Thursday, September 30, 2010

ဘုရားရှင်ရဲ့အရပ်တော်နဲ့ခြေတော်ရာ

အမေး။ ။မြတ်စွာဘုရားရဲ့အရပ်တော်ကို သိလိုပါတယ်ဘုရား၊ အရပ်တော်နဲ့ဆက်စပ်ပြီး ခြေတော်ရာကို ဘယ်လိုရည်ရွယ် ထားခဲ့ကြောင်း နဲ့ ခြေတော်ရာဟာ ပကတိ ဟုတ်မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့

အဖြေ။ ။ ဘုရားရှင်ရဲ့အရပ်တော်နဲ့စပ်ပြီး အွန်လိုင်းပေါ်မှ အမေးအဖြေများ(၁)၊ နှာ၊ ၇၉ မှာဖြေကြားခဲ့ပြီးပါပြီ၊ပြန်လည်ရှာဖွေဖတ်ရှုဖို့ရာ အကြံပြုပါရစေ။ နောက်မေးခွန်းက ခြေတော်ရာချထားတော်မူခဲ့ရတဲ့ရည်ရွယ်ချက်(ခြေတော်ရာချထားတော်မူရတဲ့အကြောင်း)နဲ့ ယခုခေတ်မှာ ထင်ရှားရှိနေတဲ့ခြေတော်ရာများဟာ ပကတိအစစ် မှန် မမှန်ဆိုတာမေးထားပါတယ်။
(၁) ခြေတော်ရာနဲ့စပ်ပြီး ဥက္ကဋ္ဌာမြို့နဲ့သေတဗျမြို့အကြား ဒေါနပုဏ္ဏားကိုအကြောင်းပြုပြီး ခြေတော်ရာကို ချထားတော်မူခဲ့ရတာက (က)ဒေါနပုဏ္ဏားဟာ ယနေ့ အနာဂါမ်ဖြစ်မှာကိုမြင်တဲ့တွက်လည်းကောင်း၊
(ခ)ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဓါတ်တော်များယူရန် လာရောက်ငြင်းခုံကြတဲ့မင်းများကို ဒေါနပုဏ္ဏားက ဖျောင်းဖျနိုင်မည်ကို လည်ကောင်း။
(ဂ)ဓါတ်တော်များကို မင်းများအား အညီအမျှခွဲဝေပေးမှာ ဒေါနပုဏ္ဏားသာ ဖြစ်တယ်ဆိုတာကိုလည်းကောင်း မြင်တော်မူတဲ့အတွက် “ဒေါနပုဏ္ဏားတစ်ဦးသာ ငါခြေရာတော်ကို မြင်စေသတည်း” လို့ အဓိဋ္ဌာန်ခဲ့ပါတယ်။ အဓိဋ္ဌာန်တဲ့နေရာမှ လမ်းဘေးသင့်လျော်တဲ့ ဘုရားရှင်သီတင်းသုံးရာ လက်ဝဲလက်ယာ ခြေတော်ရာများကို ချတော်မူကာ ပြတော်မူပါတယ်။(အံ၊၄၊ပါ၊၃၄၆၊ဋ္ဌ၊ ဒု၊၂၉၈၊ ၉)
(၂) မြတ်စွာဘုရားရှင်ဟာ ကုရုတိုင်းကို ဒေသစာရိကြွချီတဲ့အခါ မာဂဏ္ဍိယပုဏ္ဏားလင်မယား အနာဂါမ်တည်မဲ့အကြောင်းကို မြင်တော်မူတဲ့ အတွက် ခြေတော်ရာကို မာဂဏ္ဍိယပုဏ္ဏားလင်မယားနှစ်ဦးမြင်စေသတည်း လို့ အဓိဋ္ဌာန်ကာ ခြေတော်ရာတစ်ဆူ ချထားတော်မူခဲ့ပါတယ်။ ဒါက ဘုရားရှင်ရဲ့ ဒုတိယစက်တော်ရာဖြစ်ပါတယ်။(ဓမ္မပဒ၊အဋ္ဌကထာ၊ပအုပ်၊ ၁၃၄၊၆)
ယခုဆိုခဲ့တဲ့ စက်တော်ရာ နှစ်ဆူက ဘုရားရှင်ရဲ့ အဓိဋ္ဌာန်ရုပ်သိမ်းတော်မူတဲ့အတွက် ပျောက်ကွယ်တော်မူသွားကြပါပြီ။
