဆုံးမသည့်အကြောင်း စကားရပ်များသည် ခြောက်အင်္ဂါခန့်ရှိသော လောကပညတ္တိကျမ်းတွင် လာပါသည်။ လောကပညတ္တိကျမ်းကိုလည်း သင်္ဂါယနာတင်ကျမ်း မဟုတ်ဟူ၍ ဆရာမြတ်တို့ မိန့်တော်မူ၏။ ဤစကားရပ်များသည် သင်္ဂါယနာတင် ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းကြီး ကျမ်းခိုင်များအနက် မည်သည့်ကျမ်းတွင်မှ မပါရှိပေ။

တန်ခိုးဖြင့်ဖန်ဆင်း၍ ဆုံးမရသည်ဆိုသည့် လောကပညတ္တိစကားသည် ၀ိနည်းကျမ်းဂန်တို့နှင့် မသင့်လျော် မညီမညွတ်သော စကားဖြစ်သည်။

ပါရာဇိကဏ် အဋ္ဌကထာ၌ ဓမ္မာသောကမင်း ကျောင်း (၈၄၀၀၀)နှင့် အသောကာရာမကျောင်းကြီးကို ဆောက်တော်မူသောအခါ တန်ခိုးအာနုဘော်ကြီးစွာ ဣန္ဒဂုတ္တအမည်ရှိသော ရဟန္တာကို ကျောင်းဆောက်ရာ၌ စီရင်နိုင်စေရန် ရဟန်းသံဃာတို့က ပေးကြောင်း၊ ဣန္ဒဂုတ္တမထေရ်လည်း မာနတ်သားကို တားမြစ်ရကြောင်း မပါရှိပေ။ ဣန္ဒဂုတ္တမထေရ်လည်း ရဟန္တာဖြစ်သည်မှန်လျှင် မိမိကိုယ်ကိုနဂါးရုပ်၊ဂဠုန်ရုပ် အစရှိသော အရုပ်ဖန်ဆင်းခြင်း တည်းဟူသော ၀ိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာ မပြုအပ်ဟူ၍ သဗ္ဗညုတ မြတ်စွာဘုရား ပညတ်တော်မူသည်ကို လွန်ကျူး၍ မိမိကိုယ်ကို ကျားရုပ်စသည်ဖန်ဆင်းခြင်း တန်ခိုးဗျာဋိဟာကို ပြတော်မမူရာ၊ ဤသို့ အစရှိသည်ဖြင့် ကျမ်းဂန်တို့နှင့် မလျော်မသင့် မညီမညွတ်သော စကားရပ်များ လာရှိသောကြောင့် ရာဇ၀င်ကြီး၌ ရေးထားသော စကားရပ်များသည် ပညာရှိတို့သည် အယုံအကြည် မမှတ်ယူအပ်။ သုတ်မဟာဝါ အဋ္ဌကထာ ပါရာဇိကဏ် အဋ္ဌကထာ၊ သာရတ္ထဒီပနီ ဋီကာကြီးတို့၌ လာရှိသည့်အတိုင်း ရေးထားခဲ့သည့် စကားရပ်များကိုသာ ပညာရှိတို့ မှတ်သားအပ်၏။ ။(မှန်နန်းမဟာရာဇ၀င်ကြီး)

သည်စကားရပ်တို့ဖြင့် ဤအမေးပြဿနာ၏ အဖြေကို သိသာထင်ရှားလောက်ပါပြီဟု ထင်ပါသည်။

၅။အမေး။ ။ဘုရားနှင့် ဘုရားအလောင်းများ၊ ကွမ်ရင်မယ်တော်စသည်တို့သာ မြတ်တယ်၊ သာဝကသံဃာတော်များနှင့် ဘုရားဆုမပန်သူများ ဒီလောက်မမြတ်ဘူးဆိုတဲ့အယူ ဘာလို့ထွန်းကားလာသလဲဆိုတာ အမိန့်ရှိပေးပါဘုရား။ ။

အဖြေ။ ။အထက်ပါအမေးတွင် ဘုရားနှင့်ဘုရားအလောင်း ဘုရားဆုပန်သူများသာမြတ်ပြီး သာဝကသံဃာတော်များ ဘုရားဆုမပန်သူများ မမြတ်ဘူးဆိုသည့် ထိုအယူသည် မြောက်ပိုင်းဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာ အယူဖြစ်ပါသည်။

ထိုအယူသည် ဘာလို့(ဘာ့ကြောင့်)ထွန်း ကားလာရသလဲဆိုလျှင်..

