(၂)ဗဟုဿုတအရိပ်
ဗဟုဿတ အကြား အမြင်ကို ဆောင်ခြင်း၊ အကြားအမြင်ကို ဆည်းပူးခြင်း၊ အာဂမသုတနှင့် အနိစ္စစသည်ထင်အောင်ရှုမှတ်ထားခြင်း အဓိဂမသုတတို့သည် မိမိတို့၏ ဘ၀အဆင့်အတန်းကို မြင့်မားစေပြီး ချမ်းသာကို ပေးစွမ်းနိုင်သော ဒုတိယ မှီခိုရာအရိပ်ပင်ဖြစ်သည်။
ရှင်းလင်းဦးအံ့ ၊ မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို သင်အ၊ံလေ့လာ၊ကျက်မှတ်၊ သုံးသပ်ဆင်ခြင်း ပရိယတ္တဓမ္မ သုတရှိရမည်။ တရားတော်လာအတိုင်း လက်တွေ့ကျကျ ကျင့်သုံးခြင်း ပဋိပတ္တိဓမ္မ သုတရှိ ရမည်။ တရားအားထုတ်သော ယောဂီများသည် ဘုရားဟောစာပေကိုလေ့လာခြင်း ပရိယတ္တိ သုတ ရှိရန် လိုအပ်သကဲ့သို့ ကိုယ်တိုင်လည်း တရားရှုမှတ်အားထုတ်ခြင်း ပဋိပတ္တိ သုတ လည်းရှိရပါမည်။
နိဗ္ဗာန်လိုလားသော ယောဂီသူတော်စင်တို့သည် အားထုတ်မည်ကြံလျှင် လက်ဦးအစ “ငါ့သဏ္ဍာန်မှာ ပုဂ္ဂိုလ်သတ္တ၀ါမရှိ၊ ငါသူတစ်ပါး ယောင်္ကျားမိန်းမမရှိ၊ ရုပ်နာမ်မျှသာရှိ သည်၊ ထိုရုပ်နာမ်များသည် မပြတ်တလစပ် ဖြစ်ပျက်နေသောကြောင့် မမြဲတဲ့တရားတွေပါလား၊ ကိုယ်ဖြစ်ချင်သလိုမဖြစ် ကိုယ့်သဘောသို့ မလိုက်၊သူ့သဘောသူဆောင်နေသောကြောင့် အနတ္တတရားကြီးတွေပါပဲလား”ဟု ပရိယတ္တိ ဓမ္မ ဗဟုဿုတ အခြေခံရှိရမည်။
ထို ပရိယတ္တိ ဓမ္မ ဗဟုဿုတ အခြေခံပြီး ခန္ဓာငါးပါး ရုပ်နာမ်တရားကို ရှုမှတ်ပွားများအားထုတ်လျှင် မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရပြီး၊ အမတ ချမ်းသာရိပ်ကို ခိုလှုံနိုင်ပါသည်။
အာဂမသုတနှင့် ပဉ္စဂ္ဂ ပုဏ္ဏား
ဘုရားလက်ထက်အခါက ပဉ္စဂ္ဂဒါယက ပုဏ္ဏားဇနီးမောင်နှံနှစ်ဦးတို့သည် အလှူဒါနပြုလုပ်သောအခါ မည်သည့် အခါမျိုးမဆို ဦးဦးဖျားဖျား လှူလေ့ရှိသောကြောင့် သူတို့၏ ထူးခြားသော လုပ်ဆောင်ချက်ကို အစွဲပြု၍ ပဉ္စဂ္ဂ-ဦးဦးဖျားဖျား၊ ဒါယက-အလှူကိုပေးလှူလေ့ရှိသောကြောင့် ပဉ္စဂ္ဂဒါယက ပုဏ္ဏား ဟု အမည်တွင်ခဲ့ပါသည်။
