ဥသြ………….ဥသြ…………..ဥသြ….. ဟိုအဝေးဆီမှ ဆွတ်ပျံ့ကြည်နူး ဖွယ်ရာ လွမ်းမောဖွယ်ရာ သနားစရာ အတိပြီးသည့် ဥသြငှက်တို့၏ အသံကြောင့် ဆောင်းအကုန် သုန်သုန်လေရူး နွေဦးရောက်လာပြန်ချေပြီ ဟု မှတ်သိလိုက်ရပါသည်။ သည်အချိန်ရောက်ပြီဆိုလျှင် လက်တွေ့အကောင် အထည်မဖေါ်နိုင်ဘဲ စိတ်ကူးနှင့်သာ ရူးနေခဲ့ရသည့် စာရေးသူ၏ မဟာအတွေးကြီးကား တစ်နှစ်ပြီး တစ်နှစ်သာ ကုန်ဆုံးလာခဲ့လေရာ ငါးနှစ်ခန့် ရှိလိမ့်မည်ထင်သည်။
သည်နှစ်တွင် စာရေးသူ၏ မဟာအတွေးကြီးကို လက်တွေ့ အကောင်အထည်ဖေါ်ဖို့ အချိန်ကျရောက်လာပြီ ဟု မှတ်ယူရမည်လော မပြောတတ်ပေ။ အကြောင်းကား တစ်နေ့ စာရေးသူနှင့် အလွန်ရင်းနှီးသည့် ရတနာ့ဂုဏ်ရည်ဆရာတော်နှင့် စကားလက်ဆုံကျစဉ်…ဆရာတော်က “ဘုန်းကြီး…..ဒီနှစ်တပည့်တော်တို့ ကျောင်းမှာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းဖွင့်ဖို့ရာ အစီအစဉ်လုပ်ထားပါတယ်ဘုရား…ကိုရင်သင်္ကန်းအတွက် တပည့်တော်က တာဝန်ယူလှူဒါန်းမှာ ဖြစ်ပြီး၊ သိက္ခာရှင်ဝတ်စုံကိုတော့ ဒကာမတစ်ဦးက တာဝန်ယူလှူဒါန်းပါ့မယ်ဘုရား..” ဟု ၀မ်းသာအားရပြောလာရာ စာရေးသူလည်း အားရ၀မ်းသာစွာဖြင့် ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသကဲ့သို့ “အရှင်ဘုရား….ကောင်းလိုက်တာဘုရား၊ လုပ်ဖြစ်တာကိုက ၀မ်းမြောက်ကြည်နူးစရာ ကောင်းလှပါတယ်ဘုရား…တပည့်တော်လည်း လုပ်ချင်နေတယ်၊ စဉ်းစားလာတာ ငါးနှစ်လောက် ရှိခဲ့ပြီဘုရား…အခုထိ မလုပ်ဖြစ်သေးဘူးဘုရား…အရှင်ဘုရားလုပ်မယ်ဆိုလို့ တပည့်တော်လည်း တကယ်ဖြစ်မြောက်အောင် လုပ်ချင်တဲ့စိတ်တွေ ပေါ်လာပါတယ်၊ ဒါကြောင့် ဒီနှစ် မဖြစ်ဖြစ်အောင် လုပ်ကြည့်မယ် ….” ဟု ၀မ်းသာစွာ ပြန်လည်ပြောဖြစ်ခဲ့ပါသည်။
ဤသို့ဖြင့် ၂၀၀၉ခုနှစ်၊ဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် သင်တန်းသား/သူများအား သာမဏ/သိက္ခာရှင်များ ပြုလုပ်ပြီး ၂၈ ရက်နေ့တွင် ပထမအကြိမ် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို အေးရိပ်ချောင် မဟာစည်သာသနာ့ရိပ်သာ၌ စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ သင်တန်းသားဦးရေမှာ တစ်ရာကျော်ခန့် ရှိပြီး၊ သင်တန်းနည်းပြ ဆရာတော် (၂)ပါးဖြစ်သည်။ နေ့လည်ဖက် ဟောပြောဆွေးနွေးပွဲကို စာရေးဆရာ ၀င်းမြအောင်(မြိတ်)က တာဝန်ယူပေးပါသည်။ သင်တန်းကြီးကြပ်ရေး ဆရာတော်က (၄)ပါး၊ ဆရာမက(၈)ယောက်ဖြစ်ပြီး ညဖက်တွင် ကလေးတရားပွဲကို စာရေးသူက ဟောကြားပေးပါသည်။
သင်တန်းကာလအတွင်း သင်တန်းသား/သူ ကိုရင်/သီလရှင်/ယောဂီများသည် ယဉ်ကျေးမှုစာပေများကို စိတ်ထက်သန်စွာဖြင့် လေ့ လာ သင်ယူနေကြရာ ၀မ်းမြောက်ပီတိဖြစ်ဖွယ်ရာ အတိဖြစ်ခဲ့သည်။ သည်လိုအဖြစ်မျိုးရောက်စေရန် တွေးလာခဲ့သည်မှာ ငါးနှစ်ခန့်ကြာခဲ့ပြီ၊ ယခုတော့ အတွေးများကို အကောင်အထည်ဖေါ်နိုင်သည့်အတွက် ၀မ်းမြောက်ကြည်နူး ခဲ့ရသည်ကား စာရေးသူအပြင် အခြားမည်သူများ ရှိပါဦးမည် နည်း။ ဤသို့ ဖြစ်မြောက်ခဲ့သည်မှာ စာရေးသူအား မဖြစ်ဖြစ်အောင် တွန်းအားပေးခဲ့သည့် ရတနာ့ဂုဏ်ရည် ဆရာတော်၏ ကျေးဇူးပင် မဟုတ်ပါလော။
ဗုဒ္ဓယဉ်ကျေးမှုသင်တန်းအတွက် ဆွမ်း၊ရေ၊မီး၊ စသည့် လိုအပ်သည့် အထောက်အပံ့များလည်း သင်တန်းမစမီ (၂)ပါတ်ခန့် ကတည်းကပင် ပြည့်စုံခဲ့ရာ သင်တန်းအတွက် အားရစရာအလွန်ကောင်းသကဲ့သို့ နောင်နှစ်အတွက်ကိုလည်း တွန်းအားပေးသည့်အလား ဖြစ်ခဲ့ရပေသည်။
သင်တန်းအတွက် စည်းကမ်းချက်များကို စာရေးသူအကြိုက်ဆုံးကား ရန်ကုန်မြို့၊ရွှေတောင်ကုန်းသာသနာ့ရိပ်သာ၏ စည်းကမ်းချက်များ ဖြစ်သည်၊ ထိုရိပ်သာမှ စည်းကမ်းသတ်မှတ်ချက်များသည် မကြပ်လွန်း မချောင်လွန်းသောကြောင့် ကလေးများအတွက် အသင့်တော်ဆုံးဟုယူဆရသည့်အတွက် မြိတ်မြို့-အေးရိပ်ချောင် မဟာစည်သာသနာ့ရိပ်သာ ၊ ပထမအကြိမ် နွေရာသီ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းတွင် ရွှေတောင်ကုန်းမှ စည်းကမ်းချက်ကို အများဆုံးထည့်သွင်းကာ ချမှတ်ခဲ့သည့်အတွက် သင်တန်းသား/သင်တန်းသူကိုရင် သီလရှင်များ အထူးပင် နှစ်ခြိုက်ကြသည် ဟု သိခဲ့ရပါသည်။ သင်တန်းကာလအတွင်း စာမေးပွဲကို နှစ်ကြိမ် ကျင်းပပေးခဲ့သည်။ ထိုအကြောင်းကြောင့်လည်း ကလေးများအတွက် စာပေသင်ယူမှုကဏ္ဍတွင် လေးသောဝန်ထုတ်ကြီးကို ထမ်းရသည်နှင့်မတူဘဲ ယဉ်ကျေးမှု စာပေများကို ပေါ့ပေါ့ပါးပါးဖြင့် ပျော်ရွှင်စွာ သင်ခဲ့ကြရသည်။