မဇ္ဈိမဒေသ၌ (အသောကမင်း၏) မောရိယအင်ပါယာပြိုကွဲပြီး ဗြဟ္မဏ၀ါဒကို ယုံကြည်လက်ခံသော သုင်္ဂမင်းဆက်၊ ကုသျှန်မင်းဆက်များ ထွန်းကားလာ သောအခါ ထိုမင်းများသည် ဗြဟ္မာဏ၀ါဒီများ ဖြစ်ကြ၍ ဗုဒ္ဓဘာသာကို အထူးပင် နှိပ်ကွပ်ခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းများ သီတင်းသုံးနေသည့် ကျောင်းများစွာတို့ကို မီးရှို့ဖျက်ဆီးပစ်ပြီး၊ ရဟန်းတော်များကို သတ်ဖြတ်ခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းတော်များသည် မဇ္ဈိမဒေသတွင် ဆက်လက် မနေထိုင်နိုင်တော့ဘဲ နယ်စွန်နယ်ဖျားသို့ တိမ်းရှောင်သွားကြရပါသည်။ သဗ္ဗတ္ထိဝါဒဂိုဏ်း မဟာသံဃိကဂိုဏ်း စသော အချို့ဗုဒ္ဓဘာသာဂိုဏ်းများသည် ဗြဟ္မဏတို့၏ အလိုကျဖြစ်စေရန် ပိဋကတ်တော်လာ အချို့အချက်အလက်များကို ပြင်ဆင်ခဲ့ကြသည်။ ထေရ၀ါဒီတို့ကဲ့သို့ ပိဋကတ်တော် ကို ပါဠိဘာသာဖြင့် ဆက်လက်မယူဆောင်နိုင်တော့ဘဲ သက္ကတဘာသာသို့ ပြန်ဆို ဆောင်ယူကြသည်။

ကနိသျှကမင်းလက်ထက် ရောက်သောအခါ မဇ္ဈိမဒေသ၌၄င်း၊ ထိုခေတ် အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသတို့၌ ၄င်း၊ ပင်မထေရ၀ါဒဂိုဏ်းသည် ရပ်တည် နေနိုင်ခြင်း မရှိတော့ချေ။ သဗ္ဗတ္ထိဝါဒဂိုဏ်း၊ မဟာသံဃိကဂိုဏ်း၊ အန္ဓကဂိုဏ်း၊ အပရသေလိယဂိုဏ်း၊ ပုဗ္ဗသေလိယဂိုဏ်း၊(စေတိယဂိုဏ်း)စသည်တို့သာ တည်ရှိခဲ့သည်။ ထို့ကြောင့် ဂိုဏ်းကွဲတို့အနက် မဟာသံဃိကဂိုဏ်း၊ အန္ဓကစသည်တို့မှ အခြေခံလျှက် မဟာယာနဂိုဏ်းဟူ၍ ထင်ရှားပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည် ဟု အဖြေပေးလိုက်ရပါတော့သတည်း။

ဦးကောဝိဒ(မြိတ်)

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ

17.9.2008, 6:30 AM

ကျမ်းကိုး..

