This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 30, 2010

ဘုရားရှင်ရဲ့အရပ်တော်နဲ့ခြေတော်ရာ

အမေး။ ။မြတ်စွာဘုရားရဲ့အရပ်တော်ကို သိလိုပါတယ်ဘုရား၊ အရပ်တော်နဲ့ဆက်စပ်ပြီး ခြေတော်ရာကို ဘယ်လိုရည်ရွယ် ထားခဲ့ကြောင်း နဲ့ ခြေတော်ရာဟာ ပကတိ ဟုတ်မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့

အဖြေ။ ။ ဘုရားရှင်ရဲ့အရပ်တော်နဲ့စပ်ပြီး အွန်လိုင်းပေါ်မှ အမေးအဖြေများ(၁)၊ နှာ၊ ၇၉ မှာဖြေကြားခဲ့ပြီးပါပြီ၊ပြန်လည်ရှာဖွေဖတ်ရှုဖို့ရာ အကြံပြုပါရစေ။ နောက်မေးခွန်းက ခြေတော်ရာချထားတော်မူခဲ့ရတဲ့ရည်ရွယ်ချက်(ခြေတော်ရာချထားတော်မူရတဲ့အကြောင်း)နဲ့ ယခုခေတ်မှာ ထင်ရှားရှိနေတဲ့ခြေတော်ရာများဟာ ပကတိအစစ် မှန် မမှန်ဆိုတာမေးထားပါတယ်။
(၁) ခြေတော်ရာနဲ့စပ်ပြီး ဥက္ကဋ္ဌာမြို့နဲ့သေတဗျမြို့အကြား ဒေါနပုဏ္ဏားကိုအကြောင်းပြုပြီး ခြေတော်ရာကို ချထားတော်မူခဲ့ရတာက (က)ဒေါနပုဏ္ဏားဟာ ယနေ့ အနာဂါမ်ဖြစ်မှာကိုမြင်တဲ့တွက်လည်းကောင်း၊
(ခ)ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဓါတ်တော်များယူရန် လာရောက်ငြင်းခုံကြတဲ့မင်းများကို ဒေါနပုဏ္ဏားက ဖျောင်းဖျနိုင်မည်ကို လည်ကောင်း။
(ဂ)ဓါတ်တော်များကို မင်းများအား အညီအမျှခွဲဝေပေးမှာ ဒေါနပုဏ္ဏားသာ ဖြစ်တယ်ဆိုတာကိုလည်းကောင်း မြင်တော်မူတဲ့အတွက် “ဒေါနပုဏ္ဏားတစ်ဦးသာ ငါခြေရာတော်ကို မြင်စေသတည်း” လို့ အဓိဋ္ဌာန်ခဲ့ပါတယ်။ အဓိဋ္ဌာန်တဲ့နေရာမှ လမ်းဘေးသင့်လျော်တဲ့ ဘုရားရှင်သီတင်းသုံးရာ လက်ဝဲလက်ယာ ခြေတော်ရာများကို ချတော်မူကာ ပြတော်မူပါတယ်။(အံ၊၄၊ပါ၊၃၄၆၊ဋ္ဌ၊ ဒု၊၂၉၈၊ ၉)
(၂) မြတ်စွာဘုရားရှင်ဟာ ကုရုတိုင်းကို ဒေသစာရိကြွချီတဲ့အခါ မာဂဏ္ဍိယပုဏ္ဏားလင်မယား အနာဂါမ်တည်မဲ့အကြောင်းကို မြင်တော်မူတဲ့ အတွက် ခြေတော်ရာကို မာဂဏ္ဍိယပုဏ္ဏားလင်မယားနှစ်ဦးမြင်စေသတည်း လို့ အဓိဋ္ဌာန်ကာ ခြေတော်ရာတစ်ဆူ ချထားတော်မူခဲ့ပါတယ်။ ဒါက ဘုရားရှင်ရဲ့ ဒုတိယစက်တော်ရာဖြစ်ပါတယ်။(ဓမ္မပဒ၊အဋ္ဌကထာ၊ပအုပ်၊ ၁၃၄၊၆)
ယခုဆိုခဲ့တဲ့ စက်တော်ရာ နှစ်ဆူက ဘုရားရှင်ရဲ့ အဓိဋ္ဌာန်ရုပ်သိမ်းတော်မူတဲ့အတွက် ပျောက်ကွယ်တော်မူသွားကြပါပြီ။
(၃) ဘုရားရှင် ရှစ်ပါမြောက် ကလျာဏီမြစ်မှာ နေတဲ့ မဏိအက္ခိကနဂါးမင်းပင့်တဲ့အတွက်ကြောင့် ဘုရားရှင်ဟာ နောက်ပါရဟန်း ငါးရာနဲ့အတူ သီဟိုဠ်ကျွန်းကို ကြွတော်မူပါတယ်။ ဘုရားရှင်ဟာ ကလျာဏီမြစ်အနီး ရတနာမဏ္ဍပ်မှာ သီတင်းသုံးကာ ဆွမ်းဘုဉ်းပေးအပြီး၊ သမန္တကူဋတောင်ထိပ်မှာ စက်တော်ရာတစ်ဆူ ချတော်မူခဲ့ပါတယ်။ တနည်း သုမနနတ်မင်း တောင်းပန်တဲ့အတွက် သုမနကူဋတောင်ထိပ်ရှိ စိမ်းညိုတဲ့ကျောက်ဖျာကြီးပေါ်မှာ အနောက်ဖက်ကိုဦးတည်ပြီး လက်ဝဲဘက်စက်တော်ရာတစ်ဆူ ချထားတော်မူခဲ့ပါတယ်။(မဟာဝင်)(ဗုဒ္ဓသာသနိ က၊ ၁၆၆)
(၄) ဘုရားရှင်ဟာ သုနာပရန္တတိုင်း ၀ါဏိဇဂါမကုန်သည်ရွာကို ကျောင်းအလှူဒါနပွဲကိုကြွရောက်တော်မူရာ သစ္စဗန္ဓတောင်ရှိ မိစ္ဆာအယူရှိ ရသေ့ကို ချွေချွတ်တော်မူတယ်။ ကျောင်းအလှူပွဲပြီးတဲ့အခါ ပုဏ္ဏမထေရ်ကို ထိုအရပ်မှာ သာသနာပြုထားခဲ့ပြီး၊ နမ္မဒါမြစ်ကမ်းကို ကြွတော်မူပါ တယ်။နမ္မဒါမြစ်အတွင်းနေတဲ့ နမ္မဒါနဂါးမင်းက ဘုရားရှင်ကို သူ့ရဲ့ဗိမာန်အတွင်းပင့်ဆောင်ပူဇော်ပါတယ်။ ဗုဒ္ဓကိုယ်စား ကိုးကွယ်ရာကို ပေးသနားတော်မူပါ လို့ နဂါးမင်က လျှောက်ထားတဲ့အတွက် နမ္မဒါမြစ်ကမ်းအနီး ကျောက်သားပေါ်မှာ အောက်စက်တော်ရာတစ်ဆူ ချပေးတော်မူခဲ့ပါတယ်။ဒါက စတုတ္ထခြေတော်ရာဖြစ်ပါတယ်။
(၅) ဘုရားရှင်ဟာ နမ္မဒါမြစ်ကမ်းမှ သစ္စဗန္ဓတောင်သို့ ကြွတော်မူပါတယ်။ ထိုအခါ သစ္စဗန္ဓမထေရ်ရဲ့လျှောက်ထားချက်အရ အထက်စက်တော်ရာတစ်ဆူကို ချထားတော်မူခဲ့ပါတယ်။ ဒါကပဉ္စမမြောက်ခြေတော်ရာဖြစ်ပါတယ်။
(သဠာယတနသံယုတ်အဋ္ဌကထာ) (ဥပရိပဏ္ဏာသပါဠိတော် ပုဏ္ဏောဝါဒသုတ်အဖွင့်၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊မ၊ဋ္ဌ၊၂၃၄)
သမန္တစက္ခုဒီပနီ၊၄၇၉ ၊ မှာလာတာက ပုဂံနော်ရထာစောလက်ထက်မှာလဲ လယ်ကိုင်းကျောင်းတော်ရာနေရာဟာ ၀ါဏိဇဂါမရွာ ဖြစ်တယ်လို့ဆိုတယ်။ စန္ဒကူးကျောင်းတော်ရာဟာလဲ ယခုလယ်ကိုင်း၊ ကျောင်းတော်ရာအရပ်ပါပဲလို့ ရှင်အရဟံ မိန့်တော်မူတဲ့အတွက်ကြောင့် ဂန္ဓာရုံစေတီတည် ထားခဲ့တယ်လို့ သမိုင်းကျောက်စာများမှာ ဆိုပါတယ်။ ဒါကြောင့် စတုတ္ထခြေတော်ရာတစ်ဆူနဲ့ပဉ္စစက်တော်ရာတစ်ဆူတို့ဟာ မြန်မာပြည်မှ မန်းချောင်းအနီး အထက်အောက်စက်တော်ရာများ ဖြစ်တယ်လို့ ယူဆရပါတယ်။
အချုပ်ဆိုရရင် သီဟိုဠ်ကျွန်းမှာ တတိယစက်တော်ရာတစ်ဆူ၊ စတုတ္ထနဲ့ပဉ္စမက မြန်မာပြည်သုနာပရန္တတိုင်း စက်တော်ရာနှစ်ဆူ၊ ပေါင်းသုံးဆူတို့ဟာ သာသနာဆုံးတဲ့အထိ တည်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Wednesday, September 29, 2010

နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့ဘုံဌာနတစ်ခုလား

အမေး။ ။ဆရာတော်ဘုရား….လူအတော်များများဟာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး နိဗ္ဗာန်ရောက်ပါစေ၊ နိဗ္ဗာန်ရရပါလို၏ လို့ ဆုတောင်းကြတယ်ဘုရား၊ တပည့်တော်သိလိုတာက နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့(ဘုံ)နေရာလား။ ရနိုင်တဲ့(အခြား)အရာကို ခေါ်တာလားဘုရား၊ နိဗ္ဗာန်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းအောင် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့

