Monday, August 3, 2009

အောင်ခြင်း(၈)ပါးအကြောင်း (၅)

(၅) စိဉ္စမာဏ၀ိကာရဲ့ စွတ်စွဲတဲ့စကားကို အောင်တော်မူခြင်း။
ဝေနေယျသတ္တာဝါများ သာဝကများဟာ အရိယာများအဖြစ်သို့ ရောက်ကုန်သောကြောင့် ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်များ တဖြေးဖြေး ပျံ့နှံ့တော်မူလာတဲ့အပြင် လူနတ်အများရဲ့ ပူဇော်မှုဟာလည်း အလွန်ထင်ရှားလာပါတယ်။ ဘုရားရှင်အား ပူဇော်မှုများ ထင်ရှား လာပေမဲ့ သာသနာပြင်ပက ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ တိတ္ထိတို့မှာတော့ လာဘ်လာဘများ တဖြေးဖြေး ဆုတ်ယုတ်လာပါတော့တယ်။
အဲဒီအခါမှာ တိတ္ထိတို့က “လူအပေါင်းတို့ ရဟန်းကြီးအားသာ လှူဒါန်းလို့ အကျိုးရတာမဟုတ်၊ ငါတို့ကို လှူဒါန်းရင်လည်း အကျိုးရနိုင်ပါတယ်” လို့ ပြောဟောပါတော့တယ်။ ဘယ်လောက်ပဲ ပြောဟော စည်းရုံးပါသော်လည်း လူအများက တိတ္ထိတို့အား စိတ်မ၀င်စားတဲ့အပြင် လာဘ်လာဘများ ပိုပြီးတောင် နည်းပါးသွားပါသေးတယ်။
တိတ္ထိများက “ငါတို့ လာဘ်လာဘပေါများအောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ရဟန်းဂေါတမကို လူအများက အထင်လွဲပြီး ဂုဏ်ကျေးဇူးမဲ့အောင် ဘယ်လို ကြံရပါ့မလဲ” လို့ မကောင်းတဲ့အကြံ ထုတ်နေကြတယ်။

ထိုအခါ သာဝတ္ထိပြည်မှာ အလွန်လှပချောမောတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်၊ သူ့နာမည်က ‘ စိဉ္စမာဏ၀ိကာ’ လို့ခေါ်တယ် မန်ကျည်းပင်မှာ သံသေဒဇ ပဋိသန္ဓေတည်ကာ လူ့ဘ၀ထဲ ရောက်လာသူလေး ဖြစ်တယ်။ တစ်နေ့မှာ သူမဟာ တိတ္ထိတို့ကျောင်းကို ရောက်တယ်၊ အဲဒီအခါ တိတ္ထိများက သူမအား စကားမပြောဘဲ ဒီအတိုင်း ဆိတ်ဆိတ် နေလိုက်ကြတယ်၊ သူမက “ဆရာတို့..ကျွန်မကို ဘာ့ကြောင့် စကားမပြောကြတာလဲ၊ ကျွန်မမှ အပြစ်တစုံတရာရှိလို့လား” လို့ မေးတဲ့အခါ တိတ္ထများက “ စိဉ္စမာဏ်….ငါတို့မှာ ခါတိုင်းနဲ့ မတူတော့ဘူး၊ လာဘ်လာဘတွေ အလွန်နည်းလာတယ်။ ဒီလိုဖြစ်တာဟာ ရဟန်ကြီးဂေါတမကြောင့်လေ ” လို့ သူမအား ပြောကြတယ်။
“ အရှင်တို့ အဲလိုဆိုရင် တပည့်တော်က ဘာများ လုပ်ပေးရမှာလဲ” လို့ စိဉ္စမာဏ၀ိကာ မေးတော့ တိတ္ထိများက “ ဒို့ချမ်းသာတာ ကို မြင်ချင်တယ်ဆိုရင် ရဟန်းကြီးဂေါတမကို လူအများ အထင်သေးအောင် မကြည်ညိုအောင် လုပ်ပေးရမယ်” လို့ တိတ္ထိများက ပြောသောအခါ သူမက “ ဒီကိစ္စအတွက်ဘာမှ တွေးမပူနေပါနဲ့ တပည့်တော် တာဝန်ထားလိုက်ပါ ၊ တပည့်တော် ကြံဆောင်ပါ့မယ်” ဆိုပြိး သူတို့ဆရာများကို အားပေးနှစ်သိမ့် လိုက်ပါတယ်။
စိဉ္စမာဏ၀ိကာဟာ နံနက်လင်းတယ်ဆိုရင်ပဲ ဇေတ၀န်ကျောင်းအနီး တိတ္ထိတို့ကျောင်းမှ ထွက်လာတယ်။ သာဝတ္ထိမြို့ထဲဝင်လာတဲ့အခါမှာ ဇေတ၀န်ကျောင်းမှ ထွက်လာဟန်ပြုပြီး ဇေတ၀န်ကျောင်းနားကနေ မြို့ထဲသို့ လာလေ့ရှိတယ်။ မြို့နေလူအချို့က သူမဟာ ဇေတ၀န်ကျောင်းမှာ အိပ်ပြီး နံနက်မှာ မြို့ထဲလာတယ်လို့ မှတ်ထင်နေပါတယ်။ ဒါကြောင့် “ဘယ်ကလာတာလဲ” လို့ လူအချို့က မသင်္ကာစိတ်နဲ့ မေးသောအခါ “ ကျွန်မ ဘယ်က လာတယ်ဆိုတာ ရှင်တို့သိလို့ ဘာအကျိုးရှိမှာလဲ” လို့ စိဉ္စမာဏ၀ိကာက ဝှေ့လည်ကြောင်ပတ် ပြန်ဖြေတယ်။ ဒီလိုနဲ့ တစ်လ၊ နှစ်လ၊သုံးလခန့် ကြာလာတဲ့အခါ သူမမှာ ဘုရားရှင်ကို စွဲပြီး ကိုယ်ဝန်ရလေဟန် ပြကာ သွားလာနေတော့ တယ်။
တစ်နေ့ မြတ်စွာဘုရား တရားပွဲတစ်ခုမှာ တရားဟောကြားတော်မူနေခိုက် စိဉ္စမာဏ၀ိက ရောက်လာပြီး “ အို…ရဟန်းကြီး ရှင်က လူတွေကို တရားဟောနေတယ်၊ အသံကလည်း ချိုမြိန်ပါပေ့၊ နှုတ်ခမ်းကလည်း စေ့ပါပေ့၊ ဒီမှာတော့ ရှင့်ကို စွဲပြီး ကိုယ်ဝန် ရင့်မာကြီးဖြစ်နေပြီ၊ သားးဖွားဖို့အတွက် သားဖွားတဲ့အိမ် မပြုလုပ်ပေးတော့ဘူးလား၊ ကိုယ်ဝန်အတွက် ရှင့်ကိုယ်တိုင် မပြုလုပ်ပေးနိုင်ဘူးဆိုရင်လည်း အလုပ်အကျွေးဖြစ်တဲ့ ကောသလမင်းတို့၊ အနာထပိဏ်သူဌေးတို့၊ ၀ိသာခါ အမျိုးသမီး စတဲ့ပုဂ္ဂိုလ်များကို စိဉ္စမာဏအား ပြုစုပေးပါလို့ ခိုင်းလည်း ရသားပဲ၊ ဒီလိုလည်း မပြောခဲ့ဘူး၊ သင်ဟာ ကျွန်မ နဲ့ ကိုယ်ဝန်ရတဲ့အထိ ပျော်ပါးဖို့လောက်ပဲ သိတယ်၊ ကိုယ်ဝန်ကိုကျတော့ တာဝန်ယူပေးရကောင်းမှန်းမသိဘူး” လို့ ပရသတ်အလယ်မှာ ဘုရားရှင်အား စွပ်စွဲကာ ဆဲပါလေတော့တယ်။
ထိုအခါ ဘုရားရှင်က တရားဟောနေရာမှ ခဏရပ်ကာ ရဲရင့်သော အသံတော်ဖြင့် “ ဒိကိစ္စဟာ သင်နဲ့ငါသာ သိတယ်” လို့ မိန့်တော်မူပါတယ်။ အဲဒါကိုပဲ သူမက “ ရဟန်းကြီး ကိုယ်ဝန်ရှိတဲ့ကိစ္စမှာ သင်နှင့် ငါတို့ နှစ်ယောက်သာ သိတယ်ဆိုတာ မှန်တာပေါ့” လို့ ဘုရားရှင်အား ထပ်မံပြီး စွပ်စွဲလိုက်ပြန်ပါတယ်။ ဘုရားရှင်လည်း ဘာမှ မိန့်တောမမူတော့ဘဲ ဆိတ်ဆိတ်သာ နေတော်မူလိုက်တယ်။
အဲဒီအချိန်မှာ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာကြီး ပူနွေးလာတဲ့အတွက် အကြောင်းကို ဆင်ခြင်ကြည့်ရာ စိဉ္စမာဏ၀ိကာဟာ ဘုရားရှင်အား မဟုတ်တရား စွပ်စွဲနေတာကို မြင်ပါတယ်။ သို့နှင့် ဒီကိစ္စကို ဖြေရှင်းမှ တော်မယ် ဆိုပြီး နတ်သားလေး ယောက်နဲ့အတူ ဘုရားရှင်ရှိရာသို့ ရောက်လာပါတယ်။ နတ်သားတို့လည်း ကြွက်ငယ်ယောင်ဆောင်ပြီး စိဉ္စမာဏ၀ိကာရဲ့ခန္ဓာကိုယ်မှာ ချည်ထားတဲ့ ကြိုးတွေကို ကိုက်ဖြတ်လိုက်တယ်။ ကြိုးပြတ်သွားတယ်ဆိုရင်ပဲ သစ်သားချပ် အောက်သို့ကျကာ သူမရဲ့ ခြေဖမိုးအထက်ကို ကျပြီး၊ ခြေဖျားနှစ်ဖက်စလုံး ကျိုးကုန်ပါတော့တယ်။
အဲဒီအခါကျမှ လူအများက မိန်းမယုတ် စိဉ္စမာဏ၀ိကာ ကို တံတွေးနဲ့ထွေး၊ခဲနဲ့ပေါက်၊ ရိုက်နက်ပြီး၊ ပရိသတ်အပြင်ကို ဆွဲထုတ်သွားပါတယ်၊ စိဉ္စမာဏ၀ိကာလည်း ဘုရားရှင် မမြင်လောက်တဲ့နေရာ အရောက်မှာ မြေကြီးဟက်တက်ကွဲကာ မြေမျိုခံခဲ့ရရှာပါ တော့တယ်။ ဒါကတော့ စိဉ္စမာဏ၀ိကာရဲ့ စွပ်စွဲချက်ကို အောက်တော်မူတဲ့ ပဉ္စမမြောက် အောင်ခြင်း ဖြစ်ပါတယ်။
(ဓမ္မပဒ အဋ္ဌကထာ၊ ဒုအုပ်၊ လောက၀ဂ်၊ စိဉ္စမာဏ၀ိကာဝတ္ထု)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More