သင်တန်းသား/သူများသည် ယဉ်ကျေးမှုစာပေကို သင်ယူရုံမျှက သူတို့၏သန္တာန်တွင် ဘာသာရေး ခံယူချက်များ လေးနက်လာအောင်လည်း သင်တန်းနည်းပြဆရာတော်များကိုယ်တိုင် စိတ်ရှည်စွာဖြင့် သင်ကြားပေးခဲ့ကြပေသည်။ ဤတွင် သင်တန်းသားကိုရင်လေးတစ်ပါး၏ ရင်ဖွင့်သံလေးကို နားထောင်ကြည့် စေချင်ပါသည်။
တစ်နေ့သောအခါ ကလေးများသင်တန်းမစမီ အနားယူချိန်တွင် အမေလုပ်သူက သားကိုရင်နှင့် လာရောက်တွေ့ဆုံပါသည်။ အမေက “ ကိုရင်….သင်တန်းမှာ ပျော်ရဲ့လား၊ ဘာများလိုသေးလဲ”
ကိုရင် “ဒကာမကြီး…ကိုရင်သင်တန်းတက်ရတာ ပျော်ပါတယ်၊ အသိလည်းတိုးပါတယ်၊ ဒကာမကြီးကို ကိုရင် တစ်ခုပြောချင်တယ်၊ ပြောမယ်နော်” ကိုရင်၏ ခွင့်တောင်းမှုကို အမေလုပ်သူက “ ကိုရင် ပြောလေ….တပည့်တော်မနားထောင်နေပါတယ်” ထိုအခါ ကိုရင်က “ဒကာမကြီး… ….အိမ်မှာ အုန်းသီးဆွဲကို ဆွဲထားလို့ ဘာအကျိုးမှ ရလာမှာမဟုတ်ဘူး၊ အားကိုးစရာတစ်ခုအနေနဲ့ မကိုးကွယ်ကောင်းဘူး၊ ကိုရင်တို့ကိုးကွယ်ရမှာက ဘုရား..တရား…သံဃာ ရတနာသုံးပါးပဲ ရှိတယ်လေ…၊ သင်တန်းပြီးလို့ ကိုရင်အိမ်ပြန်လာတဲ့အခါလေ… အိမ်မှာဆွဲထားတဲ့ အုန်းသီးဆွဲကြီးကို ဖြုတ်လိုက်ကြရအောင်နော် ဒကာမကြီး” ဟု ပြောလိုက်ရာ အမေလုပ်သူမှာ အံ့အားသင့်ကာ “ ကိုရင် အိမ်ကျရင် ကိုရင် စိတ်တိုင်းကျ ဖြစ်ရပါစေ့မယ်” ဟု ၀မ်းသာအားရ ပြောဆိုနေသံကို ကြားလိုက်ရသည့်အတွက် ပွင့်လာသည့်ပန်းလေးများကို ၀မ်းသာပီတိဖြင့် ပျော်မဆုံးဖြစ်နေသည့် ဥယျာဉ်မူးပမာ စာရေးသူမှာ ၀မ်းမြောက်ဝမ်းသာ ပီတိဖြာဝေခဲ့ရပေသည်။
ညအချိန် ကလေးတရားပွဲ၌ “သားတို့…သမီးတို့ ကိုးကွယ်ရာမှာက ဘုရား တရား သံဃာ ရတနာသုံးပါးဖြစ်တယ် ၊ ဒါကလွဲပြီး တစ်ခြားဟာတွေကို ကိုးကွယ်ရာအဖြစ် အိမ်မှာ မထားရဘူးနော်…..၊ဒါကို သဘောပေါက်လို့ရှိရင် သားတို့ သမီးတို့ကို ဘုန်းဘုန်းမေးမယ်..သားတို့သိသလို ရဲရဲသာပြန်ဖြေကြနော်၊ တကယ်လို့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ကွမ်ရင်၊ အန်းကုန်း စတဲ့ ရုပ်တုတွေ သားတို့အိမ်မှာ ရှိမယ်ဆိုရင် သားတို့ ဘာလုပ်ကြမလဲ”