အဖြေ။ ။နိဗ္ဗာန်ဆိုတာ တည်နေရာ (ဘုံ)မရှိပါဘူး။ လူအများရောက်နိုင်၊ ရနိုင်ပြီး တကယ်လဲရှိတဲ့ သဘာဝအမှန်တရားတစ်ခုဖြစ်တယ်။ ဒါနဲ့စပ်ပြီး မိလိန္ဒမင်းက ရှင်နာဂသိန်ကို “ နိဗ္ဗာန်ဆိုတာ အမြဲအစွဲတည်ရာ ရှိပါသလား”လို့မေးတော့ ရှင်နာဂသိန်က “နိဗ္ဗာန်ဆိုတာ တည်ရာမရှိဘူး” လို့ မိန့်တော်မူတယ်။ဒီအခါ မိလိန္ဒမင်းက “အရှင်ဘုရား…တကယ်လို့နိဗ္ဗာန်ဟာ တည်ရာမရှိဘူးဆိုရင် နိဗ္ဗာန်လဲရှိမှာ မဟုတ်ဘူး။ နိဗ္ဗာန်မျက်မှောက် ပြုတယ်ဆိုတာလဲ တကယ်တော့ မှားတာဖြစ်လိမ့်မယ်။ဥပမာပြောရင် စပါးဆိုတာ သူရဲ့ဖြစ်ရာ စပါးပင်ရှိတယ်။အသီးဆိုတာ သူ့ရဲ့တည်ရာအပင်ရှိ တယ်။ဒါကြောင့်နိဗ္ဗာန်ဆိုတာလဲ တကယ်ဆိုရင် အမြဲတည်ရာရှိရမှာပါဘုရား” လို့ ရှင်နာဂသိန်ကိုမေးလျှောက်တဲ့အခါ ရှင်ဂသိန်က “မင်းကြီး…နိဗ္ဗာန်ဆိုတာ အမြဲတည်ရာမှီရာမရှိပါဘူး၊ ဒီလိုတည်ရာမှီရာအရပ်မရှိပေမဲ့ နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှားရှိပါတယ်။ ဥပမာပြောရရင်…
မီးဆိုတာ ထင်ရှားရှိတယ်။ဒါပေမဲ့ ထိုမီးရဲ့ စွဲမြဲတည်ရာအရပ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ထင်းနှစ်ခုကို ပွတ်တိုက်ရင် မီးကို ရပါတယ်။ မီးချက်ဆံနဲ့ မီးချက်ကြုပ်ကို ခတ်လိုက်တဲ့အခါ ‘မီး’ ကိုရလာပါတယ်။ ဒီလိုပါပဲ နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှားရှိတယ်။ဒါပေမဲ့သူ့မှာ တည်ရာအရပ် ဆိုတာ မရှိပါဘူး” လို့ မိန့်ကြားတော်မူပါတယ်။
ဒါကြောင့် နိဗ္ဗာန်ဟာ ရှေ့နောက်ဝဲယာ ထက်အောက် အရပ်တွေမှာ ရှိတယ်ဆိုတာ ဘယ်လိုမှ ပြောလို့မရပါဘူး။ ဘယ်နေရာမှာ နိဗ္ဗာန်ရှိ တယ်ဆိုတာ ပြောလို့မရပါဘူး။ နိဗ္ဗာန်ဆိုတာ လောဘစတဲ့ကိလေသာတို့ချူပ်ခြင်းသဘောရှိတယ်။ ဒီသဘောတရားကို ဘယ်နေရာမှာရှိတယ် ဆိုတာ ပြောလို့မရပါဘူး။ ညွန်ကြားလို့လဲမရဘူး။ တည်ရာအရပ်လဲမရှိပါဘူး။
နိဗ္ဗာန်လို့ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုးနဲ့မမြင်မိစေနဲ့ ၊ ရောက်စရာဌာနတစ်ခုအနေနဲ့လဲမမြင်မိစေဖို့အရေးကြီးတယ်။ ဘာ့ကြောင့် ဆိုရင် နိဗ္ဗာန်ဟာ သဘောတရားတစ်ခုသာဖြစ်နေလို့ပါပဲ။
နိဗ္ဗာန်ရဲ့သဘောကိုပြောရရင်..
နိဗ္ဗာန်ကို ပုထုဇဉ်တို့ဥာဏ်နဲ့မမြင်နိုင်သော်လဲ ထူးတဲ့မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့(မဂ်ဖိုလ်ရတာနဲ့တပြိုင်နက်) သိနိုင်မြင်နိုင်လောက်အောင် ထင်ရှားတဲ့သဘောရှိတယ်။
နိဗ္ဗာန်ဟာ ထင်ရှားတဲ့သဘောရှိပေမဲ့ ပကတိမျက်စိနဲ့ ဘယ်လိုနည်းနဲ့မှ မမြင်နိုင်ပါ။ နိဗ္ဗာန်ဟာ ဘယ်လိုချမ်းသာတယ်၊ အေးမြတယ်၊မွန်မြတ်တယ် ဆိုတာကို ထပ်တူပြုဖို့ရာ ဥပမာလဲမရှိပါ။
စိတ်တစ်ခုမှာစတင်ဖြစ်ပေါ်တာရယ် ၊ မပျက်ခင်တည်နေတာရယ်၊ ပျက်သွားတာရယ်ဆိုပြီး သုံးပိုင်းခွဲလို့ရပေမဲ့ နိဗ္ဗာန်မှာတော့ ပိုင်းခြားဖို့အတွက် အပိုင်းဆိုတာမရှိပါ။ ဖြစ် တည် ပျက်ဆိုတာမရှိ၊ အမြဲသစ်လွင်နေတဲ့သဘောရှိပါတယ်(သင်္ဂြိုဟ်ဘာသာဋီကာ၊နှာ၊၆၄၃)
နိဗ္ဗာန်နဲ့စပ်ပြီး ထိုထက်စုံစုံလင်လင်သိချင်တယ်ဆိုရင် မိလိန္ဒပညှာမှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ သရက်သီးတစ်လုံးရဲ့အရသာကို မစားဘဲသိရတာထက် ကိုယ်တိုင်စားပြီးသိရတာက ပိုထိရောက်သလိုပါပဲ၊ နိဗ္ဗာန်အကြောင်းကို ဒီအတိုင်းလေ့လာနေမဲ့အစား၊ ကိုယ်တိုင်ပဲ လေ့လာအားထုတ်ပြီး မဂ်ဖိုလ်ရအောင်ကြိုးစားနိုင်ရင်မယ်ဆိုရင် ပိုပြီးထိရောက်မှာပါ။

ဆရာတော်ကြီးများရဲ့အဆုံးအမသြ၀ါဒ

ဆရာတော်ကြီးများရဲ့အဆုံးအမသြ၀ါဒ

Tuesday, September 28, 2010

လူတို့ရဲ့သီလများ

အမေး။ ။အရှင်ဘုရား…ရှစ်ပါးသီလအဓိပ္ပါယ်ကို သိချင်ပါတယ်ဘုရား။ ပြီးတော့ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ လို့ပါပြီး၊ ရှစ်ပါးသီလကျတော့ ကာမေသုသိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယလို့ ပါနေပါတယ်၊ဒီသိက္ခပုဒ်နှစ်ခုမတူပုံကို သိချင်ပါတယ်ဘုရား။ ကိုးပါးသီလကိုလဲ သိချင်ပါတယ် ဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေးမြို့

