ဈေးဝယ်သွားကြစို့
၁၁.၁၀.၂၀၀၉ သီတင်းကျွတ်လပြည့်ကျော်(၈)ရက်….
ကိုရွှေမိုးဟာ နံနက် (၄)နာရီ လောက်ကတည်းက အငြိုးကြီးစွာ သဲကြီးမဲကြီး ရွာချနေပါတော့တယ်။ မနက်လင်းရင် ကထိန်အလှူပွဲကို လူတွေ လာပဲလာနိုင်ကြတော့မလား လို့ တွေးနေမိပါသေးတယ်။ နံနက်စောစော ၇ နာရီတိုင်အောင် မိုးမတိတ်သေး၊ နောက်ပိုင်းမှာ မိုးစဲသွားတော့တယ်။ အဲဒီအခါကျမှ လူတွေ ကထိန်သင်္ကန်း၊ပရိက္ခရာ ကိုယ်စီကိုင်ကာ တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။
နံနက် ၉း၃၀ နာရီခန့် ကထိန်သင်္ကန်းကပ်ရန်နဲ့ တရားချီးမြှင့်ပေးရန် လာရောက်လျှောက်ထားတော့မှ ဓမ္မ၀ိဟာရ ဓမ္မာရုံသို့ လာခဲ့ပါတယ်။ သတိရလို့ ပြောချင်ပါသေးတယ်။ (ကထိန်မှတ်တမ်းဓါတ်ပုံများကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။)

ကျောင်းတွင် ကထိန်ပွဲကျင်းပလာခဲ့တာဟာ (၂၄)ကြိမ်တိတိရှိခဲ့ပါပြီ။ နှစ်တိုင်းဆိုသလို ဘုံကထိန်ပဲ ကျင်းပခဲ့တာများပါတယ်။ ခုနှစ်ရက်သားသမီးအားလုံး ကုသိုလ်ရစေချင်တဲ့ စေတနာလည်းပါတာပေါ့။ ဒါကြောင့် ကျောင်းရဲ့ အကျိုးတော်ဆောင်များဟာ ကထိန်ပွဲ မပြုလုပ်မီ တစ်ပါတ်ခန့်အလို မြို့တွင်း ရပ်ကွက်အလိုက် အပင်ပမ်းခံကာ အလှူခံထွက်ခဲ့ကြပါတယ်။ ဒိလိုအပင်ပမ်းခံပီး အလှူခံထွက်တာဟာလဲ ခုနှစ်ရက်သားသမီးများ ကုသိုလ်ပါဝင်ခွင့်ရဖို့အတွက် ရည်ရွယ်ကြတယ်။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း မဟာဘုံကထိန် အလှူပဲ ကျင်းပခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ဒကာတစ်ဦးဟာ ကထိန်အလှူပွဲ ပြုလုပ်ချင်ပါတယ်၊ဧည့်သည် (၂၀၀၀)ခန့်ဖိတ်ချင်ကြောင်း ကထိန်ခင်းဖို့ ကျောင်းတွေလိုက်ကြည့်တာ အဆင်မပြေ ဒီတစ်ကျောင်းပဲ အဆင်ပြေတာ မြင်ရပါတယ်၊ ကထိန်အလှူပွဲ ပြုလုပ်တဲ့အခါ တစ်ခြား ခုနှစ်ရက်သားသမီးများက လာရောက်လှူကြတာကို သူတို့က လက်မခံလို၊ သူတို့မိသားစု နာမည်ခံပြီး ပြုလုပ်ချင်ကြောင်း လာရောက်လျှောက်ထားပါတယ်။
စာရေးသူက ကျောင်းမှာ နှစ်တိုင်း အများပေါင်းစု ကုသိုလ်ရတဲ့ ဘုံကထိန်ပဲကျင်းပလေ့ရှိကြောင်း၊ တကယ်လို့ ခုနှစ်ရက်သားသမီးများ လှူတာ လက်မခံနိုင်ဘူးဆိုရင် ကျောင်းဒကာများကလည်း လက်ခံမှာ မဟုတ်ကြောင်း ပြောပြီး၊ တစ်ဦးတည်း အလှူအတွက် ငြင်းပယ်လိုက်ပါတယ်။
(၂၄)ကြိမ်မြောက် မဟာဘုံကထိန်အလှူပွဲမှာ တရားပွဲကြီးစတင်ပါပြီ…….
