နောက်တစ်ခု တုနှိုင်းမမီ ဥစ္စာပစ္စည်းကား လူသားတို့၏ အရည်အသွေးတစ်ခုဖြစ်သည့် ကိုယ်ကျင့်တရားဖြစ်ပါသည်။ ထိုကိုယ်ကျင့်တရားနှင့်စပ်လျဉ်း၍ တုနှိုင်းမမီ(၃)တွင် သီလအရိပ် ဆိုပြီး ရေးသားခဲ့ပြီးပါပြီ၊ သို့သော် ပို၍ပြည့်စုံသွားအောင် ကျန်တာလေးတွေကို ဆက်လက်ရေးသားပေးပါဦးမည်။
ကိုယ်ကျင့်တရားသည် ၀ါရိတ္တသီလနှင့်စာရိတ္တသီလ ဟုနှစ်မျိုးရှိပေသည်။ ၀ါရိတ္တဆိုသည်မှာ တားမြစ်ထားခြင်းဖြစ်သည်။ အဘယ်ကြောင့် တားမြစ်ရပါသနည်းဟူမူ ဥပမာ- မီးကို ကိုင်လျှင် ပူလိမ့်မည်၊ ပူမှာစိုး၍ မကိုင်ပါနှင့် ဟု တားမြစ်ထားသလို သူတစ်ပါးအသက် မသတ်ပါနဲ့ သတ်လို့ရှိလျှင် ပါဏာတိပါတ၏ ခါးသီးသော တုံ့ပြန်မှုကို ခံရပေလိမ့်မည်။ ထို့ကြောင့် ပါဏာတိပါတ စတာတွေကို မလုပ်ပါနှင့် ဟုတားမြစ်ထားတာကို ၀ါရိတ္တသီလ ဟုခေါ်ပေသည်။ စာရိတ္တသီလဟူသည် ကျင့်ရမည်ဟု သတ်မှတ်ထားသည့် လူသားတို့၏ ဆရာဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ တပည့်ဝတ်၊ လင်ကျင့်ဝတ်၊မယားကျင့်ဝတ်စသည့် ကျင့်ဝတ်ဆိုင်ရာများကို ကျင့်သုံးခြင်းသည် စာရိတ္တသီလဖြစ်ပါသည်။
ဤတွင် ၀ါရိတ္တသီလနှင့်ပတ်သက်၍ (ပါဏာတိပါတ ဝေရာမဏိ) သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟု ဆောက်တည်ရုံမျှနှင့် မပြည့်စုံနိုင်ပေ၊ အဘယ့်ကြောင့်နည်း သီလဆောက်တည်ထားသော်လည်း အသက်အန္တရာယ်ကို အကာအကွယ်ယူရန်ဟုဆိုကာ အသက်သေစေနိုင်သည့် လက်နက်တွေကို မိမိလက်ဝယ် ထားရှိမည်ဆိုပါကလည်း ပါဏာတိပါတ သီလ မပြည့်စုံနိုင်သည်ကို သတိထားရပေမည်။ အဒိန္နဒါနာ သူတစ်ပါးပစ္စည်းကို ခိုးခြင်းမှရှောင်ကြဉ်ပါသည်ဟု စောင့်ထိမ်းထားသော်လည်း အရှင်မပေးသော ပစ္စည်းကို အပ်တစ်ချောင်းမျှပင်ဖြစ်စေ မသိဘဲ ရယူလိုသောစိတ်ဖြင် ကိုင်ရွှေ့လိုက်မည်ဆိုက အဒိန္နဒါနာ သိက္ခာပုဒ် မပြည့်စုံနိုင်သည်ကို သတိထားရပါမည်။ ကာမေသုမိစ္ဆာစာရ နှင့်ပတ်သက်ပြီး ယောင်္ကျားဆိုလျှင် သတ်မှတ်ထားသော အမျိုးသမီး(၂၀)ကို မသွားလာဘဲ ရှောင်ကြဉ်မှသာလျှင် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ပြည့်စုံနိုင်ပေသည်။ အမျိုးသမီးဆိုလျှင် တစ်ခြားယောင်္ကျားကို စိတ်နှင့်မျှ မပြစ်မှားမှသာလျှင်ဲ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် ပို၍ ပြည့်စုံပါသည်။ လိမ်ပြောခြင်းမှ ရှောင်ကြဉ်သော မုသာဝါဒသိက္ခာပုဒ်ကို စောင့်ထိမ်းထားရုံမျှမက (သစ္စ၀ါဒီ) မှန်၍အကျိုးရှိသောစကားကို ပြောဆိုမှသာလျှင် မုသာဝါဒသိက္ခပုဒ် ပြည့်စုံနိုင်ပေသည်။ အရက်သေစာသောက်စားခြင်းသည်လည်း စောင့်ထိမ်းရုံမျှမဟုတ် ကိုယ်တိုင်လည်း မူးယစ်စေတတ်သည့် အရာများကို၊ ထမင်းစားခါနီး ဟုဆိုကာ အကြောင်းပြ၍ ဆေးဖြစ်ဝါးဖြစ်လောက်လည်း မမှီဝဲသင့်ပေ။ နည်းနည်းသောက်လျှင် ဘာမှမဖြစ်နိုင်ပါဘူးဆိုသူတွေဟာ မမူးသော်လည်း ကိုယ်ကျင့်သိက္ခာကျသွားခြင်း စိတ်ထွေပြားစပြုလာခြင်း၊ အမှန်ကိုမဆုံးဖြတ်နိုင်ခြင်းတို့ကြောင့် ကိုယ့်အရည်အသွေးတွေ ကျဆင်းသွားရလေတော့သည်။
ဆိုလိုသည်မှာ သီလ (morality) ကိုဆောင်တည်ရုံမျှဖြင့် မပြည့်စုံနိုင်၊ ကိုယ်တိုင်လည်း သီလတရားကို ကျင့်သုံးမှသာလျှင် ပြည့်စုံနိုင်ပေသည်။ ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်မှုကာလ ကြာမြင့်လာလေလေ ကိုယ်အရည်သွေး မြင့်မားလာလေလေဖြစ်ပေသည်၊ ထိုမှတစ်ဆင့် မြင့်မားလာသည့် ကိုယ်အရည်အသွေးကို အခြေခံကာ ၀ိပဿနာဘာဝနာတရားကို လက်တွေ့ ပွားများခြင်းဖြင့် ၀ိမုတ္တိရသ ဟူသည့် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်မှာ မလွဲပေ၊ ထို့ကြောင့် လူတော်လူကောင်းတစ်ယောက် ဖြစ် စေရန်(အရည်အသွေးမြင့်မားသည့်လူတစ်ယောက်ဖြစ်စေရန်) ကိုယ်ကျင့်တရားနှင့်ပြည့်စုံရပါမည်။
ဟိရီ သြတ္တပ္ပ (Shame to do evil, hiri ) (Fear to do evil, attapa)
လူ့အရည်အသွေးကို မြင့်မားလာစေနိုင်သော ကိုယ်ကျင့်တရားများ လုံခြုံပြည့်စုံစေရန်အတွက် ဟိရီ သြတ္တပ္ပ တို့သည် အခြေခံကျသော တရားများဖြစ်ပေသည်။ မကောင်းမှုပြုရမှာ ကိုယ့်ကိုယ်ကို ရှက်နေခြင်းသည် ဟိရီ မည်၏ ထိုဟိရီ တရားထားခြင်းသည် မိမိကိုယ်ကို လေးစားခြင်းဖြစ်၏။ အရှက်တရားကြောင့် မကောင်းမှုပြုလုပ်ခြင်းမှ ဝေးကွာသွားခြင်း ဖြစ်ပါသည်။ သြတ္တပ္ပတရားသည် မကောင်းမှုပြုလုပ်လျှင် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ ရှုတ်ချမှု အပြစ်တင်မှုကို စိုးရိမ်ကြောက်လန့်နေသည်၊ ထိုသြတ္တပ္ပတရား ထားခြင်းသည် ပတ်ဝန်းကျင်ကို လေးစားခြင်းဖြစ်၏။ ဤသို့ဖြင့် စိုးရိမ်ကြောက်လန့်မှုတို့ကြောင့် မကောင်းမှုပြုလုပ်ခြင်းမှ ဝေးကွာသွား ခြင်းပင်ဖြစ်ပါသည်။
