Tuesday, March 10, 2009

သန့်-တည်-ပွား တို့ရဲ့ ဟောကွက်အမှားများကို ထောက်ပြခြင်း

မတ်လထုတ် ဓမ္မရံသီ မဂ္ဂဇင်းတွင် စာရေးဆရာ ပညာဏကာရီ ရဲ့ “အပါယ်မပိတ်နိုင်သော အပါယ်ပိတ်တရား” ကို ဖတ်လိုက်ရ သည့်အတွက် သန့် တည် ပွားတို့ မသန့်တော့ပါလားဆိုတာကို သိလာရတယ်။ သည်ဆောင်းပါးကို အများသိအောင် ဖေါ်ပြရရင် ကောင်းလေစွ ဟု အကြံဖြစ်ပေါ်တဲ့အတွက် မှားလျှင် အစဉ် ၊ ပြင်လျှင်ခဏ ဆိုတဲ့ အတိုင်း အမှားပြင်ဆင်ချက်များကို ဆောင်းပါးအတိုင်း ပြန်လည် ကူးယူဖေါ်ပြလိုက်ပါတယ်။

(၁)
၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် (၁၀)ရက်နေ့ ညနေပိုင်းတွင် ဟောပြောသူ ဦးမြင့်လွင် (သန့်-တည်-ပွား)၏ အပါယ်ပိတ်တရား [အပိုင်း(၁)ဟောတရားနှင့် အပိုင်း(၂) ထိုင်တရား] နှစ်ခွေတွဲသည် စာရေးသူထံသို့ ရောက်လာပါသည်။
၂၀၀၆-ခုနှစ်၊ မတ်လ-၅-ရက်နေ့တွင် ရွှေတိဂုံ မြောက်ဖက်မုခ် ရွှေချမ်းသာမြိုင် ဓမ္မာရုံ၌ ဟောပြောထားသည့် တရားဖြစ်သည်။ ယင်းတရားခွေပါ ဟောပြောချက်တို့တွင် မှန်သည်ဟု ထင်မိသော တရားများလည်း ပါရှိကြပါသည်။ မှားသည်ဟု ထင်မိသောတရား (မတရား)များလည်း ပါရှိကြသည်။ စာရေးသူအနေဖြင့် မှန်သည်ဟု ထင်မိသမျှတို့အတွက် ၀မ်းမြောက်ဝမ်းသာ ရှိလှပါသည်။
ဟောပြောသူ ဦးမြင့်လွင်သည် တရားတော်အတွက် ထက်သန်သူဖြစ်၍ ၁၉၉၄ ခုနှစ်မှ စတင် လိုက်စားခဲ့ရာ ယခုအခါတွင် အများကြီး နားလည်နေပြီဖြစ်ကြောင်း တွေ့ရသဖြင့် သဘောကျလှပါသည်။ တကယ်လေ့လာလျှင် တကယ်နားလည်ကြပေမည်။
မှားသည်ဟု ထင်မိသမျှတို့ကိုတော့ “ ပြင်လိုပါက ပြင်နိုင်ကြရန်” အနည်းငယ် ထုတ်နုတ်၍ စိစစ်ပြလိုပါသည်။ “မှန်ကန်သော နှလုံးသွင်း(စိတ်ထား)ဖြင့် ပြန်လည်၍ သုံးသပ်နိုင်ကြပါမူ ကောင်းလေစွ” ဟု တောင့်တမိပါသည်။
(၂)
“ဒုစရိုက်ကျူးလွန်သူ မှန်သမျှသည် အပါယ်သို့ မလွဲမသွေ ကျပါတယ်။ လောဘကြောင့် ပြိတ္တာ၊ဒေါသကြောင့် ငရဲ၊ မောဟကြောင့် တိရစ္ဆာန်၊ မာနကြောင့် အသူရကာယ်၊ အပါယ်လေးဘုံဆိုတာ ပြိတ္တာ ၊ ငရဲ၊ တိရစ္ဆာန် အသူရကာယ်။
“လောဘ၊ ဒေါသ၊မောဟ၊မာန (အပါယ်ကျကြောင်းတရား) တွေကို ဒါန၊ သီလ၊သမထနဲ့ ပယ်သတ်လို့ မရပါဘူး။ ဒါန၊သီလ၊သမထဆိုတာ ကံလမ်းဖြစ်လို့ အကျိုးပေးနိုင်သလောက် လူ၊နတ်၊ဗြဟ္မာ ချမ်းသာတို့ကို ရနိုင်ပါတယ်။ ကံကုန်သွားရင် အပါယ်ကျမှာပဲ ဖြစ်တယ်။ အပါယ်က လွတ်ပါတယ် လို့ ပြောရင်မှားတယ်။
“ဗုဒ္ဓဘာသာဝင် အများစုတို့သည် ဒါန၊သီလ၊သမထ လုပ်ကြပါသော်လဲ ၀ိပဿနာ နဲ့ဝေးကြတယ်။ ၀ိပဿနာကုသိုလ်လုပ်မှ သာလျှင် အပါယ်ကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်”။(ဟောတရားခွေ၊ ၂၅-၃၀မိနစ်)