ကိုရင် “ သားတို့အိမ်ပြန်တဲ့အခါ ဒီရုပ်တုတွေကို မရှိခိုးပါဘူး၊ သားတို့က ဘုရားပဲ ရှိခိုးမှာပါ ဘုန်းဘုန်း”
စာရေးသူ “ တကယ်လို့ အဖေ၊အမေတို့က သားတို့ရဲ့ဆန္ဒကို မလိုက်လျောဘဲ အခြားရုပ်တုတွေကို သူတို့ဘာသာ ကိုးကွယ်နေကြမယ်ဆိုရင် သားတို့ သမီးတို့ ဘာလုပ်ကြမလဲ” ဟု မေးရာ ကျောင်းသားတွေက မဖြေဘဲ အသံတိတ်နေသည်၊ သို့နှင့် စာရေးသူက “ သာသနာပြင်ပမှ ရုပ်တုတွေကို မကိုးကွယ်ဘဲ ရတနာသုံးပါးကိုသာ ကိုးကွယ်ကြဖို့ သားတို့သမီးတို့က အဖေအမေတွေကို တိုက်တွန်းပြောဆိုရမယ်နော်” ဟု ပြောလိုက်ရာ ကိုရင်များ “ မှန်ပါ ဘုန်းဘုန်း” ဟု ပြန်ဖြေကြပါသည်။
စာရေးသူက “ ဒါဆိုရင် သားတို့ကို နောက်တစ်ခု ထပ်မေးဦးမယ် ၊သားတို့ရပ်ကွက်ထဲမှာ နတ်သူငယ်ဆိုတာ ရှိလား”
သင်တန်းသား “ ရှိပါတယ်ဘုန်းဘုန်း” ဟုဖြေသကဲ့သို့ သင်တန်းသူများကလည်း “ သမီးတို့ နေတဲ့ ရပ်ကွက်ထဲမှာလည်း ရှိတယ် ဘုန်းဘုန်း” တစ်ချို့သမီးလေးတွေက “ သမီးတို့က နတ်သူငယ်မျိုးရိုးပါ ဘုန်းဘုန်း” ဟု ပွင့်လင်းရိုးသားစွာ ပြောရာ သင်တန်းသားအားလုံး ရယ် ကြပြန်သည်။
စာရေးသူက “ ဒါဆိုရင် သားတို့ ရပ်ကွက်ထဲမှာ နတ်သူငယ်ရှိတယ်ဆိုတာ သေချာနေပြီပေါ့ ဟုတ်လား”
သင်တန်းသား “ ရှိတာသေချာတယ်ဘုန်းဘုန်း သားတို့ ဒီသင်တန်းမတက်ခင်လေးတောင် တွေ့ခဲ့သေးတယ် ဘုန်းဘုန်း”
စာရေးသူ “ ဒါဆိုရင် အရပ်ထဲမှာ ဒီနတ်သူငယ်တွေ ဘာလုပ်တာ မြင်ရလဲ၊ မြင်တဲ့သူရှိရင် ဘုန်းဘုန်းကို ပြောပါဦး”
သင်တန်းသား “ဘုန်းဘုန်း ဒီနတ်သူငယ်တွေက သားတို့ရပ်ကွက်ထဲမှာ လူတွေဆီကနေ လိမ်စားနေတာပါဘုန်းဘုန်း”
စာရေးသူ “ ရှုး …တိုးတိုး နတ်သူငယ်ကြားသွားရင် သားတို့ကို ဆော်လိမ့်မယ်” ဟုပြောတော့ သင်တန်းသားများ ရယ်ကြသည်။
သင်တန်းသား “ နတ်သူငယ်ကို သားတို့ မကြောက်ဖူး ဘုန်းဘုန်း ၊ ဘာ့ကြောင့်ဆိုရင် သူတို့က လိမ်ဖို့သာ သိတာဘုန်းဘုန်း”
စာရေးသူ “ နတ်သူငယ်က လူတွေကို လိမ်တတ်တယ်ဆိုတာ သားတို့သမီးတို့ကို ဘယ်သူက ပြောတာလဲ”
သင်တန်းသား “ သားတို့ကို စာသင်ပေးတဲ့ ဘုန်းဘုန်းက စာသင်ရင်း ပြောပြတာကို မှတ်ထားတာ ဘုန်းဘုန်း”