ထိုတရားနှစ်ပါးသည် လောကလူသားများအား အရှက်၊အကြောက်ဟူသော စည်းကမ်းဘောင်အတွင်းကနေ မကျော်လွန်မိစေရန် စောင့်ရှောက်သည့်အပြင် မကောင်းမှုများမှ ရှောင်ကြဉ်ကာ လူသားလောကကို မပျက်စီးရအောင် စောင့်ရှောက်ပေးတတ်သောကြောင့် လောကပါလတရား (GUARDIAN OF THE WORLD) ဟုခေါ်ပါသည်။ လောကတွင် အမေနှင့်သား၊ အဖေနှင့်သမီး၊ မောင်နှင့်နှမ၊ သားနှင့် သမီး များအဖြစ်ဖြင့် နေရာမှန်ရပ်တည်နေနိုင်ကြသည်မှာ ထိုလောကပါလတရားနှစ်ပါးကြောင့်ပင်၊ အကယ်၍ ထိုလောကပါလတရားများ မရှိလျှင် လူသားတို့သည် မတွေးဝံ့သည့် အပြုအမူများကို ပြုလုပ်လာနိုင်သည် ၊ တိရစ္ဆာန်လောကတွင် လောကပါလတရား မရှိသောကြောင့် အမေနှင့်သား၊ အဖေနှင့်သမီး၊ မောင်နှင့်နှမ၊ သားနှင့် သမီး မှန်းမသိကြဘဲ ဖေါက်လွဲဖေါက်ပြန် ဖြစ်နေကြသည်၊ ထိုကြောင့် လူသားများပင် ဖြစ်သော်လည်း ထိုတရားနှစ်ပါးမရှိလျှင် တိရစ္ဆာန်နှင့်မည်သို့မျှ ထူးခြားမည် မဟုတ်ပေ။ ထို့ကြောင့် လောကကြီးကို သာယာစိုပြေစွာ အလှဆင်ပေးနိုင်ပြီး လူသားများအား လူတော်လူကောင်းတစ် ယောက်ဖြစ်စေရန် အထောက်အပံ့ပေးနိုင်သောကြောင့် ထိုလောကပါလတရားနှစ်ပါးသည် လူသားများအတွက် မရှိမဖြစ် ပြည့်စုံရမည့် တရားဖြစ်ပါသည်။ နောက်တစ်ခုပြည့်စုံရမှာက သုတ ဆိုသည့် အကြားအမြင်ပါ။
သုတ အကြားအမြင်နဲ့ပတ်သက်၍ တုနှိုင်းမမီ(၄)တွင် အကျယ်တ၀င့်ဖေါ်ပြပြီးဖြစ်၍ ဤတွင် မဖေါ်ပြတော့ပြီ။
စာဂ (Charity)
စာဂဟူသည် စွန့်ကြဲခြင်း လှူဒါန်းခြင်းတို့ဖြစ်သည်၊ စွန့်ကြဲခြင်းနှင့်လှူဒါန်းခြင်းသည်စွန့်လွတ်တာခြင်းအတူတူပင်ဖြစ်သော်လည်း သုံးစွဲသည့်နေရာဌာနအားဖြင့် မတူညီကြပေ၊ သိက္ခာဝါတော်ကြီးသော ပုဂ္ဂိုလ်က မိမိအောက်ငယ်သော သူအား ပေးကမ်းလျှင် စွန့်ကြဲပေးကမ်းသည်ဟု သုံးစွဲသကဲ့သို့ သိက္ခာဝါတော်ငယ်သောသူက ကြီးသောသူအား ပေးကမ်းလျှင် လှူဒါန်းသည်ဟု ခေါ်ဝေါသုံးစွဲကြသည်။ လူများက သံဃာတော်များကို ဆိုလျှင် လှူဒါန်းသည်ဟု ခေါ်ဝေါ်သုံးစွဲကြသလို လူသားအချင်းချင်းဆိုလျှင် ပေးကမ်းစွန့်ကြဲ သည်ဟု ခေါ်ဝေါ်သုံးစွဲကြသည်၊ မည်သို့ပင်ဆိုစေ စာဂတရား၏ သဘောကား စွန့်လွတ်မှုပင်ဖြစ်ပါသည်။