တစ်နေ့သောအခါ မြတ်စွာဘုရားသည် ပုဏ္ဏားဇနီးမောင်နှံနှစ်ဦး၏ တရားထူးရနိုင်ကြောင်း ဥာဏ်တော်ဖြင့် သိမြင်တော်မူသဖြင့် နံနက်အချိန်၌ မြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ အိမ်ရှေ့၌ ဆွမ်းရပ်တော်မူပါသည်။ ထိုအချိန် ပုဏ္ဏားက အိမ်အ၀ဖက်ကို ကျောပေး၍ ထမင်းစားနေပြီး၊ ပုဏ္ဏေးမက အိမ်အရှေ့ဖက် မျက်နှာလှည့်ပြီး ထမင်းစားနေကြ သည်၊ မြတ်ဘုရား ဆွမ်းခံကြွသည်ကို ဇနီးဖြစ်သူကမြင်၍ စဉ်းစားသည်မှာ“ ငါ့ယောင်္ကျားက ဒါနပြုတာ ၀ါသနာပါတော့ ဘုရားကိုမြင်ရင် လှူတော့မှာပဲ၊ ဒီလိုဆိုရင် နောက်တစ်ခါထမင်းချက်ဖို့အတွက် ဆန်ဆေးရ၊ မီးမွှေးရ၊နဲ့ အလုပ်များဦးမယ်၊ ထမင်းချက်ရတာ မလွယ်ဘူး၊ ”ဟုတွေးကာ ဘုရားအိမ်ရှေ့ဆွမ်းရပ်နေသည်ကို သူယောင်္ကျားမမြင်စေ ရန် တိတ်ဆိတ်စွာ ထမင်းစားနေပါသည်၊ တစ်ဝက်မျှ ထမင်းစားပြီးသောအခါ ပုဏ္ဏေးမက အိမ်ရှေ့ ဆွမ်းရပ်တော်မူသော မြတ်ဘုရားထံသို့သွားပြီး နားရင်းကပ်ကာ တိုးတိုးလေး “ကန်တော့ဆွမ်းပါဘုရား”ဟု ပြောလိုက်သောအခါ မြတ်ဘုရားက ဦးခေါင်းတော်ကိုညင်သာစွာ ခါယမ်းတော်မူလိုက်သည်“ ငါမင်းတို့ဆွမ်းကို မရရင် မကြွနိုင်ဘူးဟေ့” ဟု ဆိုလိုခြင်းဖြစ် သည်။ ပုဏ္ဏေးမသည် မြတ်စွာဘုရားဦးခေါင်းတော် ခါယမ်းသည်ကို သဘောကျပြီး ရယ်လိုက်သော အသံကြောင့် ပုဏ္ဏားကြီး အိမ်ရှေ့ကြည့်လိုက်သည့်အခါတွင် မြတ်စွာဘုရားဆွမ်းရပ်နေသည်ကို တွေ့ရ၍ အိမ်ရှေ့ထွက်လာပြီး “အရှင်ဘုရား တပည့်တော် အရှင်ဘုရားရောက်နေတာမသိပါဘူးဘုရား၊ တပည့်တော်ရဲ့ ပုဂံထဲမှာ စားပြီးလက်ကျန် တစ် ၀က်သာကျန်ပါတော့တယ်ဘုရား၊ ထိုစားကြွင်းစားကျန်ကို မြတ်စွာဘုရားအလှူခံတော်မူပါသလားဘုရား” ဟု လျှောက် သောအခါ မြတ်ဘုရားက“ ဒါယကာပုဏ္ဏား…ငါ့တို့အလှူခံပုဂ္ဂိုလ်တွေဆိုတာ ဦးဦးဖျားဖျားပဲ လှူလှူ၊ စားကြွင်းကိုပဲလှူလှူ လှူတဲ့အခါမှာ စေတနာသုံးတန်ပြဋ္ဌာန်းပြီး လှူဒါန်းရင် ကုသိုလ်ရတယ်” ဟုမိန့်တော်မူသောကြောင့် ပုဏ္ဏားသည် မဆိုင်းမ တွ စားပြီးလက်ကျန်လေးကို ဘုရားအား လောင်းလှူလိုက်ပြီး “ အရှင်ဘုရား… ဘိက္ခု ဘိက္ခု လို့ အရှင်ဘုရားတရားဟော သောအခါတိုင်းမှာ တပည့်တော်ကြားနေရပါတယ်ဘုရား၊ အဲဒီဘိက္ခုဆိုတာကြီးက ရဟန်းတွေကိုသာ ပြောတာ လားဘုရား တပည့်တော်မရှင်းလို့ သိပါရစေဘုရား” ဟု လျှောက်ထားသောအခါ၊ မြတ်ဘုရားက “ဒီပုဏ္ဏားဇနီးမောင်နှံကို ဘာတရား များ ဟောရပါ့မလဲ”ဟု ဥာဏ်တော်ဖြင့်ကြည့်တော်မူသောအခါ ကဿပမြတ်စွာဘုရားလက်ထက်က ရုပ်နာမ်အကြောင်း နှင့်စပ်ပြီး တရားနာခြင်း အာဂမသုတရှိနေသည်ကို မြင်တော်မူ၍ ရုပ်နာမ်နှင့်စပ်သော တရားစကားကို မိန့်ကြားတော်မူခဲ့ပါသည်။
