Thursday, July 19, 2007

တုနှိုင်းမမီ (၁)

မိန်ရာဟင်းကောင်း ဆိုတဲ့အတိုင်း မြန်မာတို့ဓလေ့ဝယ် ဟင်းလျှာနဲ့ ပတ်သက်ပြီး ထမင်းမြိန်တာရှိတတ်ကြပါတယ် ၊ထမင်းစားကြသောအခါ ငါးပိသုပ်နှင့်အတို့ပါမှ စားလို့ အဆင်ပြေတယ်၊ စားလို့ကောင်းတယ်၊လို့ဆိုကြတယ်၊ တစ်ချို့က ဘာဟင်းမှ မပါချင်နေ ပါစေ ငါးပိချက်ပါရင်ရပြီ ဆိုပြီး ငါးပိချက်ကို အမွန်းတင်ပြီး ပြောကြသလို၊ တစ်ချို့ က ငါးကြော်လေးပါလိုက်ရမှ စားကောင်းတယ်။ မှိုဟင်းလေးပါမှ ၀မ်းလေးတယ်(အာသာပြေ တယ်) လို့ ပြောကြတယ်၊ တတ်နိုင်တဲ့လူချမ်းသာအလွှာကဆိုရင်လည်း ပုဇွန်ဆီပြန်ချက် လေးပါမှ ၊ ၀က်သားနဲ့ နာနတ်ချက်လေးဆိုကောင်းတယ်၊ ငါးမုတ် ချိုချဉ်ပါမှ၊ တစ်ချို့က ဆိုင်ကချက်တဲ့ဟင်းလေးနဲ့ တစ်ခါတစ်ရံစားလိုက်ရ အတော်ကောင်းတာပဲ စတဲ့ ဟင်းနှင့်စပ်၍ ပြောဆိုနေကြသံတွေပါ။ ဟင်းလျှာတွေ ဘယ်လောက်ကောင်းတယ်ပြော ပြော လောကမှာ အကောင်းဆုံးဟင်းကို ညွန်ပြပါဆိုရင် စာဖတ်သူများ မည်သည့်ဟင်းကို ညွန်ပြပါမည်နည်း? ။ အကယ်၍ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ဟင်းပင် ရှိစေဦးတော့ ထို ဟင်းထက်ကောင်းသည့်ဟင်းတော့ ပေါ်လာဦးမည်မှာအမှန်ပင်။

