မွေးနေ့ပွဲသို့ လာရောက်ကြသော ဧည့်သည်များအား တစ်ခုခုဖြင့် ဧည့်ခံကျွေးမွေးကြသည်။ အချို့ဆိုလျှင် ယာမကာဖြင့် ဧည့်ခံကြ သည့်အတွက် အရှိန်လွန်အောင်သောက်ကာ လူမှန်းသူမှန်းမသိဖြစ်ခဲ့ကြရသည်လည်းရှိကြပေသည်၊ ထို့အပြင် မွေးနေ့အထိမ်းအမှတ်ဖြင့် ခေတ်မှီတီးဝိုင်းအား ငှားရမ်းကြသေးသည်။ထိုမွေးနေ့ပွဲမျိုးမှာ ပြည်ပနိုင်ငံများ၌ အများဆုံးလုပ်ကြပေသည်။
စာရေးသူတို့ မြန်မာနိုင်ငံတွင် ယခင်က မွေးနေ့ပွဲ လုပ်လေ့လုပ်ထ မရှိပေ။ ယခုအခါ လူများသာမက ရဟန်းသံဃာတော်များပါ မကျန် လုပ်လာကြသည်ကို တွေ့မြင်ကြရသည်၊ ဤသည်ကိုပင် ခေတ်ရေစီးကြောင်း ပြောင်းလဲလာသည်ဟုလည်း ပြောကြလေသည်။
စာရေးသူတို့၏ စာပေနယ်ပယ်တွင် ကဗျာ စပ်ဆိုမှုနဲ့ပတ်သက်ပြီး ယခင်က ကာရံ နဘေများဖြင့် လိုက်ဖက်စွာ စပ်ဆိုခဲ့ကြသည်။ ယခုဆိုလျှင် ကာရံမဲ့ ကဗျာများပါ စပ်ဆိုလာကြသည်၊ ထိုခေတ်နှင့်အညီ ခေတ်မှီစွာ စပ်ဆိုခဲ့ကြသည့် ကာရံမဲ့ကဗျာများကို မော်လ်ဒန်ကဗျာ ဟုလည်း ခေါ်ကြပေသေးသည်။ ဤသည်ကား ယခင်နှင့်ယခုခေတ်ရေစီးကြောင်း ပြောင်းလဲလာသည့်သဘောကို ပြောခြင်းဖြစ်သည်။ (အပြစ်ဆိုခြင်းမဟုတ်ပါ။)။ စကားစပ်မိ၍ ပြောခြင်းဖြစ်သည်။
ပြောချင်သည်ကား မွေးနေ့အကြောင်းဖြစ်သည်။ တစ်ခါက အင်္ဂလန်နိုင်ငံမှ ဆရာဝန်ကြီးတစ်ယောက်က စာရေးသူအား မေးဖူးပါသည်။ “အရှင်ဘုရား….တပည့်တော်တို့ ငယ်စဉ်က မြန်မာနိုင်ငံမှာ မွေးနေ့ပွဲဆိုတာ မကြားဖူးပါဘူးဘုရား၊ အခုတော့ မွေးနေ့ပွဲကို လူများသာမက ရဟန်းသံဃာတော်များပါ မကျန်ပြုလုပ်နေကြပါပြီဘုရား…ဒီလိုလုပ်ကြတာဟာ ဘုရားအလိုတော်နဲ့ ကိုက်ညီမှု ရှိပါ့မလားဆိုတာကို သိချင်ပါ တယ်ဘုရား” ဟု မေးလျှောက်ဖူးပါသည်။
လောကတွင် ရဟန်းဖြစ်စေ လူဖြစ်စေ ဘုရားရှင်အလိုကျ မွေးနေ့ပြုလုပ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ဘုရားရှင်အလိုကျကား တစ်ခြားမဟုတ်၊ ကုသိုလ်ရရေးကို ရှေးရှုရမည် ဖြစ်သည်။ ထို့ကြောင့် လောကတွင် ဘာကိုပဲ အကြောင်းပြုပြု အကြောင်းသည် အဓိကမဟုတ် ကုသိုလ်ရရေးသည်သာ အဓိကဖြစ်သည်။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ညီတော်ဖြစ်သူ နန္ဒမင်းသားသည် သာသနာ့ဘောင်ဝင်ကာ ရဟန်းပြုခဲ့သည်။ နောင်တွင် သူသည် နတ်သမီးလိုချင်၍ တရားအားထုတ်ခဲ့ပေသည်။ ထိုအကြောင်းအရာမျိုးသည် ယခုခေတ်တွင် ပျက်ရယ်ပြုစရာတစ်ခု ဖြစ်နေပေမည်။ သို့သော်လည်း နတ်သမီးလိုချင်၍ တရားအားထုတ်ခဲ့သည့် နန္ဒမင်းသားသည် နောက်ဆုံးတွင် တရားထူးရကာ ရဟန္တာဖြစ်တော်မူခဲ့သည်။