စိစစ်ချက်။ ။ ဒုစရိုက်ပြသူ မှန်သမျှသည် အပါယ်သို့ ကျသည်ဆိုသော ဟောပြောချက်သည် မမှန်ပေ။ အကျယ်သိလိုပါက သဠာယတန၀ဂ္ဂ သံယုတ်ပါဠိတော်၊ အသိဗန္ဓကသုတ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ မဟာကမ္မ၀ိဘင်္ဂသုတ်၊ ပဋ္ဌာနပါဠိတော်၊ ပထမတွဲ ပဥှာဝါရ ပကတူပနိဿယ အကုသလော ကုသလဿပါဠိတော် စသည်တို့၌ ကြည့်ရှုကြကုန်ရာ၏။
လူတိုင်းပင် ဒုစရိုက်တစ်ခုခု ပြုဖူးကြသည်သာ ဖြစ်၍ လူတိုင်းအပါယ်ကျကိန်း ဆိုက်ပေတော့မည်။ အပါယ်လေးဘုံကို ပြရာ၌ ငရဲ၊ တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်ဟူ၍သာ ပြသင့်ပါသည်။ ပါဠိတော်အစဉ်ကို မကျော်သင့်ပါ။ ကျော်လျှင် ဘုရားရှင်၏ ဥာဏ်တော်ကို အလေး အမြတ် မပြုရာ ရောက်တတ်၏။
အထူးသတိထားဖွယ်မှာ “ဒါန ၊သီလ၊ သမထ ကုသိုလ်ကြောင့် အပါယ်မှ တစ်ဘ၀၊နှစ်ဘ၀စသည် လွတ်မြောက်နိုင်သည်။ ၀ိပဿနာကုသိုလ်ကြောင့်သာ ထာဝရ လွတ်မြောက်နိုင်သည်” ဟူသော ဟောပြောချက် ဖြစ်ပါသည်။ မှန်ကန်သော ဤဟောပြောချက်နှင့် မညီသော ဟောပြောချက်ကို နောက်ပိုင်းတွင် ဖေါ်ပြပါမည်။
(၃)
ဒုလ္လဘငါးပါးကို ဟောရာ၌ “ (၁) ဘုရား ဖြစ်ရာကာလ-ရခဲ။ (၂) တရားနာယူခွင့်- ရခဲ။ (၃) လူ့ဘ၀-ရခဲ။(၄)သဒ္ဓါတရား-ဖြစ်ခဲ။ (၅) ရဟန်းဘ၀-ရခဲ” ဟူ၍ ဟောပြောထားပါသည်။ “အပါယ်ကျသွားလျှင် ကုရာနတ္ထိ ဆေးမရှိ” ဟူ၍လည်း ဟောပြောထားသည်။ “အပါယ်မကျစေချင်သောကြောင့် တရားဟောပြနေသည်” ဟူ၍လည်း ပါရှိသည်။ (ဟောတရားခွေ၊ ၃၃-မိနစ်)
စိစစ်ချက်။ ။ ဒုလ္လဘငါးပါး အစဉ်လာပုံမှာ မှားနေပါသည်။ အမှန်ကမူ “ ဘုရားဖြစ်ရာကာလ-ရခဲ။ လူ့ဘ၀-ရခဲ။ သဒ္ဓါတရားဖြစ်-ရခဲ။ ရဟန်းဘ၀-ရခဲ။ တရားနာခွင့်-ရခဲ။ ဟူ၍ ဖြစ်ပါသည်။ အဋ္ဌကထာလာ အစဉ်ကိုလွန်၍ ဖျက်၍ ဟောပြောလျှင် အဋ္ဌကထာဆရာထက် တတ်သိသူ ဖြစ်၏ ဟု ၀န်ခံရာရောက်တတ်ပါသည်။ ထိြု့ပင် အပါယ်ကျခြင်းသည် အကုသိုလ်ကံ၏ ပမာဏအတိုင်းသာ ဖြစ်ပါသည်။ ဓမ္မပဒ လာမလ္လိကာဝတ္ထုစသည်ကို ကြည့်လျှင် ထင်ရှားပါသည်။
(၄)
“ဒီဘက်ခေတ်မှာ သာသနာ မလျော့ကျပါဘူး။ ဒီဘက်ခေတ်သည် ၀ိမုတ္တိခေတ်။ သာသနာနှစ် ၂၅၀၀-ကျော်လပြီဆိုလျှင် အနတ္တသာသနာ တစ်ပတ် ပြန်လည်လာတဲ့ကာလ။ ၀ိမုတ္တိယုဂခေတ်ကြီး ဖြစ်ပါတယ်။ အင်မတန်ကို သာသနာတိုးတက်တဲ့ သာသနာ တဗြောင်းဗြောင်းတွင်နေရတဲ့။ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်တွေ လက်ညိုးထိုးလို့ မလွဲအောင် ဖြစ်ရမယ့်ခေတ်။
“ရဟန္တာကြီးတွေ တဗြောင်းဗြောင်း ဖြစ်ရမယ့်ခေတ်သည် ၄၉-နှစ်တောင် ကျော်လာပါပြီ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှုတ်ဖျားမှာ ဆုတ်ကပ်ဆိုတာကို မပြောကြပါနဲ့” (ဟောတရားခွေ၊ ၃၈-၅၀မိနစ်)
