Tuesday, September 28, 2010

လူတို့ရဲ့သီလများ

အမေး။ ။အရှင်ဘုရား…ရှစ်ပါးသီလအဓိပ္ပါယ်ကို သိချင်ပါတယ်ဘုရား။ ပြီးတော့ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ လို့ပါပြီး၊ ရှစ်ပါးသီလကျတော့ ကာမေသုသိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယလို့ ပါနေပါတယ်၊ဒီသိက္ခပုဒ်နှစ်ခုမတူပုံကို သိချင်ပါတယ်ဘုရား။ ကိုးပါးသီလကိုလဲ သိချင်ပါတယ် ဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေးမြို့

အဖြေ။ ။ လူတို့အတွက်စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့်တရားအကြောင်းကို စုံစုံစေ့စေ့သိသင့်ပါတယ်။ အချို့က သီလသာစောင့်ထိန်းကြတယ် သီလအကြောင်း သေသေချာချာမသိကြဘူး။ ပထမဦးစွာ ငါးပါးသီလကို ပြောပါ့မယ်။
ငါးပါးသီလ
ပါဏာတိပါတ = သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
လူ့ရဲ့အသက်သာမဟုတ် မိမိမှတစ်ပါး အခြားအသက်ရှိသတ္တ၀ါဟူသမျှကို သူတစ်ပါးအသက် လို့ ဆိုလိုပါတယ်။ဒါကြောင့် အသက်ရှိသတ္တ၀ါမှန်ရင် တိရစ္ဆာန်အမျိုးမျိုး၊ ကြမ်းပိုး၊ သန်းဥ၊ခရု၊ ယောက်သွား၊ကျွဲ၊ နွားစတဲ့သက်ရှိသတ္တ၀ါမှန်သမျှ မသတ်ရပါ။
အဒိန္နာဒါနာ = သူတစ်ပါးမပေးသောဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခာပုဒ်မှ သူတစ်ပါးဆိုရာမှာ မိမိမှတစ်ပါး လူ၊နတ်၊တိရစ္ဆာန်ဟူသမျှကို သူတစ်ပါး လို့မှတ်ရပါမယ်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ဓားပြတိုက်ယူ ခြင်း။ညာဖြန်းလှည့်ပတ်ယူခြင်း။ ကူးသန်းရောင်းဝယ်ရာမှာ တင်းတောင်း ချိန်ခွင် အလေး ခိုးတာတွေ၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစတဲ့ မရိုးသားမှုမှန်သမျှ ကို အဒိန္နာဒါနချည်း မှန်ရပါမယ်။
အဗြဟ္မစရိယာ = မမြတ်တဲ့မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
မေထုန်အကျင့်နဲ့စပ်ပြီး မေထုန်ဆိုတဲ့မြန်မာစကားကို ပါဠိလို ‘မေထုန’ အချင်းချင်းကိစ္စ လို့အဓိပ္ပါယ်ရပါတယ်။ မိန်းမယောင်္ကျားနှစ်သား ပျော်ပါး ပေါင်သင်း ဆက်ဆံခြင်း မမြတ်တဲ့မေထုန်အကျင့်လို့ ခေါ်ပါတယ်။ ဒီသိက္ခာပုဒ်က မမြတ်တဲ့မေထုန်အကျင့်မှ လုံးဝ ရှောင်ကြဉ်ရပါတယ်။
မုသာဝါဒ = မဟုတ်မမှန်တဲ့စကားဖြင့်လိမ်လည်လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
မဟုတ်မမှန်တဲ့စကား ဆိုတာက နှုတ်နဲ့ဖြစ်စေ၊ စာရေးလို့ဖြစ်စေ၊ ကိုယ် လက်စတာတွေကို လှုပ်ပြလို့ဖြစ်စေ၊ လိမ်သမျှ ညာဖြန်းသမျှပါဝင်ပါတယ်။
ဒီသိက္ခာပုဒ်နဲ့စပ်လို့ သူတစ်ပါးအကျိုး ပျက်သွားအောင် လိမ်ခြင်းမုသားပြောခြင်းမျိုးသာ အပါယ်ရောက်ကြောင်းဖြစ်ပါတယ်။ ကိုယ့်ဥစ္စာမပေးလိုတဲ့ အတွက် လိမ်လည်တဲ့မုသားမျိုး၊ ပြက်ရယ်ပြောင်လှောင်တဲ့မုသားမျိုး။ သူတစ်ပါးအကျိုးစီးပွားကို မပျက်စေဘဲ မိမိအပြစ်လွတ်အောင်လိမ်ရတဲ့ မုသားမျိုး။ မိဘများက သားသမီးများ ရုပ်ရှင်ပွဲစတာတွေ သွားတဲ့အခါ အပြစ်ဖြစ်မှာကို မြင်တဲ့အတွက် မသွားချင်အောင်လှည့်ပတ်ပြောဆိုရတဲ့ မုသားမျိုးတွေဟာ ပြောလောက်အောင် အပြစ်မကြီးပါ။ ဒါပေမဲ့ သိက္ခာပုဒ်တော့ ပျက်ဖွယ်ရှိပါတယ်။