မှန်နန်းမဟာရာဇ၀င်တော်ကြီး၊

နန္ဒသိန်းဇံ၏ ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ၊

ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ၊မေတ္တာသုတ္တံ အဋ္ဌကထာ

ပါတိမောက်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ

Tuesday, September 9, 2008

ငြိမ်းချမ်းတဲ့ဘ၀ပိုင်ရှင်ဖြစ်ပါစေ

ရန်ကုန်-မန္တလေး အစုံ-အဆန် ရထားကြီးဟာ နံနက်ပိုင်းမှ မိုးချုပ်တဲ့အထိ ခရီးသည်များ တင်ဆောင်ကာ တဂျုံးဂျုံး တဂျက်ဂျက် ဖြင့် နေ့စဉ်နေ့တိုင်း တစ်ဘူတာဝင် တစ်ဘူတာထွက် မရပ်မနား ခုတ်မောင်းလျှက်ရှိသလို စာရေးသူတို့ရဲ့ မြို့လေးမှာလည်း မော်တော်ယဉ်များဟာ နေ့စဉ်နေ့တိုင်း ကိစ္စကြီးငယ် အသွယ်သွယ်ဖြင့် ဥဒဟို သွားလာနေကြပါတယ်။ ထို့အတူ လူ၊နတ်ဗြဟ္မာသတ္တ၀ါအားလုံးဟာ ဘ၀သံသရာရပ်ဝန်းထဲတွင် မရပ်မနား သွားလာကျက်စားနေကြပါတယ်။

