Friday, August 10, 2007

တုနှိုင်းမမီ(၃)

“ အမှီနဲ့ နေကြ ၊ အမှီအမရှိဘဲ မနေကြနဲ့ .. အမှီမရှိရင် ဆင်းရဲမယ်၊ အမှီနဲ့နေမှ ချမ်းသာမယ်”ဟူသော ဤစကား သည် လွန်ခဲ့သော ရှေးနှစ်ပေါင်း၂၅၀၀ ကျော်ကာလက ပေါ်ပေါက်လာခဲ့သော စကားတစ်ခွန်း ဖြစ်သည်။ (သိချင်ရင်အောက်မှာ)

အထက်ပါစကားအရ အမှီနှင့်နေကြ ဆိုရာဝယ်၊ နေပူထဲကလာသော သူအတွက် သစ်ပင်အရိပ်၊ အိမ်အရိပ်၊ စသည်တို့သည် အလွန်အေးမြချမ်းသာသော နေရာတစ်ခုဆိုလျှင် မှားမည်မထင်ပါ။ ထို့အတူပင် မိဘများသည် ၊ သားသမီးတို့၏ အရိပ်ကို ခိုလုံရလျှင် ချမ်းသာ၏၊ အသက်ကြီးပြီဖြစ်သော အမိအဘများသည်လည်း သားသမီးများ ကို မှီခိုရသဖြင့်၊ ချမ်းသာသကဲ့သို့၊ လူမမယ်အရွယ်မရောက်သေးသော သားသမီးများကလည်း အမေ အဖေကို မှီခိုရသောအခါ စားဝတ်နေရေးအတွက် ပူပန်မှုများ မဖြစ်ရတော့ဘဲ ချမ်းသာစွာနေရပါသည်။
ဆရာသည်လည်း တပည့်၏အရိပ်ကို ခိုလှုံရသဖြင့် ချမ်းသာသကဲ့သို့၊ တပည့်သည်လည်း ဆရာ၏ အရိပ်ကို ခိုလှုံရ သဖြင့် ချမ်းသာရပါသည်။ ထို့ကြောင့် လောကနီတိ၌ ဖေါ်ပြထားသည်မှာ-
သုခါ ရုက္ခဿ ဆာယာဝ၊ တတော ဥာတိ မာတာပိတု။
တတော အာစရိယော ရညော၊ တတော ဗုဒ္ဓဿ အနေကဓာ။
(လောကနီတိ)
ရုက္ခဿ-သစ်ပင်၏၊ ဆာယာဝ-အရိပ်သည်သာလျှင်၊ သုခါ- ချမ်းသာလှပါပေ၏၊ တတော-ထိုသစ်ပင်ရိပ်ထက်၊ ဥာတိ မာတာပိတု- ဆွေမျိုးဥာတိ မိဘတို့၏၊ ဆာယာ-အရိပ်သည်၊ သုခါ-ချမ်းသာလှပါပေ၏၊ တတော -ထိုဆွေမျိုး မိဘတို့၏ အရိပ်ထက်- အာစရိယော- ဆရာ၏ ၊ ဆာယာ-အရိပ်သည်၊ သုခါ-ချမ်းသာလှပါပေ၏၊ တတော-ထို ဆရာအရိပ် ထက်၊ ရညော-တိုင်းပြည်အုပ်ချူပ်နေသော ရှင်ဘုရင်၏ အရိပ်သည်၊ သုခါ-ချမ်းသာလှပါပေ၏၊ တတော- ထိုမင်း၏ အရိပ် ထက်၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ ဆာယာ-အရိပ်သည်၊ သုခါ -အေးမြချမ်းသာလှပါပေ၏။ ဟု လောကနီတိဆရာက ပြောထားပါသည်။
သစ်ပင်အရိပ်သည် လာရောက်ခိုနားသူတို့အတွက် ချမ်းသာသည်ဟုဆိုရသော်လည်း။ ခိုနားသည့် အခိုက် အတံ့သာ ချမ်းသာသောကြောင့် သစ်ပင်အရိပ်၏ ချမ်းသာသည် ခဏမျှသာချေ။ ထို သစ်ပင်အရိပ်ချမ်းသာထက်၊ ဆွေမျိုး မိဘတို့၏ အရိပ်က ပို၍ အေးမြချမ်းသာပါသည်။ မိဘတို့ကို မှီခို၍ မိဘတို့၏ အထောက်အပံ့ကို ရကြကုန်သော သားသမီး များသည် စားဝတ်နေရေးအတွက် ပူပင်စရာမလိုဘဲ၊ ချမ်းသာစွာနေရ၏၊ သို့သော်လည်း ထိုမိဘဆွေမျိုးများ၏ အရိပ်ထက် ဆရာ၏ အရိပ်က ပို၍ အေးမြချမ်းသာပါသည်။ အဘယ်ကြောင့်နည်းဟူမူ ဆွေမျိုးမိဘများ၏ အထောက်အပံ့ဖြစ်သော ပစ္စည်းဥစ္စာများကို ရေ၊ မီး၊မင်း၊ခိုးသူ၊ အမွေခံသားဆိုးသမီးဆိုးများ က နှောက်ယှက်ဖျက်ဆီး၍ ကုန်သွားနိုင်သည်။ ဆရာကို မှီခိုရသော တပည့်များအဖို့ ဆရာထံမှ အတတ်ပညာများကို သင်ယူ၍ တတ်မြောက်လာသောအခါ ထိုအတတ်ပညာဖြင့် အသက်မွေး ၀မ်းကြောင်းမှုပြုနိုင်ပါသည်။ `ပညာရွှေအိုး၊ လူမခိုး´ဟူသည့်အတိုင်း မိမိတတ်ထားသော အတတ်ပညာကို ဘယ်ရန်သူမျိုး မှ နောက်ယှက်ဖျက်ဆီး၍ မရနိုင်ပေ။