စိစစစ်ချက်။ ။အထက်ပါ ဟောပြောချက်များ အားလုံးသည် အမှားများသာ ဖြစ်ကြသည်။ ယခုခေတ်သည် ၀ိမုတ္တိယုဂခေတ် ဖြစ်ကြောင်း ပြဆိုချက်သည် မည်သည့်ပါဠိတောမှာမှ မရှိချေ။ မည်သည့် အဋ္ဌကထာ၊ဋီကာတို့မှာမှလည်း မရှိချေ။ ဤစစ်တမ်းကို အကျယ်သိလိုပါက “ ရဝေထွန်း၏ စာပေရတနာ” စာအုပ်၌ ကြည့်ရှုရာ၏။ စာကြည့်တိုက်များတွင် ၄င်းစာအုပ် ရှိပါလိမ့်မည်။
ဝိမုတ္တိခေတ် အယူအဆတို့ကို စတင်၍ တွင်ကျယ်အောင် ဟောပြောသူမှာ ဆရာကြီး ဦးဘခင်ဖြစ်သည် ဟု ထင်မိပါသည်။ ထေရ၀ါဒလာ ဗုဒ္ဓဒေသနာတော်တို့နှင့် လွဲချော်နေသော ဟောပြောချက် ဖြစ်၍ ရှောင်ကြဉ်သင့်ကြပါသည်။
သာသနာဝင်ဦးရေ-၁၀၀-ဆိုလျှင် သာသနဓမ္မတို့ကို ရိုသေစွာ လိုက်နာနိုင်သူ ၅-ဦးနှုန်းမျှပင် မရှိနိုင်သောခေတ်ဖြစ်၍ သာသနာယုတ်လျော့နေကြောင်းကို လက်ခံကြရုံသာ ရှိပါသည်။ တတ်စွမ်းသမျှ ကြိုးစား၍ “သာသနဓမ္မတို့ကို ရိုသေစွာ” လိုက်နာသူများ တိုးပွားလာအောင် ဆောင်ရွက်ကြရုံသာ ရှိပါသည်။
အမှန်အားဖြင့် တရားကျင့်သူသည် ခေတ်ကာလနှင့် သက်ဆိုင်ခြင်း မရှိချေ။ တရားကျင့်သူ၌သာ သာသနာ မလျော့ပါ။ တရားမကျင့်သူ၌ သာသနာမရှိပါ။
ယခုခေတ်တွင် တရားကျင့်သူ (အထူးသဖြင့် ၀ိပဿနာတရားစစ်ကို ကျင့်ပုံကျင့်နည်း မှန်ကန်စွာ စိတ်ထားသဘောထား ရှင်းလင်းစွာဖြင့် ကျင့်တတ်သူ) အလွန်မှပင် နည်းနေသောကြောင့် သောတာပန်စသော အရိယာများ တဗြောင်းဗြောင်း ဖြစ်နိုင်ဖွယ်မရှိပါ။
ထိုသို့ ကျင့်တတ်သူတွေ များများကြီးရှိလျှင်ကား ဖြစ်နိုင်ဖွယ် ရှိသည်သာတည်း။
(၅)
“ဒီဘက်ခေတ်မှာ ၀ိပဿနာကို ခက်ခဲလိုက်တာလို့ ပြောပြောနေပါသည်။ အဲ့ဒါသည် မရိုးသားမှုလို့ ကျွန်တော့အနေနဲ့ စွပ်စွဲချင်ပါတယ်။ ၀ိပဿနာဟာ ခက်ခဲနက်နဲလွန်းတာ မဟုတ်ပါဘူးဗျ။ အင်မတန် လွယ်ကူလှပါတယ်။ ပြောတဲ့ ပုဂ္ဂိုလ်-သင်ပြတဲ့ပုဂ္ဂိုလ် ပေါ်မှာ မူတည်ပြီး တစ်ထိုင်တဲနဲ့လဲ အပါယ်တံခါး ပိတ်နိုင်ပါတယ်။ ဒါပေမဲ့ ပါရမီအပေါ်မှာ မူတည်ပါတယ် လို့ ပြောကောင်းပါတယ်”
(ဟောတရားခွေ၊ ၄၀-မိနစ်။)
စိစစ်ချက်။ ။ “၀ိပဿနာကို ခက်ခဲကြောင်း ပြောဆိုမှုသည် မရိုးသားမှု ဖြစ်သည်” ဟူ၍ စွပ်စွဲထားသည်။ စွပ်စွဲဝံ့သောကြောင့် စွပ်စွဲလိုလျှင် စွပ်စွဲရာ၏။ “ ၀ိပဿနာ ခက်ခဲသည်” ဆိုသည်ကိုမူ ဤစာရေးသူလည်း ပြောလိုသူပင် ဖြစ်ပါသည်။
ဝိပဿနာနှင့်တကွသော ဘုရားဟောတရား မှန်သမျှသည် ဂမ္ဘီရကြီးလေးမျိုး ရှိသည်ဖြစ်၍ နက်နဲသောကြောင့် ခက်ခဲသည်ချည်းသာ ဖြစ်ကြပါသည်။ ဤစကားသည် ရိုးသားမှု အပြည့်ပါသော စကားဖြစ်ပါသည်။