သို့အတွက် အကြောင်းကောင်းသည် မကောင်းသည်မှာ ပဓာနမဟုတ် ကုသိုလ်ရရေးသာ အဓိကကျပါသည်။ မွေးနေ့ကို အကြောင်းပြုပြီး ဇာတ်ပွဲ အငြိမ့်ပွဲငှားကာ ပြသမည့်အစား ရဟန်းသံဃာများအား စွမ်းနိုင်သလောက် ပင့်ဖိတ်ကာ လှူဒါန်းရုံသာမက၊ မွေးနေ့မှာ ဘ၀နာတစ်ခုခုပွား၊ စသည့် ကုသိုလ်ရရှိအောင် ပြုလုပ်နိုင်မည်ဆိုလျှင် ထိုမွေးနေ့ပွဲမျိုးသည် ဘုရားရှင်အလိုတော်ကျသည့် မွေးနေ့ပွဲမျိုး ဟု ဆိုရပေလိမ့်မည်။
တစ်ခါက အနာထပိဏ်သူဌေးကြီး၏ မြေးမလေး တစ်ဦးသည် သူ၏ အရုပ်ကလေး လက်မှလွတ်ကျပြီး ကျိုးပဲ့ပျက်စီးသွားသည့် အတွက် ၀မ်းနည်းစွာ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့သည်။ ထိုအဖြစ်ကို အဖိုးဖြစ်သူ အနာထပိဏ်က မြင်သောအခါ မြေးလေးလည်း အငိုတိတ်စေ ကုသိုလ်လည်းရစေ ဟူသော ရည်ရွယ်ချက်ဖြင့် “ ငါ့မြေး…..မငိုပါနဲ့ တိတ်နော်…အဖိုးလေ…ကျိုးသွားတဲ့အရုပ်လေးအတွက် ကောင်းရာ သုဂတိရောက်အောင် မနက်ဖြန်မှာ ဘုရားအမှူးရှိ သံဃာတော်များကို အိမ်ပင့်ပြီး ဆွမ်းကျွေးပေးမယ်လေ”၊ ဟု ချစ်လှစွာသော မြေးမလေးအား နှစ်သိမ့်လိုက်သည်။ အမှန်တကယ်လည်း နောက်တစ်နေ့မှာ ဘုရားအမှူးရှိသံဃာတော်များကို ပင့်ဖိတ်ကာ ဆွမ်းလှူဒါန်းခဲ့ သည်။ ယနေ့ခေတ်အမြင်နှင့်ကြည့်မည်ဆိုလျှင် ဒီသူဌေးကြီး ရူးများနေပြီလော ဟု ပျက်ရယ်ပြုစရာဖြစ်နေသည်။
သူဌေးကြီးသည် မြေးမလေး စိတ်ချမ်းသာပြီး ကုသိုလ်ရပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် အကြောင်း မဟုတ်သည်မှာ မှန်သော်လည်း ဘုရားရှင်အားပင့်ကာ ကုသိုလ်ပြုခဲ့သည့်အတွက် ကုသိုလ်များ ရရှိခဲ့ပေသည်။
ထိုကြောင့် မြန်မာနိုင်ငံတွင် ရဟန်းဖြစ်စေ လူဖြစ်စေ မွေးနေ့အထိမ်းအမှတ်ဖြင့် ကုသိုလ်ရရေး ရှေးရှုမည်ဆိုပါက ဘုရားအလိုတော်ကျ ဖြစ်ပါကြောင်း အင်္ဂလန်က ဆရာဝန်ကြီးအား အဖြေပေးလိုက်ရသည်။