သဗ္ဗသော နာမ ရူပ သ္မိ ယဿာ နတ္ထိ မမာယိတံ၊
အသတာစ နသောစတိ၊ သဝေ ဘိက္ခူတိ ၀ုစ္စတိ၊
တရားရှုမှတ်နေကြသော ယောဂီများသည် ၀မ်းဗိုက် ဖေါင်းတက်လာလျှင် “ဖေါင်းတယ်”ဟုရှုမှတ်သည့်အခါ ထို ဖေါင်းတက်လာသော ရုပ်သဘာဝတရားသည် ငါမဟုတ်၊ ငါ့ဥစ္စာလည်းမဟုတ်။ ထို့အတူ ပိန်ကျသွားသော ရုပ်သဘာဝ တရားသည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်ပါ။ ထိုသို့ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရုပ်သဘော၊ နာမ်သဘောမျှပဲ၊ ငါ၊သူတစ်ပါး၊
ယောင်္ကျား၊မိန်းမ ဆိုတာ မရှိပါ၊ ယောဂီများသည် တရားရှုမှတ်၍ အလေ့အကျင့်ကောင်းစွာရလာသောအခါ သမာဓိ စိတ် တည်ငြိမ်မှုများ ဖြစ်ပေါ်လာသည်နှင့်အမျှ ရှုမှတ်တိုင်း၌လည်း အာရုံနှင့်မှတ်စိတ်မှတစ်ပါးတစ်ခြားမရှိ ဟု သိလာရသည်။ ထိုရုပ်၊နာမ်သဘောက ပေါ်လိုက် ပျောက်လိုက် မမြဲသော သဘောပဲ၊ မပြတ်တလစပ် ဖြစ်ပြီးပျက်နေသောကြောင့် ဆင်းရဲ ချည်းပဲ။ သူ့သဘောသူဆောင်နေသည့်အတွက် အစိုးမရသည့်တရားချည်းပဲ ဟု သိမြင်သောအခါ ရုပ်နာမ်တရားများ ပေါ်ပြီး ပျောက်သွားသော်လည်း စိုးရိမ်ထိန့်လန့်ခြင်း မဖြစ်တော့၊ ယောဂီသည် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ကိလေသာများ တဒင်္ဂ ၊ ၀ိက္ခဗ္ဘနစသည် ကင်းနေပါတော့သည်။
ထိုသို့ လောဘစသည် ကိလေသာများကို နည်းအောင်၊ပါးအောင်၊ကုန်သွားအောင် ကျင့်ဆောင်နေကြသော ပုဂ္ဂိုလ်များကို ရဟန်းမဟုတ်သော်လည်း “ဘိက္ခု” ဟုခေါ်သည်၊ ဟု ဟောတော်မူသောအခါ ပဉ္စဂ္ဂဒါယက ပုဏ္ဏားဇနီး မောင်နှံနှစ်ဦး သုံးမဂ်သုံးဖိုလ် အစဉ်အတိုင်း မျက်မှောက်ပြုလျှက် အနာဂါမ် အရိယာပုဂ္ဂိုလ်များအဖြစ်သို့ ရောက်ရှိကြ သည်။ ဤသာဓက ၌ ပုဏ္ဏားဇနီးမောင်နှံ အနာဂါမ် တည်းဟူသော တရားထူးခြင်းသည် အတိတ်ကာလက ရုပ်နာမ်နှင့် စပ်သော တရားစကားကို နာကြားရခြင်း အာဂမသုတ ကို အခြေခံ၍ အမတ ချမ်းသာကို ရရှိသွားကြခြင်းပင်။
အဓိဂမသုတနှင့် ရဟန်းတော်(၅၀၀)
