Thursday, May 15, 2008

တုနှိုင်းမမီ(၁၂)

မြတ်ဗုဒ္ဓသည် တရားဒေသနာ ဟောဖေါ်ညွန်ကြားရာတွင် လူတို့၏ အဇ္ဈာသယနှင့်လျော်ညီစွာ လူ၊နတ်၊ဗြဟ္မာများ နားလည်သဘော ပေါက်စေရန် မြင်းသမားလာလျှင် မြင်းဥပမာ၊ နွားသမားလာလျှင် နွားဥပမာ၊ တံငါသည်လာလျှင် တံငါဥပမာ၊ ဇနီးမောင်နံနှင့်ပတ်သက်သာလျှင် အိမ်ထောင်ရေး အဆင်ပြေစေရန် ဓမ္မနှင့်လျော်ညီစွာအမျိုးမျိုးအဖုံဖုံဖြင့် ဓမ္မရေးရာများကို ကျွမ်းကျင်ပြောင်မြောက်စွာ ဟောကြားတော်မူခဲ့သည့်အပြင် ဓမ္မနှင့်ပတ်သက်လာလျှင် အကျိုးရှိမည်ဆိုပါက လူနတ်ဗြဟ္မာ မည်သူပင်ဖြစ်စေ သားတော်ရာဟုလာ ပမာကဲ့သို့မခြား စိတ်တော်ထားကာ ဟောကြားဆုံးမ ချေချွတ်တော်မူခဲ့ပါသည်။

ထိုသို့ မြတ်ဗုဒ္ဓဆုံးမတော်မူချက်များကိုပင်လျှင် “သာသနာ” ဟုခေါ်တွင်ကြပေသည်။ ထိုသာသနာကို လိုက်နာကျင့်သုံးသူ လူနတ်ဗြဟ္မာများသည် အိုနာသေ ဘေးဆိုးကြီးများမှ လွတ်မြောက်နိုင်သည့်အပြင် ရှေးကမ္ဘာပေါင်းများစွာကလည်း ထိုဘေးဆိုးများက လွတ်မြောက်ခဲ့သူများရှိခဲ့ပါသည်။ ယခုဘဒ္ဒကမ္ဘာတွင်လည်း လွန်ခဲ့သည့်နှစ်ပေါင်း(၂၅၀၀)က ပွင့်တော်မူခဲ့သည့် ဂေါတမမြတ်စွာဘုရားလက်ထက်တော်တွင် အိုနာသေဘေးက လွတ်ကင်းကာ ကျွတ်တမ်းဝင်တော်မူခဲ့ကြသည်မှာ မြတ်ဗုဒ္ဓ၏ ပိဋကတ်တော် မှတ်တမ်းအရ အရေအတွက်များလှပါပြီ။ မြတ်ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးသူများသည် ယခုလည်း ထိုဘေးဆိုးကြီးများမှ လွတ်မြောက်ဆဲ၊ နောင်လည်း လွတ်မြောက်ကြဦးမည်မှာ သေချာလှပါသည်။ ထို့ကြောင့် လောကတွင် တစ်ခြားမည်သည့် အဆုံးအမပင်ဖြစ်စေ မြတ်ဗုဒ္ဓ၏ အဆုံးအမဖြစ်သည့် သာသနာတော်ကြီးကို ယှဉ်နိုင်သည်(တုနိုင်းမီသည်)ဟူ၍ မရှိခဲ့ဖူးသကဲ့သို့ ယခုလည်းရှိမည်မဟုတ် နောင်လည်းရှိမည်မဟုတ်ပါချေ။
ထိုသာသနာတော်နှင့်ပတ်သက်၍ မြတ်ဗုဒ္ဓလက်ထက်တော်အခါက အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးပါသည်။ အခါတစ်ပါး မြတ်စွာဘုရားသည် နဠေရု အမည်ရှိသည့် တမာပင်ရင်းတွင် သီတင်းသုံးနေတော်မူစဉ် မဟာရာဒ အသူရာက “ အရှင်ဘုရား………အရှင်ဘုရားရဲ့ သာသနာတော်အတွင်းမှာ အရှင်ဘုရားရဲ့တပည့်သာဝကတွေဟာ ဘာကြောင့်များ ပျော်မွေ့နေကြတာလဲ ဘုရား” ဟု