Thursday, March 25, 2010

ကမ္ဘာဦးကြာပန်းထဲက ပရိက္ခရာစောင့်တာ ဃဋိကာရဟုတ်ပါသလား

အမေး။ ။အရှင်ဘုရား……ဃဋိကာရဗြဟ္မာဟာ ကဿပဘုရားရှင်လက်ထက်တော်ကမှ သုဒ္ဓါဝါသဘုံကို ရောက်တယ်လို့ ရေးထားပါတယ်ဘုရား။ ကဿပဘုရားရှင်လက်ထက်မှာ လူဖြစ်ရအုံးမယ်ဆိုတော့ ကမ္ဘာဦးမှာ ပေါ်လာတဲ့ ကြာပန်းထဲက ပရိက္ခရာတွေ သိမ်းထား တာ ဃဋိကာရမှ ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။ ကမ္ဘာဦးထဲက သုဒ္ဓါဝါသဘုံရောက်နေရင်လဲ ကဿပဘုရားရှင်လက်ထက်တော်မှာ လူလာဖြစ်လို့ မရတော့ပါ။ တစ်ခြားကမ္ဘာက ကဿပဘုရားကို ပြောတာလားဘုရား။
Dr.ဒေါ်စန္ဒ၀တီ
မြိတ်

အဖြေ။ ။မေးခွန်းရှင်က ကမ္ဘာဦးကတည်းက ပေါ်လာတဲ့ ကြာပန်းထဲက ပရိက္ခရာကိုစောင့်တဲ့ ဃဋိကာရဗြဟ္မာနဲ့ ကဿပဘုရားရှင်လက်ထက်က မှဖြစ်ပေါ်လာတဲ့ ဃဋိကာရဟာ အတူတူလား တစ်ယောက်စီလားဆိုတဲ့သဘောကို သိချင်လို့မေးတာဖြစ်တယ်။ ဒါနဲ့စပ်ပြီး ကမ္ဘာမြေကြီးမှာ ဗောဓိပင်ပေါက်ရာအရပ်ဟာကမ္ဘာပျက်ရင် နောက်မှပျက်ပြီး ကမ္ဘာသစ်တည်ရင် ရှေးဦးစွာ ဖြစ်ပေါ်ရပါတယ်။ ကမ္ဘာသစ်တည်တဲ့အခါ ဗောဓိပင် ပေါက်ရာ မြေအရပ်မှာ ကြာရုံကြီးတစ်ခု ထူးဆန်းစွာပေါ်ပေါက်လာပါတယ်။ တကယ်လို့ ဘုရားတစ်ဆူမှမပွင့်တဲ့ကမ္ဘာဆိုရင်တော့ ကြာရုံကြီးမှာ ကြာပန်းတစ်ပွင့်မှ မရှိပါ။ ဘုရားရှင်တစ်ဆူ၊နှစ်ဆူ၊သုံးဆူ၊လေးဆူ၊ငါးဆူ ပွင့်မယ့်ကမ္ဘာဆိုရင်တော့ ကြာရုံကြီးရဲ့ ကြာရိုးတန်ကြီးမှာ ကြာပွင့်များ တစ် နှစ် သုံး လေး ငါးပွင့် ဆိုပြီး ပွင့်ကြပါတယ်။ ကြာပန်းတစ်ပွင့်စီမှာ ပွင့်တော်မူလာမဲ့ ဘုရားရှင်များရဲ့ သင်္ကန်းပရိက္ခရာများ ပါရှိလာပါတယ်။
ကမ္ဘာသစ်တည်တော့ သုဒ္ဓါဝါသဘုံက ဗြဟ္မာများဟာ ဒီကမ္ဘာမှာ ဘုရားပွင့်-မပွင့်ဆိုတာကို သိလိုကြတဲ့အတွက် ကြာရုံကြီးမှာ ကြာပန်း နိမိတ်တွေ လာရောက်ကြည့်ရှုကြပါတယ် လို့ ကျမ်းဂမ်များက ဆိုပါတယ်။
ကမ္ဘာဦးအစမှာ ကြာပန်းများထဲမှ ဘုရားရှင်ရဲ့ပရိက္ခရာများကို ဘယ်ဗြဟ္မာက စောင့်ရှောက် တယ်ဆိုတာ မပါပါဘူး။ ဘုရားပွင့်မပွင့် သိလိုတဲ့အတွက်ကြောင့်သာ သုဒ္ဓါဝါသဗြဟ္မာများက လာရောက်ကြည့်ရှုကြခြင်းဖြစ်တယ်။ ဒါကြောင့် ကမ္ဘာဦးအစ လာရောက်ကြည့်ရှုတဲ့အထဲမှာ ဃဋိကာရဗြဟ္မာဆိုတာ မပါပါဘူး။ ဃဋိကာရက ကဿပဘုရားရှင်လက်ထက်ကျမှ လူလာဖြစ်တာပါလို့ ဖြေကြားပေးလိုက်ပါတယ်။
(မဟာသုတဒီပနီကျမ်း၊ဒု၊ နှာ ၁၇၇)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More