အဖြေ။ ။ လူတို့အတွက်စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့်တရားအကြောင်းကို စုံစုံစေ့စေ့သိသင့်ပါတယ်။ အချို့က သီလသာစောင့်ထိန်းကြတယ် သီလအကြောင်း သေသေချာချာမသိကြဘူး။ ပထမဦးစွာ ငါးပါးသီလကို ပြောပါ့မယ်။
ငါးပါးသီလ
ပါဏာတိပါတ = သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
လူ့ရဲ့အသက်သာမဟုတ် မိမိမှတစ်ပါး အခြားအသက်ရှိသတ္တ၀ါဟူသမျှကို သူတစ်ပါးအသက် လို့ ဆိုလိုပါတယ်။ဒါကြောင့် အသက်ရှိသတ္တ၀ါမှန်ရင် တိရစ္ဆာန်အမျိုးမျိုး၊ ကြမ်းပိုး၊ သန်းဥ၊ခရု၊ ယောက်သွား၊ကျွဲ၊ နွားစတဲ့သက်ရှိသတ္တ၀ါမှန်သမျှ မသတ်ရပါ။
အဒိန္နာဒါနာ = သူတစ်ပါးမပေးသောဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခာပုဒ်မှ သူတစ်ပါးဆိုရာမှာ မိမိမှတစ်ပါး လူ၊နတ်၊တိရစ္ဆာန်ဟူသမျှကို သူတစ်ပါး လို့မှတ်ရပါမယ်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ဓားပြတိုက်ယူ ခြင်း။ညာဖြန်းလှည့်ပတ်ယူခြင်း။ ကူးသန်းရောင်းဝယ်ရာမှာ တင်းတောင်း ချိန်ခွင် အလေး ခိုးတာတွေ၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစတဲ့ မရိုးသားမှုမှန်သမျှ ကို အဒိန္နာဒါနချည်း မှန်ရပါမယ်။
အဗြဟ္မစရိယာ = မမြတ်တဲ့မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
မေထုန်အကျင့်နဲ့စပ်ပြီး မေထုန်ဆိုတဲ့မြန်မာစကားကို ပါဠိလို ‘မေထုန’ အချင်းချင်းကိစ္စ လို့အဓိပ္ပါယ်ရပါတယ်။ မိန်းမယောင်္ကျားနှစ်သား ပျော်ပါး ပေါင်သင်း ဆက်ဆံခြင်း မမြတ်တဲ့မေထုန်အကျင့်လို့ ခေါ်ပါတယ်။ ဒီသိက္ခာပုဒ်က မမြတ်တဲ့မေထုန်အကျင့်မှ လုံးဝ ရှောင်ကြဉ်ရပါတယ်။
မုသာဝါဒ = မဟုတ်မမှန်တဲ့စကားဖြင့်လိမ်လည်လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
မဟုတ်မမှန်တဲ့စကား ဆိုတာက နှုတ်နဲ့ဖြစ်စေ၊ စာရေးလို့ဖြစ်စေ၊ ကိုယ် လက်စတာတွေကို လှုပ်ပြလို့ဖြစ်စေ၊ လိမ်သမျှ ညာဖြန်းသမျှပါဝင်ပါတယ်။
ဒီသိက္ခာပုဒ်နဲ့စပ်လို့ သူတစ်ပါးအကျိုး ပျက်သွားအောင် လိမ်ခြင်းမုသားပြောခြင်းမျိုးသာ အပါယ်ရောက်ကြောင်းဖြစ်ပါတယ်။ ကိုယ့်ဥစ္စာမပေးလိုတဲ့ အတွက် လိမ်လည်တဲ့မုသားမျိုး၊ ပြက်ရယ်ပြောင်လှောင်တဲ့မုသားမျိုး။ သူတစ်ပါးအကျိုးစီးပွားကို မပျက်စေဘဲ မိမိအပြစ်လွတ်အောင်လိမ်ရတဲ့ မုသားမျိုး။ မိဘများက သားသမီးများ ရုပ်ရှင်ပွဲစတာတွေ သွားတဲ့အခါ အပြစ်ဖြစ်မှာကို မြင်တဲ့အတွက် မသွားချင်အောင်လှည့်ပတ်ပြောဆိုရတဲ့ မုသားမျိုးတွေဟာ ပြောလောက်အောင် အပြစ်မကြီးပါ။ ဒါပေမဲ့ သိက္ခာပုဒ်တော့ ပျက်ဖွယ်ရှိပါတယ်။
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးယစ်စေတတ်၊မေ့လျော့စေတတ်သော သေရည်အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခာပုဒ်မှာ သုရာ+မေရယ နဲ့စပ်လို့ မူးယစ်စေတတ်တဲ့အရာများနဲ့ စီရင်ထားတဲ့ ထန်းရည်၊ ပေရည်၊ ဓနိရည်စတာကို (သုရာ) သေရည် လို့ခေါ်ပါတယ်။ မူးယစ်အောင် စီရင်ရတဲ့ ပန်းပွင့်ရည်၊စပျစ်ရည်စတာတွေကို (မေရယ)အရက် လို့ခေါ်ပါတယ်။ဒါ့ပြင် ယခုကာလသုံးစွဲနေကြတဲ့ ကဇော်၊ဘိန်း၊ကုတ်ကင်း၊ဆေးခြောက် မာဖီးယားစတာတွေကို ဒီသိက္ခာပုဒ်အရ ယူရပါမယ်။
ဝိကာလဘောဇန= နေ့လွဲတဲ့အခါ စားခြင်းမှ ရှောင်ကြဉ်ပါ၏
နေလွဲဆိုတာက မွန်းတည့် ၁၂ နာရီမှ နံနက်အရုဏ်တက်တဲ့အချိန်အထိ နေလွဲအခါလို့ ဆိုပါတယ်။ ထိုနေလွဲအချိန်အတွင်း အဖျော်ရည်၊ဆေး၊စတုမဓုမှအပ ဟင်း၊ထမင်း၊ဟင်းလျာ၊ကွမ်း၊ဆေး၊ လက်ဖက်၊သစ်သီးဟူသမျှ မစားရတော့ပါ။ ထမင်းဟင်း သရေစာချက်လို့ရတဲ့ သစ်သီးသစ်ရွက်များကိုစားရင် ဒီသိက္ခာပုဒ်ပျက်ပါတယ်။အကြောင်းမရှိဘဲ ဖျော်ရည်၊ စတုမဓု၊ ထန်းလျက်၊ သကြား၊ ချင်းသုပ်၊ကွမ်း၊ဆေးစတာတွေ ကို စားရင် ဒီဝိကာလသိက္ခာပုဒ်ညှိုးပါတယ်။ လုံးလုံးပျက်သွားတာတော့မဟုတ်ပါ။ သစ်ပင်ညှိုးရင် အသီးနည်းသလို ဥပုသ်ညှိုးရင် အကျိုးရနည်း တတ်ပါတယ်။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန =အကုသိုလ်များကြောင်းမကောင်းမှုဖြစ်တဲ့ ကခြင်း သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရားအဆုံးမတော်နဲ့ဆန့်ကျင် ဘက်ဖြစ်တဲ့ ကြည့်ရှုနားထောင်ခြင်းတွေမှာ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခပုဒ်မှာ တမင်ကြည့်တာမဟုတ်ဘဲ အလုပ်ကိစ္စနဲ့သွားရင်းလာရင်း တွေ့မြင်မယ်၊ ကြားမိမယ်ဆိုရင်တော့ သီလမပျက်ပါ။ ဒါပေမဲ့တမင်တကာ မမြင်တာကို မြင်အောင် လှည့်ကြည့်တာကတော့ သိက္ခာပုဒ်ပျက်ပါတယ်။
မာလာ ဂန္ဓ ၀ိလေပန ဓရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ =အကုသိုလ်ဖြစ်ကြောင်းဖြစ်တဲ့ ပန်းပန်ခြင်း၊ နံသာပျစ်တို့နဲ့ နိမ့်ရာအရပ်မှာ ဖို့သိပ်ခြင်း၊ နံသာရည်-နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းတို့ ရှောင်ကြဉ်ပါ၏။
ဒီနံ့သာစတာတွေ လိမ်းကျံရာမှာ အနာရောဂါရှိလို့ဖြစ်စေ၊ ကိုယ်အနံ့မကောင်းလို့ဖြစ်စေ၊ ရောဂါနဲ့ကိုယ်အနံ့တို့ကို ကာကွယ်တဲ့အနေနဲ့သုံးကောင်းပါ တယ်။ ရေမွှေး၊ဆပ်ပြာစတာတွေလဲ ထိုနည်းတူပါပဲ။ အကြောင်းမရှိဘဲ လိမ်းကျံရင်တော့ ဒီသိက္ခာပုဒ်ပျက်ပါတယ်။
ဥစ္စာသယန မဟာသယန = မြင့်တဲ့နေရာ မြတ်တဲ့နေရာမှာ အိပ်ခြင်း နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
မြင့်တဲ့နေရာဆိုတာက တစ်တောင့်ထွာထက်ရှည်တဲ့ ခုတင် ကုလားထိုင် ထိုင်ခုံများဖြစ်ပါတယ်။ မြတ်တဲ့နေရာဆိုတာက လက်လေးသစ်မကအမွေးရှည်တဲ့ သားမွေးအခင်း၊ ခြင်္သေ့၊ကျားစတဲ့အရုပ်များနဲ့ခမ်းနားဆန်းကြယ်အောင်စီမံထားတဲ့ သားမွေးအခင်း၊ ရွှေချည် ငွေ ချည်တို့နဲ့ချူပ်လုပ်ထားတဲ့ ပိုးအခင်းများ လဲဝါဂွမ်းသွတ်ထားတဲ့မွေ့ရာများဖြစ်တယ်။ ဒါကြောင့်ရိုးရိုးသာမန်ပိုးအခင်း၊ အုန်းဆံသွတ်ထားတဲ့မွေ့ရာ များကိုတော့ သုံးကောင်းပါတယ်။ ဒီမှာပဲ ရှစ်ပါးသီလအကြောင်း ခဏရပ်ကြစို့ရဲ့။
နောက်တစ်ခု ကာမေသုမိစ္ဆာစာရနဲ့ အဗြဟ္မစရိယသိက္ခာပုဒ်နှစ်ခုရဲ့ ခြားနားချက်ကို ပြောရမယ်ဆိုရင်..
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်အရ မိမိကာမပိုင် လင်ယောင်္ကျား၊ ဇနီးမယားမှတစ်ပါး အခြား ယောင်္ကျားမိန်းမတို့နဲ့ ပေါင်းသင်းဆက်ဆံခြင်းကို မပြုရတာပါ။ မိမိတို့ဇနီးခင်ပွန်းအချင်းချင်း ပေါင်းဖက်ဆက်ဆံလို့ ရပါသေးတယ်။
အဗြဟ္မစရိယသိက္ခာပုဒ်ကတော့ အခြားတစ်ပါးဖြစ်တဲ့မိန်းမယောင်္ကျားများကို မဆိုထားနဲ့၊ မိမိတို့ဇနီးခင်ပွန်း အချင်းချင်း ပေါင်းသင်းဆက်ဆံ ခြင်းကိုတောင်မှ လုံးဝမပြုလုပ်ရ၊ မေထုန်အမှုက လုံးဝရှောင်ကြဉ်ရပါတယ်။ ဒါဟာ ကာမေသုမိစ္ဆာစာရနဲ့အဗြဟ္မစရိယ သိက္ခာပုဒ်နှစ်ခုရဲ့ ထူးခြားချက်ပါပဲ။
ကိုးပါးသီလ
ကိုးပါးသီလဆိုတာ အထက်ကဆိုခဲ့တဲ့ ရှစ်ပါးသီလအပြင် ယထာဗလံ မေတ္တာသဟဂတေနစေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ၀ိဟရာမိ လို့ တစ်ခုထပ်တိုးလိုက်ပါတယ်။ အဓိပ္ပါယ်က “စွမ်းနိုင်သလောက် မေတ္တာစိတ်ဖြင့် သတ္တ၀ါတို့ရှိတဲ့ သတ္တလောကကြီးကို ဖြန့်ပြီးနေပါ့မယ်” လို့ ဆိုပါတယ်။ယခုခေတ်ကာလ အများစောင့်သုံးနေကျတဲ့ ရှစ်ပါးသီလဥပုသ်မှာ မေတ္တာကိုထည့်ရင် ကိုးပါးဖြစ်သွားပါတယ်။ ဒါကိုပဲ န၀င်္ဂဥပုသ် လို့ခေါ်ပါတယ်။ န၀င်္ဂဥပုသ်ကို န၀ကအင်္ဂုတ္ထိုရ်ပါဠိတော်မှာ တိုက်ရိုက်လာပါတယ်။ ဥပုသ်သီလမှာ မေတ္တာထည့်ထားရတဲ့အကြောင်းက ထိုခေတ် က ဥပုသ်သည်တို့ရဲ့ အလိုကျအောင် ထည့်ရခြင်းဖြစ်ဟန်တူပါတယ်။
အမှန်တော့ မေတ္တာဟာ ပါဏာတိပါတစတဲ့သိက္ခာပုဒ်တို့လို သိက္ခာပုဒ်တစ်ခုမဟုတ်ပါ။ ဘာ့ကြောင့်ဆိုရင် ရှစ်ပါးသီလဥပုသ်က တစ်နေ့လုံးရှောင်ကြဉ်နိုင်ပါတယ်။ ဒါပေမဲ့ မေတ္တာနဲ့နေမယ်လို့စောင့်ထိန်းထားတဲ့သူဟာ မေတ္တာနဲ့တစ်နေ့လုံး မနေနိုင်ပါ။ ဒါကြောင့် မေတ္တာဟာ သိက္ခာပုဒ်မဟုတ်ပါ။ မေတ္တာအမွန်းတင်ပြီး စောင့်သုံးတဲ့ဥပုသ်သီလဟာ ရိုးရိုးဥပုသ်ထက် အကျိုးများတဲ့အတွက်ကြောင့် ဘုရားရှင်လက်ထက်က န၀င်္ဂဥပုသ်ကို စောင့်သုံးခဲ့ကြပါတယ်။ (ရတနာ့ဂုဏ်ရည်၊ မဟာဂန္ဓရုံဆရာတော်)

Monday, September 27, 2010

Sunday, September 26, 2010

ဘုရားကိုပူဇော်တဲ့သီချင်းများက အပြစ်ဖြစ်ပါသလား

အမေး။ တပည့်တော်သိချင်တာက ဗုဒ္ဓကိုပူဇော်တဲ့တေးသီချင်းများကတော့ အပြစ်မဖြစ်ဖူးလားဆိုတာလေးပါ။ ဓမ္မစကြာရွတ်ဖတ်တဲ့ အခါမျိုးမှာရော အသံဆွဲရွတ်ဖတ်လို့ရပါသလား.။
အနမ်း
ရန်ကုန်

အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီး ဓမ္မဂီတ ၊ ဂီတဓမ္မ ဆိုပြီး နှစ်မျိုးရှိတယ်။ ဓမ္မဂီတဆိုတာက တရားကို သီချင်းလုပ်ပြီးဆိုတာဖြစ်တယ်။ ဆိုလိုတာ က တရားကို အသံတို၊အသံရှည်၊ အချီ၊အချ၊ အနိမ့်၊အမြင့်တွေနဲ့ သီချင်းသီဆိုသလိုဆိုပြီး တရားဟောတာပါ။ တကယ်ကတရားနာတယ်ဆိုတာ သံဝေဂရအောင် မသိတာတွေသိအောင်ဆိုပြီးတရားနာတာဖြစ်တယ်။ တရားဟောတဲ့သူက သီချင်းဆိုသလို ဟောနေရင် နာတဲ့သူမှာ တရားအနက်သဘောမထင်တော့၊ အသံနောက်လိုက်ကာ သံဝေဂမရတဲ့အပြင် တဏှာဖက်တောင်ကူးသွားနိုင်ပါတယ်။ ဒါကြောင့် “ဓမ္မဂီတ” တရားကိုသီချင်းဆိုသလို ဟောတဲ့သူကလဲ မဟောသင့်သလို နာတဲ့သူကလဲ မနာသင့်ပါဘူး။ ဓမ္မဂီတ ဖြင့် အသံရှည်ဆွဲဟောပြောမှုကို လူဓမ္မကထိကများလဲ မဟောသင့်ဘူး လို့ ယူဆမိပါတယ်။ ဘာ့ကြောင့်ဆိုရင် တရားကို တရားလိုပဲ ဟောရင်အကောင်းဆုံးမို့လို့ပါပဲ။ ယနေ့ခေတ် ဓမ္မစကြာသုတ်တော်ကို ရွတ်ဖတ်ပူဇော်တဲ့နေရာမှာ အသံအရှည်ကြီးမဆွဲဘဲ၊ သာယာနာပျော်ဘွယ်ဖြစ်အောင် ပုံမှန်လေးရွတ်ဖတ်ပူဇော်က ပိုကောင်းပါ လိမ့်မယ်။
နောက်တစ်ခုက “ဂီတဓမ္မ”…၊ ဒါက သံဝေဂနဲ့စပ်ယှဉ်ပြီး ဆိုလွယ်၊ရွတ်လွယ်အောင် စပ်ဆိုထားတဲ့ သမ္ဗုဒ္ဓေ၊ အောင်ခြင်းရှစ်ပါး စတဲ့ တေးသီချင်းမျိုးတွေပါ။ ဒီသီချင်းမျိုးတွေကို ကြားရတဲ့အခါ သံဝေဂတရား၊ ဥာဏ်တရားတွေ ဖြစ်ပွားစေနိုင်တဲ့အတွက် လူတွေအနေနဲ့ ထိုသီချင်းမျိုး ကို သီဆိုနိုင်သလို နားလဲနားထောင်နိုင်တယ်။အစမှာတော့ သီချင်းကို နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတယ်ဆိုပေမဲ့ နောက်တော့ တရားနဲ့ပတ်သက်တဲ့အရာကို နားထောင်ရတော့ သံဝေဂတွေရနိုင်ပါတယ်။
အရေးကြီးတာက ဓမ္မဂီတနဲ့ ဂီတဓမ္မကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ဘုန်းကြီးများမှာတော့ ဓမ္မဂီတနဲ့ဂီတဓမ္မ နှစ်မျိုးစလုံးနဲ့ မသင့်တော် ပါဘူး။ ဒီလောက်ဆိုရင်သဘောပေါက်လောက်ပါပြီ။ (ဗုဒ္ဓဓမ္မပြဿနာပေါင်းချုပ်၊ အရှင်ပညာဇောတ)

Wednesday, September 15, 2010

ပြဇာတ်မင်းသာလို တရားဟောသင့်ပါသလား

အမေး။ ။အရှင်ဘုရား…..MRTV,FOREDU တို့မှာ အချို့ဘုန်းကြီးများ တရားဟောတာနဲ့ပတ်သက်ပြီး တပည့်တော်ဝေဖန်မိပါတယ်ဘုရား။ အချို့ဘုန်းကြီးများဟာ ပြဇာတ်မင်းသားလို အသံရှည်ရှည် ဆွဲငင်ဟောတာတွေ့ရပါတယ်။ တပည့်တော် နားထောင်ရတာလဲ သီချင်းဆိုသလိုပါပဲ ဘုရား။ တပည့်တော်သိချင်တာက တရားဟောတဲ့အခါ အသံနေအသံထားနဲ့ ဆွဲငင်ဟောကြားတာဟာ ၀ိနည်း တော်နဲ့ညီညွတ်မှုရှိပါသလားဘုရား။
အေးသီတာဝင်း
MCC မြိတ်

အဖြေ။ ။ တရားဟောတဲ့နေရာမှာ အသံရှည်ဖြင့် ဆွဲငင်ပြီး တရားမဟောကောင်းပါ။ ဘာကြောင့်လဲဆိုရင်..အသံရှည်ဆွဲငင်ဟောကြားတဲ့ အတွက် ဘုရားရှင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတဲ့အပြင် အပြစ်ငါးပါး ဖြစ်လို့ပါပဲ။ အပြစ်ငါးပါးက…
(၁) မိမိအသံ၌ မိမိသာယာခြင်း။
(၂) တရားနာသူတို့က တရားကိုမမက်၊အသံကိုသာတပ်မက်ကြခြင်း။
(၃)ပညာရှိသူတို့က ကဲ့ရဲ့အပြစ်တင်မှုကို ခံရခြင်း။
(၄) အသံကောင်းအောင်လုံ့လပြုရသဖြင့် သမာဓိပျက်ရခြင်း။
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက်၍ ဟောကြားမှုတို့ကြောင့် သာသနာပျက်ကွယ်ရခြင်း တို့ဖြစ်ကြပါတယ်။
(အဂုင်္တ္တိုရ်ပါဠိတော်၊ နှာ၊၂၁၉၊ ဋ္ဌ ၊ ၇၈)
ပြီးတော့ တရားကို အသံလုပ်ပြီးဟောတဲ့နေရာမှာ အသံကိုပဲချီးမွန်းခံရတယ်။ တရားကတော့ပျောက်သွားတယ်။ တရားဖက်မလည်တော့ ဘဲ ၊ တဏှာဖက်ကို လည်သွားတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်လက်ထက်တော်အခါက ဆဗ္ဗဂ္ဂီ လို့ခေါ်တဲ့ စောင့်စည်းမှုမရှိကြတဲ့ ရဟန်းတစ်စု ရှိကြတယ်။ ထိုရဟန်းတစ်စုဟာ တရားဟောတဲ့အခါ အသံလုပ်ပြီးဟောကြတယ်။ ဒါကို တွေးတတ်တဲ့လူများက “ဒီရဟန်းတွေဟာ တရားတော်ကို သီချင်းဆိုသလို ဆိုကြတယ်” လို့ ကဲ့ရဲ့ကြပါတယ်။ ဒီကဲ့ရဲ့တဲ့သတင်းဟာ နောက်ဆုံး ဘုရားရှင်ထံရောက်သွားတယ်။ ထိုအခါ ဘုရားရှင်က “ရဟန်းတို့…အသံရှည်ဆွဲပြီး သီချင်းသံဖြင့် တရားတော်ကို သီဆိုမဟောအပ်၊ တကယ်လို့ ဟောပါက ထိုရဟန်းအား ဒုက္ကဋ် အာပတ်သင့်စေ” လို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ ဒါကြောင့် တရားတော်ကို သီချင်းဆိုသလို အသံလုပ်ဟောနေကြတဲ့ရဟန်းတော်များဟာ ဘုရားစကားတော်ကို ဆန့်ကျင်တဲ့အတွက် အပြစ်ဖြစ်ပါတယ်၊ မဟောကောင်းဘူးဆိုတာဖြေကြားပေးလိုက်ပါတယ်။

Monday, September 13, 2010

သီလရှင်ဘယ်အချိန်ကပေါ်ပေါက်လာပါလဲ

အမေး။အရှင်ဘုရား… တပည့်တော်သိချင်တဲ့အောက်ပါပြဿနာများကို ဖြေကြားပေးတော်မူပါဘုရား။

(၁)။ သီလရှင်ဘယ်အချိန်က စတင်ပေါ်ပေါက်လာပါသလဲဘုရား။

(၂)။ ဘိက္ခုနီမကို ကိုရင်က ရှိခိုးသင့်ပါသလားဘုရား။

(၃)။ သီလရှင်ကို လူယောင်္ကျားက ရှိခိုးသင့်ပါသလားဘုရား။

(၄)။ ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတကံထိုက်ပါသလားဘုရား။

အေးသီတာဝင်း

MCC-မြိတ်

အဖြေ။ ။မအေးသီတာဝင်းမေးတဲ့မေးခွန်းလေးခုအနက် ပထမ အမေးပြဿနာကို အရင်ပြောမယ်

သီလရှင်အကြောင်းနဲ့ပတ်သက်ပြီး လုံးဝမလေ့လာဘူးတဲ့အတွက် အခက်တွေ့ရပါတယ်။ ဒါနဲ့သီလရှင်အကြောင်းရေးထားတဲ့ စာအုပ်လိုက်ရှာတော့ စာကြည့်တိုက်တစ်တိုက်မှ ဆရာရဝေထွန်းရေးတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင်သမိုင်း စာအုပ်ကို တွေ့ရှိခဲ့ပါတယ်။ ဒီစာအုပ်က အတော်လဲစုံစုံလင်လင်ပါပဲ။ လေ့လာရသမျှ တိုကျဉ်းလိုရင်း ဖြေကြားပေးလိုက်ပါတယ်။

သီလရှင်ဟာ ဘယ်အချိန်ကစတင်ပေါ်ပေါက်လာသလဲဆိုရင် ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတယ်လို့ အကြမ်း ဖျဉ်းအနေနဲ့ ပြောလို့ရပါတယ်။ ဘိက္ခုနီသာသနာကွယ်တဲ့အချိန်ကို လေ့လာကြည့်တဲ့အခါ သာသနာနှစ် ကိုးရာကျော် AD သုံးရာစုဝန်း ကျင်လောက်မှာ ဘိက္ခုနီသာသနာနောက်ဆုံးတည်ရှိခဲ့တဲ့သီဟိုဠ်ကျွန်းအကြောင်းကို ရေးသားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းမှ တွေ့ရှိချက်အရ… သာသနာတော်နှစ် ကိုးရာကျော်၊ ADသုံးရာစု ၀န်းကျင်လောက်ကတည်းက ဘိက္ခုနီသာသနာမရှိတော့ဘူးဆိုတာကို သိရပါတယ်။

တစ်ခါ သာသနာတော်နှစ် ၉၀၀ မှ ၁၄၀၀နှစ်အတွင်း (AD သုံးရာစုမှ ADကိုးရာစု) ပျုခေတ်ကြီးမှာ ပျုအမျိုးသမီးများဟာ သီလရှင်ဝတ် ကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ် လို့ခေါ်ကြပါတယ်။ဒီကနေ သီလရှင်သာသနာဟာ ပုဂံခေတ်၊အင်းဝခေတ် အထိ အဆက်ဆက် ထွန်းကားလာခဲ့တယ်။ ကုန်းဘောင်ခေတ်ရောက်တော့ မယ်ခေမာလို့ခေါ်တဲ့ သီလရှင်မယ်ကင်းတို့ခေတ်မှာ သီလရှင်သာသနာ ထင်ရှားလာခဲ့တာ ယခုအတိုင်ထိဆိုပါတော့။ ဒီအကြောင်းကို အကြမ်းဖျင်းသဘော နားလည်အောင် အကျဉ်းချုံးဖေါ်ပြလိုက်ပါတယ်။ အကျယ်သိချင်ရင်တော့ ဆရာရဝေထွန်းရေးသားတဲ့ “ဘိက္ခနီသာသနာနဲ့သီလရှင်သမိုင်း” စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။

ဒုတိယပြဿနာ..