မေးလျှောက်ပါ သည်။ ထိုအခါ မြတ်စွာဘုရားက “ မဟာရာဒ………အံ့ဖွယ်(၈)ပါးနှင့်ပြည့်နှက်နေသည့် မဟာသမုဒ္ဒရာကြီးမှာ သင့်ရဲ့ အသူရာများ ပျော် မွေ့နေနိုင်ကြသလို အံ့ဖွယ်(၈)ပါးနှင့်ပြည့်စုံနေတဲ့ ငါဘုရားရဲ့ သာသနာတော်မှာ တပည့်သာဝကတွေဟာ ပျော်မွေ့နေနိုင်ကြပေတယ်” ဟု မိန့်တော်မူကာ ထိုအကြောင်းကို အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်တွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်။
အံ့ဖွယ်(၈)ဖြာ မဟာသမုဒ္ဒရာ
အစဉ်နက်ဝှမ်း
၁။ မဟာသမုဒ္ဒရာကြီးသည် ကမ်းပါးအစပ်ကစပြီး အစဉ်အတိုင်း တစ်လက်မ နှစ်လက်မ တစ်ပေ နှစ်ပေ တစ်ကိုက် နှစ်ကိုက် တစ်မိုင်နှစ်မိုင်စသည် တဖြေးဖြေး နက်ရှိုင်း နက်ရှိုင်း လာပါသည်။ ထိုသို့ နက်ရှိုင်းလာရာမှ မဟာသမုဒ္ဒရာကြီး၏ အလယ်ဗဟိုချက်မ(centre) နေရာတွင် သမုဒ္ဒရာရေပြင်ပေါ်မှ သမုဒ္ဒရာအောက်ကြမ်းပြင်အထိ နက်ရှိုင်းမှုသည် ယူဇနာပေါင်း ၈၄၀၀၀ အတိအကျရှိပါသည်။ (American Dictionary တွင် တစ်ယူဇနာ (၈)မိုင်နှုန်းဆိုသဖြင့် မိုင်ပေါင်း(၆၇၂၀၀၀)မိုင် အထိ နက်ရှိုင်းမှုရှိသည်ဟု ဆိုရပေမည်)။ မည်သို့ပင်ဖြစ်စေ တဖြေးဖြေး နက်ရှိုင်း နက်ရှိုင်း၍ သွားခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာကြီး၏ ပထမ အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
ကမ်းကိုမလွန်
၂။ ဒုတိယအံ့ဖွယ်ကား မဟာသမုဒ္ဒရာရေသည် မည်သည့်အခါမျှ ကမ်းစပ်ကို ကျော်လွန်ခြင်းမရှိပေ။
ရွံဖွယ်ဆယ်ပစ်
၃။ မဟာသမုဒ္ဒရာကြီးတွင် ခွေးသေကောင်ပုပ်၊ မြင်းသေကောင်ပုပ်၊ဆင်သေကောင်ပုပ်၊ လူသေကောင်ပုပ်စသည့် အညစ်အကြေးများသည် မဟာသမုဒ္ဒရာ အလယ်သို့ ရောက်နေမည်ဆိုလျှင် လှိုင်းလုံးကြီးများက ပုတ်ခတ်သည့်အတွက်ကြောင့် ထိုအညစ်အကြေးများ ကမ်းစပ်သို့ ရောက်ရှိသွားရပါသည်။ မည်သည့်အညစ်ကြေးပင်ဖြစ်စေ မဟာသမုဒ္ဒရာရေပြင်တွင် မရှိနိုင်ပေ၊ ထိုကဲ့သို့ အညစ်ကြေးများသည် မဟာသမုဒ္ဒရာထဲရောက်လျှင် လိုင်းလုံးကြီးများ၏ ရိုက်ပုတ်မှုကြောင့် အလယ်တွင် တာရှည်ရပ်တည်နေနိုင်စွမ်းမရှိဘဲ ကမ်းစပ်သို့ ရောက်ကြရခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ တတိယမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