ဤသို့လျှင် နက်နဲ၍ ခက်ခဲသောကြောင့် တရားဟောပြပေးရေးကို ဘုရားရှင်ကိုယ်တိုင်ပင် ၀န်လေးတော်မူခဲ့ရပါပေသည်။ အကျယ်သိလိုပါက ၀ိနည်းမဟာဝဂ္ဂပါဠိတော်နှင့် အဋ္ဌကထာနိဒါန်းကြီးတို့၌ ကြည့်ရှုကြပါကုန်။ မဟာဗုဒ္ဓ၀င် ဘုရားဖြစ်ခန်း၌လည်း ကြည့်ရှု နိုင်ပါသည်။
အင်မတ် လွယ်ကူသော ၀ိပဿနာသည် မဂ်ဖိုလ်မရနိုင်သော ၀ိပဿနာအတုသာဖြစ်သည်။
တစ်ထိုင်တည်း အပါယ်တံခါးပိတ်သွားအောင် ဟောပြောသင်ပြနိုင်သော ဆရာရှိလျှင် ထိုဆရာသည် မြတ်စွာဘုရားတစ်ဆူသာ လျှင် ဖြစ်နိုင်ပါသည်။ အခြားဆရာ ရှိနိုင်မည် မဟုတ်ပေ။
မြတ်စွာဘုရားသည် သာလျှင် တရားနာယူသူတို့၏ အာသယ၊အနုသယ၊ဣန္ဒြိယ၊ဥာဏပရိပါက စသည်တို့ကို တိတိကျကျ သိမြင်တော်မူနိုင်ပါသည်။
အမှန်မှာမူ တရားတစ်ပုဒ်တည်းဖြင့် အပါယ်တံခါးပိတ်ခြင်း (သောတာပန်ဖြစ်ရခြင်း)မှာ ဆရာတပည့် နှစ်ဦးစလုံးအပေါ်မှာ တည် ပါသည်။ ထို့ကြောင့် “ ပြောတဲ့ပုဂ္ဂိုလ်-သင်ပြတဲ့ပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး “ တစ်ထိုင်ထဲနဲ့လဲ အပါယ်တံခါး ပိတ်နိုင်ပါတယ်” ဆိုသော ဟောပြောချက်သည် ကြွားဝါခြင်းထက်ပို၍ ဘာတစ်ခုမျှ အဓိပ္ပါယ်မရှိနိုင်သော စကားသာဖြစ်သည်။
ယခုကာလသည် ဥဂ္ဃဋိတညူ၊ ၀ိပဉ္စိတညူတို့၏ ကာလမဟုတ်ပြီ ဖြစ်၍လည်းကောင်း၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိခြင်း လည်း မဟုတ်ပြီ ဖြစ်၍လည်းကောင်း၊ တစ်ထိုင်တည်း အပါယ်ပိတ်သူဖြစ်ဖို့ မျှော်လင့်ချက်ပင် မရှိပါ။ နေယျခေတ်ဖြစ်၍ တဖြည်းဖြည်းချင်း သာ မဂ်ဖိုလ်သို့ ရောက်နိုင်မည် ဖြစ်ပါသည်။ မြတ်စွာဘုရားနှင့် လုံးဝတူသော ဆရာဟူ၍ ရှိမည်မဟုတ်ပေ။
(၆)
“၀ိ=ဆိုတာက သတိပဋ္ဌာန်လေးပါးတို့ဖြင့် လို့ အဓိပ္ပယ်ရှိတယ်၊ ပဿနာ=ဆိုတာက ဥာဏ်ဖြင့် ရုပ်နာမ်တို့အား ရှုမှတ်ခြင်း-လို့ အဓိပ္ပါယ်ရှိတယ်။ ဘာဝနာ=ဆိုတာက တိုးပွားခြင်း၊ရှုမှတ်ပွားများခြင်း-လို့ အဓိပ္ပါယ်ရှိတယ်”
စိစစ်ချက်။ ။ အထက်ပါ ‘၀ိပဿနာ’၏ အဓိပ္ပါယ်သည် မည်သည့်ကျမ်းမှာ ရှိပါသနည်း။ “၀ိ-သတိပဋ္ဌာန်လေးပါး” ဟူ၍ မည်သည့် ကျမ်းမှာမှ မရှိချေ။ “ ၀ိ-၀ိဝိဓိကာ-မမြဲခြင်း-ပြောင်းလဲခြင်း အခြင်းအရာ၊ ဆင်းရဲခြင်း-ဖြစ်ပြီးလျှင် ပျက်ခြင်း အခြင်းအရာ၊ အစိုးမရခြင်း- အတ္တကောင် မဟုတ်ခြင်း အခြင်းအရာ (လက္ခဏာသုံးပါး၊အာကာရသုံးပါး) ဟူ၍လည်းကောင်း၊
“၀ိ- ၀ိသေသ- ပုဂ္ဂိုလ် သတ္တ၀ါ အထီးအမ အစရှိသော သာမညသဘောတို့မှ ထူးခြားသော ရုပ်နာမ်ပရမတ်တို့၏ အဆိုပါ သဘောသုံးပါး အခြင်းအရာသုံးပါးဟူ၍လည်းကောင်း” လာရှိကြပါသည်။ ထို့ကြောင့် “၀ိ”အဖွင့်သည် အလွန်မှားလှ၏။
(၇)