စာဂတရားနှင့်ပြည့်စုံသော လူတစ်ယောက်ကို ပတ်ဝန်းကျင် မိတ်ဆွေသင်္ဂဟများက ချစ်ခင်ကြပါသည်၊ အားကိုးကြပါသည်။ လူတစ်ယောက်ဟာ ရပ်ကွက်အတွက်ဖြစ်စေ၊ မြို့ရွာအတွက်ဖြစ်စေ လိုအပ်ရာရာ ပစ္စည်းများကို စွန့်လွတ် လှူဒါန်းနေလျှင် ထိုသူ့ကို မြို့ရွာနေလူများက ချစ်ခင်ကြသည်သည့်အပြင် ကိုယ်ပြောလိုက်သည့်စကားကိုလည်း ရိုသေစွာလိုက်နာကြကာ သြဇာတိက္ကမ ရှိသည်။ စာဂတရားမရှိဘူးဆိုပါလျှင် ‘ ဒီလူ ကပ်စီးနှဲလိုက်တာ’ ဟုဆိုကာ မည်သူမှ မိတ်ဆွေမဖွဲ့ကြသည့်အပြင် လူချစ်လူခင်လည်း မရှိတော့ပေ။ ပြောလိုက်သောစကားသည်လည်း အခွန်းတစ်ရာပြော၍ တစ်ခွန်းအရာမထင်ပေ။ ထို့ကြောင့် စာဂတရားသည် လူသားတို့အလယ်တွင် အစွမ်းထက်မြက်လှပေ သည်။
စာဂနှင့်ပတ်သက်၍ စိတ်ဝင်းဝင်စားဖွယ်ရာ အဖြစ်အပျက်တစ်ခုပြောပါဦးမယ်၊ ကဿပဘုရားရှင် လက်ထက်တော်က ဃဋိကာရ အမည်ရှိ အိုးဖုတ်သမားသည် ဘုရားသာသနာနှင့် လွန်စွာရင်းနှီးခဲ့ပါသည်။ တစ်နေ့သ၌ ကျောင်းတော်တွင် မြက်မိုးကုဋီကျောင်း တစ်ဆောင် ဆောက်လုပ်ရာ သက်ငယ်အမိုး လိုနေသည့်အတွက် ရဟန်းတော်များသည် ဃဋိကာရအိုးဖုတ်သမား၏ အိမ်က သက်ငယ်အမိုးကို သွားရောက်ဖြုတ်ကြစဉ် မျက်မမြင် မိဘနှစ်ပါးက “ ဒို့အိမ် အမိုးတွေလာဖြုတ်ကြတာ ဘယ်သူတွေလဲ” ဟု မေးသောအခါ “ ကျောင်းက ကိုယ်တော်တွေပါ ဒကာကြီး ဒကာမကြီး” ရဟန်းတော်များက ပြန်ဖြေပါသည်။ မျက်မမြင်မိဘနှစ်ပါးက “ ကျောင်းက ကိုယ်တော်တွေဆို ဖြုတ်ကြ……..ဖြုတ်ကြ” ဟု ပြောကြပါသည်။ ဃဋိကာရအိုးဖုတ်သမားသည် တောထဲက ပြန်လာ သောအခါ “ သားရေ…..မင်းကျောင်းက ကိုယ်တော်တွေ မြက်မိုးကုဋီကျောင်း ဆောက်လုပ်ရာမှာ သက်ငယ်အမိုး မလောက်သည့် အတွက် မင်းအိမ်က အမိုးကို လာဖြုတ်ကြပါတယ်” ဟုမိဘများကပြောသောအခါ ဃဋိကာရလည်း လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ ထိုကဲ့သို့ သူတို့ မိသားစု၏ ထက်သန်သောစေတနာဖြင့် စွန့်လှူလိုက်ရသောကြောင့် ဤဘဒ္ဒကမ္ဘာပတ်လုံး ဃဋိကာရအိုးထိန်းသည် မိသားစု နေခဲ့သည့်အိမ်နေရာတွင် အပြင်ဘက်က မည်မျှပင် မိုးရွာရွာ ယခုအချိန်အထိ မိုးမစိုဘူး။ ဤကား စာဂတရား၏ စွမ်းအားမြင့်မားပုံအခြင်းရာ ဖြစ်ပါသည်။