ဘိက္ခုနီမက ကိုရင်ကို ရှိခိုးသင့်-မသင့်ဆိုတာနဲ့စပ်လို့ ဘိက္ခုနီများအတွက် ဂရုဓမ်ရှစ်ပါးမှာဖေါ်ပြထားတာကတော့ အဘယ်ဘိက္ခုနီမ မဆို ရဟန်းသိက္ခာဝါ တစ်ရာ ရနေပါစေ၊ ယနေ့မှ ရဟန်းဖြစ်လာတဲ့ ဘိက္ခုရဟန်းယောင်္ကျားအား ရှိခိုးမှု၊ နေရာမှထ ခရီးဦးကြိုဆိုမှု၊ လက်အုပ်ချီမှု၊ အရိုအသေပြုမှုစတာတွေကို ပြုရပါမယ်၊ ဒါကို ဘိက္ခုနီမများက အသက်ထက်ဆုံးလိုက်နာကျင့်သုံးရမယ်၊ မကျုးလွန်ရ လို့ ဘုရားရှင် ပညတ်တော်မူချက်အရ.. ဘိက္ခုနီမက ယနေ့ဖြစ်စရဟန်းတော်ကို ရှိခိုးရမယ်ဆိုတာသာပါတယ်။ ကိုရင်ကိုရှိခိုးရမယ်ဆိုတာမပါပါဘူး။

တစ်ခါ ရဟန်းဝိနည်းမှာ ရဟန်းဟာ လူ၊သာမဏေများနဲ့အတူ နှစ်ညဉ့်၊သုံးညဉ့်ထက်ပိုလွန်ပြီးမအိပ်ရ၊ သုံးညဉ့်ထက်ပိုလွန်ပြီးအိပ်ရင် ပါစိတ်အာပတ်သင့်စေ လို့ ပဌမသဟသေယျသိက္ခပုဒ်ကို ပညတ်တော်မူခဲ့ပါတယ်။ ဒါကိုကြည့်ရင် ရဟန်းတော်များက တစ်ကဏ္ဍ၊ လူနဲ့သာမဏေက တစ်ကဏ္ဍ ခွဲခြားထားတာတွေ့ရတယ်။ လူနဲ့သာမဏေကို အတူတူအိပ်ရင်ရနိုင်တယ်ဆိုတဲ့သဘောပါပဲ။ ဘိက္ခုနီမဆိုတာကလဲ အမျိုးသမီးပင်ဖြစ်ပေမဲ့လို့ ရဟန်းစာရင်းဝင်ဖြစ်တယ်။ ဘိက္ခုနီပါတိမောက်လာတဲ့သိက္ခာပုဒ်အရေအတွက်မှာ (၃၀၁)ပါးရှိတယ်၊ ဒါ့အပြင် စူဠ၀ဂ္ဂခန္ဓကတို့မှာလဲ သိက္ခာပုဒ်ငယ်များ များစွာရှိပါသေးတယ်။

သာမဏေနဲ့ဘိက္ခုနီမတို့ကို နှိုင်းယှဉ်ကြည့်ရင် သာမဏေရဲ့သိက္ခပုဒ်မှာ တစ်ရာကျော်လောက်သာရှိတယ်။ ဘိက္ခုနီမများဖြစ်ဖို့အတွက် သိမ်ထဲမှာဘိက္ခုသံဃာတို့က ဥတ္တိစတုက္ကကမ္မ၀ါစာကို ရွတ်ဖတ်ကံဆောင်ပြီးမှ ရဟန်းမ ဖြစ်လာကြတာပါ။ ဒါ့အပြင် သီလသိက္ခာ ၀ါစဉ်အလိုက်လဲရှိပါတယ်။ သာမဏေမှာတော့ ၀ါစဉ်ဆိုတာမရှိပါဘူး။ ဒါကြောင့် ဘိက္ခုနီမများက ကိုရင်တွေကို ရှိခိုးစရာ မလိုပါဘူး။ ဒါဖြင့် ကိုရင်က ဘိက္ခုနီကို ရှိခိုးရမှာလား ။ ဒါနဲ့ပတ်သက်ပြီး ဘိက္ခုပါတိမောက၊သုရာပါန၀ဂ်မှာ သာသနာတွင်း သီတင်းသုံးဖေါ်ငါးဦးကို (၁)ရဟန်း၊(၂)ရဟန်းမိန်းမ၊(၃)သိက္ခာမာန်၊(၄)သာမဏေ၊(၅)သာမဏေရီမ လို့ အစဉ်အတိုင်းဖေါ်ပြထားတာတွေ့ရပါတယ်။ ရဟန်းမိန်းမနောက်က သိက္ခာမာန်၊သိက္ခာမာန်နောက်ကမှ သာမဏေကိုဖေါ်ပြထားတာပါ။ ဒီအစဉ်ကိုကြည့်ခြင်းဖြင့် ကိုရင်ကသာ ရဟန်းမိန်းမကို ရှိခိုးသင့်တယ်လို့ ယူဆရပါတယ်။ တကယ်လို့ ရဟန်းမိန်းမက ကိုရင်ကိုရှိခိုးသင့်တယ်ဆိုရင် ဘိက္ခု ပြီးရင် သာမဏေပဲလာရမှာဖြစ်တယ်။ ဒုတိယပြဿနာရှင်း လောက်ပါပြီ။

တတိယပြဿနာ…

သီလရှင်နဲ့အမိအဘ၊ လူယောင်္ကျားနဲ့သီလရှင်တို့ကျတော့ သီလသိက္ခာပုဒ်အနည်းအများအပေါ်မူတည်ပြီး၊ သီလနည်းသူက သီလများသူကို ရှိခိုးနိုင်ပါတယ်။ ဒါနဲ့စပ်ပြီး..

တစ်ခါက ဝေသာလီမှာ အလိုရှိသလောက်နေတော်မူပြီး သာဝတ္ထိ ဇေတ၀န်ကျောင်းတော်ကို ကြွတော်မူပါတယ်။ ထိုအခါမှာ ဆဗ္ဗဂ္ဂီရဟန်းတို့ရဲ့ တပည့်များက ဇေတ၀န်ကျောင်းတော်ကို ဦးစွာရောက်လာကြပြီး ၊ ဒါက ငါတို့ဥပဇ္ဈာယ်ဆရာအတွက်၊ဒါက ကမ္မ၀ါစာဆရာ အတွက်၊ဒါက ငါတို့အတွက်ဆိုပြီး ဦးစွာ အိပ်ရာနေရာများကို ယူထားလိုက်ကြပါတယ်။ နောက်မှရောက်လာတဲ့မထေရ်များအတွက် အိပ်ရာနေရာ မရဖြစ်ကုန်ကြတယ်။ ရှင်သာရိပုတ္တရာရဲ့တပည့်များက ရှင်သာရိပုတ္တရာအတွက် အိပ်ရာနေရာ ရှာကြသော်လဲ နေရာမရဖြစ်ကုန်ကြတယ်။ ဒီလိုနဲ့ ရှင်သာရိပုတ္တရာရောက်လာတော့ အိပ်ရာနေရာမရရှိတဲ့အတွက် မြတ်စွာဘုရားကျောင်းအနီး သစ်ပင်ရင်းမှာ ထိုင်ရင်း၊စင်္ကြန်သွားရင် ညဥ့်အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။

မနက်မိုးသောက်ရောက်တော့ ဘုရားရှင်က ထွက်ပြီး ချောင်းဟန့်ပါတယ်။ရှင်သာရိပုတ္တရာကလဲ ချောင်းဟန့်ပါတယ်။ ဘုရားရှင်က “ဘယ်သူလဲ” လို့မေးတော်မူတဲ့အခါ ရှင်သာရိပုတ္တရာက “တပည့်တော် သာရိပုတ္တရာပါဘုရား” လို့လျှောက်တယ်။ ထိုအခါဘုရားရှင်က “ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ” လို့မေးတော်မူတော့ ရှင်သာရိပုတ္တရာက ဖြစ်ကြောင်းကုန်စဉ် လျှောက်ထားလိုက်ပါတယ်။ မထေရ်စကားကိုကြား ရတဲ့အခါ “ငါဘုရားရှိစဉ်မှာတောင်မှ ရဟန်းတစ်ပါးနဲ့တစ်ပါး ရိုသေတုံ့ဝပ်ခြင်း မရှိကြဘူးဆိုရင်၊ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးတဲ့အနောက်ပိုင်း ဘယ်လိုများ လုပ်ကြမှာလဲ” လို့ ဆင်ခြင်ကာ ဓမ္မသံဝေဂဖြစ်တော်မူပါတယ်။

ဒီလိုနဲ့ မနက်လင်းတဲ့အခါ ရဟန်းသံဃာတော်များကို စည်းဝေးစေပြီး “ရဟန်းတို့… ဘယ်ရဟန်းက နေရာဦး၊ဆွမ်းဦး ထိုက်ပါသလဲ၊ ဘယ်ရဟန်းကို အရိုသေပေးသင့်ပါသလဲ” လို့ ဘုရားရှင်က မေးတော်မူပါတယ်။ ထိုအခါရဟန်းတော်များက “အရှင်ဘုရား မင်းမျိုးကလာတဲ့ရဟန်းကို အရိုသေပေးထိုက်ပါတယ်”၊ “ပုဏ္ဏားမျိုးကလာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်” “သူဌေးကနေ ရဟန်းဖြစ်လာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်”၊ တစ်ချို့က ပဌမဈာန်ရတဲ့ရဟန်း၊ တစ်ချို့က ဒုတိယဈာန်၊တတိယဈာန်၊စတုတ္ထဈာန် ရတဲ့ ရဟန်းကို အရိုအသေပေးထိုက်တယ်၊ အချို့ကလဲ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာများ၊ အဘိညဉ်ရတဲ့ရဟန်းတော်များကို အရိုအသေပေးထိုက်တယ် ဆိုပြီး ဘုရားအား လျှောက်ထားကြပါတယ်။

ထိုအခါ ဘုရားရှင်က “ ရဟန်းတို့…အခုသင်တို့ပြောတဲ့မင်းမျိုး၊သူဌေးမျိုးစတဲ့ရဟန်းများဟာ အဓိကမဟုတ်ဘူး။ အမှန်တော့ ငါဘုရားသာသနာတော်တွင်းမှာ အစဉ်အတိုင်း ကြီးသူကို ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းစတာ တွေကို ပြုလုပ်ရမယ်” လို့ မိန့်တော်မူပြီး ရဟန်းများကို ဆုံးမလိုတဲ့အတွက် “တိတ္တိရဇာတ်တော်”ကို ဟောကြားတော်မူခဲ့ပါတယ်။ ထိုတိတ္တိရဇာတ်တော်မှာ “အစဉ်အတိုင်းကြီးသူကို” (ယေ၀ုဍ္ဎမပစာယန္တိ)ဆိုတဲ့စကားတော်မှာ ဂုဏ်အားဖြင့်ပြည့်စုံခြင်း(ဂုဏသမ္ပန္န) အရွယ်အားဖြင့်ကြီးခြင်း(၀ယောဝုဍ္ဎ)ကို ယူရမယ်လို့ အဋ္ဌကထာဆရာကမိန့်တော်မူတဲ့အတွက် အခုပြဿနာမှာ(ဂုဏသမ္ပန္န)သီလဂုဏ်ပြည့်စုံခြင်းကို ယူရပါ့မယ်။ဒါကြောင့် သီလဂုဏ်ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို သီလသိက္ခာပုဒ်နည်းတဲ့သူက ရှိခိုးရမယ်လို့ မှတ်ယူရပါမယ်။ ဒါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင်တော့ ကုလာဝက၀ဂ္ဂ၊ တိတ္တိရဇာတက၀ဏ္ဏနာ ၊ ဇာတကအဋ္ဌကထာ မှာ ဖတ်ရှုနိုင်ပါတယ်။

ဒါကြောင့် မိဘများက ငါးပါးသီလသာရှိပြီး၊ သီလရှင်က ရှစ်ပါး၊ဆယ်ပါးသီလရှိတယ်ဆိုရင်တော့ မိဘက သီလရှင်ကို ရှိခိုးသင့်တယ်။ တကယ်လို့ မိဘက ဆယ်ပါးသီလယူထားမယ်ဆိုရင်တော့ မိဘကို သီလရှင်က ရှိခိုးသင့် တယ်လို့ ယူဆရပါမယ်။