တစ်မည်ဖြစ်ခြင်း
၎။ မြစ်ချောင်းများစွာမှ စီးဆင်းလာသော ရေများသည် နောက်ဆုံး မဟာသမုဒ္ဒရာထဲသို့သာ ရောက်ရှိကြပါသည်။ ထိုသို့ ရောက်ရှိသောအခါ ဤရေက ဧရာဝတိမြစ်ရေ၊ သံလွင်မြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ မေခ မြစ်ရေ၊ မေလိခ မြစ်ရေဟု ခေါ်ဝေါ်၍မရနိုင်တော့ပါချေ။ အဘယ့်ကြောင့်နည်းဟူမူ သမုဒ္ဒရာထဲသို့ ရောက်ရှိသောအခါ ထိုထိုမြစ်ချောင်းများမှ စီးဆင်းသော ရေများသည် ရောနှောသွားကာ “သမုဒ္ဒရာရေ” ဟု အမည်တစ်ခုသာ တွင်ရပါတော့သည်။
ဤသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ စတုတ္ထမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
မယွင်းမတိုး
၅။ မဟာသမုဒ္ဒရာကြီးသည် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့်ဖြစ်စေ၊ မြစ်ချောင်းအင်းအိုင်များမှ အဆက်မပြတ်စီးဆင်းနေ၍ဖြစ်စေ မည်သည့်အခါမျှ ပြည့်လျှံသွားသည်ဟူ၍ မရှိခဲ့ပေ၊ ထို့အပြင် မိုးခေါင်၍ဖြစ်စေ၊ မိုးခေါင်သောကြောင့် မြစ်ချောင်းအင်းအိုင်များမှ ရေမစီးဆင်းနိုင်သည့် အခြေအနေတွင်လည်း မဟာသမုဒ္ဒရာရေများသည် မည်သည့်အခါမျှ လျော့သွားခြင်းမရှိပေ။ ဤကဲ့သို့ ရေများ တိုးခြင်း၊လျော့ခြင်း မရှိခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ ပဉ္စမမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
ဆယ်မျိုးရတနာ
၆။ ဆဋ္ဌမမြောက်အံ့ဖွယ်ကား မဟာသမုဒ္ဒရာကြီး၏ နက်ရှိုင်းသော နေရာများတွင် ရွှေငွေ၊စိန်၊ကြောင်၊ပုလဲ၊ သန္တာ၊နီလာ၊ ဂေါ်မုတ်၊မြ၊ ပတ္တမြား၊ ဥဿဖရား ဟူသည့် ရတနာဆယ်ပါး အမြောက်အများ ရှိပါသည်။
ရသာဆားတူး
၇။ ပင်လယ်မြစ်ချောင်းအင်းအိုင်များမှ စီးဆင်းလာသောရေများ၏ အရသာကား အမျိုးမျိုးအဖုံဖုံဖြစ်ပေမယ့် ထိုရေများ မဟာသမုဒ္ဒရာထဲ ရောက်ရှိသောအခါ ငံသောအရသာတစ်မျိုးတည်းသာရှိချေတော့သည်။ ဤကဲ့သို့ အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ သတ္တမမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
ကြီးသူနေရာ