“ပညတ်သည် အပူဖြစ်ပြီး ပရမတ်သည် ငြိမ်းဓာတ်။ ပညတ်နယ်မှာ သြကာသလောက၊ သတ္တလောက၊ သင်္ခါရလောက၊ ပရမတ်နယ်မှာ စိတ်၊စေတသိက်၊ ရုပ်၊ နိဗ္ဗာန်။ အရှုခံ-ရုပ်နာမ်။ ရှုဥာဏ်-မဂ္ဂင်ငါးပါး။ သတိ=ဗိုလ်(အထွတ်အထိပ်သို့ရောက်) ယောနိသော မနသိကာရ=နှလုံးသွင်းမှန်ဆိုရင် မိမိတာဝန်ကျေပြီ။
(ဟောတရားခွေ ၄၇-မိနစ်)
စီစစ်ချက်။ ။ အထက်ပါ ဟောပြောချက်တို့တွင် ပညတ်၏ ပူခြင်း မပူခြင်းကို စိစစ်ပြဖွယ် မရှိပါ။ ပညတ်သည် တကယ်မရှိသော အခေါ်အဝေါ် အမည်မျှသာ မဟုတ်ပါလော။
ပရမတ်သည် အငြိမ်းဓာတ်ဟု ဆိုရာတွင် လောဘ၊ဒေါသ၊မောဟ ၊မာနစသည့် အကုသိုလ်အုပ်စုဝင် စေတသိက်တို့သည် ပရမတ်ဖြစ်လေသောကြောင့် “လောဘကြီးသည် အငြိမ်းဓာတ်ကြီးပေတကား၊ ဒေါသကြီးသည်လည်း အငြိမ်းဓာတ်ကြီး ပေတကား” ဟု ဖြစ်လာရပေတော့မည်။
ထို့ပြင် ပညတ်နယ်မှာ လောကသုံးပါး ဟု ဆိုထားရာ ဘုံဌာနသည် ပညတ်ဖြစ်လျှင် ဖြစ်ကောင်းပါသည်။ ဗြဟ္မာ နတ် လူ အပါယ်ကောင် အသီးသီးသည် ပညတ်ဖြစ်လျှင် ဖြစ်ကောင်းပါစေ။ သင်္ခါရလောကအရ ဖြစ်သော သင်္ခါရတရား ရုပ်နာမ်တရား တို့သည် ပညတ်ဖြစ်သည် ဟုကား မဖြစ်ကောင်းတော့ပေ။ စိတ်၊စေတသိက်၊ရုပ်တို့မှလွဲ၍ တခြားသော သင်္ခါရဟူ၍လည်း မရှိချေ။
ထို့ပြင် အရှုခံ ရုပ်နာမ် မှန်ပါစေ ရှုဥာဏ် မဂ္ဂင်ငါးပါး မှန်ပါစေ၊ သတိ ဗိုလ်အဖြစ်သို့ ရောက်နေပါစေ၊ ယောနိသော မနသိကာရ မှန်ပါစေ၊ ထိုသို့ မှန်သော်လည်း ရှုပုံရှုဟန်သည် ဝေဒနာ၊ဝေဒနာ၊ဝေဒနာ၊ ၀င်လေ ထွက်လေ၊ ၀င်လေ ထွက်လေ၊ ၀င်လေ ထွက်လေ ဟူ၍ ရှုရမည် မဟုတ်ပါ။ ၀င်လေ ထွက်လေ ၀ါယောရုပ်တရား၊ ဝေဒနာ စေတသိက်နာမ်တရား တစ်ခုခု၏ ဖြစ်ခြင်းသဘော တည်ခြင်းသဘော ပျက်ခြင်းသဘော (ပညတ်တို့ကို သိမြင်လျှက် ၁။ မမြဲခြင်း သဘောတို့ပါတကား၊ မမြဲခြင်း သဘောရှိသည် တရားတို့ပါတကား။ ၂။ ဆင်းရဲခြင်းသဘောတို့ပါတကား၊ ဆင်းရဲခြင်းသဘောရှိသည့် တရားတို့ပါတကား။ ၃။ အလိုသို့ မလိုက်ခြင်း သဘောတို့ပါတကား၊ အလိုသို့ မလိုက်ခြင်းရှိသည့် တရားတို့ပါတကား ဟူ၍သာ ရှုမှတ်နေရမည် ဖြစ်ပါသည်။
ဝင်လေ ထွက်လေ၊၀င်လေ ထွက်လေ၊ ဝေဒနာ ၊ ဝေဒနာ ဟူ၍ ရှုမှတ်နေမှုသည် ကိုယ်ရင်ငယ်ကလေးများ၏ စာကျက်နေမှုနှင့် အတူတူမျှသာ ဖြစ်ပေမည်။
ဤသို့သော စာကျက်မှုများ၌ သုတမယဥာဏ်မျှသာ ဖြစ်နိုင်သည်။ အနိစ္စလက္ခဏူပနိစ္စံ၊ ဒုက္ခလက္ခဏူပနိစ္စံ၊အနတ္တလက္ခဏူပနိစ္စံ ဟု ခေါ်ဆိုရသော ၀ိပဿနာဥာဏ် စိန္တာမယဥာဏ်တို့သည်ကား ဖြစ်ပေါ်နိုင်မည် မဟုတ်ချေ။
(ရုပ်နာမ်တခုခု၏ အနိစ္စလက္ခဏာကို ကပ်၍ ရှုမှ ၀ိပဿနာ၊ ဒုက္ခလက္ခဏာကို ကပ်၍ရှုမှ ၀ိပဿနာ၊ အနတ္တလက္ခဏာကို ကပ်၍ ရှုမှ ၀ိပဿနာ။ ၀ိပဿနာအမှန်ကသာလျှင် မဂ်ကိုဖြစ်စေနိုင်သည်၊ ၀ိပဿနာအတုကား လောကုတ္တရာ မဂ်ဖိုလ် ဖြစ်စေနိုင်မည် မဟုတ်ပါ)။
(၈)