လူပုဂ္ဂိုလ်နဲ့သီလရှင်တို့လဲ ထို့အတူပဲ မှတ်ယူရပါမယ်။

စတုတ္ထပြဿနာ…

ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတထိုက်မထိုက်ဆိုတာနဲ့ပတ်သက်ပြီး ပြောရရင် ပါဏာတိပါတကံထိုက်တဲ့ အင်္ဂါလေးပါးရှိပါ တယ်။ (၁)သတ္တ၀ါရယ်လို့အမှတ်သညာရှိခြင်း။ (၂) သတ်လိုတဲ့စိတ်၊သေစေလိုတဲ့စိတ်ရှိခြင်း။ (၃) လုံ့လစိုက်ခြင်း။ (၄)သေခြင်း တို့ဖြစ်ကြပါတယ်။

ခြင်ဆေးထွန်းတာနဲ့စပ်လို့ပြောရရင် (၁)ခြင်ဆိုတဲ့အမှတ်သညာရှိခြင်း။ (၂) ခြင်ကိုသေစေလိုတဲ့စိတ်ရှိခြင်း။(၃) ခြင်ဆေးထွန်းခြင်းဆိုတဲ့လုံ့လစိုက် ခြင်း။ (၄) ခြင်သေခြင်းတို့ဖြစ်တယ်။ ဒီအချက်လေးချက်ထဲမှာ ဒုတိယအချက်ပဲပြောစရာရှိတယ်။ ဒုတိယအင်္ဂါအရ သေစေလိုတဲ့စိတ်ရှိ-မရှိဆိုတာနဲ့စပ်ပြီးပြောရရင် ခြင်သေမယ်ဆိုတာသိရက်နဲ့ ခြင်ဆေးထွန်းလို့ရှိရင်တော့ သေစေချင်တဲ့စိတ်ပါပြီးသားဖြစ်နေတယ်ဆိုတာကို သတိပြုရပါမယ်။ ဒါကြောင့် အထက်ပါအင်္ဂါ လေးချက်နဲ့ကိုက်ညီရင်တော့ ပါဏာတိပါတကံထိုက်တယ်လို့ပြောရပါလိမ့်မယ်။ ။

Thursday, September 9, 2010

ရဟန်းတော်များ ဇိမ်နဲ့နေကြတာလား

အမေး။ ။ဘုန်းဘုန်းဘုရား…. တပည့်တော်လူတွေမှာ အပူသောကတွေအလွန်များပါတယ်ဘုရား။ ဒါပေမဲ့ဘုန်းကြီးတွေမှာတော့ အပူအပင်ကင်းပြီး ဇိမ်နဲ့ အေးအေးဆေးဆေး နေရတယ်လို့ တပည့်တော် ထင်မှတ်မိပါတယ်ဘုရား။ ဒီအမြင် မှားသလား-မှန်သလား ဆိုတာ တပည့်တော်သိချင်ပါတယ်ဘုရား။
အိအိ
စင်္ကာပူ

အဖြေ။ ။“လူတစ်ခု ပူမှုရယ်ကဆယ်ကုဋေ” လို့အဆိုရှိတဲ့အတိုင်း လူတွေမှာ သောကအပူတွေများလှတယ်ဆိုတာမှန်ပါတယ်။ ဒီသောကအပူ တွေမှ ကင်းရှင်းဖို့ ငြိမ်းအေးဖို့ဆိုပြီး ရဟန်းဝတ်ခါစတုန်းက ဆရာသမားထံမှာ သံသာရ၀ဋဒုက္ခတော မောစနတ္ထာယ လို့ဆိုခဲ့ရသလို ဥလ္လုမ္ပတု မံဘန္တေ စတာတွေလဲဆိုခဲ့ရပါတယ်။ အဓိပ္ပါယ်က ရဟန်းပြုလာတာဟာ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုရဟန်းပြုခဲ့ပေမဲ့ အာသဝေါကင်းကွာ ရဟန္တာမဖြစ်သေးသမျှကာလပတ်လုံး အပူတွေမှ မကင်းသေးပါ။ ဒါဖြင့် ပုထုဇဉ် ရဟန်းတော်များမှာပူတဲ့အပူတွေက ဘယ်လိုအပူတွေလဲဆိုရင် အိုဘေးနာဘေး သေဘေးဆိုတဲ့ တကယ့်အပူဘေးတွေပါ။ ဒါနဲ့ပတ်သက်ပြီး ပါဋိလိပုတ်ပြည့်ရှင် ဘုရင်အာသောကလက်ထက်က အဖြစ်အပျက် လေးတစ်ခုကို ပြောမယ်။
သုံးရာစုနှစ်က သီရိဓမ္မာသောကမင်းကြီးရဲ့ ညီတော်တိဿက “ ဒီရဟန်းတော်များဟာ ငါ့အစ်ကိုပေးတဲ့ အစာရေစာတွေကို မြိန်ရေယှက်ရေ စားကြပြီး ကောင်းတဲ့ အိပ်ရာတွေမှာ အိပ်ရတာ အလွန်ပျော်ရွှင်ကြမှာပဲ” ဆိုပြီး သူ့အမြင်ကို အစ်ကိုဖြစ်တဲ့ သီရိဓမ္မာသောကမင်းအား ပြောပြပါတယ်။ ထိုအခါ သီရိဓမ္မာသောကမင်းက စိတ်ဆိုးဟန်ပြုကာ “ ဟဲ့ တိဿ….မင်းဒီနေ့ကစပြီး ငါ့ရဲ့ ထီးနန်းစည်းစိမ်ကို ခံစားရမယ်၊ ခုနှစ်ရက်ပြည့်ရင် မင်းကို ငါကိုယ်တော်တိုင်သတ်မယ်” လို့ပြောပြီး မင်းစည်းစိမ်ကို ပေးလိုက်တယ်။
ထိုအခါ တိဿဟာ မင်းစည်းစိမ်ကို ခံစားရပေမဲ့ ခုနှစ်ရက်ပြည့်ရင် သေခြင်းတရားကြီးကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဘယ်လိုများ ပျော်ရွှင်နိုင်မှာလ၊ဲ ဒီလိုနဲ့ ခုနှစ်ရက်သာကုန်သွားတယ်။ ခံစားခဲ့လိုက်ရတဲ့မင်းစည်းစိမ် ဘယ်လိုနေမှန်းတောင်မသိတော့။ ဒါနဲ့ ခုနှစ်ရက်မြောက်နေ့ရောက်တဲ့အခါ မင်းကြီးက “ ဟဲ့……..တိဿ ဘယ်လိုဖြစ်တာတုန်း ခန္ဓာကိုယ်ကလည်း ခြောက်ကပ်ကပ်နဲ့ ပိန်သွားလိုက်တာ ဘာဖြစ်တာတုန်း” လို့ မေးတဲ့အခါ တိဿက “အရှင်မင်းကြီးက သတ်မယ်ဆိုတော့ဘယ်မှာ ပျော်ရွှင်နိုင်ပါ့မလဲ” လို့ ပြန်ဖြေပါတယ်။ မင်းကြီးက “မှန်တယ်တိဿ..သေခြင်းတရားကို ဆင်ခြင်တော်မူကြတဲ့ ရဟန်းတော်များဟာကောင်းတဲ့ဆွမ်း၊ ကောင်းတဲ့အိပ်ရာတို့ကို သုံးစွဲနေရပေမဲ့ ပျော်ရွှင်နိုင်ဖို့ ခဲရင်းလှပါတယ်” လို့ သေခြင်းတရားနှင့်ပတ်သက်ပြီ့း ညီတော်တိဿကို ပြောလိုက်ပါတယ်။
ဒါကြောင့် ရဟန်းတော်များမှာ လူတွေအနေနဲ့ကြည့်ရင် ဇိမ်နဲ့အေးအေးဆေးဆေး ငြိမ့်ငြိမ့်လေး နေရတယ်လို့ထင်ကြပေလိမ့်မယ်။ တကယ်တော့ ရဟန်းသာမဏေများဟာ အိုနာသေဘေးတွေကို သိမြင်ဆင်ခြင်တော်မူကြရတယ်။ ဒီလို သံသရာ့ဘေးရတက်မအေးကြတဲ့အတွက် ဘေးလွတ်ရာလွတ်ကြောင်း ကမ္မဋ္ဌာန်းနည်းလမ်းကောင်းများကို ကြိုးစားအားထုတ်ကြရပါတယ်။ ငယ်ရွယ်သူရဟန်းသာမဏေများက စွမ်းနိုင်တယ်ဆိုရင် စာပေများသင်အံကျက်မှတ်လေ့လာကြရတယ်။ တတ်မြောက်ကျွမ်းကျင်လာရင်လဲ ပြန်လည်ပို့ချသင်ကြားကြရပြန်ပါတယ်။
ပြန်လည်ပို့ချတဲ့နေရာမှာလဲ လိုအပ်လာပါက ဝေးလံခေါင်သီလှတဲ့ နယ်စပ်တောင်တန်းစတာတွေမှာ ဆင်းရဲစွာ သာသနာပြုကြရပါတယ်။ ၀ိနည်းဥပဒေဆိုတဲ့ဘောင်အတွင်းနေရတဲ့အတွက် ကြိုးတန်းပေါ်လမ်းလျှောက်ရတာထက် အနေခက်လှပါတယ်။ ဆိုလိုတာက ရဟန်းများရဲ့ဘ၀ ဇိမ်မကျဘူးဆိုတာကို သိစေချင်တာပါပဲ။

Wednesday, September 8, 2010

သူတော်ကောင်းတို့ပျော်စံရာ

သတ္တလောကကြီးအတွင်း ရှိကြတဲ့လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါစတာတွေဟာ ဘုံဌာနအသီးသီးမှာ အကြောင်းအားလျော်စွာဖြစ်နေကြရ တယ်။ ဖြစ်ပေါ်ရာဘုံဌာနတွေမှာလဲ သတ္တ၀ါတွေဟာ သူ့ဟာနဲ့သူ မွေ့လျော်ပျော်ပိုက်နေကြတယ်။ ဇာတ်တော်ထဲက ဥပရိဒေ၀ီမိဖုရားဆိုရင် သေပီးတဲ့နောက် နောက်ချေးပိုးမအဖြစ်နဲ့တိရစ္ဆာန်ဘုံသွားဖြစ်တယ်။ ဒီဘုံမှာပဲ သူမနောက်ချေးပိုးမဖြစ်ရတာ ပျော်နေပါတယ်။ ထို့အတူ မစင်တွင်းဟာ လူအနေနဲ့ကြည့်ရင် စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပေမဲ့ ပိုးလောက်တွေအတွက် နတ်ဘုံတမျှထင်မှတ်မှားနေဟန်တူပါတယ်။ လူ့ဘုံမှာဆိုရင်လဲ လူတန်းအစားအသီးသီးရှိကြတဲ့အနက် လူယုတ်မာက သူ့ကျင်လည်နေရတဲ့ဘ၀ကို သူပျော်ပိုက်သလို သူတော်ကောင်းများက လဲသူတို့ကျင်လည်ရတဲ့ဘ၀မှာပဲ မွေ့လျော်ပျော်ပိုက်နေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး……..