ဒါဖြင့် အကောင်းဆုံးဟင်းကဘာလဲ? အမေချက်တဲ့ ဟင်းကို အကောင်းဆုံးလို့ ဆိုချင်ပါသည်။ အမေချက်တဲ့ဟင်းသည် သားသမီးမျာအတွက် အန္တရာယ်အကင်းဆုံးနဲ့ အသန့်ရှင်းဆုံးဟင်းပါဘာကြောင့်ဆိုရင် အမေတိုင်းသည် သားသမီးအတိုင်းတို့ရဲ့ အပေါ် မေတ္တာဓါတ် အပြည့်အ၀ရှိတယ် ဆိုတာကို မည်သူမှ မငြင်းပယ်နိုင်ပါ။ အမေချက်တဲ့ဟင်း၌ မေတ္တာဓါတ်တွေ မေတ္တာခွန်အားတွေ အပြည့် အ၀ပါဝင်နေ၍ ဖြစ်သည်။ ဒါကြောင့် သားသမီးများကို ရည်ရွယ်၍ အမေချက်ထားသောဟင်းကသာ မေတ္တာနှင့်ယှဉ်သည့် မေတ္တာဓါတ်အပြည့်အ၀ပါဝင်သော ဟင်းဖြစ်သောကြောင့် အကောင်းဆုံးဟင်းလို့ ဆိုရချိမ့်မည်။ဒီထက်ကောင်းတဲ့ဟင်းမျိုးရှိနိုင်ပါဦးမည်လော?၊ ဒီဟင်းမျိုးကိုအမေအသက်ရှိထင်ရှား ရှိသော သားသမီးများ၌သာ ရနိုင်ပြီး ၊ အမေကွယ်လွန်သွားသောသားသမီးများအဖို့ ဘယ်သောအခါမျှ အမေချက်တဲ့ဟင်းမရနိုင် တော့ပါ။ လောကသဘာဝတရားအရ ပြန်လည်တောင့်တနေ၍လည်း ရနိုင်တော့မည် မဟုတ်ပါ။
မှန်ပါသည်….လောကသဘာဝတရားကြီးကိုကတည်မြဲခြင်းရယ်လို့မရှိနိုင်လေတော့ မွေးလာသည့် ပုဂ္ဂိုလ်တိုင်း သေလမ်းဆီ ဦးတည်နေကြတာပါပဲ လား။ ဒါဆိုရင် အမေချက်တဲ့ဟင်းသည်လည်း ဘယ်လောက်ကောင်းကောင်း တာရှည်မခံ ပုပ်သိုးတတ်တဲ့အတွက်ကြောင့် မတည်မြဲဘူး ဆိုတဲ့ သဘောသက်ဝင်နေတာပေါ့၊ မတည်မြဲတဲ့သဘောတရား မှန်သမျှ ဘယ်ဟာမှ မကောင်းသည့်အတွက် အမေချက်တဲ့ဟင်းသည်လည်း အကောင်းဆုံးဖြစ် သည်ဟု မဆိုနိုင်ပါချေ။
ဒီလိုဆို လောက အကောင်းဆုံးဟင်းက မည်သည့်ဟင်းမျိုးများ ဖြစ်နိုင်ပါမည်နည်း။
အဲဒီဟင်းက ဘယ်တော့မှ မရိုးနိုင်သော “ ဓမ္မ” ဆိုသည့်ဟင်းပင်တည်း။ ဓမ္မ ဟင်းလျာသည်
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က ချက်ပြုတ်ခဲ့သောဟင်း ဖြစ်သော်ငြားလည်း စားသုံးသူများအတွက် ဘယ်တော့မှ ပုပ်သိုးသည်ဟူ၍မရှိ၊ တာရှည်ခံအောင် ရေခဲသေတ္တာအသုံးပြုစရာလည်း မလိုပါ။ အလိုရှိသော အချိန်ကာလမှာ အလိုရှိသလောက် ထုတ်ယူစားသုံးနိင်ပြီး ၊ အချိန်မရွေး လတ်ဆတ်နေသည့်အတွက် ဘယ်အချိန်မဆို ထုတ်ယူစားသုံးနိုင်ပါသည်။
ဓမ္မကို စားသုံးသူ user များသည် အကြောင်းသိရုံမျှ အမြည်းသဘောမျိုး မဟုတ်ဘဲ ၊ မကြာခဏ ဆိုသလို သုံးစွဲနိုင်လေလေ ဓမ္မဟင်းလျာကို ပို၍ သိလေလေ ဖြစ်၏။ ပကတိ ဟင်းများ ၌ ဟင်းရဲ့အနှစ် ရှိသလို ၊ ပိဋကတ်သုံးသွယ်၊ နိကယ်ငါးရပ် ထဲမှ အဆီအနှစ်ထုတ်ကြည့်လျှင် “အပ္ပမာဒ”အနှစ်ကို ရမှာပါ။ ထို အပ္ပမာဒ ဆိုတဲ့ သတိ ကိုယ့်သဏ္ဍာန်၌ မြဲဖို့ဆိုရင် သတိဦးစီးတဲ့ သတိပဋ္ဌာန်တရား လေးပါးကို အမြဲကျင့်သုံးဖို့သာ ရှိပါသည်။ ဒီလိုသာ အမြဲဆက်ပြီး ကျင့်သုံးနေ မည်ဆိုလျှင် စိတ်အနေသန့်ရှင်းပြီး ကိလေသာ ဘေးအန္တရာယ်များလည်း ကင်းဝေးစင်ကြယ်နိင်ပါ သည်။
ဓမ္မဟင်းလျာကို စားသုံးသူတိုင်း စိုးရိမ်၊ပူဆွေး၊သောကရောက်မှု၊ ငိုကြွေးမှု၊ ကိုယ် ဆင်းရဲမှု ၊စိတ်ဆင်းရဲမှု တွေက ပြေပျောက်စေနိုင်သည့်အပြင် ၊ အပါယ်လေးပါးကလည်း လွတ်နိုင်တယ်၊ ဘ၀သံသရာ၌ ခန္ဓာရလာသူတိုင်း တွေ့ကြုံရမည့် အို နာ သေဆင်းရဲက လည်း အပြီးအတိုင်လွတ်ငြိမ်းခွင့်ရရှိကြပြီး တကယ့်ချမ်းသာအစစ်ကို ရယူနိုင်ပါသည်။
ဒါကြောင့်လောကမှာ တုနှိုင်းမမီ အရည်အသွေးပြည့်မီပြီး အကောင်းတကာ့ အကောင်းဆုံးသောဟင်းလျာသည် ဓမ္မဟင်းလျာပင် ဖြစ်ပါတော့သတည်း။

စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ

အရှင်ကောဝိဒ(မြိတ်)




0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More