ထို့ပြင် ဒါနတော ဘောဂ ၀ါ ဟောတိ - စွန့်ကြံပေးကမ်းလှူဒါန်းဝေငှ မြတ်ဒါနကြောင့် ဖြစ်လေရာဘ၀ မျက်နှာမငယ်ဘဲ အထက်တန်းကျကျ ဖြစ်ရသည်။ ထို့ကြောင့် နိဗ္ဗာနံ ပါပကံ မူလံ = စွန့်ကြဲပေးကမ်းလှူဒါန်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း မူလအစ တရားကောင်းတစ်ခုဖြစ်ပေသည်၊ ဘ၀ သံသရာကျင်လည်ရာတွင် ထိုစာဂတရား ခေါင်းပါးသောကြောင့် အများနှင့်မတူ ဖြစ်လေရာဘ၀ အဆင့်အတန်းနိမ့်ကျစွာနေရသည့်အပြင် ပစ္ဆိမဘ၀ိက ဟူသည့် နောက်ဆုံးဘ၀ရောက်သည့်တိုင် နိမ့်ကျသောဘ၀ဖြင့် အရိယာရဟန္တာဖြစ်တော်မူရပေသည်။ ထို့ကြောင့် စာဂသည် ဘ၀သံသရာတွင် အများနှင့်မတူ အဆင့်အတန်းမြင့်မားပြီး နိဗ္ဗာန်တိုင်အောင် ပေါက်မြောက်စေနိုင်ကြောင်း အထောက်အပံ့ကောင်း ဖြစ်သောကြောင့် တုနှိုင်းမမီသည့် ဥစ္စာတစ်ခုဟု ရေးသားလိုက်ရပါသည်။
ပညာ (Knowledge)
ပညာသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သော အသိဥာဏ် ဖြစ်ပါသည်။ ထိုအသိဥာဏ်နှင့် ပတ်သက်၍ ဤနေရာတွင် သမ္ပဇဉ်တရား လေးပါးကို ပြောချင်ပါသည်။ သမ္ပဇည ၏ လိုရင်း အဓိပ္ပါယ်မှာ “အသိဥာဏ်” ပင်ဖြစ်ကြောင်း မဟာစည်ဆရာတော်ဘုရား ကြီး ရေးသားတော်မူခဲ့သည့် မဟာသတိပဋ္ဌာနသုတ်နိဿယ စာမျက်နှာ (၈၃-၈၄) မှတ်ချက်အဓိပ္ပါယ်တွင် ဖေါ်ပြထားပါသည်။ (သမ္ပဇည) အသိဥာဏ်သည် (၄)မျိုးရှိပါသည်။
၁။ အပြောအဆို အပြုအမူ စိတ်အကြံများအနက် တစ်ခုခုသည် အကျိုးရှိ/မရှိ ဆိုသည်ကို ဦးစွာ စဉ်းစားဆင်ခြင်ရပါသည်။ ဒီလုပ်ငန်းကို လုပ်လျှင် အကျိုးရှိနိုင်သည် ဟု သိရှိပါက ထိုအလုပ်ကို ပြုလုပ်ခြင်းဖြင့် ကိုယ့်ဘ၀ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်ပါသည်။ အကယ်၍ အကျိုးမရှိဟု သိရှိပါက ထိုအလုပ်ကို မလုပ်ဘဲ နေရမည်ဖြစ်ပါသည်။ ထိုသို့ အကျိုးရှိ/မရှိကို စဉ်းစားတွေးတောသည့် အသိဥာဏ်ကို သတ္ထကသမ္ပဇဉ် ဟုခေါ်ပါသည်။