ကျောက်အရိုင်းတုံးကို သွေးလိုက်သည့်အခါ အရည်အသွေးကောင်းသော တန်ဖိုးရှိသော ကျောက်တစ်လုံးဖြစ်လာသကဲ့သို့ သင်တန်းသားများသည် သင်တန်းတက်ခါစကဲ့သို့ မဟုတ်တော့ဘဲ လိမ်မာရေးခြားရှိလာကာ ဘာသာရေးအသိဥာဏ်များလည်း ကြွယ်ဝလာခဲ့ကြပေသည်။ ယခုဆိုလျှင် သူတို့အရှေ့က ဘုန်းကြီးရဟန်းတော်များ ဖြတ်သွားလျှင် လက်အုပ်ချီထားကြသည်ကို မြင်ရသည်။
ဤသည်မှာ သင်တန်းဆရာများ၏ သင်ကြားဆုံးမမှုတို့ကြောင့် သူတို့လေးတွေ၏ သန္တာန်၌ ဘာသာရေးအသိဥာဏ်များ ရရှိခဲ့ကြသည့်အပြင် လိမ်မာယဉ်ကျေးသည့် ကလေးများ ဖြစ်လာခဲ့ရပေသည်။
တစ်ဖန် စာရေးသူက “ သားတို့ သမီးတို့ ဒီသင်တန်းတက်တာ မပျင်းကြဘူးလား” ဟုမေးရာ သင်တန်းသား များက “သားတို့ သင်တန်းတက်ရတာ ပျော်ပါတယ်ဘုန်းဘုန်း” ဟုဖြေကြသည်။ စာရေးသူက “ ဒါဆိုရင် နောင်နှစ် ဒီသင်တန်းကို လာတက်ကြဦးမှာပေါ့၊ သင်တန်းလာတက်မဲ့ သားတို့သမီးတို့ လက်ငြိုးထောင်ပါ” ဟုပြောရာ သင်တန်းသား အားလုံး လက်ငြိုးထောင် ကြသည်ကို ကြည့်ခြင်းဖြင့် ယဉ်ကျေးမှုသင်တန်း ကျင်းပရာ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာသည် အနာဂတ်မျိုးဆက်သစ်လေးများ ဖြစ်ကြသည့် သင်တန်းသား/သူလေးများရဲ့ ပျော်စံရာ ဖြစ်နေချေပြီ။
သို့နှင့် ပထမအကြိမ်-နွေရာသီ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကြီးပြီးဆုံး၍ သင်တန်းဆင်းပွဲ နေ့သို့တိုင် ရောက်ခဲ့ချေပြီ၊ ထိုနေ့ကား ဗုဒ္ဓယဉ်ကျေးမှုသင်တန်းသား သင်တန်းသူများ၏ လိမ္မာရေးခြားရှိမှု၊ ယဉ်ကျေးမှု၊ စည်းကမ်းလိုက်နာမှုအပေါ် အခြေတည်ကာ ပထမအဆင့်၌ ပထမဆု ဒုတိယဆု တတိယဆုများနှင့် ဒုတိယအဆင့် ပထမဆု ဒုတိယဆု တတိယဆုများ အထူးအောင်သည့်သူများပါမကျန် စာရေးသူက ချီးမြှင့်ပေးခဲ့ပါသည်။ ရိုးရိုးအောင်မြင်ကြသည့် သင်တန်းသား သင်တန်းသူများအား တစ်ပါးကျစီ သင်တန်းနည်းပြဆရာတော်များက အောင်လက်မှတ်များကို ဆက်လက် ချီးမြှင့်ခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် သြ၀ါဒကထာကို ပဓာနနာယက ဆရာတော်ကိုယ်စား စာရေးသူကပဲ တာဝန်ယူ၍ သြ၀ါဒစကား ပြောကြားခဲ့သည်။ ထိုသြ၀ါဒကထာကို အကျဉ်းချူံးပြီး ပြောရပါလျှင်….
