သတိမမူ ဂူမမြင်
တစ်နေ့ စာရေးသူတို့ကျောင်းမှာ ကောင်းမှုပွဲကြီး တစ်ခုရှိပါတယ်။ ကောင်းမှုပွဲကတော့ ဇနီးမောင်နှံဖြစ်တော့မဲ့သူများရဲ့ မင်္ဂလာဦး အလှူပါပဲ။ ဒါကို စာရေးသူတို့အရပ်က မင်္ဂလာဆွမ်း လို့ ခေါ်ဝေါ်ကြပါတယ်။ ဒီလိုကောင်းမှုပွဲမျိုး မကြာမကြာ လုပ်နေကျမို့ စာရေးသူတို့အမြင်မှာ တော့ မဆန်းတော့ပါ။ မင်္ဂလာဆွမ်းပွဲများဟာ ၀ါတွင်းကာလမှာ လုပ်လေ့မရှိပါ။ ၀ါပကာလ ပွင့်လင်းရာသီရောက်လာပြီဆိုရင်တော့ မင်္ဂလာဆွမ်း ကျွေးချင်သူတွေ တန်းစီနေပါတော့တယ်။ ငွေကြေးမတတ်နိုင်တဲ့သူများက ငွေကုန်ကြေးကျ သက်သာအောင် ဘုန်းတော်ကြီးကျောင်းမှာပဲ မင်္ဂလာဦးဆွမ်းကျွေးပြီး ကိစ္စပြီးသွားပါတယ်။ ငွေကြေးတတ်နိုင် သူအချို့ကတော့ ဦးဦးဖျားဖျား ကျောင်းမှာ ကျင်းပကြပြီး မြို့ထဲကမင်္ဂလာခမ်းမ တွေမှာ လက်ထပ်ပွဲကျင်းပကြတာ လဲရှိပါတယ်။ ဒါဟာခေတ် ကာလအရ ပြောင်းလဲလာတာ ဖြစ်မှာပါ။
‘သတိမမူ ဂူမမြင်’ ဆိုတဲ့စကားပုံအတိုင်း သတိမထားရင် အရာရာအမှားပါတာက များပါတယ်။ သတိမထားရင် အမှားတွေပြောမိ၊ အမှားတွေလုပ်ကိုင်မိ၊ အမှားတွေ တွေးကြံမိတတ်ကြပါတယ်။
ထိုအမှားများအနက် ပြင်လို့ရတဲ့အမှားဆိုရင် တော်ပါသေးရဲ့၊ ပြင်လို့မရနိုင်တော့တဲ့အမှားဆိုရင်တော့ ထိုအမှားပြုမိသူအတွက် ဘ၀မှာ ဆုံးရှုံးနစ်နာလွန်းလှပါတယ်။
စာရေးသူတို့မြို့မှ အချို့ဘုန်းတော်ကြီးကျောင်းများမှာ ကျောင်းဝင်းတွင်းသာမက ကျောင်းဆောင်အတွင်းပါမကျန် ဖိနပ်စီးခွင့်ပေးထား တယ်ဆိုတဲ့ အကြောင်း တဆင့်စကား ကြားသိခဲ့ရပါတယ်။ ဒါကြောင့်ထင်ပါတယ်။ စာရေးသူတို့ကျောင်းမှလဲ ကောင်းမှုပွဲကြီးတွေဆိုရင် တစ်ချို့လူအများ ဆွမ်းစားဆောင်အတွင်း ဖိနပ်စီးဝင်နေကြတာ တွေ့မြင်လိုက်ရပါတယ်။ အခြားကျောင်းမှာ ဖိနပ်စီးခွင့်ပေးထားလို့ ဒီကျောင်းမှာလဲစီးလို့ရတယ်ဆိုတဲ့သဘောလားမသိ၊ မြင်ရရုံနဲ့ပင် သူတို့အစား ကျောချမ်းလှပါတယ်။
တကယ်တွေးကြည့်တော့ ထိုသူများအပြစ်တော့ မဟုတ်ပါ။ ဘုန်းတော်ကြီးကျောင်းများရှိ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ တာဝန်ပါ။ ထိုသူများက ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် စီးခွင့်မပေးဘူးဆိုရင် ဒီလိုအခြေအနေမျိုးဖြစ်လာမှာမဟုတ်ပါဘူး။