၂။ အလုပ်တစ်ခုသည် အကျိုးရှိသော်လည်း လုပ်သင့်/မလုပ်သင့် စဉ်းစားဆင်ခြင်ရပါမည်။ အကျိုးမြတ်အများကြီး ရရှိမည့်လုပ်ငန်းတစ်ခုဖြစ်သော်လည်း အသက်အန္တရာယ်နှင့် မုချတွေ့ကြုံရနိုင်သည်ဟု သိလျှင် မည်မျှကောင်းကျိုးရမည် ဆိုစေဦးတော့ မလုပ်သင့် ဟု ဆင်ခြင်စဉ်းစားပြီး မလုပ်ပါနှင့်၊ အမျီုးသမီးတစ်ယောက်အား တရားစကားပြောပေးခြင်းဖြင့် အကျိုးရှိမည်ဟု သိသော်လည်း တရားစကား ပြောကြမည့် ထိုအမျိုးသမီးနှင့် ဆိတ်ကွယ်ရာတွင် နှစ်ယောက်ထဲ ဖြစ်ခဲ့ပါက အကျိုးရှိသည်ကို သိပေမယ့် မသင့်တော်သော ကြောင့် မပြုလုပ်ရပေ။ အကျိုးလည်းရှိမည် လုပ်လည်းလုပ်သင့်သည့်အရာကိုတော့ အသိဥာဏ်ဖြင့် စဉ်းစားကာ ပြုလုပ်ရပါမည်။ ထိုသို့ အကျိုးရှိသော်လည်း သင့်/မသင့် ကို ဆင်ခြင်စဉ်းစားသည့် အသိဥာဏ်သည် သပ္ပာယသမ္ပဇဉ် ဟုခေါ်ပါသည်။
ထိုတရားနှစ်ပါးသည် လောကရေးရာ /ဓမ္မရေးရာ နှစ်ပါးစလုံး ကျေးဇူးများပေ၏ ထိုတရား (၂)ပါးနှင့်ပြည့်စုံလျှင် လောကတွင် ကြီးပွားတိုးတက်စေနိုင်၏၊ ဓမ္မရေးရာတွင် သမထ ၀ိပဿနာအရာ၌ သမဓိ ပညာ တို့ကို လျင်မြန်စွာ ပြည့်စုံနိုင်ပေ၏၊ ထိုသမ္ပဇည တရား(၂)ပါး သည် သမထလည်းမဟုတ် ၀ိပဿနာလည်းမဟုတ်၊ သမထ၀ိပဿနာ၏ အခြေခံ အထောက်အပံ့မျှသာ ဖြစ်ချေ၏ ထိုသမ္ပဇဉ်(၂)ပါးကို ပါရိဟာရိကပညာ ဟု ၀ိသုဒ္ဓိမဂ်၌ ခေါ်ဆိုထားပါသည်။
၃။ ၀ိပဿနာတရားအားထုတ်နေသော ယောဂီမှာ ဥပါဒါနက္ခန္ဓာငါးပါးဟူသော ၀ိပဿနာ၏ အာရုံ၌ မပြတ်နှလုံးသွင်းမှု ရှုမှတ်မှုသည် ဂေါစရသမ္ပဇဉ် ဟုခေါ်ပါသည်။ သွားရပ်ထိုင်လျောင်းတို့တွင် မည်သည့်အမူအရာမျိုးကို မဆို သတိပဋ္ဌာန်လေးပါးတရားနှင့်တကွ ထိုအာရုံလေးပါးကိုပင် ယောဂီ၏ ကျက်စားရာနယ်ပယ်အပိုင်ဖြစ်သောကြောင့် ဂေါစရ ဟုလည်းကောင်း၊ ထိုလေပါး၌ မပြတ်သိမှတ်မှု အသိဥာဏ်ကိုပင် ဂေါစရသမ္ပဇဉ် ဟု ခေါ်ဆိုရပါသည်။ အချူပ်ဆိုရသော် ယောဂီသည် ၀ိပဿနာတရားအားထုတ်ရာတွင် မပြတ်အမှတ်သတိဖြင့် ရှုမှတ်မှုဖြင့် ပြည့်စုံခြင်းသည်ပင်လျှင် ဂေါစရာသမ္ပဇဉ် နှင့်ပြည့်စုံသည်ဟု ဆိုရပါသည်။ နိဗ္ဗာန်လိုလား ယောဂီများ သည် ဆိုခဲ့ပြီးသော ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံသထက်ပြည့်စုံအောင် ကြိုးစားမည်ဆိုပါလျှင် တရားထူးရနိုင်ပါကြောင်း အာဠိန္ဒကကျောင်းနေ မဟာဖုဿဒေ၀မထေရ်အကြောင်းကို အကျဉ်းမျှ ဖေါ်ပြပေးပါမည်။