၈။ မဟာသမုဒ္ဒရာထဲတွင် အလွန်ကြီးမားသော ငါးကြီးများသာ နေထိုင်ရာဖြစ်ပေသည်။ ငါးကြီးနှင့်ပတ်သက်၍ မဟာ သမုဒ္ဒရာထဲ နေထိုင်သော ငါးကြီးများမှာ (၆)စင်းရှိသည်ဟု စာပေက ဖေါ်ပြသည့်အတွက် ဗဟုဿုတအလို့ငှါ ဖေါ်ပြပေးလိုက်ပါသည်။ (၁)တိမိရ အမည်ရှိငါးကြီးဖြစ်သည်၊ ထိုငါး၏ အရှည်မှာ ယူဇနာတစ်ထောင်၊ မိုင်၈၀၀၀ ရှည်လျားသည်။ (၂)တိပိင်္ဂလ အမည်ရှိငါးကြီးသည်လည်း တိမိရငါးကဲ့သို့ပင် အလျားတူညီကြသည်။(၃) တိမိရတိပိင်္ဂလ အမည်ရှိငါးကြီးသည်လည်း အထက်ပါငါးကြီးများနှင့် အလျားတူညီကြပေသည်။ (၄)အာနန္ဒာ အမည်ရှိငါးကြီးသည် အလျား ယူဇနာငါးရာ မိုင်(၄၀၀၀)ရှည်လျားပါသည်။(၅)တိမိအာနန္ဒ အမည်ရှိငါးကြီး၏ အလျားမှာလည်း ထို့အတူ မိုင်(၄၀၀၀)ရှည်လျားသည်။(၆)အဇ္ဇောရဟ အမည်ရှိငါးကြီး ၏ အလျားမှာလည်း ထို့အတူ ရှည်လျားပါသည်။ ဤကား မဟာသမုဒ္ဒရာထဲတွင် နေထိုင်ကြသည့် ငါးကြီး (၆)စင်းဖြစ် ပါသည်။ ထို့အပြင် အသူရာ ၊ နဂါး ၊ ဂန္ဓဗ္ဗနတ် ဆိုတာတွေလည်း ရှိကြပေသေးသည်။ ဤကဲ့သို့ ကြီးသူတို့၏ နေရာဖြစ်ခြင်းသည် မဟာသမုဒ္ဒရာကြီး၏ အဋ္ဌမမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။ ဤကားမဟာသမုဒ္ဒရာ၏ အံ့ဖွယ်(၈)ပါးဖြစ်ပါး ဖြစ်ပါပေတော့သည်။
ထိုအကြောင်းကို မှတ်မိလွယ်စေရန်ဆောင်ပုဒ်လေးဖြင့် အကျဉ်းမှတ်ထားစေချင်ပါသည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊
ရွံဖွယ်ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း
မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊
ရသာဆားတူး၊ ကြီးသူနေရာ အံ့ရှစ်ဖြာ မှတ်ပါ သမုဒ္ဒရာ(မှတ်ပါသာသနာ)။
အံ့ဖွယ်(၈)ပါးနှင့်ပြည့်စုံသည့် သမုဒ္ဒရာကဲ့သို့ သာသနာတော်ကြီးသည်လည်း အံ့ဖွယ်(၈)ပါးနှင့်ပြည့်စုံနေလေသည်။
သာသနာ အံ့ဖွယ်(၈)ပါး
၁။ သမုဒ္ဒရာသည် အစဉ်နက်ရှိုင်းသကဲ့သို့ ဘုရားသာသနာတော်အတွင်း တည်ရှိကြသည့် အကျင့်ဓမ္မများသည်လည်း တဖြေး တဖြေး နက်ရှိုင်းသွားပါသည်။ ငါးပါးသီလထက် ရှစ်ပါးသီလက နက်နဲပါသည်၊ ရှစ်ပါးသီလထက် ဆယ်ပါးသီလက ပို၍နက်နဲသည်၊ ဆယ်ပါးသီလထက် သာမဏေသီလက ပို၍ နက်နဲပါသည်၊ သာမဏေသီလထက် ရဟန်းသီလက ပို၍ ပို၍ နက်နဲပါသည်။ ထို့အတူ တစ်ရက်စောင့်ထိန်းသည့်သီလကုသိုလ်ထက် နှစ်ရက်စောင့်ထိန်းသည့် သီလကုသိုလ်က သာလွန်နက်နဲသကဲ့သို့ တစ်လစောင့်ထိန်းသည့် သီလကုသိုလ်ထက် တစ်နှစ်ပတ်လုံး စောင့်ထိန်းသည့် သီလကုသိုလ်က ပို၍ လေးနက်ပေသည်။ ထိုသီလအကျင့်ကနေ ဓူတင်အကျင့် စသည် တဖြေးတဖြေး နက်ရှိုင်း နက်ရှိုင်းသွားပါသည်။