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးယစ်စေတတ်၊မေ့လျော့စေတတ်သော သေရည်အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခာပုဒ်မှာ သုရာ+မေရယ နဲ့စပ်လို့ မူးယစ်စေတတ်တဲ့အရာများနဲ့ စီရင်ထားတဲ့ ထန်းရည်၊ ပေရည်၊ ဓနိရည်စတာကို (သုရာ) သေရည် လို့ခေါ်ပါတယ်။ မူးယစ်အောင် စီရင်ရတဲ့ ပန်းပွင့်ရည်၊စပျစ်ရည်စတာတွေကို (မေရယ)အရက် လို့ခေါ်ပါတယ်။ဒါ့ပြင် ယခုကာလသုံးစွဲနေကြတဲ့ ကဇော်၊ဘိန်း၊ကုတ်ကင်း၊ဆေးခြောက် မာဖီးယားစတာတွေကို ဒီသိက္ခာပုဒ်အရ ယူရပါမယ်။
ဝိကာလဘောဇန= နေ့လွဲတဲ့အခါ စားခြင်းမှ ရှောင်ကြဉ်ပါ၏
နေလွဲဆိုတာက မွန်းတည့် ၁၂ နာရီမှ နံနက်အရုဏ်တက်တဲ့အချိန်အထိ နေလွဲအခါလို့ ဆိုပါတယ်။ ထိုနေလွဲအချိန်အတွင်း အဖျော်ရည်၊ဆေး၊စတုမဓုမှအပ ဟင်း၊ထမင်း၊ဟင်းလျာ၊ကွမ်း၊ဆေး၊ လက်ဖက်၊သစ်သီးဟူသမျှ မစားရတော့ပါ။ ထမင်းဟင်း သရေစာချက်လို့ရတဲ့ သစ်သီးသစ်ရွက်များကိုစားရင် ဒီသိက္ခာပုဒ်ပျက်ပါတယ်။အကြောင်းမရှိဘဲ ဖျော်ရည်၊ စတုမဓု၊ ထန်းလျက်၊ သကြား၊ ချင်းသုပ်၊ကွမ်း၊ဆေးစတာတွေ ကို စားရင် ဒီဝိကာလသိက္ခာပုဒ်ညှိုးပါတယ်။ လုံးလုံးပျက်သွားတာတော့မဟုတ်ပါ။ သစ်ပင်ညှိုးရင် အသီးနည်းသလို ဥပုသ်ညှိုးရင် အကျိုးရနည်း တတ်ပါတယ်။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန =အကုသိုလ်များကြောင်းမကောင်းမှုဖြစ်တဲ့ ကခြင်း သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရားအဆုံးမတော်နဲ့ဆန့်ကျင် ဘက်ဖြစ်တဲ့ ကြည့်ရှုနားထောင်ခြင်းတွေမှာ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခပုဒ်မှာ တမင်ကြည့်တာမဟုတ်ဘဲ အလုပ်ကိစ္စနဲ့သွားရင်းလာရင်း တွေ့မြင်မယ်၊ ကြားမိမယ်ဆိုရင်တော့ သီလမပျက်ပါ။ ဒါပေမဲ့တမင်တကာ မမြင်တာကို မြင်အောင် လှည့်ကြည့်တာကတော့ သိက္ခာပုဒ်ပျက်ပါတယ်။
မာလာ ဂန္ဓ ၀ိလေပန ဓရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ =အကုသိုလ်ဖြစ်ကြောင်းဖြစ်တဲ့ ပန်းပန်ခြင်း၊ နံသာပျစ်တို့နဲ့ နိမ့်ရာအရပ်မှာ ဖို့သိပ်ခြင်း၊ နံသာရည်-နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းတို့ ရှောင်ကြဉ်ပါ၏။
ဒီနံ့သာစတာတွေ လိမ်းကျံရာမှာ အနာရောဂါရှိလို့ဖြစ်စေ၊ ကိုယ်အနံ့မကောင်းလို့ဖြစ်စေ၊ ရောဂါနဲ့ကိုယ်အနံ့တို့ကို ကာကွယ်တဲ့အနေနဲ့သုံးကောင်းပါ တယ်။ ရေမွှေး၊ဆပ်ပြာစတာတွေလဲ ထိုနည်းတူပါပဲ။ အကြောင်းမရှိဘဲ လိမ်းကျံရင်တော့ ဒီသိက္ခာပုဒ်ပျက်ပါတယ်။
ဥစ္စာသယန မဟာသယန = မြင့်တဲ့နေရာ မြတ်တဲ့နေရာမှာ အိပ်ခြင်း နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
မြင့်တဲ့နေရာဆိုတာက တစ်တောင့်ထွာထက်ရှည်တဲ့ ခုတင် ကုလားထိုင် ထိုင်ခုံများဖြစ်ပါတယ်။ မြတ်တဲ့နေရာဆိုတာက လက်လေးသစ်မကအမွေးရှည်တဲ့ သားမွေးအခင်း၊ ခြင်္သေ့၊ကျားစတဲ့အရုပ်များနဲ့ခမ်းနားဆန်းကြယ်အောင်စီမံထားတဲ့ သားမွေးအခင်း၊ ရွှေချည် ငွေ ချည်တို့နဲ့ချူပ်လုပ်ထားတဲ့ ပိုးအခင်းများ လဲဝါဂွမ်းသွတ်ထားတဲ့မွေ့ရာများဖြစ်တယ်။ ဒါကြောင့်ရိုးရိုးသာမန်ပိုးအခင်း၊ အုန်းဆံသွတ်ထားတဲ့မွေ့ရာ များကိုတော့ သုံးကောင်းပါတယ်။ ဒီမှာပဲ ရှစ်ပါးသီလအကြောင်း ခဏရပ်ကြစို့ရဲ့။
နောက်တစ်ခု ကာမေသုမိစ္ဆာစာရနဲ့ အဗြဟ္မစရိယသိက္ခာပုဒ်နှစ်ခုရဲ့ ခြားနားချက်ကို ပြောရမယ်ဆိုရင်..