ဘုရားရှင်လက်ထက်က ကျောင်းဝင်းအတွင်း ဖိနပ်မစီးရဆိုတာ လူတွေနဲ့ မဆိုင်ပါဘူး။ ရဟန်းတွေနဲ့သာဆိုင်ပါတယ်။ သံဃိကကျောင်းမှာ ရဟန်းက ရေစိုတဲ့ခြေထောက်နဲ့ ကျောင်းပေါ်တက်လို့ ခြေရာထင်တယ်ဆိုရင် အပြစ်ရှိတယ်။ လူသာမန်တို့မှာ ဆိုဖွယ်ရာမရှိတော့။
ဘုရားရှင်လက်ထက်က ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိမ္ဗိသာရမင်းဟာ စေတီရင်ပြင်ပေါ် ဖိနပ်နဲ့တက်ပါတယ်။ သို့မဟုတ် မွန်မြတ်စွာခင်းကျင်းထားတဲ့ အခင်းတွေအပေါ် ပေရေနေတဲ့ခြေထောက်နဲ့တက်မိလို့ ခြေဖ၀ါး ဓါးခွဲခံရတာပါ။ အဓိကကတော့ ကျောင်းဝင်း အတွင်း ဖိနပ်စီးတာ၊ မစီးတာအဓိကမဟုတ်ပါ။ ကျောင်းဝင်းအတွင်းဝင်တယ်ဆိုရင် ကျောင်းပေါ်တက်တဲ့အခါ ပေမှာစိုးတဲ့စိတ်နဲ့ ရိုသေလေးစားသောအားဖြင့် ကျောင်းဝင်းအတွင်းဖိနပ်စီးတာ စီးကောင်းပါတယ်။ တစ်ခုရှိတာက ကျောင်းဝင်းအတွင်း ဖိနပ်မစီးပဲ ၀င်လာပြီး ကျောင်းပေါ်တက်တဲ့ အခါ ခြေမသုတ်ဘဲ ပေနေတဲ့ခြေထောက်နဲ့တက်ရင်တော့ အပြစ်ကြီးလှတယ်ဆိုတာပါပဲ။
ပြောချင်တာကတော့ ကျောင်းဆောင်တွင်းမှာ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဖိနပ်လုံးဝစီးခွင့်မပေးရင် အကောင်းဆုံးပါဆိုတာပြောရင်း ဒီလိုအဖြစ်မျိုးမဖြစ်ရလေအောင် သတိထားရှောင်ရှားဖို့ ပြောလိုက်ပါရစေ…..။

1 comments:
အရှင်ဘုရား
တပည့်တော်အခက်လေးတခုကြုံနေရလို့ ဖြေပေးပါအုံးဘုရား
ဒီနေ့  နဲနဲအားတော့ ဒီက မိန်းမကြီးတယောက်နဲ့ လေပစ်မိပါတယ်ဘုရား
သူက သာသနာလဲနဲတော့လေ့လာထားတယ် (တပည့်တော်ထက်ပိုသိတယ်အဟိ )
နောက် ၀ူးမင်းရိုက်တို့  ၀ူးမင်းလက်ဖ်တို့  ဘာညာသာရကာတွေလဲပါနေတယ်ဘုရား
သူက သူဘ၀င်မကျတာတပည့်တော်ကိုမေးတယ်
သူကမြတ်ဘုရားတော့ကြည်ညိုပါတယ်တဲ့ 
ဒါပေမဲ့ 
၁) ဘိက္ခုနီတွေမှာ ပါရာဇိက ၈တန် ချထားတာ
၂)ဘိက္ခုနီင်္တေမှာ ဂရုဓဏ် ၈တန်(ဟုတ်လားဘုရား ) သတ်မှတ်ထားတာ
၃)ခုဘိက္ခုနီမလုပ်ရတော့တာ
၎)နောက်ခုဗမာပြည်က ဘုရားတချို့ ပေါ် ( ဗမာပြည်ဘုရားစုံဖူးလာဆိုကိုး ) မိန်းမမတက်ရတာ
၅)နိယတဗျာဒိတ်ကို မိန်းမခံမရဆိုတာ
အဲဒါတွေကြည့်ပြီးတဲ့ မြတ်ဘုရားဟာတဲ့  discrimination ကျားမခွဲခြားတယ်လို့  မြင်နိုင်ပါသလားတဲ့  ။ တကယ်လို့ မြတ်ဘုရားဟာ ခုနေခါ အင်္ဂလန်မှာပွင့်ခဲ့ ရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမတန်းတူ ထားမှာလားတဲ့ ဘုရား
တပည့်တော်ကတော့ သူ မေးတာမဖြေနိုင်ဘုရား
အရှင်ဘုရားဖြေပါလိမ့်မယ်လို့  အာမခံခဲ့ ပါတယ်ဘုရား
(တင့်ဇင်ဦး )
Post a Comment