စာရေးသူတို့ကျောင်းတွင်လည်း မကြာခဏဆိုသကဲ့သို့ မွေးနေ့ဆွမ်းများ လာရောက်လှူဒါန်းကြသည်။ မွေးနေ့ကျရောက်တိုင်း ဆွမ်းလှူကြခြင်းသည် ကုသိုလ်ရသည့်အတွက် ကောင်းသောလုပ်ရပ်တစ်ခုဖြစ်ပေသည်။ မွေးနေ့ ကျရောက်ပြီဆိုလျှင် သတိထားစရာ တစ်ခုက မိမိအသက် တစ်နှစ်ကြီးလာခြင်းပင်၊ ယခုနှစ် မွေးနေ့သည် ယခင်နှစ်မွေးနေ့နှင့် မတူနိုင်တော့ပေ။ ဘာကြောင့်ဆိုရင် သေဖို့အတွက် တစ်နှစ် နီးလာသောကြောင့် ဖြစ်သည်။ ထို့ကဲ့သို့ သေခြင်းတရားကို မေ့လျော့မထားဘဲ မွေးနေ့ကျရောက်တိုင်း သေဖို့ရာ နီးကပ်လာချေပြီ ဟု နှလုံးသွင်းနိုင်ပါက ထိုနှလုံးသွင်းခြင်းမျိုးသည် ကောင်းသော နှလုံးသွင်းခြင်းမျိုးဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့ မွေးနေ့ပွဲတွင် ကုသိုလ်ရနိုင်သည့် လုပ်ငန်းများကို ပြုလုပ်ပြီး သေခြင်းတရားကိုလည်း နှလုံးသွင်းဆင်ခြင်နိုင်မည်ဆိုပါက ထိုမွေးနေ့ပွဲသည် “ မွေးနေ့နှင့်တူသော မွေးနေ့ပွဲ” ဟု တင်စားပြောလိုက်ရပါသည်။
ဤနေရာ၌ သေခြင်းတရားကို နှလုံးသွင်းခြင်းဖြင့် လက်ငင်းရရှိနိုင်သည့် အကျိုးတရားမှာ ကုသိုလ် ဖြစ်ပါသည်။ ထိုအပြင် သေခြင်းတရားကို ပွားများခြင်းဖြင့် သေခါနီးတွင် တုန်လှုပ် ခြောက်ခြားမှု နည်းပါးသွားကာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်သည်။
ဥပမာ လူတစ်ယောက်သည် ဆန်းကြယ်သည့် ပစ္စည်းတစ်ခုကို ရရှိခါစမှာ ဆန်းကြနေပေမယ့် အချိန်ကြာလာလျှင် ထိုပစ္စည်းမှာ ထိုသူ့အတွက် မဆန်းတော့ဘဲ ရိုးအီသွားသကဲ့သို့ပင် သေခြင်းတရားကို ဆင်ခြင်ဖန်များသည့် သူများမှာ သေခြင်းတရားသည် အဆန်း မဟုတ်တော့ပေ။
ပုထုဇဉ်လူသားတို့သည် သေရတော့မည် ဟုသိလိုက်ရသည့်အချိန်တွင် စိတ်က တုန်လှုပ်ခြောက်ခြားပြီး ဆောက်တည်ရာမရ ဖြစ်တတ်ကြပါသည်။ ဒါပေမယ့် “ငါသည် တစ်နေ့သေရမည် ၊ အချိန်မရွေးသေနိုင်သည်” ဟု သေခြင်းတရားကို နေ့စဉ်ဆင်ခြင်သော သူများမှာတော့ စိတ်ဂယောင်ခြောက်ခြားမှု ကင်းကာ တည်တည်ငြိမ်ငြိမ်ဖြင့် သေခြင်းတရားကို ရင်ဆိုင်နိုင်ကြသည်။
ထိုအကြောင်းနဲ့ပတ်သက်ပြီး အနည်းငယ်ပြောပါဦးမည်။ တစ်ခါက ဘုရားအလောင်းတော်ဘ၀၊ လယ်သမားဖြစ်စဉ်အခါက ဘုရားအလောင်းတော်ဖခင်အပါအ၀င် ဇနီး၊ သား၊သမီး၊ ချွေးမ၊ ကျွန်မ ဟူ၍ မိသားစု (၆)ယောက်ရှိသည်။ ထိုအခါ မရဏာနုဿတိ သေခြင်းတရားကို ဆင်ခြင်ပွားများဖို့ရာ ဖခင် ဘုရားအလောင်းတော်က သြ၀ါဒပေးသောကြောင့် မိသားစုများ နေ့စဉ် သေခြင်းတရားကို ပွားများခဲ့ကြသည်။ တစ်နေ့တွင် သား ဖြစ်သူ မြွေကိုက်၍ သေဆုံးသွားရသည်။ သားတစ်ယောက်သေဆုံးသွားတာကို ဖခင်ကြီးအပါအ၀င် ကျန်ရစ်သူ မိသားစု (၄)ယောက်လုံးမှာ ၀မ်းနည်းမှု မရှိသည့်အပြင် ငိုကြွေးခြင်းလည်း မပြုကြချေ။ ဤသည်မှာ သေခြင်းတရားကို ပွားများသည့် အကျိုးကျေးဇူးပင်ဖြစ်သည်။