သီလအခြေခံ၍ သမထဘာဝနာတစ်ခုတစ်ခု အားထုတ်သည့်အတွက် သမထကုသိုလ်ရရှိလာသောကြောင့် သီလကုသိုလ်ထက် သမထကုသိုလ်က ပို၍ နက်ရှိုင်းပါသည်။ ထိုမှတဆင့် သမထအားကောင်းလျှင် ပထမဈာန်ကနေ ဒုတိယဈာန်၊ ဒုတိယဈာန်ကနေ တတိယဈာန်၊ တတိယဈာန်ကနေ စတုတ္ထဈာန် စသည် ရောက်ရှိလျှင် တဖြေးဖြေး နက်ရှုင်း နက်ရှိုင်းလာခြင်းဖြစ်ပါသည်။
ဝိပဿနာတရားအားထုတ်နေသည့် ယောဂီများသည် သတိပဋ္ဌာန်တရားကို အစဉ်ဆက်မပြတ် ရှုမှတ်ပွားများစဉ် တစ်ရက်ပြီး တစ်ရက် ဘာဝနာကုသိုလ်တရားရရှိလာပေမည်။ ရက်များစွာကြာလာသည်နှင့်အမျှ ယောဂီ၏ ရှုမှတ်မှုသည်လည်း အစဉ်ဆက်မပြတ်ရှုမှတ် မည်ဆိုပါက စိတ်တည်ငြိမ်မှု အားကောင်းလာပေလိမ့်မည်၊ ထိုမှတဆင့် စိတ်တည်ငြိမ်မှု စွမ်းအားမြင့်မားလာလျှင် ၀ိပဿနာဥာဏ်များ ဖြစ်လာပေမည်။ ၀ိပဿနာဥာဏ်များ ရင့်ကျက်လာလျှင် မဂ်ဥာဏ်ဖိုလ်ဥာဏ်တိုင် ရောက်ရှိကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေသည်။ ဤသည်ပင်လျှင် သီလကနေ သမာဓိ ၊သမာဓိကနေ ပညာ ၊ပညာကနေ ၀ိမုတ္တိရသ ဆိုသည့် လွတ်မြောက်မှု မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် တဖြေးဖြေး နက်ရှိုင်း နက်ရှိုင်း၍ လာပါသည်၊
ထိုကဲ့သို့ ကုသိုလ်တရားများ တဖြေးဖြေး နက်ရှိုင်းလာခြင်းသည်ပင်လျှင် သာသနာတော်၏ ပထမအံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
၂။ သမုဒ္ဒရာရေသည် ကမ်းစပ်ကနေ လွန်ခြင်း(ကျော်တက်ခြင်း)မရှိသကဲ့သို့ တပည့်သာဝကများသည် မြတ်ဘုရားပညတ်တော်မူခဲ့သည့် ၀ိနည်းသိက္ခာပုဒ် စည်းကမ်းဘောင်ကို လွန်၍ မကျင့်ကြပေ။ မြတ်ဘုရား၏ တပည့်သာဝကများ ဖြစ်တော်မူကြသော သောတာပန်စသော အရိယာပုဂ္ဂိုလ် များသည် အသက်ဟူသော အကြောင်းကြောင့် ပညတ်တော်မူထားသည့် သိက္ခာပုဒ်ကို မည်သည့်အခါမျှ မကျူးလွန်ကြပေ။ ၀ိနည်းတော် သည် သာသနာတော်၏အသက်ဟု ဆိုသကဲ့သို့ အသက်နှင့်လဲပြီး သိက္ခာပုဒ်တော်ဆိုသည့် စည်းကမ်းဘောင်ကို မလွန်ဘဲ စောင့်ထိန်း တော်မူကြပေသည်။