အစုံ-အဆန်ရထားကြီးဟာ နေ့စဉ်နေ့တိုင်း မရပ်မနား ခုတ်မောင်းနေခြင်းဟာ လောင်စာဆီများကို မပြတ်တမ်း ဖြည့်ပေးနေသော ကြောင့် ဖြစ်ပါတယ်။ လောင်စာဆီများ မရှိတော့ရင် ရပ်နားသွားနိုင်ပါတယ်။ လောကသတ္တ၀ါများဟာ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတည်းဟူသော ကံတရားများကြောင့် အထက် အောက် စုံ-ဆန်ကာ မရပ်မနားဘဲ ဘ၀ဆိုတဲ့ ရထားကြီး ခုတ်မောင်းလျှက်ရှိနေပါတယ်။ ဘ၀ဆိုတဲ့ရထားကြီးဟာ သံသရာရပ်ဝန်း၌ လူဘူတာ၊ နတ်ဘူတာ၊ ဗြဟ္မာဘူတာ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာဘူတာအသီးသီးတွင် တစ်ဘူတာဝင် တစ်ဘူတာထွက်ဖြင့် မရပ်မနား ၀င်ထွက် ခုတ်မောင်းကျင်လည်နေကြရပါတယ်။
လူ၊နတ်ဗြဟ္မာ ဘူတာအသီးသီးကို ရောက်ရှိတဲ့အခါမှာလည်း အောက်တန်းကျတဲ့ဘူတာထက် အထက်တန်းကျတဲ့ ဘူတာတွေမှာ ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိတို့ဘ၀နေ၀င်ချိန် လှပပြီးလျှင် သံသရာရပ်ဝန်းက အဆင့်အတန်းမြင့်တဲ့ ဘ၀ဘူတာအသီးသီးတို့တွင် အထက်တန်းကျကျ ၀င်ထွက်ဖို့ အထူးလိုအပ်လှပါတယ်။
တစ်နေ့ စာရေးသူ ငွေရတု စာစောင်အတွက် ရန်ကုန်မြို့ကို ခေတ္တရောက်ရှိစဉ် ထိုစာအုပ်ကိစ္စနှင့် မြို့ထဲသွားရန်ရှိသောကြောင့် Taxi စီးလာခဲ့ရပါတယ်၊ Taxi စီးနေစဉ် ကားမောင်းသောသူအား …..
" ဒကာကြီး….Taxi ဆွဲတာ အဆင်ပြေရဲ့လား ဒကာကြီး" ဟု စားရေးသူက မေးလိုက်ရာ Taxi သမားက " အဆင်ပြေတယ်ရယ်လို့တော့ မဟုတ်ပါဘူး ဒီလိုပါပဲ၊ တစ်ခြား Taxi သမား တွေ ကားမောင်းတာ တစ်နေ့ကို တစ်သောင်းကျော်လောက် ကျန်ကြတယ်လို့ ပြောပါတယ်ဘုရား၊ တပည့်တော် ကားမောင်းတာ သူတို့ လောက် မကျန်ပါဘူးဘုရား၊ တစ်ခုတော့ရှိတာပေါ့ ၊ တပည့်တော်ကားကို လာငှားတဲ့ သူက ပိုက်ဆံမတတ်နိုင်ရင် သူပေးသလောက်ကိုပဲ တပည့်တော် ယူလိုက်တာတော့ ရှိပါတယ်ဘုရား။ "
"လောကမှာ ဒီလိုTaxiသမားတွေလည်း ရှိသေးတာကိုး" ဟု တွေးမိကာ စာရေးသူက Taxi သမားအား သူလုပ်ခဲ့တဲ့အလုပ်အပေါ် ကျေနပ်အားရမှု ဖြစ်အောင် သဘာဝတရားလေးတွေကို ပြောဖြစ်ခဲ့ပါတယ်။
လောက၌ တစ်ဖက်သားအား နားလည်ပေးတတ်ကာ စိတ်ထားနူးညံ့ပြီး အတ္တမဆန်သော ပုဂ္ဂိုလ်များရှိသကဲ့သို့ အဘယ်သူတွေ ဘယ်လို ဖြစ်နေနေ ကိုယ်ရလျှင် ပြီးပြီးရော နားလည်မှုမပေးနိုင်ဘဲ အတ္တဆန်သော ပုဂ္ဂိုလ်များလည်း ရှိကြပါတယ်။ စာသံပေသံနှင့်ပြောလျှင် ထိုပုဂ္ဂိုလ်နှစ်မျိုးသည် လောဘသမားနှင့် အလောဘသမားများဟု ခေါ်ရမှာ ဖြစ်ပါတယ်။ လောက၌ စိတ်ထားဖြောင့်မတ်ပြီး ရိုးသားစွာရှာဖွေလုပ်ကိုင်နေကြသော သူများဟာ ထီပေါက်တာကလွဲ၍ ချက်ခြင်းကြီး မကြီးပွားနိုင်ကြပေ။ သို့သော်လည်း ပုံမှန်ဝင်ငွေက နေတဆင့် တဖြည်းဖြည်း တိုးတက်လာကာ နောက်ဆုံး ချမ်းသာကြွယ်ဝသောသူ ဖြစ်သွားနိုင်ပါတယ်။ သဒ္ဓါ ၊ သတိ ၊၀ီရိယ ၊ ပညာ ဟူသည့်ကြီးပွားကြောင်းတရားများဟာ ကိုယ့်သန္တာန်မှာ ရှိနေမယ်ဆိုရင် မိမိရည်ရွယ်ထားတဲ့ အခြေအနေသို့ ရောက်လာပါလိမ့်မယ်၊ ထိုအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ တချို့သောသူများဟာ ယခုရေတွင်းတူးပြီး ယခုရေကြည်သောက်လိုကြတဲ့ လောဘသားများ ဖြစ်တဲ့အတွက် အမြန်ကြီးပွားနိင်ရန် (တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ) ဖြတ်လမ်းကနေ လိုက်တတ်ကြတယ်။ ထိုဖြတ်လမ်းသမားများဟာ လောက၌ ကြီးပွားနိုင်ရန် အလွန်ခဲယဉ်းလှပေတယ်။ အဘယ့်ကြောင့် နည်းဟူမူ ရှိသင့်ရှိထိုက်သော လောဘထက်ပိုလွန်ပြီး မပြုသင့် မပြုထိုက်၊ မဆိုသင့် မဆိုထိုက်၊ မတွေးသင့် မတွေးထိုက်သော အရာများကို ပြုလုပ်၊ပြောဆို၊တွေးကြံကြတဲ့အတွက် သူရဲ့ကံဟာ မစင်ကြယ်တော့ပါ၊ မစင်ကြယ်တော့ရင် ကြီးပွားချမ်းသာမှုဆိုတာ ဖြစ်လာနိုင်စရာအကြောင်းမရှိပေ။
ဤသို့ဆိုလျှင် မကောင်းမှုအကုသိုလ်ဒုစရိုက်ဖြင့် ကြီးပွားချမ်းသာနေကြသော ၀ိသမလောဘသမားများက မည်သို့ပါနည်း ဟု စောဒကတက်စရာရှိနေပါတယ်။ အမှန်စင်စစ် ထိုသူများဟာ ပစ္စပ္ပုန်ဘ၀၌ အကုသိုလ် ဒုစရိုက်အလုပ်ဖြင့် အသက်မွေးစေကာမူ အတိတ်ကပြုလုပ်ခဲ့သည့် ဖြူစင်သောကံတရားများ၏ အထောက်အပံ့ရနေသောကြောင့်ဖြစ်ပါတယ်။ ယခုပြုလုပ်တဲ့ မစင်ကြယ်တဲ့ကံများက နောင်တစ်ချိန်မှာ အကျိုးပေးခွင့်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကံတရားဟာ (၄)မျိုးရှိပါတယ်။ ၄င်းတို့မှာ (၁) ကြီးလေးသောကံ၊ ထိုကံသည် ကုသိုလ်ဖက်ဆိုလျှင် မဂ်ဖိုလ်နိဗ္ဗာန်ဖြစ်ပြီး အကုသိုလ်ဖက်ဆိုလျှင် ပဉ္စနန္တရိယ ကံဖြစ်သည်။ (၂) သေခါနီး၌အာရုံထင်လာသော ကံ၊ ကြီးလေးသောကံမရှိဘူးဆို လျှင် သေခါနီးဖြစ်ပေါ်လာသော ကံတရားက အကျိုးပေးပါလိမ့်မယ်။ (၃)ထိုသေခါနီးကံမရှိဘူးဆိုလျှင် ဘ၀တစ်လျှောက်ပြုလုပ်ခဲ့သော အလေ့အကျင့်ကံ (အာစိဏ္ဏကံ)က အကျိုးပေးပါလိမ့်မယ်။ (၄) အထက်ပါကံသုံးမျိုးမရှိဘူးဆိုလျှင် ပြုကာမတ္တ (အမှတ်တမဲ့)ဖြစ်သော ကတ္တဋာကံ ကာအကျိုးပေးပါလိမ့်မယ်” လို့ ပြောတဲ့အခါ Taxi သမားက စာရေးသူအား “ အရှင်ဘုရား….ပြောခဲ့တဲ့ ကတ္တဋာကံ ဆိုတာ ဘယ်လိုလဲ ၊ ဒီကံရဲ့ အဓိပ္ပါယ်ကို သိချင်ပါတယ်ဘုရား” ဟုမေးလာပါတယ်။
“ဒကာကြီး….ကတ္တဋာကံဆိုတာ - ပြုကာမတ္တကံကို ခေါ်ပါတယ်။ ဘ၀တစ်လျှောက်တွင် အမှတ်မထင် ပြုလုပ်ခဲ့သော ကောင်းကံများနှင့် မကောင်းကံများကို ကတ္တဋာကံဟုခေါ်ပါတယ်။ ဥပမာ - Taxi သမားတစ်ယောက်သည် ၂၀၀၀ကျပ် တန်သောခရီးတစ်ခုကို ၁၅၀၀ ကျပ်ဖြင့် ဈေးဆစ်လာပါက မိမိအတွက် မနစ်နာပါက လျှော့ပေးရမှာ ဖြစ်ပါတယ်။ တစ်ဘက်သားအပေါ် စိတ်ကောင်းထားကာ နားလည်မှု ပေးတတ်ပြီး ဈေးလျှော့ပေးလိုက်တဲ့အတွက် မိမိ၌လည်းကုသိုလ်ရ၊ သူတစ်ပါးတွင်လည်း စိတ်ချမ်းသာစွာဖြင့် လိုရာခရီးသို့ ရောက်ကြရပါတယ်။ ဒီလို အမှတ်မထင်ပြုလိုက်သော ကံကို ကတ္တဋာကံဟုခေါ်ပါတယ်။ အထက်ပါဆိုခဲ့ပြီးသော ကံ (၃)မျိုးမရှိဘူးဆိုလျှင် ဘ၀မှာ အမှတ်မထင်ပြုလုပ်သော ကံ က အကျိုးပေးပါလိမ့်မယ်” လို့ ရှင်းပြလိုက်သောအခါ ထိုTaxi မောင်းသမားဟာ ယခင်က မသိခဲ့ဘူးသော ကံတရား အကြောင်းကို သိခွင့်ရတဲ့အတွက် လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပါတော့တယ်။