မဟာဖုဿဒေ၀မထေရ်သည် ၁၉ နှစ်ပတ်လုံး ဆွမ်းခံကြွသောအခါ ရှုမှတ်မှုဖြင့်ကြွတော်မူပါသည်၊ ရှုမှတ်မှုလွတ်သွားလျှင် ထိုလွတ်သွားသော နေရာသို့ တဖန်ပြန်လာပြီး ရှုမှတ်မှုဖြင့် တဖန်ပြန်သွားလေ၏ ထိုကဲ့သို့ ရှုမှတ်မှုလွတ်ခဲ့သည်ထင်ရသော နေရာတိုင်းတွင် တဖန်ပြန်လာကာ ရှုမှတ်မှု(ဂေါစရသမ္ပဇဉ်)ဖြင့်ပြည့်စုံစေရန် အထူးကြိုးစားလျှက် တရားရှုမှတ်လာရာ အနှစ်(၂၀)မြောက် အတွင်းမှာ ရဟန္တာ ဖြစ်တော်မူခဲ့ပါသည်။
၎။ လမ်းမှား၍ မျက်စိလည်နေသောသူသည် အမြင်ရှင်းကာ လမ်းမှန်ရောက်သကဲ့သို့ ခန္ဓာငါးပါးရုပ်နာမ်တရားအပေါ်ဝယ် အသိရှင်းအမြင်ရှင်းသွားသည်ကိုပင် အသမ္မောဟသမ္ပဇဉ် ဟုခေါ်ပေသည်။
ရှင်းလင်းပါဦးအံ့၊
ယောဂီသည် သွား ရပ် ထိုင် လျောင်း စသည်တို့၌ မပြတ်နှလုံးသွင်းရှုမှတ်လျှက် ကနေ ရှုမှတ်မှုစွမ်းရည် မြင့်မားလာလျှင် ဖြစ်ပေါ်သမျှသော သဘောတရား အာရုံတစ်ခု၊ ထိုအာရုံကို သိနေတာကတစ်ခုဟု ခန္ဓာတွင် သိမြင်လာပါသည်၊
ထိုမှတစ်ဖန် ရှုမှတ်မှုဥာဏ်စွမ်းအား မြင့်မားလာသောအခါ ဖြစ်ပေါ်သမျှသော သဘောတရားများသည် ပေါ်လာပြီးနောက် ပျောက်ပျက်သွားသည်ဟု ရှုမှတ်ဆဲတွင် တီဗွီဖန်သားပြင်၌် မြင်ရသလို ပြတ်သားစွာ အသိအမြင်ရှင်းသွားပါသည်။ ထိုသို့ မပြတ်ရှုမှတ်ဆဲတွင် အသိရှင်းသွားသည်ကိုပင် အသမ္မေဟသမ္ပဇဉ် ဟုခေါ်ဆိုရပါသည်။ ထိုအသိအမြင်ရှင်းသည့် အသမ္မေဟသမ္ပဇဉ်သည် မပြတ်ရှုမှတ်မှု (ဂေါစရသမ္ပဇဉ်)အတွင်းမှာသာ ဖြစ်နိုင်သည်၊ တွေးတော၍ဖြစ်စေ၊ ရှုမှတ်မှုကွာဟနေ၍ဖြစ်စေ အသိဥာဏ်မဖြစ်လာနိုင်ဟူလို။
အချုပ်ဆိုရသော် အသိဥာဏ်ဟူသည့် ပညာသည် လောဘ ဒေါသ မောဟ စသောကိလေသာများ မဖြစ်စေရန် ထိန်းချုပ်(Control) ပေးနိုင်သောကြောင့် လူသားများအား စိတ်စွမ်းရည်မြင့်မားစေပါသည်။ ထို့ကြောင့် အသိဥာဏ်သည် လူသားများအတွက် မည်သည့်အရာနှင့်မျှ တုနှိုင်း၍ မမီနိုင်အောင်ပင် အစွမ်းထက်လှပေသည်။
ဖေါ်ပြခဲ့ပြီးသည့် ဥစ္စာ (၇)မျိုးသည် လူ့အရည်အသွေးကို မြင့်မားစေပြီး အထွဋ်အထိပ်သို့ ရောက်စေနိုင်သောကြောင့် စာဖတ်သူများသည် ထိုတုနှိုင်းမမီ ဥစ္စာ (၇)မျိုးကို ရယူသုံးစွဲခြင်းဖြင့် အရည်အသွေးမြင့်မားသည့်ဘ၀တိုင် လျှောက်လှမ်းနိုင်ကြသည့် လူတော်လူကောင်းများ ဖြစ်ကြပါစေကြောင်း ရေးသားလိုက်ရပါတော့သတည်း။
Saturday, May 10, 2008
တုနှိုင်းမမီ(၁၀)
Posted in: ဆောင်းပါး
0 comments:
Post a Comment