“ထွက်လေ ၀င်လေ… ယောဂီတိုင်းလိုလို ရှုတတ်ပါတယ်။ ၀ိပဿနာ လွယ်လွယ်ကလေးဗျာ ထွက်လေကို သိတယ်၊ ၀င်လေကို သိတယ် ပြီးပြီ။ ‘ငါ….ခြေထောက်….နာတယ်’ လို့မှတ်နေရင် “ငါသည်လည်း မိစ္ဆာဒိဋ္ဌိ” “ခြေထောက်”သည်လည်း မိစ္ဆာဒိဋ္ဌိ၊ ‘နာ’သည်လည်း မိစ္ဆာဒိဋ္ဌိ။
ဒီလို မိစ္ဆာဒိဋ္ဌိ သုံးထပ်ကွမ်းနှင့် မှတ်နေသမျှ ကာလပတ်လုံး အပါယ်ဘေးက ပြေးမလွတ်ဘူး၊ ငါ့ခြေထောက် နာတယ်ဆိုရင် ‘ဝေဒနာ ဝေဒနာ’ လို့ပဲ မှတ်၊ အပါယ်ဘေးက လွတ်တယ်၊ ၀ိပဿနာဆိုတာ လွယ်လွယ်ကလေး” (ဟောတရားခွေ ၅၃-၅၉ မိနစ်)
စိစစ်ချက်။ ။ ယောဂီတိုင်းသည် ၀င်လေ ထွက်လေကို ရှုတတ်သူချည်း ဖြစ်သောကြောင့် ၀င်လေကို သိခြင်း၊ ထွက်လေကို သိခြင်းသည် အလွန်မှပင် လွယ်ကူလှပေသည်။ ယင်းသည်ပင် ၀ိပဿနာကိစ္စ ဟူပေ၏၊ ဤမျှလောက် လွယ်ကူစွာလှသော ၀ိပဿနာ သည် မဂ်ဥာဏ်နှင့်တော့ ဆိုင်မည်မဟုတ်ချေ။
ထွက်လေ- ၀င်လေ (၀ါယောရုပ်)၌ပါရှိသော ဖြစ်-တည်-ပျက် (အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊အနတ္တလက္ခဏာ)တို့ကို ရှုမှတ်နေမှ သိမြင်နေမှသာလျှင် ၀ိပဿနာ ဖြစ်နိုင်ပါသည်။
“ ငါ-ခြေထောက်-နာ” မိစ္ဆာဒိဋ္ဌိသုံးပါဟု ဆိုရာ၌လည်း လွယ်လွန်းလှပေသည်။ သက္ကာယ+အတ္တ+မိစ္ဆာဒိဋ္ဌိ ဖြစ်ခြင်းသည် ဤမျှ လောက် သဘောတိမ်လှသည် မဟုတ်ပေ။ ထို့ကြောင့်ပင် ပယ်စွန့်ရန် ခက်ခဲနေသည် မဟုတ်ပါလော။
မိစ္ဆာဒိဋ္ဌိ သုံးထပ်ကွမ်းနေလျှင် အပါယ်မှ မလွတ်ဟု ဆိုပြန်လေရာ ထိုအဆိုသာ မှန်လျှင် အပါယ်ဘေးမှ လွတ်ခွင့်ရသူဟူ၍ တစ်ယောက်မျှပင် မရှိနိုင်ကောင်းရာ။
ဤသို့ ဟောပြရာ၌ ငါ (=အတ္တ) ယူပုံတို့ကို သေချာလေ့လာ၍ ဂရုတစိုက် ဟောပြောသင့်ပါသည်။ အင်မတန်လွယ်ကူသော ၀ိပဿနာအယူအဆ၊ အင်မတန်တိမ်လှသော မိစ္ဆာဒိဋ္ဌိအယူအဆ တို့သည် မြတ်စွာဘုရား၏ တရားတော်များနှင့် မတန်လှချေ။
“ ဝေဒနာ-ဝေဒနာ” ဟုမှတ်လျှင် အပါယ်မှ လွတ်ကြောင်း ပါရှိသေးသည်။
(၁)။ ‘ဝေဒနာ’စသည်ကို ရှုမှတ်မှုဘက်က ကြည့်လျှင် အပါယ်ကျမည့်သူ ဟူ၍ တစ်ယောက်မျှ မရှိနိုင်။ (စာကျက်နေသူ ကိုရင်ကလေးများ လည်း ၀မ်းသာဖွယ်ပေတည်း။)
(၂)။ မိစ္ဆာဒိဋ္ဌိ ဖြစ်မှုဘက်က ကြည့်လျှင် အပါယ်ကျမည့်သူ ချည်းသာတည်း။ လုပ်ခွင့်ရမည့်သူဟူ၍ တစ်ယောက်မျှ မရှိ၊ အမှန်ကတော့ သက္ကယအတ္တဒိဋ္ဌိ ဖြစ်ရုံမျှဖြင့် အပါယ်ကျသည် မဟုတ်၊ သက္ကာယဒိဋ္ဌိ အားကြီးပါမှသာ အပါယ်ကျနိုင်သည်။
(၉)
“ယောဂီတိုင်း တွေ့ပါတယ်၊ ပြောတဲ့အတိုင်း လုပ်ကြည့်ပါ၊ တစ်ကြိမ်ထိုင်ရုံနှင့်ကိုပဲ တွေ့ပါတယ်၊ အဖြစ်- အပျက် ကို တစ်ကြိမ် တွေ့ပြီးတဲ့ ယောဂီဟာ စိတ္တသင်္ခါရတစ်ကြိမ် ချူပ်ပြီးဖြစ်လို့ ဥဒယဗယဥာဏ် ရရှိသူ ဖြစ်တဲ့အတွက်ကြောင့် အပါယ်တံခါးကို ‘ယခုဘ၀အတွက်’ ပိတ်သွားပါလိမ့်မယ်။ အဖြစ်- အပျက် ကို တစ်ထိုင်တည်းနှင့် မြင်သွားတဲ့အတွက် အပါယ်တံခါး ပိတ်ပါတယ် ဆိုတာ ဒုတိယပိုင်းကျရင် တွေ့ပါလိမ့်မယ်” (ဟောတရားခွေ အဆုံး)