ထိုကဲ့သို့ စည်းကမ်းဘောင်ကို မလွန်ဘဲ စောင့်ထိန်းခြင်းသည်ပင်လျှင် ဒုတိယမြောက် သာသနာတော်၏ အံ့ဖွယ်တစ်ပါး ဖြစ်ပါ သည်။
၃။ သမုဒ္ဒရာရေအလယ်တွင် လှိုင်းလုံးကြီးများက ရိုက်ပုတ်ထုတ်မှုကြောင့် အညစ်အကြေးမှန်သမျှ မရှိသကဲ့သို့ ခွေးသေကောင်ပုပ်နှင့်တူသည့် ဒုဿီလ(သီလမရှိ)ပုဂ္ဂိုလ်များကိုလည်း သီလရှိသည့် ရဟန်းကောင်း ရဟန်းမြတ်များက သာသနာထဲတွင် မထားတော့ဘဲ ထုတ်ပယ်ပစ်လိုက်ကြပါသည်၊ ထို့ကြောင့်သာသနာတော်တွင် ဒုဿီလပုဂ္ဂိုလ်ဟူသော အညစ်အကြေးများသည် မည်သည့်အခါမျှ မရှိပေ၊
ထိုကဲ့သို့ အညစ်အကြေးနှင့်တူသည့် သီလမရှိသည့်ပုဂ္ဂိုလ်များ သာသနာတော်တွင် မရှိခြင်းသည်လည်း သာသနာတော်၏ တတိယမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
၎။ များစွာသော မြစ်ချောင်းများက စီးဆင်းလာသောရေပင်ဖြစ်သော်လည်း သမုဒ္ဒရာထဲသို့ရောက်လျှင် သမုဒ္ဒရာရေ ဟု အမည်တစ်မျိုးသာရသကဲ့သို့ မင်း၊ ပုဏ္ဏား၊ သူဋ္ဌေး၊သူကြွယ်၊ ဆင်းရဲသား၊ကုန်သည်စသည်များ သာသနာတော်အတွင်း ၀င်ရောက်၍ ရဟန်းပြုကြသောအခါ မည်သူသည် မင်းရဟန်း၊ ပုဏ္ဏားရဟန်း၊ သူဋ္ဌေးသားရဟန်း၊ သူကြွယ်ရဟန်းစသည် အမည်အမျိုးမျိုးမကွဲတော့ဘဲ (အလွှာအသီးသီးခွဲခြားမှုမရှိဘဲ) “သာကီဝင်မင်းသား ဘုရားသားတော်” ဟူသည့် အမည်တစ်မျိုးသာ ဖြစ်သွားကြရပေသည်။
ထိုကဲ့သို့ မည်သည့်အမျိုးကပဲလာလာ သာသနာတော်တွင်းရောက်လျှင် အမည်တစ်မျိုးသာ ဖြစ်သွားရခြင်းသည်ပင်လျှင် သာသနာတော်၏ စတုတ္ထမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
၅။ သမုဒ္ဒရာရေသည် မြစ်ချောင်းများက အဆမတန်စီးဆင်း၍လည်း မည်သည့်အခါမျှ မတိုးလာသည့်အပြင် မိုးခေါင်၍လည်း မည်သည့်အခါမျှ လျော့သွားခြင်း မရှိသကဲ့သို့ သာသနာတော်ကြီးသည်လည်း ထို့အတူပင် နိဗ္ဗာန်မျက်မှောက်ပြုပြီး အငြိမ်းဓါတ်ကို ရယူသွားကြသည့် သူတော်ကောင်းကြီးများသည် မရေမတွက်နိုင်အောင် များပြားလွန်းလှပါသော်လည်း နိဗ္ဗာန်သည် မည်သည့်အခါမျှ ပြည့်လျှံသွားခြင်းမရှိသကဲ့သို့ လျော့သွားခြင်း(ကွက်လပ်ဖြစ်နေခြင်း)မရှိခဲ့ပေ။
ဤသည်ပင်လျှင် သာသနာတော်၏ ပဉ္စမမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