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်အရ မိမိကာမပိုင် လင်ယောင်္ကျား၊ ဇနီးမယားမှတစ်ပါး အခြား ယောင်္ကျားမိန်းမတို့နဲ့ ပေါင်းသင်းဆက်ဆံခြင်းကို မပြုရတာပါ။ မိမိတို့ဇနီးခင်ပွန်းအချင်းချင်း ပေါင်းဖက်ဆက်ဆံလို့ ရပါသေးတယ်။
အဗြဟ္မစရိယသိက္ခာပုဒ်ကတော့ အခြားတစ်ပါးဖြစ်တဲ့မိန်းမယောင်္ကျားများကို မဆိုထားနဲ့၊ မိမိတို့ဇနီးခင်ပွန်း အချင်းချင်း ပေါင်းသင်းဆက်ဆံ ခြင်းကိုတောင်မှ လုံးဝမပြုလုပ်ရ၊ မေထုန်အမှုက လုံးဝရှောင်ကြဉ်ရပါတယ်။ ဒါဟာ ကာမေသုမိစ္ဆာစာရနဲ့အဗြဟ္မစရိယ သိက္ခာပုဒ်နှစ်ခုရဲ့ ထူးခြားချက်ပါပဲ။
ကိုးပါးသီလ
ကိုးပါးသီလဆိုတာ အထက်ကဆိုခဲ့တဲ့ ရှစ်ပါးသီလအပြင် ယထာဗလံ မေတ္တာသဟဂတေနစေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ၀ိဟရာမိ လို့ တစ်ခုထပ်တိုးလိုက်ပါတယ်။ အဓိပ္ပါယ်က “စွမ်းနိုင်သလောက် မေတ္တာစိတ်ဖြင့် သတ္တ၀ါတို့ရှိတဲ့ သတ္တလောကကြီးကို ဖြန့်ပြီးနေပါ့မယ်” လို့ ဆိုပါတယ်။ယခုခေတ်ကာလ အများစောင့်သုံးနေကျတဲ့ ရှစ်ပါးသီလဥပုသ်မှာ မေတ္တာကိုထည့်ရင် ကိုးပါးဖြစ်သွားပါတယ်။ ဒါကိုပဲ န၀င်္ဂဥပုသ် လို့ခေါ်ပါတယ်။ န၀င်္ဂဥပုသ်ကို န၀ကအင်္ဂုတ္ထိုရ်ပါဠိတော်မှာ တိုက်ရိုက်လာပါတယ်။ ဥပုသ်သီလမှာ မေတ္တာထည့်ထားရတဲ့အကြောင်းက ထိုခေတ် က ဥပုသ်သည်တို့ရဲ့ အလိုကျအောင် ထည့်ရခြင်းဖြစ်ဟန်တူပါတယ်။
အမှန်တော့ မေတ္တာဟာ ပါဏာတိပါတစတဲ့သိက္ခာပုဒ်တို့လို သိက္ခာပုဒ်တစ်ခုမဟုတ်ပါ။ ဘာ့ကြောင့်ဆိုရင် ရှစ်ပါးသီလဥပုသ်က တစ်နေ့လုံးရှောင်ကြဉ်နိုင်ပါတယ်။ ဒါပေမဲ့ မေတ္တာနဲ့နေမယ်လို့စောင့်ထိန်းထားတဲ့သူဟာ မေတ္တာနဲ့တစ်နေ့လုံး မနေနိုင်ပါ။ ဒါကြောင့် မေတ္တာဟာ သိက္ခာပုဒ်မဟုတ်ပါ။ မေတ္တာအမွန်းတင်ပြီး စောင့်သုံးတဲ့ဥပုသ်သီလဟာ ရိုးရိုးဥပုသ်ထက် အကျိုးများတဲ့အတွက်ကြောင့် ဘုရားရှင်လက်ထက်က န၀င်္ဂဥပုသ်ကို စောင့်သုံးခဲ့ကြပါတယ်။ (ရတနာ့ဂုဏ်ရည်၊ မဟာဂန္ဓရုံဆရာတော်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More