ရဟန်းတော်အပါး(၅၀၀)တို့သည်၊ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူသော မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူပြီး ၀ါတွင်းသုံးလတရားအားထုတ်ကြသော်လည်း တရားထူး မရရှိကြသေးပေ၊ သီတင်းဝါလကျွတ်သောအခါ မြတ်ဘုရားထံ သို့ရောက်လာကြရာ မြတ်ဘုရားက“ ချစ်သားတို့ တရားထူးများ ရခဲ့ပါရဲ့လား” ဟုမေးတော်မူသောအခါ “တရားထူးမရသေးပါဘုရား ၊ တရားထူးမရတာ ဘာပြုလို့များ၊ဘာအကြောင်းများရှိလို့ပါလဲမြတ်စွာဘုရား ”ဟု ရဟန်း တော်များက မြတ်ဘုရားအား မေးသောကြောင့် ဘုရားရှင်က ဥာဏ်တော်ဖြင့် ကြည့်တော်မူသည့်အခါ ထိုရဟန်းတို့သည် ကဿပဘုရားလက်ထက်က အနှစ်နှစ်သောင်းတိတိ တရားရှုမှတ်ခဲ့ကာ အနိစ္စလက္ခဏာကို ထင်ရှားအောင် ရှုမှတ်ခဲ့ သော အဓိဂမသုတ ရှိနေသည်ကို မြင်တော်မူသည့်အတွက်---
သဗ္ဗေ သင်္ခါရာ အနိစ္စာ ၊ ယဒါပညာယ ပဿတိ၊
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ ဧသမဂ္ဂေါ ၀ိသုဒ္ဓိယာ။
ဤနေရာ၌ စာအိုင်သွားမှာစိုးသည့်အတွက် အနက်မပေးတော့ပြီး ၊အဓိပ္ပါယ်သက်သက်ပြန်သွားပါမည်။ ခန္ဓာငါးပါးရုပ်နာမ် “တရားတို့သည် မပြတ်တလစပ် ဖြစ်ပျက်နေကြသဖြင့် မမြဲသောတရားချည်းပါပဲ ”ဟု သိမြင်သည်ဟု ဆိုရာဝယ် တရားစာ ပေဖတ်၍သော်လည်းကောင်း၊ တရားနာကြား၍ သော်လည်းကောင်း၊ သိသော အသိမျိုးကို မဆိုလိုပေ။ တရားရှုမှတ်ပြီး ရှုမှတ်ဆဲမှာပင်လျှင် တကယ်အသိဥာဏ်အစစ်ဖြင့် မမြဲသော အနိစ္စလက္ခဏာတရားကို ထင်ရှားစွာသိမြင်ခြင်းမျိုးကို ဆိုလိုသည်။ ထိုသို့ တကယ့်အသိဥာဏ်ဖြင့် သိမြင်သောအခါ ဖြစ်ပျက်နေသော ရုပ်နာမ်သဘာဝအပေါ်မှာ ငြိးငွေ့လာ တော့သည်။ ထိုသို့ ရုပ်နာမ်အပေါ်ငြီးငွေ့ခြင်းသည်ပင်လျှင် နိဗ္ဗာန်ကို ရောက်ဖို့ရာ လမ်းအစပါပဲ ဟု မြတ်စွာဘုရားဟော ကြားပြီးသည်အဆုံး၌ တရားရှုမှတ်လိုက်တာ ရဟန်းတော်အပါး(၅၀၀)တို့ ရဟန္တာ ဖြစ်တော်မူကုန်ကြလေသည်။ ဤကား အဓိဂမ သုတ ကို အခြေခံ၍ အမတ ချမ်းသာအရိပ်ကို ခိုမှီးကြရခြင်းပင်။
ထို့ကြောင့် အာဂမသုတ၊ အဓိဂမသုတ ဆိုသည့် ဗဟုဿုတ ဟူသော တရားတော်အရိပ်သည်ကား မိမိတို့ အတွက် ခိုမှီးစရာ အရိပ်တစ်ခုဆိုလျှင် မှားမည်မထင်ပေ။
Friday, August 10, 2007
တုနှိုင်းမမီ(၅)
Posted in: ဆောင်းပါး
2 comments:
Pease write Unicode🙏🙏🙏🌹🌹🌹🥰
ကျေးဇူးအထူးတင်ပါသည်။🙏🙏🙏🌹🌹🌹
Post a Comment