၆။ သမုဒ္ဒရာရေ နက်ရှိုင်းသော နေရာများတွင် ရတနာဆယ်မျိုးရှိသကဲ့သို့ သာသနာတော်ကြီးတွင်လည်း ဗုဒ္ဓရတနာ၊ဓမ္မရတနာ၊ သံဃာ့ရတနာ၊ ဆိုပြီး ရတနာများ ရှိပေသည်။ သမုဒ္ဒရာအတွင်းရှိ ရတနာများမှာ မည်မျှများပြားစေကာမူ တန်ဖိုးဖြတ်နိုင်ပါသော်လည်း သာသနာအတွင်း ရတနာမြတ်သုံးပါးမှာမူကား တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် တန်ဖိုးကြီးမားလှပေသည်။ ထိုရတနာမြတ်သုံးပါးရှိ ဓမ္မရတနာသည်လည်း သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓါန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ဗောဇ္ဈင်ခုနှစ်ပါး၊ ဗိုလ်ငါးပါး၊ မဂ္ဂင်ရှစ်ပါးစသည့် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတွေလည်း ရှိပေသည်။
ထိုကဲ့သို့ သာသနာတော်အတွင်း တန်ဖိုးမဖြတ်နိုင်သည့် ရတနာများရှိနေခြင်းသည်ပင်လျှင် သာသနာတော်၏ ဆဋ္ဌမမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
၇။ သမုဒ္ဒရာရေ၏ ထုထယ်ပမာဏသည် မည်မျှများပြားစေကာမူ ထိုရေ၏အရသာကား ငံ သောအရသာ တစ်မျိုးသာ ရှိသကဲ့သို့ မြတ်ဘုရား၏ သာသနာတော်တွင်လည်း ပိဋကတ်သုံးပုံ နိယာယ်ငါးရပ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်စသည့် မည်မျှများပြားစေကာမူ ၀ိမုတ္တိအရသာ တစ်မျိုးသဲာရှိပေသည်။ ဆိုလိုသည်မှာ သာသနာတော်အတွင်း ဓမ္မသည် အရေအတွက်များပြားလှသော်လည်း အရသာကား ၀ိမုတ္တိရသ ဆိုသည့် လွတ်မြောက်မှုအရသာ တစ်ခုတည်းပင်ဖြစ်ပါသည်။
ထိုအကြောင်းနှင့်စပ်၍ ယခုခေတ်တွင် မဟာစည်နည်း၊ မိုးကုတ်နည်း၊ စွန်းလွန်းနည်း၊ လယ်တီနည်း၊ အနာဂါမ်ဆရာသက်ကြီးနည်း၊ သဲအင်းဂူနည်းစသည့် နည်းပေါင်းများစွာရှိကြပါသော်လည်း ထိုနည်းနာနိဿယများစွာ၏ ဦးတည်ချက်ကား နိဗ္ဗာန်ဟူသည့် ၀ိမုတ္တိရသာ ပင်ဖြစ်ကြပေသည်။ သို့သော် နိဗ္ဗာန်ဦးတည်ချက်ရှိသည်ကားမှန်၏ လမ်းကြောင်းက မှန်ကန်မှုမရှိလျှင်လည်း ထိုနည်းလမ်းသည် မှားသောအကျင့်လမ်းသာလျှင်ဖြစ်ချေမည်။ ထိုထိုနည်းနာနိဿယများကို လူတို့အတွက် အမှား အမှန် ခွဲခြားသိစေရန် မည်သည့် ပေတံဖြင့် တိုင်းထွာ ဆုံးဖြတ်မည်နည်း။
