အမေး။ ။ အရှင်ဘုရား….ရဟန်းတော်များ အဂ္ဂရတ်၊ဖိုထိုးခြင်းစတာတွေ ပြုလုပ်ရင် အပြစ်ရှိ/မရှိ သိလိုပါတယ်ဘုရား။
ထက်စုနှင်းဆီ
နေရပ်မရှိ
အဖြေ။ ။ အဂ္ဂရိတ်ပညာဆိုတဲ့ ဖိုထိုးတဲ့ပညာဟာ မြန်မာနိုင်ငံကို ဘယ်အခါတုန်းက ၀င်လာတယ်ဆိုတာ မသိပါ။ သို့သော် အိန္ဒိယနိုင်ငံ သီရိဓမ္မာသောကမင်းကြီးလက်ထက်က သာသနာတော်နှစ်(၃၀၀)လောက်မှာ သာသနာတော်ကြီးအား အစွမ်းကုန်ထောက်ပံ့ခဲ့တဲ့အတွက် ရဟန်းတော်များမှာ လာဘ်လာဘ အလွန်ပေါများခဲ့ပါတယ်။ အဲဒီခေတ်မှာ တန္တရ ၊ မန္တရအတတ်ပညာ ရှင်များဖြစ်ကြတဲ့ တိတ္တိတွေဟာ လာဘ်လာဘ ရှားပါးလွန်းတဲ့အတွက် သာသနာတော်အတွင်းကို လှိမ့်ဝင်လာကြပါတယ်။ အဲဒီပုဂ္ဂိုလ်များဟာ ဖိုထိုး၊ ဆေးကု၊ဗေဒင်ဟော၊ ဓါတ်ရိုက်၊ဓါတ်ဆင်၊နတ်သွင်းစတဲ့ မဂ်ဖိုလ်မှ ဖီလာကတ်လန့်ဖြစ်တဲ့ တိရစ္ဆာနအတတ်တွေနှင့်အတူ သာသနာအတွင်း ရောက်လာကြပါတယ်။
ဒီအချိန်မှာ သီရိဓမ္မာသောကမင်း ကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿရဟန္တာအရှင်မြတ်တို့ ပူးပေါင်းကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ပြုလုပ်ခဲ့ကြတယ်။ သီရိဓမ္မာသောကမင်းကြီးဟာ သာသနာအတွင်း တိရစ္တာနအတတ်တို့ဖြင့် ၀င်ရောက်ရောမွှေနေကြတဲ့ ရဟန်းတု ရဟန်းယောင်များကို လူဝတ်လဲစေကာ သာသနာတော်ကို သန့်ရှင်းအောင် ဆောင်ရွက်တော်မူခဲ့ကြတယ်။
ဒါပေမယ့် ရဟန်းတုယောင်များ ထွက်သွားပေမဲ့လို့ သူတို့ရဲ့ဖိုထိုး၊ဆေးကု၊ဗေဒင်ဟော၊ ဓါတ်ရိုက်ဓါတ်ဆင်၊ နတ်သွင်းစတဲ့ ပညာများကတော့ ရဟန်းတော်များ ကြားမှာ ကျန်ရစ်ခဲ့တယ်လို့ဆိုရပါမယ်။
ရဟန်းတော်များမှာ ဖိုထိုးခြင်းဖြင့် အပြစ်ရှိ/မရှိဆိုတာထက်၊ ဒီပညာကို ရဟန်းတော်များ လိုက်စားသင့်/မသင့် ဆိုတာကို ပြောကြရအောင်ပါ။
အဂ္ဂရိတ်ထိုးတယ်ဆိုတာဟာ ရည်ရွယ်ချက်အားဖြင့် လေးမျိုးရှိတယ်လို့ တည်တောဆရာတော်ဘုရားကြီးက မိန့်တော်မူခဲ့ပါတယ်။ ပထမအဂ္ဂရိတ်ဆရာက …..
ရွေဖြစ်ငွေဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုးတာပါ။ အဂ္ဂရိတ်ပေါက်မြောက်ရင် ရွှေငွေဖြစ်ပြီး သူဌေးကြီးဖြစ်အောင်လို့ပါ။
ဒုတိယအဂ္ဂရိတ်ဆရာက….
ရွှေငွေကို မရည်ရွယ်ဘဲ ဓါတ်ကြီးလေးပါးကို အောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဓါတ်သဘောနားလည်လာတဲ့အခါ လိုတိုးပိုလျှော့ ဓါတ် ကစားပြီး ကျွမ်းကျင်စွာ ဆေးကုနိုင်အောင်လို့ ဖိုထိုးတာပါ။
တတိယအဂ္ဂရိတ်ဆရာက…
ရွှေငွေလည်းမလိုဘူး၊ဓါတ်ကို နားလည်တဲ့ ဆေးဆရာလည်း မလုပ်လိုဘူး။ မြေလျှိုးမိုးပျံချင်တဲ့ ၀ိဇ္ဇာဓိုရ်ကြီးသာ ဖြစ်ချင်တယ်။
စတုတ္တက
အထက်က ရည်ရွယ်ချက်သုံးခုစလုံးမပါ။ ဘာရယ်လို့မဟုတ်ဘဲ၊ အပျင်းပြေရုံသက်သက်ဖိုထိုးတာပါ။
အဂ္ဂရိတ်ဆရာလေးမျိုးအနက် ပထမ ရွှေငွေလိုချင်လို့ ထိုးတာက အဆိုးဆုံးပါ၊ မတော်လို့ စပ်ရွှေကို ရွှေအစစ်လို့ သုံးမိရင် ပါရာဇိက အထိ အပြစ်ကြီးလွန်းလို့ပါ။ ဒီလိုဆိုရင် ကျန်တဲ့ အဂ္ဂရိတ်တွေကိုရော လိုက်စားသင့်သလားဆိုတော့ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်လို့ တိရစ္ဆာနအတတ်ဖြစ်တဲ့အတွက် မလိုက်စားသင့်ပါဘူး။
ရဟန်းမှန်ရင် တကယ်လိုက်စားရမှာက ပရိယတ္တိအတတ်၊ ပဋိပတ္တိအတတ်၊ အဓိဂမအတတ်တွေပဲဖြစ်တယ်ဆိုတာ ပြောရင်း အဖြေကို ကျေနပ်လောက်မယ်ထင်ပါရဲ့။

0 comments:
Post a Comment