“ အဲဒီလို ဖြစ်ခြင်းသဘော ပျက်ခြင်းသဘော ကလေးကို တစ်ကြိမ်တစ်ခါ တွေ့ဖူးပြီဆိုရင် စိတ္တသင်္ခါရတစ်ကြိမ် ချူပ်ပြီးတော့ ဥဒယဗယဥာဏ် ၀ိပဿာနာဥာဏ်လို့ ခေါ်ပါတယ်။ အဲသလို ၀ိပဿာဥာဏ် တစ်ကြိမ်တစ်ခါ ရရှိသွားသော ပုဂ္ဂိုလ်တို့သည် ယခုဘ၀မှ အပါယ်တံခါး ပိတ်တော့တာပါပဲ” (ထိုင်တရားခွေ ၂၇-မိနစ်)
စိစစ်ချက်။ ။အထက်ပါဟောပြောချက်တို့တွင် “ အပါယ်တံခါးကို ယခုဘ၀အတွက် ပိတ်” ဟုလည်းကောင်း၊ “ ယခုဘ၀မှာ အပါယ်တံခါးပိတ်” ဟုလည်းကောင်း ပါရှိပါသည်။ ဆိုလိုချက်မှာ “ ယခုဘ၀အတွက် ဟူရာ၌ ယခုဘ၀မှ ကွယ်လွန်ရပြီးလျှင် နောင်ဘ၀ (ဒုတိယဘ၀)မှာ အပါယ်မကျ ဟု ဆိုလိုဟန်ရှိပါသည်။
“ ယခုဘ၀မှာ” ဟူရာ၌ ယခုဘ၀ ကွယ်လွန်ရချိန်မှ စ၍ သံသရာ ကျင်လည်ရသမျှ တလျှောက်လုံး အပါယ်မကျ ဟု ဆိုလိုဟန် ရှိပါသည်။ (တိကျပြတ်သားမှု မရှိသောစကားဖြစ်၏)
တရားထိုင်သူ မှန်သမျှသည် တစ်ကိုယ်လုံးကို ထိန်းထားရသည် ဖြစ်သောကြောင့် (၁) ခန္ဓာကိုယ်၏ နာကျင်မှု၊ ထုံကျင်မှုစသည် များ ဖြစ်ပေါ်လွယ်ပါသည်။ (၂) ၄င်းတို့၏ စဖြစ်မှု ပျောက်ကင်းသွားမှုတို့ကိုလည်း သိမြင်လွယ်ပါသည်။ ယင်းသို့သော အဖြစ်အပျက်တို့ကို သိမြင်ခြင်းသည် ဥဒယဗယဥာဏ်၏ သဘောခြင်းရာ မဟုတ်ပါ။ ၀ိပဿနာဥာဏ်လည်း လုံးဝမဟုတ်ပါ။
ထိုပြင် ယင်းသို့သော “ အဖြစ်အပျက်တို့ကို တစ်ကြိမ်မြင်လျှင် စိတ္တသင်္ခါရ တစ်ကြိမ် ချူပ်ပြီးသည်” ဟူရာ၌ စိတ္တသင်္ခါရဟူသည် အဘယ်တရားကို ဆိုပါသနည်း။ (တိကျစွာ ပါဖို့လိုပါ၏)
အကယ်၍ “ယင်းသို့သော ဖြစ်-ပျက် တွေ့ခဲ့ပြီးသူသည် နောင်အခါတွင် ကာမဂုဏ်အိမ်ရာကျူးနင်းမှု၊ ကျူးလွန်မှုမျိုး၊ ဒုစရိုက်မှုတို့ကို ပြုလုပ်လာသည်” ဟုဆိုလျှင် အပါယ်တံခါး ပိတ်ပါမည်လော။
ထိုစဉ်က ရွှေချမ်းသာမြိုင် ဓမ္မာရုံထဲ၌ ဖြစ် ပျက် မြင်သွားသူတိုင်းသည် နောင်အခါတွင် အပါယ်ကျလောက်သော ဒုစရိုက်မှုတို့ကို မပြုတော့သူများချည်းသာ ဖြစ်ကြသည် ဟူ၍ အာမခံနိုင်စရာ ရှိပါသလော၊ ဤသို့ ဆင်ခြင်၍ နောင်ရေးကို မျှော်တွေးမြင်မိကြလျှင် ယောဂီ ကိုယ်တိုင်သည်ပင် တစ်ကြိမ်တစ်ခါ ယင်းကဲ့သို့သော အဖြစ်အပျက် တွေ့ရုံမျှဖြင့် အပါယ်မလွတ်နိုင်ကြောင်း သိမြင်ကြလိမ့်မည်သာ ဖြစ်ပါ သည်။
“ ယခုဘ၀အတွက် အပါယ်တံခါးပိတ်” ဟုဆိုရာ၌ ယခုဘ၀သည် မနုဿဘုံ၌ ဖြစ်ခိုက်ဘ၀ ဖြစ်၍ အပါယ်မှ လွတ်နေသောဘ၀ ဖြစ်ပြီးသာပင် ဖြစ်ပါသည်။ နောင်တစ်ဘ၀သာ အပါယ်လွတ်လိမ့်မည် ဟု ဆိုလိုလျှင် ဒါန၊သီလ၊ သမထ ကုသိုလ်ထက် ပို၍ ထူးမြတ်သော ၀ိပဿနာကုသိုလ်ထူး မဟုတ်ချေ။ ကုသိုလ်ရရုံမျှ ဖြစ်သော ၀ိပဿနာအတုသာ ဖြစ်သည်။