“ယနေ့အချိန်အခါဟာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ကြီး အမိမြန်မာပြည်တွင် ထွန်းကားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလို ထွန်းကားနေပေမဲ့ ယနေ့ လူငယ်အချို့ဟာ အကျင့်စာရိတ္တပျက်ယွင်းကာ ဘိန်းရှူ ၊ အရက်သောက်စတဲ့ မကောင်းမှုများ ပြုလုပ်နေကြတာတွေ့မြင်ရတဲ့အပြင် လူကြီးသူမများ ရှေ့မှောက်ရောက်သောအခါ ရိုသေရကောင်းမှန်းမသိကြချေ။ သည်လိုသာ အကျင့်စာရိတ္တပျက်ယွင်းနေကြမည်ဆိုလျှင် နောင်တစ်ချိန်တွင် မျိုးဆက်သစ်လူငယ်တို့ရဲ့ ဘ၀ မတွေးဝံ့စရာတောင် ဖြစ်နေပါပြီ၊ ဒါကြောင့် ယနေ့ခေတ်လူငယ်များ၏ အကျင့်စာရိတ္တမြင့်တင်ရေး၊ လိမ္မာယဉ်ကျေးပြီး ဘာသာရေးအသိဥာဏ်များ ရှိနိုင်စေရန် ဘာသာရေးခေါင်းဆောင်များဖြစ်တဲ့ ရဟန်းတော်များမှာ တာဝန်ရှိတယ်လို့ ခံယူထားတဲ့အတွက် ယခုလို နွေရာသီ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို ဖွင့်လစ်သင်ကြားရခြင်းဖြစ်ပါတယ်။
သင်တန်းသား/သူများဟာနောင်တစ်ချိန်တွင် အနာဂတ်သာသနာအတွက် မျိုးဆက်သစ်လေးများဆိုရင်လည်း မမှားပါဘူး၊ ဒါကြောင့် သူတို့လေးတွေရဲ့ လိမ်မာယဉ်ကျေးမှုအတွက် ရဟန်းတော်များမှာသာမက မိဘတိုင်းမှာလည်း တာဝန်ရှိကြတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် မိဘအားလုံး ၀ိုင်းဝန်းထောင့်ပံ့ကူညီပေးကြဖို့ တိုက်တွန်းပါတယ်၊ နောက်တစ်ခုက ယနေ့ခေတ်မှာ ဘာသာခြားကလေးတွေဟာ သူတို့ရဲ့ ဘုရားကျောင်းကို သောကြာနေ့တိုင်း၊ တနင်္ဂနွေနေ့တိုင်းမှာလိုလို တက်နေကြတာကို တွေ့ရပါတယ်၊ ဗုဒ္ဓဘာသာ ကိုရွှေမြန်မာများမှာ ကျတော့ ဘုန်းကြီးကျောင်းကို တစ်နှစ်ကြာလို့ တစ်ခါမှ မရောက်တဲ့သူတွေ ရှိတယ်၊ ကလေးများဆိုရင့် ဆိုဖွယ်ရာမရှိ၊ ဒီလိုဖြစ်နေကြတာဟာ ဘာသာရေးဆုတ်ယုတ်မှုအပိုင်းလည်း ပါနေပါတယ်။ ဒါကြောင့် တစ်ခုစဉ်းစားမိပါတယ်၊ အကောင်အထည်ဖေါ်နိုင်အောင်လည်း လုပ်ထားပါ တယ်။ အဲဒါက လာမည့်နှစ်ကစလို့ Sunday school အစီအစဉ်ဖြင့် ကလေးများအား ကျောင်းသို့ခေါ်ကာ ယဉ်ကျေးမှုဘာသာရပ်ကို ပို့ချသင်ကြားပေးဖို့ပါ။ နိဂုံးချူပ်ပြောလိုတာက