အခါတစ်ပါးမြတ်စွာဘုရားဟာ နဠေရု အမည်ရှိတဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေတဲ့အခိုက် မဟာရာဒအမည်ရှိတဲ့ အသူရိန်က မြတ်စွာဘုရားအား“မြတ်စွာဘုရား….မြတ်စွာဘုရားရဲ့တပည့်သာဝကတွေဟာ သာသနာတော်မှာ ဘာ့ကြောင့်များ ပျော်မွေးနေနိုင်ကြတာလဲ ဘုရား”လျှောက်ထားပါတယ်။ အသူရိန်ရဲ့စိတ်ထဲမှာ ဘုရားသာသနာဆိုတာ လူတိုင်းမပျော်နိုင်ဘူး၊ အလွန်ကြပ်တည်းတဲ့နေရာဖြစ်တယ်၊ စာပတွေသင်အံကျက်မှတ်လေ့လာတဲ့အလုပ်နဲ့၊ သင်ထားတဲ့အတိုင်း ကျင့်သုံးခြင်းဆိုတဲ့အလုပ်ရယ် ဒီအလုပ်နှစ်ခုပဲရှိတယ်။ ငါတို့အသူရိန်တွေနဲ့ လူနတ်များမှာတော့ ကာမဂုဏ်အာရုံခံစားနေရလို့ ပျော်မွေ့နေတယ်ဆိုတာထားလိုက်တော့ ဘုရားသားတော်ရဟန်းတွေမှာကျတော့ ၀ိနည်းစည်းကမ်းဥပဒေတွေကတင်းကြပ်လွန်းတဲ့အပြင် ကာမဂုဏ်အာရုံတွေကို ကင်းနိုင်သမျှကင်း အောင်နေရတာဆိုတော့ ရဟန်းတော်များ သာသနာတော်မှာ ဘာ့ကြောင့်ပျော်နေကြတာလဲဆိုတာကို သိချင်တာနဲ့ ဘုရားရှင်အား မေးလိုက်ဟန်တူပါတယ်။
ထိုအခါ မြတ်စွာဘုရားက “မဟာရာဒ….မဟာသမုဒ္ဒရာကြီးမှာ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် မဟာသမုဒ္ဒရာအတွင်းမှာ အသူရာတွေပျော်မွေ့နေနိုင်ကြတယ်။ ဒီလိုပါပဲ ငါဘုရားရှင်ရဲ့သာသနာတော်ကြီးဟာလဲ အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ငါဘုရားရဲ့တပည့် သား သာဝကတွေ ပျော်မွေ့နေနိုင်ကြတယ်” လို့ မိန့်တော်မူပြီး မဟာသမုဒ္ဒရာရဲ့အံ့ဖွယ်ရှစ်ပါးနဲ့ နိုင်းယှဉ်ကာ ဘုရားရှင်ရဲ့သာသနာတော် အံ့ဖွယ် ရှစ်ပါးအကြောင်းကို မိန့်တော်မူခဲ့ပါတယ်။
(၁)အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာကြီးဟာ ကမ်းစပ်ကစပြီး အစဉ်အတိုင်း တဖြေးတဖြေးနဲ့နက်ရှိုင်း နက်ရှိုင်းပီးတော့သွားတယ်။ ဒါဟာ သမုဒ္ဒရာရဲ့ပထမ အံ့ဖွယ်တစ်ပါးပါပဲ။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဒါန၊သီလ၊သမထ၊၀ိပဿနာပညာစတာတွေဟာ တဖြေးဖြေးနက်ရှိုင်းနက်ရှိုင်းသွားပါတယ်။ နားလည်အောင်ပြောရရင် လူတွေမှာ သီလဆောက်တည်ကျင့်သုံးတယ်ဆိုတာ ယုံကြည်မှုသဒ္ဓါရှိလို့ပါ။ သဒ္ဓါတရားမှလဲ ပညာမပါတဲ့ယုံကြည်မှု ကို ‘ပသာဒသဒ္ဓါ’ လို့ခေါ်တယ်။ ဒီယုံကြည်မှုကနေ အဆင့်မြင့်တဲ့ သြကပ္ပနသဒ္ဓါဆိုတဲ့ ပညာပါတဲ့ယုံကြည်မှုမျိုးဖြစ်လာတယ်။ ပီးတော့ အာဂမသဒ္ဓါ..တဲ့၊သူက ဘုရားအလောင်းသူတော်ကောင်းတို့မှာသာဖြစ်လေ့ရှိတဲ့သဒ္ဓါမျိုးပါ။ နောက်ဆုံးသဒ္ဓါတရားကျတော့ မဂ်ဖိုလ်နိဗ္ဗာန် မျက် မှောက်ပြုပြီး ရတနာသုံးတန်ကံနဲ့ကံအကျိုးကိုချွင်းချက်မရှိ ယုံကြည်မှုခိုင်မြဲသွားတဲ့ ‘အဓိဂမသဒ္ဓါ’ဖြစ်တယ်။ ဒီလိုပဲ လူတွေမှာသဒ္ဓါတရားဟာ တဖြေးဖြေးနဲ့ အဆင့်မြင့်ပြီး နက်ရှိုင်းနက်ရှိုင်းပြီးတော့သွားတယ်။
နောက်တစ်ခုက သီလသာသနာ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ ငါးပါးသီလ၊ရှစ်ပါးသီလ၊ကိုးပါးသီလ၊ဆယ်ပါးသီလ ဒါက လူတွေကျင့်သုံးသင့်တဲ့သီလတွေပါ။ သာမဏေများကျင့်သုံးသင့်တဲ့သာမဏေသီလ၊ ရဟန်းသီလဆိုပြီး ငါးပါးသီလကနေ၊ ရဟန်းသီလတိုင် အောင် တဖြေးဖြေး အဆင့်မြင့်လာတာဟာ သီလသာသနာကြီးနက်ရှိုင်းနက်ရှိုင်းလာခြင်းပါ။ ဒီနေရာကြုံတုန်းပြောရအုံးမယ်။ သီလဆိုတာ သူ့နယ်ပယ်နဲ့သူစောင့်ထိန်းရပါတယ်။ လူအဖြစ်နဲ့ သာမဏေသီလ သွားကျင့်လို့မရသလို၊ လူအဖြစ်နဲ့ ရဟန်းသီလ သွားကျင့်လို့မရပါဘူး။ တစ်ခါက လူပုဂ္ဂိုလ်ဆရာကြီးတစ်ဦး လူအဖြစ်နဲ့ ရဟန်းသိက္ခာပုဒ်ကို ကျင့်သုံးတယ်ဆိုတာ ကြားလိုက်ရတယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ သတိထားသင့်တဲ့အကြောင်း ပြောရခြင်းဖြစ်ပါတယ်။
သီလနဲ့စပ်လို့ ရှစ်ပါးသီလ ဆိုတာ ယနေ့ ပရိသတ်များ ဆောက်တည်နေကြတဲ့ဥပုသ်သီလဖြစ်တယ်။ ဒီသီလနဲ့စပ်ပြီး ဒကာမတစ်ဦးက သနပ်ခါးလိမ်းပြီး သီလယူရင် အပြစ်ရှိ-မရှိ မေးဖူးပါ တယ်။
ရှစ်ပါးသီလမှာ ဌာနာ စကားလုံးပါတဲ့ သိက္ခပုဒ်နှစ်ခုရှိတယ်။ ဒါက အကုသိုလ်ဖြစ်နိုင်တဲ့အကြောင်းသာရှိပါသေးတယ်။ ဒါကြောင့် သနပ်ခါးလိမ်းစဉ်မှာလဲ အပြစ်မရှိပါ၊ သနပ်ခါးလိမ်းပြီး သီလယူတဲ့အချိန်မှာလဲ အပြစ်မရှိသေးပါ။သီလယူပြီးရင်သာ အပြစ်ရှိတာပါ။ဒါကြောင့် မလွဲမရှောင်သာလို့ သနပ်ခါးလိမ်းပြီး သီလာယူတယ်ဆိုရင် သီလယူပြီးတဲ့အခါမှာ မျက်နှာက သနပ်ခါးကို ဖျက်ပစ်လိုက်ဖို့ပါပဲ လို့ သီလနဲ့စပ်တဲ့ အဖြေကို ဖြေခဲ့ရပါသေးတယ်။ ပီးတော့ ရှစ်ပါးသီလကနေ တဆင့် နက်ရှိုင်းသွားတာ ဘယ်ရောက်တုန်းဆိုတော့ ကိုးပါးသီလဆိုတာရှိသေးတယ်။ ကိုးပါးသီလနဲ့စပ်ပြီး တကယ်တန်းစစ်ကြည့်ရင် ရှစ်ပါးသီလကတော့ သီလပါပဲ။ သူကကိုယ်နဲ့နှုတ်ကို စောင့်ထိန်းတာပါ။ မေတ္တာဘာဝနာကျတာ့ စိတ်နဲ့ပွားရတဲ့အတွက် သီလမဟုတ်ပါဘူး။ သိထားရမှာက ရှစ်ပါးသီလခံယူပြီး မေတ္တာနဲ့နေမယ်လို့ ဆိုလိုက်တာပါပဲ။ ဒါကို ခေါ်ရလွယ်အောင်ဆိုပြီး ကိုးပါးသီလ လို့ဆိုလိုက်ခြင်းဖြစ်ပါတယ်။
ဒီလိုပါပဲ သီလများလဲ တဖြေးဖြေးအဆင့်မြင့် နက်ရှိုင်းလာသလို သမာဓိတရားလဲ ဥပစာရသမာဓိ၊အပ္ပနာသမာဓိ၊ ပဌမဈာန်၊ဒုတိယဈာန်စလို့ တဖြေးဖြေးနက်ရှိုင်းလာတာတွေ့ရတယ်။ ဒီကနေတဆင့် ၀ိပဿနာပညာ၊မဂ်ပညာ၊ဖိုလ်ပညာ၊ သောတာပန်၊သကဒါ ဂါမ်၊အနာဂါမ်၊ရဟန္တာတိုင်အောင် တဖြေးတဖြေးနဲ့နက်ရှိုင်းလာတယ်။ တရားများကျင့်သုံးပြီး တဖြေးဖြေးနက်ရှိုင်းလာကြတဲ့အတွက် ဘုရားသား တော်ရဟန်း၊သာမဏေများဟာ သာသနာတော်မှာ ပျော်မွေ့နေကြပါတယ်။
(၂)ကမ်းကိုမလွန်