တဖန် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်အများစု၏ မွေးနေ့ပွဲ ပြုလုပ်ကျင်းပကြခြင်းအပေါ် သုံးသပ်ရလျှင် အသက်ရှည်ချင်သည့် အကြောင်းတစ်ခုလည်း အပါအ၀င် ဖြစ်သည်။ မှန်ပါသည် ၊ အသက်ကို ကုသိုလ်ဖြင့် ဆက်ခြင်း ဆိုသည့်အတိုင်း အသက်ရှည်ဖို့အတွက် ကုသိုလ်နှင့် ဆက်ကြခြင်းပင်။ ဆိုရေးရှိက ဆိုအပ်စွ ဆိုသကဲ့သို့ ပြောရပေဦးမည်။
မြတ်စွာဘုရားရှင် သက်တော် ထင်ရှားရှိစဉ်ကာလတုန်းက ပုဏ္ဏား တစ်ယောက် ရှိခဲ့ဖူးသည်။ ထိုပုဏ္ဏားကား ဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ်၊ ဘာသာခြား တစ်ယောက်ဖြစ်သည်။
တစ်နေ့သောအခါ ဘုရားရှင်နှင့် ပုဏ္ဏားတို့သည် လမ်းခရီးတစ်ခုတွင် တွေ့ဆုံခိုက် ဘုရားရှင်က “ အသင်ပုဏ္ဏား….သင်ဟာ ဘယ်နေ့ ဘယ်အချိန်မှာ သေလိမ့်မယ်၊ သင်သေရင် မျောက် ဖြစ်လိမ့်မယ်” ဟု ပုဏ္ဏားအား ကြိုတင် ဟောကိန်းထုတ်လိုက်ပါသည်။
အိမ်ပြန်ရောက်သောအခါ ပုဏ္ဏားက “ ငါသေတော့မယ် ဆိုပါလား၊ ရဟန်းကြီးဂေါတမရဲ့ စကားဟာ မှန်တာက များတယ်၊ ဒါဆိုရင်….ငါက တကယ်သေရတော့မှာပေါ့၊ ငါသေရင် မျောက်ဖြစ်မယ်လို့ တောင် ပြောလိုက်သေးတယ်၊ ငါက တကယ်လည်း သေရင် မျောက်ဖြစ်တော့မှာလား” ဟု တွေးနေမိပါသည်။ ပုဏ္ဏားသည် ဘုရားရဲ့ဝါဒကို ယုံကြည်သူ မဟုတ်သော်လည်း ဘုရားရှင်ရဲ့ အပြော အဟောများဟာ ဒက်ထိ မှန်နေတယ်ဆိုတာကိုတော့ မျက်မြင်မို့ သူ မငြင်းလိုပေ။
သို့နှင့် ပုဏ္ဏားကြီးသည် အချိန်ကျရင် သေဆုံးပြီး မျောက်ဖြစ်မည် ဟု ဘုရားစကားတော်ကို ( မှန်သည်က များသော ဗေဒင်ဆရာအား ယုံကြည်မှုမျိုးဖြင့်) ယုံကြည်ကာ သူသေက မျောက်ဖြစ်လျှင် အဆင်သင့် စားသုံးနိုင်စေရန် သူ၏ ဥယျာဉ်ထဲတွင် သူကိုယ်တိုင် စားပင်များကို စိုက်ပျိုးပါလေတော့သည်။ အချိန်ကြာလာသောအခါ စိုက်ထားသော အပင်များ ကြီးထွားလာကာ အသီးများလည်း သီးလာခဲ့ပေသည်။ ထိုအခါ ခရီးသွား လူများသည် ပုဏ္ဏား၏ ဥယျာဉ် အနီးသို့ ရောက်သောအခါ ဗိုက်ဆာသည့်အတွက် ခရီးကြုံခိုက် ဥယျာဉ်ထဲမှ အသီးများကို စားချင်၍ တောင်းကြသောအခါ ပုဏ္ဏားကလည်း ကြည်ကြည်ဖြူဖြူဖြင့် ပေးကမ်းလေတော့သည်။