တဖန် Taxiမောင်းသမားဟာ "အရှင်ဘုရား…. အခုတလော ရပ်ကွက်အတော်များများမှာ တရားပွဲတွေ ကျင်းပလာကြပါတယ်ဘုရား၊ တရားပွဲတွေ ကျင်းပသလောက် တရားနာသူတွေလည်း အရင်ကနဲ့မတူ များသထက်များလာပါတယ်ဘုရား၊ " လို့ ပြောရာ
စာရေးသူက "ဟုတ်ပါတယ်၊ ရပ်ကွက်တိုင်းလိုလို တရားပွဲတွေ ကျင်းပနိုင်ကြတာဟာ လူအများအတွက် အလွန်ဝမ်းမြောက်စရာကောင်းလှပါတယ်။ ပြောဦးမယ်ဒကာကြီးရေ…… တရားပွဲတွေမှာ တရားနာသူ များသထက်များလာတာဟာ ၀မ်းသာစရာကောင်းပါတယ်၊ ဒါပေမယ့် နာရတဲ့တရားကို ယောနိသော မနသိကာရ သင့်လျော်မှန်ကန်စွာ နှလုံးသွင်းပြီး ၊ လက်တွေ့အသုံးချတရားတစ်ခုအနေနဲ့ အသုံးချကြမယ်ဆိုရင် တရားတော်ကို ဟောတဲ့သူက ဟောရကျိုးနပ်သလို ၊ တရားနာတဲ့သူမှာလည်း တရားနာရကျိုး နပ်တယ်လို့ဆိုရပါမယ်၊ ဒီနေရာမှာ တရားနာသူများနှင့်ပတ်သက်ပြီး အင်္ဂုတ္တရနိကာယ်၊ တိကပါဠိတော်မှာ မြတ်စွာဘုရား မိန့််တော်မူထားတာရှိပါတယ်၊ အဲဒါလေးကိုလည်း မှတ်သားထားက ပိုကောင်းလိမ့်မယ်ဒကာကြီး……
လောကမှာ တရားနာတဲ့ ပုဂ္ဂိုလ်အမျိုးအစား (၃)မျိုး ရှိပါတယ်။ ၄င်းတို့မှာ..
(၁) အ၀ကုဇ္ဇပည ပုဂ္ဂိုလ်
(၂) ဥစ္ဆင်္ဂပည ပုဂ္ဂိုလ်
(၃) ပုထုပည ပုဂ္ဂိုလ် များ ဖြစ်ကြပါတယ်။
အ၀ကုဇ္ဇပည ပုဂ္ဂိုလ် ဆိုတာက မှောက်ထားသော အိုးနှင့်တူသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မှောက်ထားသော အိုးကို ရေဘယ်လိုဖြည့်ဖြည့် မပြည့်နိုင်ပါဘူး။ ထို့အတူ တရားနာတဲ့အခါမှာ ဘယ်ကိုယ်တော်က အသံကောင်းတယ်၊ ဘယ်ကိုယ်တော်က အလွမ်းကောင်းတယ် စတဲ့ အသံကိုသာ နားထောင်ပြီး တရားပွဲသာပြီးသွားတယ်၊ သူ့စိတ်ထဲမှာ ဘာတရားမှ မကျန်ရစ်ဘဲ တရားနာတာသာ အဖတ်တင်တယ် တရားတစ်လုံးမှ မမှတ်မိတဲ့ ပုဂ္ဂိုလ်ကို အ၀ကုဇ္ဇပည ပုဂ္ဂိုလ် လို့ခေါ်ပါတယ်။
ဥစ္ဆင်္ဂပည ပုဂ္ဂိုလ်ဆိုတာက ရင်ခွင်(သို့မဟုတ်) ခါးပိုက်ဆောင်နဲ့တူတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ထိုင်နေရာမှ ခါးပိုက်ဆောင်ထဲ ပစ္စည်းများ ထည့် ထားပေမယ့်လို့ ထသွားလိုက်တဲ့အခါ မေ့လျော့ပြီး ခါးပိုက်ဆောင်ထဲမှ ပစ္စည်းများကျန်ခဲ့ပါတော့တယ်။ ထို့အတူ တရားနာတဲ့အခါမှာ အသံကို နားမထောင်ဘဲ တရားရဲ့အနက်အဓိပ္ပါယ်တွေကို သေသေချာချာ လေ့လာမှတ်သားပါတယ်။ ဒါပေမယ့် တရားပွဲဆုံးတော့ မှတ်သားထားတဲ့ တရားတွေ မေ့လျော့ကာ တရား အစရှာမရတော့၊ အိမ်ပြန်ရောက်တံအခါ နာလာတဲ့တရား ဘာတစ်ခုမှ မကျန် မှတ်မိခြင်းကင်းတဲ့ ပုဂ္ဂိုလ်ကို ဥစ္ဆင်္ဂ ပည ပုဂ္ဂိုလ် လို့ခေါ်ပါတယ်။
ပုထုပည ပုဂ္ဂိုလ် ဆိုတာက ကျယ်ပြန့်သော ပညာရှိတဲ့ ပုဂ္ဂိုလ်လို့ခေါ်ပါတယ်။ သူက တရားနာနေစဉ်မှာလည်း မှတ်မိအောင် စူးစူးစိုက်စိုက် နာယူ တယ်။ နာယူထားတဲ့တရားကိုလည်း မှတ်မိလွယ်အောင် စာရွက် ဘောပင်လေးတွေနဲ့ မှီသလောက် လိုက်ပြီး ရေးမှတ်ထားလိုက်တယ်။ ရေးမှတ်ထားတဲ့ တရားအကြောင်းတွေကို အိမ်ပြန်ရောက်လို့ အားတဲ့အခါ ပြန်ကြည့်ပြီး မှန်ကန်တဲ့နှလုံးသွင်းမှုလည်းရှိတယ်။ဒါ့အပြင် သိထားတဲ့ တရားအပေါ်မှာလည်း အဖန်ဖန်အထပ်ထပ် တွေးတောတယ်၊ ပြီးရင် လက်တွေ့ကျင့်သုံးပါတယ်။ တရားနာကြားတဲ့အတိုင်း လက်တွေ့ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကို ပုထုပည ပုဂ္ဂိုလ် လို့ခေါ်ပါတယ်” ဟု စာရေးသူက ပြောပြလိုက်ရာ Taxi မောင်းသမားက " ဟုတ်တယ်နော်ဘုရား…ဒီတရားက လက်တွေ့အသုံးချတရားဆိုတာ မှန်လိုက်တာ ၊ ဆက်ပြီး မိန့်တော်မူပါဦးဘုရား…၊"ဟု ပြောလာရာ စာရေးသူက ဆက်လက်ရှင်းပြခဲ့ပါတယ်။
“တရားနာရုံတင် မဟုတ်ပါဘူး ဒကာကြီး…..၊ နာထားတဲ့တရားများကို ယောနိသောမနိကာမရ သင့်တင့်စွာနှလုံးသွင်းရပါမယ် အချို့လူများဟာ တရားရိပ်သာကို သွားကာ တရားစခန်းဝင်ကြပါတယ်။ တရားစခန်းဝင်တယ်ဆိုတာ အသက်ရှင်စဉ် နေတတ်ထိုင်တတ်ရုံမျှမက မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ သင်တန်းတက်ရခြင်းပင် ဖြစ်ပါတယ်။ လောကမှာ စားဝတ်နေရေးစတဲ့ လူနေမှုရပ်ဝန်း၌ လောဘ ၊ ဒေါသ၊မောဟတွေ အားကြီးလာတဲ့အခါ ဒီမတရားလောဘ၊ ဒေါသတွေကို လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဓမ္မကို အသုံးချရပါမယ်။