ယခုလို သင်တန်းအောင်မြင်စွာ ပြီးဆုံးသည့်အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရသလို နောင်ကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါကြောင်း၊ ထိုသင်တန်းမျိုးကိုလည်း နေရာအနံ့အပြား ကျင်းပနိုင်ကြမည်ဆိုပါက အလွန်ကောင်းလှပါတယ်၊ အထူးသဖြင့် ဘုန်းတော်ကြီးကျောင်းများ နေရာအနံ့ ကျင်းပကြစေလိုကြောင်း ” ပြောပြီး သြ၀ါဒကထာကို နိဂုံးချူပ်ခဲ့ရပါတော့သည်။
သင်တန်းဆင်းပွဲ အခမ်းအနား ပြီးဆုံးသည်နှင့် သကြားဆွမ်းလောင်းလှူပွဲ အစီအစဉ်တစ်ခု ပြုလုပ်ထားသည်ဖြစ်ရာ သင်တန်းသား သင်တန်းသူများဖြစ်ကြသော ကိုရင်-သီလရှင်များအား အမိအဘများနှင့် မြို့နေလူတို့က သကြားဆွမ်းကို လာရောက်လောင်းလှူ ကြပါသည်။ ဤသို့ဖြင့် မြိတ်မြို့- အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ ပထမအကြိမ် နွေရာသီ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ နောင်လာမည့်နှစ်တွင်လည်း ဒုတိယအကြိမ် ပြုလုပ်ကျင်းပမှာ ဖြစ်သလို နှစ်စဉ်နှစ်တိုင်း ယဉ်ကျေးမှုသင်တန်း ပြုလုပ်မှာဖြစ်ကြောင်း အသိပေးရင်း အဆုံးသတ်လိုက်ရပါတော့သတည်း။ ။
(မြိတ် မဂ္ဂဇင်း၏ ပုလဲရတု အထိမ်းအမှတ်တွင် ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားပါသည်။)
Monday, March 30, 2009
အနာဂတ်မျိုးဆက်သစ်တို့ ပျော်စံရာ
Posted in: ဆောင်းပါး
1 comments:
အရှင်ဘုရား စာလာဖတ်သွားပါတယ်။ သိပ်ပြီးမှတ်သားစရာကောင်းပါတယ် ဘုရား။ တပြည့်တော်မလည်း သားကို မွေးနေ့လုပ်ပေးရင် ဘုန်းကြီးကျောင်းမှာ ဆွမ်းနဲ့ သင်္ဃန်းကပ်တာ တကြိမ်၊ အိမ်မှာ ကိတ်မုန့်ခွဲပြီး မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်တာက တကြိမ် လုပ်ပေးရပါတယ်ဘုရား။ အခုခေတ် မွေးနေ့လုပ်ရင် ကုသိုလ်ထက် သိပ်မသောက်စားတတ်တဲ့သူတောင်မှ မွေးနေ့အမှတ်တရဆိုပြီး သောက်စားပျော်ပါးတာကို မွေးနေ့ အမှတ်တရလုပ်ကြတာ တွေ့ရသေးတယ်။ ဒါဟာ ဗုဒ္ဓဘာသာနဲ့ လုံးဝဆန့်ကျင်နေတာ သိအောင် ဒီလိုပို့စ်လေးတွေ တင်ပေးတာ ကောင်းပါတယ်ဘုရား။
Post a Comment