ထို့ကြောင့် ငယ်ရွယ်သော ကျောင်းသူကျောင်းသားများသည် ဆရာသမားများ၏ မေတ္တာစေတနာ ကရုဏာများကို သိရှိပြီး အတတ်ပညာကို အချိန်ရှိခိုက် ကြိုးစားသင်ယူရန် အထူးလိုအပ်လှပါသည်။
ထိုသို့ မိဘအရိပ်ထက် ဆရာအရိပ်က ပို၍ ချမ်းသာသော်လည်း၊ ဆရာ၏အရိပ်ထက် တိုင်းပြည်အုပ်ချူပ်နေ သော မင်း၏ အရိပ်က ပို၍ ချမ်းသာပါသည်။ မှန်ပါသည်၊ ဆရာထံမှ သင်ယူထားသော အတတ်ပညာဖြင့် အသက်မွေး ၀မ်းကျောင်းမှုပြုရသော်လည်း တိုင်းပြည်မြို့ရွာ သာယာအေးချမ်းမှု မရှိလျှင် မည်သို့မျှ အသက်မွေးဝမ်းကျောင်းမှု မပြုနိုင်ပါ။ တိုင်းပြည်မြို့ရွာအေးချမ်းပါမှ ချမ်းသာစွာ လုပ်ကိုင်ရှာဖွေ၍ ရမည်ဖြစ်သည်၊ ထိုတိုင်းပြည်သာယာအေးချမ်းဖို့ အတွက် တိုင်းပြည်အုပ်ချူပ်နေသော မင်းများ၌ မူတည်နေပါသည်။ ထို့ကြောင့် ဆရာအရိပ်ထက် မင်း၏ အရိပ်က ပို၍ ချမ်းသာပါသည်။
တစ်ဖန် မင်းအရိပ်ထက် ပိုချမ်းသာသော အရိပ်ကား မြတ်စွာဘုရား၏ တရားတော်ပင်ဖြစ်သည်။ အကြောင်း ကား မင်းအရိပ်ကိုခိုလှုံ၍ ဖြစ်ပေါ်လာသော ချမ်းသာမှုသည် တစ်ဘ၀တာမျှသာဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားတော်အရိပ် သည်ကား တစ်ဘ၀သာမက နောင်ဘ၀များစွာမှာလည်း ချမ်းသာသကဲ့သို့ ဘ၀ပန်းတိုင်ဟုဆိုအပ်သော နိဗ္ဗာန်ချမ်းအထိ အောင်ပေးစွမ်းနိင်ပြီး၊ အို၊နာ၊သေဘေးဟုဆိုအပ်သော သံသရာဘေးကလည်း လွတ်မြောက်နိုင်သည်။ အမှန်စင်စစ် ဆိုခဲ့ပြီးသော အရိပ်များနှင့် မြတ်ဘုရား၏ တရားတော်အရိပ်ကို နှိုင်း ယှဉ်၍ မရနိုင်ပါ တုနှိုင်း၍လည်း မမီနိုင်ပါချေ။ ထို့ကြောင့် စာဖတ်သူများ ငြိမ်းချမ်းမှုကို အပြည့်အ၀ပေးစွမ်းနိုင်သော မြတ်ဗုဒ္ဓ၏ တရားတော်၏ အရိပ်ကို သူသူငါငါ မှီခိုဖို့ရာ ကောင်းလှပါသည်။ “ဧဟိပဿိကော လာလှည့်၊ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်ထိုက်သော ထိုတရားတော်၏ အရိပ်ကို တရုတ်၊ ကုလား၊ ပုဏ္ဏား၊ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန် လူမျိုးမရွေး ဘာသာမရွေး မှီခိုနိုင်သည်၊ မည်သူကိုမှ မှီခိုရမည်၊ မည်သူက မမှီခိုရ ဟု ကန့်သတ်ထားချက် မရှိ၊ universal အားလုံးနှင့်သက်ဆိုင်သောကြောင့် မှီခိုသူတိုင်း အေးချမ်းမှုကို ရနိုင်သည်။ လောက၀ယ် တုနှိုင်းမမီသော အရိပ်တစ်ခုကွိုတွေ့ ရှိကြမည်ဆိုပါက ထိုအရာသည် မြတ်ဗုဒ္ဓ၏ တရားတော်ပင် ဖြစ်ပါလိမ့်မည်။

သစ်ပင်အရိပ်၊ဆွေမျိုးရိပ်နှင့်၊
မိရိပ်ဘရိပ်၊ ဆရာရိပ်တို့၊
မင်းရိပ်အေးစွာ၊ ဆက်ဆက်သာ၏
ထိုမှာထက်ပင်
မြတ်ရှင်ဘုရား၊ ဟောကြားမိန့်ဟ
ဓမ္မရိပ်-သာ ၊ အေးမြပါသည်၊
သူငါ ခိုဖို့ ကောင်လှ၏ ။ ။ (ပဲနွယ်ကုန်းဆရာတောှ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More