(၃) ဘုရားရှင် ရှစ်ပါမြောက် ကလျာဏီမြစ်မှာ နေတဲ့ မဏိအက္ခိကနဂါးမင်းပင့်တဲ့အတွက်ကြောင့် ဘုရားရှင်ဟာ နောက်ပါရဟန်း ငါးရာနဲ့အတူ သီဟိုဠ်ကျွန်းကို ကြွတော်မူပါတယ်။ ဘုရားရှင်ဟာ ကလျာဏီမြစ်အနီး ရတနာမဏ္ဍပ်မှာ သီတင်းသုံးကာ ဆွမ်းဘုဉ်းပေးအပြီး၊ သမန္တကူဋတောင်ထိပ်မှာ စက်တော်ရာတစ်ဆူ ချတော်မူခဲ့ပါတယ်။ တနည်း သုမနနတ်မင်း တောင်းပန်တဲ့အတွက် သုမနကူဋတောင်ထိပ်ရှိ စိမ်းညိုတဲ့ကျောက်ဖျာကြီးပေါ်မှာ အနောက်ဖက်ကိုဦးတည်ပြီး လက်ဝဲဘက်စက်တော်ရာတစ်ဆူ ချထားတော်မူခဲ့ပါတယ်။(မဟာဝင်)(ဗုဒ္ဓသာသနိ က၊ ၁၆၆)
(၄) ဘုရားရှင်ဟာ သုနာပရန္တတိုင်း ၀ါဏိဇဂါမကုန်သည်ရွာကို ကျောင်းအလှူဒါနပွဲကိုကြွရောက်တော်မူရာ သစ္စဗန္ဓတောင်ရှိ မိစ္ဆာအယူရှိ ရသေ့ကို ချွေချွတ်တော်မူတယ်။ ကျောင်းအလှူပွဲပြီးတဲ့အခါ ပုဏ္ဏမထေရ်ကို ထိုအရပ်မှာ သာသနာပြုထားခဲ့ပြီး၊ နမ္မဒါမြစ်ကမ်းကို ကြွတော်မူပါ တယ်။နမ္မဒါမြစ်အတွင်းနေတဲ့ နမ္မဒါနဂါးမင်းက ဘုရားရှင်ကို သူ့ရဲ့ဗိမာန်အတွင်းပင့်ဆောင်ပူဇော်ပါတယ်။ ဗုဒ္ဓကိုယ်စား ကိုးကွယ်ရာကို ပေးသနားတော်မူပါ လို့ နဂါးမင်က လျှောက်ထားတဲ့အတွက် နမ္မဒါမြစ်ကမ်းအနီး ကျောက်သားပေါ်မှာ အောက်စက်တော်ရာတစ်ဆူ ချပေးတော်မူခဲ့ပါတယ်။ဒါက စတုတ္ထခြေတော်ရာဖြစ်ပါတယ်။
(၅) ဘုရားရှင်ဟာ နမ္မဒါမြစ်ကမ်းမှ သစ္စဗန္ဓတောင်သို့ ကြွတော်မူပါတယ်။ ထိုအခါ သစ္စဗန္ဓမထေရ်ရဲ့လျှောက်ထားချက်အရ အထက်စက်တော်ရာတစ်ဆူကို ချထားတော်မူခဲ့ပါတယ်။ ဒါကပဉ္စမမြောက်ခြေတော်ရာဖြစ်ပါတယ်။
(သဠာယတနသံယုတ်အဋ္ဌကထာ) (ဥပရိပဏ္ဏာသပါဠိတော် ပုဏ္ဏောဝါဒသုတ်အဖွင့်၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊မ၊ဋ္ဌ၊၂၃၄)
သမန္တစက္ခုဒီပနီ၊၄၇၉ ၊ မှာလာတာက ပုဂံနော်ရထာစောလက်ထက်မှာလဲ လယ်ကိုင်းကျောင်းတော်ရာနေရာဟာ ၀ါဏိဇဂါမရွာ ဖြစ်တယ်လို့ဆိုတယ်။ စန္ဒကူးကျောင်းတော်ရာဟာလဲ ယခုလယ်ကိုင်း၊ ကျောင်းတော်ရာအရပ်ပါပဲလို့ ရှင်အရဟံ မိန့်တော်မူတဲ့အတွက်ကြောင့် ဂန္ဓာရုံစေတီတည် ထားခဲ့တယ်လို့ သမိုင်းကျောက်စာများမှာ ဆိုပါတယ်။ ဒါကြောင့် စတုတ္ထခြေတော်ရာတစ်ဆူနဲ့ပဉ္စစက်တော်ရာတစ်ဆူတို့ဟာ မြန်မာပြည်မှ မန်းချောင်းအနီး အထက်အောက်စက်တော်ရာများ ဖြစ်တယ်လို့ ယူဆရပါတယ်။
အချုပ်ဆိုရရင် သီဟိုဠ်ကျွန်းမှာ တတိယစက်တော်ရာတစ်ဆူ၊ စတုတ္ထနဲ့ပဉ္စမက မြန်မာပြည်သုနာပရန္တတိုင်း စက်တော်ရာနှစ်ဆူ၊ ပေါင်းသုံးဆူတို့ဟာ သာသနာဆုံးတဲ့အထိ တည်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More