မဟာသမုဒ္ဒရာကြီးရဲ့ရေများဟာ မိုးများတဲ့အတွက် ရေတွေ ကမ်းစပ်အထက်သို့လွန်သွားတယ်ဆိုတာမရှိပါဘူး။ ဒါဟာ ဒုတိယမြောက် မဟာသမုဒ္ဒရာကြီးရဲ့အံ့ဖွယ်တစ်ပါးဖြစ်ပါတယ်။ ဒီလိုပါပဲ ဘုရားသားတော်ရဟန်း၊သာမဏေများဟာ ငါဘုရားပညတ်ထာတဲ့သီလကို လွန်ပြီးတော့ မကျင့်ကြဘူး၊ သီလမချိုးဖေါက် ကြပါဘူး။ သီလကိုလွန်ပြီးတော့ မကျင့်ဘူး။ အသက်ဆိုတဲ့အကြောင်းကြောင့် သီလလပျက်တယ်လို့မရှိပါ။ ဘုရားရှင်လက်ထက်တော်က ခိုးသားများဟာ သူတို့နေထိုင်တဲ့တောထဲကို ရဟန်းတော်တစ်ပါး ရောက်လာတယ်။ အဲဒီမှာသူခိုးခေါင်းဆောင်က ဒီရဟန်းကို ပန်လွတ်လိုက်ရင် ငါတို့တောအုပ်မှာရှိကြောင်း သတင်းပေါက်ကြားသွားနိုင်တယ်။ ဒါကြောင့်ရဟန်းကို နှုတ်ပိတ်တဲ့အနေနဲ့ နွယ်ကြိုးတစ်ချောင်းနဲ့လက်ကိုတုတ်ပြီး ဖမ်းထားလိုက်ပါတ်ယ်။ သူခိုးတွေလဲ ဒီနေရာမနေတော့ပဲအခြားနေရာကို ထွက်သွားပါတယ်။ မကြာမီ တောမီးလောင်ပါတယ်။ရဟန်းတော်ဟာ တုတ်ထားတဲ့ကြိုးကိုဖြတ်ပြီး မီးလွတ်ရာပြေးရင် အသက်ချမ်းသာနိုင်တယ်။ဒါပေမဲ့နွယ်မြက်က ရှင်သန်ဆဲရှိနေတဲ့အတွက် ရဟန်းတော်ဟာ ရှင်သန်နေတဲ့နွယ်ကြိုးကို ဖြတ်မယ်ဆိုရင် ပါစိတ်အာပတ်သင့်မယ်။ ငါအာပတ်တော့အသင့်မခံဘူး။ သေချင်သေပါစေ လို့တွေးပြီးနေလိုက်တယ်။ မကြာခင်မှာပဲ ရဟန်းတော်လေးဟာ တောမီးကြီးရဲ့ဝါးမျိုမှုကိုခံလိုက်ရတဲ့အတွက် ပျံတော်မူရရှာပါတယ်။ ဒါဟာ အသက်ဆိုတဲ့အကြောင်းကြောင့် သီလအပျက်မခံတာပါပဲ။ ဒါကြောင့်လဲ သာသနာတော်တွင်းမှာ ရဟန်းသာမဏေ များ ပျော်မွေ့နေနိုင်ကြပါတယ်။
(၃)ရွံဖွယ်ဆယ်ပစ်
မဟာသမုဒ္ဒရာကြီးအတွင်းမှာ ရွံ့ဖွယ်ဖြစ်တဲ့ကောင်ပုပ်တွေ အမှိုက်သရိုက်တွေရှိနေမယ်ဆိုရင် ထိုအသေကောင်ပုပ်၊ အမှိုက်သရိုက် များကို သမုဒ္ဒရာလှိုင်းလုံးတွေက ကမ်းပေါ်ရောက်အောင် ရိုက်ခတ်လိုက်ကြတဲ့အတွက် သမုဒ္ဒရာကြီးဟာ သန့်ရှင်းနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ တတိယမြောက် အံ့ဖွယ်တစ်ပါးဖြစ်တယ်။ ဒီလိုပါပဲ ဘုရားရှင်ရဲ့သာသနာတော်တွင်းမှာလဲ ဒုဿီလဆိုတဲ့အကျင့်ပျက်တဲ့ ပုဂ္ဂိုလ်တွေရှိနေရင် သာသနာတွင်းမှာနေရတော့ပါ။ ပါရာဇိကလေးပါးအနက်တစ်ပါးပါးနဲ့ ငြိစွန်းသူဟာ သာသနာမှာမနေရတော့ဘူး။ လူထွက်ရပါ တယ်။ တကယ်လို့လူမထွက်ရင်လဲ သင်္ကန်းဝတ်ထားပေမဲ့ အော်တိုမစ်တစ်လူဖြစ်သွားပါပြီ။ ဒါကြောင့်သာသနာမှာ သီလရှိတဲ့ရဟန်းသာမဏေ များသာ နေကြရတယ်။ တစ်ခါက ပါဋိလိပုတ်ပြည့်ရှင် ဘုရင်အာသောကမင်းဟာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အကူအညီဖြင့် သာသနာအတွင်း အုတ်ရောရော၊ ကျောက်ရောရောဖြစ်နေတဲ့၊ အယူဝါဒကွဲများ၊ရဟန်းအတုယောင်များကို လူထွက်စေရာ သာသနာသန့်ရှင်းခဲ့ ပါတယ်။ မြန်မာသက္ကရာဇ်၃၇၉ခုနှစ်၊ ဘုရင်အနော်ရထာမင်းဟာ ရှင်အရဟံအကူအညီကိုယူကာ အရည်းကြီးများကို ဖယ်ရှားပြီး ဘုရားသာသနာ တော်ကြီးကို သန့်ရှင်းစေခဲ့ပါတယ်။၁၃၄၂ခုနှစ်၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေးကြီးမှာ ၀ိဝါဒမတူညီတဲ့ရဟန်းသာမဏေများကို ဖယ်ရှားလူထွက်စေကာ သာသနာတော်ကြီးသန့်ရှင်းအောင်ပြုလုပ်ခဲ့တယ်။ဒါကြောင့်လဲ သန့်ရှင်းတဲ့ဘုရားသာသနာတော်ကြီးအတွင်းမှာ အကျင့် သီလရှိတဲ့သူများသာ ပျော်မွေ့နေနိုင်ကြပါတယ်။
(၄)တစ်မည်ဖြစ်ခြင်း
ဧရာဝတီမြစ်ကရေကို ဧရာဝတီမြစ်ရေလို့ခေါ်ကြတယ်။ အခြားသောမြစ်ကရေတွေဆိုရင်လဲ အခြားမြစ်ရဲ့နာမည်နဲ့ခေါ်ကြတယ်။ ဒါပေမဲ့ အဲဒီမြစ်အသီးသီးကစီးဆင်းလာတဲ့မြစ်ရေတွေဟာ မဟာသမုဒ္ဒရာအတွင်းရောက်သွားတယ်ဆိုရင် မဟာသမုဒ္ဒရာရေ လို့ အမည်တစ်မျိုးပဲ ရပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ စတုတ္ထမြောက်အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ သူဌေးသား၊ဆင်းရဲသား၊ကုန်သွယ်လူတန်းစားမျိုးစုံက အမျိုးကောင်းသားများဟာ ရဟန်းသာမဏေဖြစ်လာကြပြီဆိုရင် သာကီဝင်မင်းသားဘုရားသားတော် ရဟန်းတော် တို့ဆိုပြီး အမည်တစ်မည်သာ ရပါတယ်။
(၅)မယွင်းမတိုး
မဟာသမုဒ္ဒရာကြီးဟာ မိုးများစွာ ရွာသွန်းလို့လဲ ပြည့်လျှံခြင်းမရှိသလို မိုးခေါင်လို့လဲ လျော့ကျသွားခြင်းမရှိပါဘူး။ ဒါဟာ မဟာသမုဒ္ဒ ရာကြီးရဲ့ ပဉ္စမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ ရှေးရှေးဘုရားအလောင်း အရိယာသူတော်ကောင်းများ မရေမတွက်နိုင်အောင် နိဗ္ဗာန်စံဝင်သွားကြပေမဲ့ နိဗ္ဗာန်ဟာ ဘယ်သောအခါမှ ပြည့်လျှံသွားတယ်ဆိုတာမရှိသလို နိဗ္ဗာန်စံဝင်မဲ့သူနည်းပါးပေမဲ့လဲ နိဗ္ဗာန်ဟာ လျော့သွားခြင်းမရှိပါဘူး။
(၆)ဆယ်မျိုးရတနာ
မဟာသမုဒ္ဒရာကြီးရဲ့အလယ်ဗဟို အနက်ရှိုင်းဆုံးနေရာ သမုဒ္ဒရာရေအောက်ကြမ်းပြင်မှာ ရတနာဆယ်မျိုးတို့ စုဝေးတည်ရှိနေပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ ဆဋ္ဌမမြောက် အံ့ဖွယ်ဖြစ်ပါတယ်။ဒီလိုပါပဲ ဘုရားသာသနာတော်အတွင်းမှာလဲ တန်ဖိုးမဖြတ်နိုင်တဲ့ဘုရားရတနာ၊ တရားတော်ရတနာ၊သံဃာတော်ရတနာများ စုဝေးတည်ရှိနေပါတယ်။
(၇)ရသာဆားတူ
မြစ်ချောင်းများကရေများဟာ အရသာမျိုးမျိုးရှိကြတယ်။ဒါပေမဲ့ မဟာသမုဒ္ဒရာရေကတော့ ငံတဲ့အရသာတစ်မျိုးသာရှိတယ်။ဒါဟာ မဟာသမုဒ္ဒရာကြီးရဲ့ သတ္တမမြောက်အံ့ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ သာသနာတော်မှာလဲ ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်းဆိုတဲ့ ၀ိမုတ္တိရသတစ်ပါး သာလျှင် ရှိပါတယ်။
(၈) ကြီးသူနေရာ
မဟာသမုဒ္ဒရာကြီးအတွင်းမှာ ကြီးမားတဲ့ငါးကြီးတွေ၊နဂါးတွေ၊ဂန္ဓဗ္ဗနတ်တွေသာနေထိုင်ကြပါတယ်။ ဒါဟာ မဟာသမုဒ္ဒရာရဲ့အဋ္ဌမ မြောက် အံ့ဖွယ်ဖြစ်ပါတယ်။ဒီလိုပါပဲ ဘုရားရှင်သာသနာတော်အတွင်းမှာလဲ သောတပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဆိုတဲ့အရိယာပုဂ္ဂိုလ်များ သာ နေထိုင်တော်မူနိုင်ကြပါတယ်။
မဟာသမုဒ္ဒရာကြီး အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် အသုရာတွေဟာ မဟာသမုဒ္ဒရာအတွင်း ပျော်မွေ့နေနိုင်ကြတယ်။ ဒီလိုပါပဲ၊ ဘုရားသာသနာတော်ကြီးဟာ ဖေါ်ပြခဲ့ပြီးတဲ့အံ့ဖွယ်ရှစ်ပါးနဲ့ပြည့်စုံနေတဲ့အတွက် ရဟန်းသာမဏေများ သာသနာတော်အတွင်း ပျော်မွေ့နေနိုင် ကြတယ်။ ဒါကြောင့် သာသနာတော်ကြီးဟာ အရိယာသူတော်ကောင်းတို့ရဲ့ပျော်စံရာ ဗိမာန်ကြီးလို့ တင်စားရေးသားလိုက်ရပါတော့တယ်။
မှတ်ချက်။ ။သမုဒ္ဒရာကြီးအံ့ဖွယ်ရှစ်ပါးနဲ့လျော်အောင် သာသနာ့အံ့ဖွယ်ရှစ်ပါးရှိတယ်ဆိုပေမဲ့ တကယ်တော့ သာသနာတော်ကြီးရဲ့ အံ့ဖွယ်များဟာ ရှစ်ပါးမကတဲ့အပြင် တစ်နှစ်သုံးလေး ဂဏန်းရေးလို့တောင်မှမရ၊ ရေတွက်လို့မရနိုင်တဲ့ အံ့ဖွယ်တွေ နဲ့ပြည့်စုံနေပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
ဦးကောဝိဒ(မြိတ်)

Twitter Delicious Facebook Digg Stumbleupon Favorites More