အများအားဖြင့် လူတွေဟာ အထက်ကဆိုခဲ့သလို တရားနာတဲ့သူက များပါတယ်၊ ကိုယ်တိုင်ကျင့်တဲ့သူလည်း ရှိတယ်ဆိုပေ မယ့် အရေအတွက်အားဖြင့် အလွန်နည်းပါးပါသေးတယ်။ ပြောချင်တာက တရားနာတာလည်းနာရမယ်၊ မှတ်ယူလာတဲ့ တရားများကို လည်း လက်တွေ့အသုံးချတရားတစ်ခုအနေနှင့် လောကကို ရင်ဆိုင်ဖြေရှင်းရပါ့မယ်။ ဒီလိုရင်ဆိုင်ဖြေရှင်းကြတယ်ဆိုတာ အကျိုးနှစ်ချက်ရရှိပါတယ်။ (၁)လောကီအကျိုးစီးပွားလည်း ပြီးစီးအောင်မြင်စေပါတယ်။(၂) ဓမ္မနှင့်မကင်းတဲ့အတွက် ကုသိုလ်ရတဲ့အပြင် နိဗ္ဗာန်အထောက်အပံ့လည်း ဖြစ်ပါတယ်။ အလုပ်လုပ်ရင်း ကုသိုလ်ယူနိုင်ရပါမယ်လို့ ဆိုလိုပါတယ်။
နောက်တစ်ခုက စားဝတ်နေရေးတို့နှင့် နဘမ်းလုံးနေရတဲ့အခါ ဓမ္မနှင့်ကင်းနေသူ(ဓမ္မကို မဆုတ်ကိုင်ထားနိုင်သူ) အတွက် ကုသိုလ်ဆိုတာ လွယ်မယ်မထင်ပါဘူး၊ အကုသိုလ်တွေနဲ့ တစ်နေသာကုန်သွားတယ်၊ ညဉ့်ကျရင်လည်း မောမောနဲ့အိပ်မှာဆိုတော့ သူ့မှာ ဘာကုသိုလ်မှ ရလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဓမ္မနှင့်မကင်းသူတွေများမှာတော့ ကုသိုလ်လည်းရ ၀မ်းလည်းဝ ဆိုသလို အလွန်ပဲ တန်ဖိုးရှိလှပါတယ်၊ လူ့ဘ၀ရတာ အရတော်လှပါတယ်။ တွက်ချေကိုက်တယ်လို့ပဲ ပြောရမည်ပေါ့။
ဥပမာ- ရောဂါဖြစ်လျှင် ထိုရောဂါပျောက်ဆေးဖြင့် ရောဂါဖြစ်ဆဲတွင် ကုသရမည်ဖြစ်သလို လောဘ ၊ ဒေါသ စသော ကိလေသာ ရောဂါများဖြစ်ခိုက်တွင် ဓမ္မ ဆေးဖြင့် လက်တွေ့ အသုံးချရင်း ကိလေသာရောဂါတွေကို ကုစားသွားရပါမယ်။ ကုစားဖန်များတဲ့သူတွေဟာ ကြာသောအခါ မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်တစ်ယောက်ဖြစ်ကာ ကိုယ့်ဘ၀အေးချမ်းပုံကို ကိုယ်တိုင်ပဲသိရှိခံစားလာရပါလိမ့်မယ်။ ဒါကြောင့်ဒကာကြီးလည်း ဘ၀အတွက်ရုန်းကန်ရတဲ့အခါမှာ ကြမ်းတမ်းခက်ထန်နေပေမယ့်လို့ ငြိမ်းချမ်းတဲ့ဘ၀ပိုင်ရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်နော်၊ ကြိုးလည်းကြိုးစားနိုင်ပါစေ ” လို့ ကားမောင်းသူအား ပြောဆိုနှုတ်ဆက်ရင်း ဆင်းရမည့်နေရာကို ရောက်သဖြင့် ဆင်းကျန်ရစ်ခဲ့ပါတော့တယ်။

စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၆.၉.၂၀၀၈ ည၊ ၁၀း၂၆

Twitter Delicious Facebook Digg Stumbleupon Favorites More