ဤသို့ဖြင့် ဘုရားရှင် ဟောကိန်းထုတ်ထားသည့် အချိန်သို့ ရောက်လုနီးသောအခါ ပုဏ္ဏားသည် သေဖို့ရာ အချိန်ကို စောင့်စားရင်း နေလေတော့သည်။ သူအဖို့ မျောက်ဖြစ်လျှင် စားရန်အသီးများက အဆင်သင့်ဖြစ်နေ၍ သေဖို့ရာ အဆင်သင့်ဖြစ်နေပေသည်။ ဒါပေမယ့် သေဆုံးရန် အချိန်ကျော်လွန်သွားပေမယ့် ပုဏ္ဏားကား အသက်မသေခဲ့ပေ။
ထိုအကြောင်းကို ပုဏ္ဏားသည် ဘုရားရှင်ထံသွားရောက်ကာ “ ရဟန်းကြီးဂေါတမ…သင်က သေမယ်ဆိုလို့ သေမယ့်အချိန်ကို စောင့်နေတာ အခုတော့ မြင်တဲ့အတိုင်း ငါ မသေသေးပါဘူး” ဟု ပြောလေသည်။
ထိုအခါ ဘုရားရှင်က “ ပုဏ္ဏား…ငါဘုရားပြောတာ မမှားဘူး၊ သင် ဒီအချိန်ကျ သေမယ်ဆိုတာလည်း မှန်တယ်၊ ဒါဖြင့်ဘာဖြစ်လို့ မသေတာလဲဆိုရင် သင်ဟာ ငါဘုရားက သေမယ်လို့ ပြောပြီးတဲ့နောက်ပိုင်း သေတဲ့အခါ မျောက်ဖြစ်ရင် အဆင်သင့်စားဖို့အတွက် အသီးပင်ကို သင်ကိုယ်တိုင် စိုက်ပျိုးတယ်၊ အသီးသီးလာတော့လည်း ခရီးသွားတွေကို ကြည်ဖြူစွာ ပေးလေ့ရှိတယ်။ ဒီလိုပေးလှူရတဲ့ ကုသိုလ်တွေကြောင့် သေချိန်ရောက်ပေမယ့် သေကံမရောက် အသက်မပျောက်ခဲ့ပါဘူး..” ဟု ပြန်လည်မိန့်ကြားလိုက်ပါသည်။
ထိုအဖြစ်အပျက်အရ…..မိမိအသက်ကို မိမိပြုသည့် ကုသိုလ်က ဆက်ပေးပါသည်။ လောကတွင် သေခြင်းလေးမျိုးရှိပေသည်။ အသက်ကုန်၍သေခြင်း၊ ကံကုန်၍သေခြင်း၊ အသက်တမ်းရော ကံပါကုန်၍သေခြင်း၊ သူတစ်ပါးပယောဂကြောင့်သေခြင်း တို့ဖြစ်သည်။ ထိုသေခြင်းလေးမျိုးတွင် မည်သည့်သေခြင်းမျိုးဖြင့် သေမည်ကိုကား ဘုရားမှတစ်ပါး မည်သူမှ ကြိုတင်ဟောကိန်းထုတ်၍ မရနိုင်ပေ။ အကယ်၍ မိမိသည် ထိုသေခြင်းလေးမျိုးအနက် ကံကုန်၍သေခြင်းမျိုးဖြင့် သေမည်ဆိုပါက ဒါန၊ သီလ၊ ဘ၀နာတရားများ အားထုတ်ခြင်းစသည့် ကုသိုလ်တရားများကို ပြည့်စုံသထက်ပြည့်စုံအောင် အားထုတ်ခြင်းဖြင့် မိမိအသက်ကို ဆက်လက်ရှင်သန်ခွင့်ရ နိုင်မည် ဖြစ်ပါသည်။
အချူပ်ဆိုရသော် အသက်ကို ကုသိုလ်နှင့် ဆက်မည်ဟု ရည်ရွယ်ကာ မိမိမွေးနေ့အထိမ်းအမှတ်တွင် ရဟန်းသံဃာတော်များအား ဆွမ်းကပ်ခြင်း၊ တရားနာခြင်း၊ဘုရားဂုဏ်တော်ပွားများခြင်း၊မေတ္တာပို့ခြင်း၊ စသည့် ကုသိုလ်လုပ်ငန်းများ ပြုလုပ်ခြင်းဖြင့် “မွေးနေ့နှင့်တူသော မွေးနေ့ပွဲ” ဖြစ်အောင် ပြုလုပ်နိုင်ပြီး မွေးနေ့ပွဲပေါင်းများစွာ ကျော်ဖြတ်နိုင်သည့်သူများ ဖြစ်ကြပါစေ ဟု ဆန္ဒပြုရင်း….
စိတ်နေသန့ှ်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
30.3.2009၊7း 56 AM