အမေးရှိက အဖြေရှိရမည်၊ ဥပမာ Computer များတွင် ဆိုင်ရာ Software, Program များဖြင့် ပြဿနာမျိုးစုံကို ဖြေရှင်းကြရသကဲ့သို့ ယခုခေတ်ပေါ်ထွန်းနေသည့် နည်းနာနိဿယများစွာတို့၏ ပြဿနာများကို “သတိပဋ္ဌာန်”ဆိုသည့် Dhamma software ဖြင့် ဖြေရှင်းနိုင်ပေသည်။ မည်သည့်နည်းပင်ဖြစ်စေကာမူ သတိပဋ္ဌာန်ထဲ အကျုံးမ၀င်လျှင်(သတိပဋ္ဌာန်မပါလျှင်) ထိုနည်းမှာ မှားသည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်နည်းဟူမူ သတိပဋ္ဌာန်ပါဠိတော် နိဒါန်းတွင် “ဧကယာနော မဂ္ဂေါ”နိဗ္ဗာန်ရောက်နိုင်သည့် တစ်ကြောင်းတည်းသော လမ်းမှာ သတိပဋ္ဌာန်လေးပါး ဖြစ်သည်ဟု ဆိုထားသောကြောင့် မည်သည့်နည်းပင် ဖြစ်စေ အမှန်အမှားပြဿနာကို သတိပဋ္ဌာန် ဆိုသည့် ပေတံဖြင့် တိုင်းထွာနိုင်ပါသည်။ ထိုကြောင့်သတိပဋ္ဌာန်တရားလေးပါးကို အခြေတည်ထား သော တရားနည်းလမ်းမှန်သမျှသည် နိဗ္ဗာန်ရောက်နိုင်သည်ချည်းဟု မှတ်ယူရပေမည်။
ထိုသို့ သိနိုင်စေရန် စာရှုသူများ သတိပဋ္ဌာန်လေးပါးကို အရေးတကြီးလေ့လာသင့်ကြောင်း တိုက်တွန်းလိုပါသည်။ အချူပ်ဆိုရသော် မြတ်ဗုဒ္ဓဟောကြားတော်မူသည့်တရားများစွာရှိသော်လည်း ထိုတရားများ၏ ပန်းတိုင်မှာ ၀ိမုတ္တအရသာ တစ်ခုတည်းသာ ရှိခြင်းသည်ပင်လျှင် သာသနာတော်၏ သတ္တမမြောက်အံ့ဖွယ်တစ်ပါးပင် ဖြစ်ပါသည်။
၈။ သမုဒ္ဒရာထဲတွင် အလွန်ကြီးသော ငါးများနေထိုင်သကဲ့သို့ သာသနာတော်အတွင်းတွင်လည်း သောတာပန်၊သကဒါဂါမ်၊အနာဂါမ် ရဟန္တာ ဟုဆိုအပ်သော အရိယာပုဂ္ဂိုလ်များ နေထိုင်ကြပါသည်၊ ရဟန္တာပုဂ္ဂိုလ်ဟူသည် အကြီးဆုံး ငါး ပင်ဖြစ်သည်၊ ထိုကဲ့သို့ အရိယာ ပုဂ္ဂိုလ်ကြီးများသာ နေထိုင်နိုင်ခြင်းသည်ပင်လျှင် သာသနာတော်၏ အဋ္ဌမမြောက် နောက်ဆုံး အံ့ဖွယ်တစ်ပါး ပင်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ သာသနာတော်ကား အံ့ဖွယ်မျိုးစုံ ဂုဏ်ပေါင်းစုံလှသောကြောင့် မည်သည့်အဆုံးအမပင်ဖြစ်စေကာမူ မြတ်ဗုဒ္ဓ၏ အဆုံးအမကို ယှဉ်နိုင်သည့် အဆုံအမဟူ၍ မပေါ်ပေါက်ခဲ့ဖူးသည့်အပြင် နောင်လည်းပေါ်ပေါက်လာနိုင်မှာ မဟုတ်သောကြောင့် တုနှိုင်းမမီ သာသနာတော်ကြီးဟု သာသနာတော်ကို ကြည်ညိုတတ်လာကြစေရန် ဆန္ဒမွန်ဖြင့် ရေးသားတင်ပြလိုက်ရပါတော့သတည်း။ ။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More