နောင်ဘ၀တိုင်း အပါယ်မကျတော့ပြီ ဟုဆိုလိုလျှင်ကား လိမ်ညာမှုသာ ဖြစ်ပါသည်။ ဖေါ်ပြခဲ့သော အဖြစ်အပျက်မျိုးကို တစ်ကြိမ်တစ်ခါ တွေ့ရုံမျှဖြင့် သောတာပန် မဖြစ်နိုင်ပါပေ။
(ပြန်လည် ရှင်းပြချက်များကို မျှော်လင့်ပါသည်)

3 comments:

သန့်-တည်-ပွါး အာဘော်တွေလွန်နေတာ အစောကြီးကတည်းရိပ်မိပါတယ်။ ပြောလဲ ပြောဘူးပါတယ်။

ရန်ကုန်ရောက်နေစဉ်က ဦးဣန္ဒကြီး ကို ပါ။ သူတို့က ရင်းနှီးတဲ့ ဘော်ဘော်တွေ။ တပည့်တော်ဆီစာအုပ်တွေ ယူလာပေး ပြီးဖတ်ကြည့်တယ်။ အဲဒီစာအုပ်ပါတဲ့ အရိယာ မဂ်ပယ်စဉ် တွေ့ကတည်းက..မဟုတ်တော့ ဘူး..လို့။ အနုသယ ယမိုက်နဲ့ ကွဲလွဲနေတယ်။

ဘိတ်သူဌေး..ပိုက်ဆံ တတ်နိုင်တော့..သံဃနာယက နဲ့ သာသနာရေးဝန်ကြီးဌာန ကိုအပီပေါင်းထားနိုင်တော့ ...မ.ဟ.န လည်း နာစေးနေပြီထင်တယ်။

ခက်တော့ခက်ပါတယ်ဘုရား
ခုဖြစ်နေတာတွေက သူတို့ က ကင်းလွတ်ခွင့်မယူတာလဲပါတယ်ဘုရား
တနေ့ တနေ့ ထွက်နေတဲ့ ဘာသာရေးစာတွေကို အကုန်လိုက်စီစစ်ဘို့ ကလဲ မ.ဟ.န မှာ အချိန်မရှိ
နောက်ဆုံးတခုက မ.ဟ.န က အမှားပါလို့  ဆုံးဖြတ်ပြီးတောင် အရေးယူဘို့ ကျတော့ အင်းးး
အရှင်ဘုရားလဲ အသိသားနဲ့  ။
တခါတလေတော့တွေးမိပါတယ်ဘုရား ။ အဲလိုအမှားတေါသာ လိုက်ပြင်ရရင် ကိုယ့်အလုပ်တောင် လုပ်ချိန် မရှိဖြစ်တော့မှာဘဲ ဘုရား

Sayadaw,
I dont know well about Dhamma. But I do know most of TTP yogi. As the article said, their method maybe wrong. Everyone has different view. It's normal issue that every religions face.

Now I just would like to request to change the Topic title here. Thant Ti Phwar maybe wrong as the writer said. But that doesn't mean they are not clean in morality and in their practice of Dhamma. "Wrong" and "Not Clean" is totally different topic. You can talk to them they are wrong or their method is wrong. But You cannot simply blame them that they are not clean. The topic name you choose is not the original of writer. You can use back the original topic or any related topic. Now the article and your topic title doesn't match at all. The article shows the critical view and your title show your personal view. Thanks...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More