ယနေ့ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာမှာ ပုရိမ၀ါကပ်တော်မူကြတဲ့ သံဃာတော်များအား ကထိန်လျာ သင်္ကန်း ဆက်ကပ်လှူဒါန်းကြပါတယ်။ ဒီနှစ်ကထိန်ဟာ ယခင်နှစ်များလိုပါပဲ ခုနှစ်ရက်သားသမီးများအားလုံး ပါဝင်ကြတဲ့ ဘုံကထိန်အလှူဖြစ်တဲ့အတွက် ရောက်လာတဲ့ ပရိသတ်အားလုံးနဲ့ဆိုတာပါ။ ဒါကြောင့် ဒီနေ့ မဟာဘုံကထိန် အလှူပွဲဟာဟာ အခုရောက်လာတဲ့ ပရိသတ်အားလုံးရဲ့ ကထိန်ပွဲကြီးပါ။
ဒီနေ့ လာရောက်ကြတဲ့ ပရိသတ်များဟာ ဈေးသူဈေးသားများ အများဆုံးပါဝင်ကြတဲ့အတွက် လိုက်ဖက်အောင် တရားတော်ရဲ့နာမယ်ကို “ဈေးဝယ်သွားကြစို့” ဆိုတဲ့ နာမယ်ပေးထားပါတယ်။
ဒို့ဗမာနိုင်ငံမှာ ဈေးရုံတွေအများကြီး ရှိကြတယ်။ ကောင်းတဲ့ ဈေးရုံ ညံ့တဲ့ဈေးရုံ စုံလို့ပါပဲ၊ ရန်ကုန်မှာဆိုရင် စူပါမာ့ကက်တောင်ရှိလိုက်သေးတယ်။ အခုဆိုရင် စူပါမာ့ကက်ထက် ပိုပြီး အဆင့်အတန်းမြင့်တဲ့ ‘ဟိုက်ပါမာ့’ ဆိုတာ ပေါ်လာသေးတယ်။ နောင်လည်း ဒီထက် အဆင့်မြင့်တဲ့ ဈေးရုံတွေ ပေါ်လာကြအုံးမှာပါ။ အခုဦးဇင်းပြောမဲ့ ဈေးရုံကြီးက ဟိုက်ပါမာ့ထက် အများကြီးသာတဲ့အပြင် တုနှိုင်းလို့ မမီနိုင်တဲ့ ဈေးရုံကြီး ဖြစ်ပါတယ်။ လောကရှိတဲ့ ဈေးရုံကြီးတွေက တန်ဖိုး အားဖြင့် သတ်မှတ်လို့ရပါသေးတယ်။ တုနှိုင်းမမီ ဈေးရုံကြီးကတော့ ဘယ်သောအခါမှ တန်ဖိုးဖြတ်လို့ ရနိုင်မယ် မထင်ပါဘူး။
တုနှိုင်းမမီ ဈေးရုံကြီးက ဘယ်မှာလဲဆိုရင် ဝေးဝေးကြည့်နေစရာမလိုပါဘူး၊ ပရိသတ်များ နေထိုင်တဲ့ ဗမာပြည်မှာပါ။ ဈေးရုံနာမယ်က သာသနာ့ဈေးရုံ လို့ခေါ်ပြီး၊ ပိုင်ရှင်က မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြစ်ပါတယ်။
ယနေ့ ဒို့ပရိသတ်များ ကျောင်းကို ဘာလာလုပ်ကြတာလဲဆိုရင် သာသနာ့ဈေးရုံကြီးမှာ ဈေးလာဝယ်နေကြတာပါ။ ပကတိဈေးရုံကြီးမှာ ကုန်ပစ္စည်းအမျိုးမျိုး တင်ထားကြပါတယ်။ ဒီလိုပါပဲ သာသနာ့ဈေးရုံကြီးမှာလည်း အသက်ရှည်ခြင်းဆိုတဲ့ ကုန်ပစ္စည်းတွေ၊ အဆင်းလှခြင်းဆိုတဲ့ ကုန်ပစ္စည်းတွေ၊ ချမ်းသာခြင်းဆိုတဲ့ ကုန်ပစ္စည်းတွေ၊ မျက်စိအားကောင်းခြင်း ဆိုတဲ့ ကုန်ပစ္စည်းတွေကို တင်ထားပါတယ်။ ပရိသတ်များက လိုချင်တယ် ၀ယ်ချင်တယ်ဆိုရင် သာသနာ့ဈေးရုံလာပြီး ၀ယ်လိုက်ရုံပါပဲ။ ၀ယ်တဲ့အခါ ဈေးဝယ်သလို ပိုက်ဆံပေးပြီး ၀ယ်လို့ မရပါဘူး။ ကဲ ဒါဖြင့် ဘာနဲ့ပေးဝယ်မလဲ…………………?
(ခ)
တစ်ခါက တာဝတိံသာနတ်ပြည်မှာ မကြာခဏဆိုသလို နတ်များ meeting ထိုင်ကြပါတယ်။ နတ်အစည်းအဝေးပွဲကြီးပေါ့။ ပါဠိလိုကတော့ ‘ဒေ၀တာသဘာ’ လို့ ခေါ်ကြပါတယ်။ နတ်အစည်းဝေးပွဲကြီးကို နတ်ပြည်ခြောက်ထပ်မှာရှိတဲ့ နတ်တွေ လာလိုက်ကြတာ မရေမတွက်နိုင်အောင်ပဲ။ အဲဒီအထဲမှာ ရောဟိဏီဆိုတဲ့ အမျိုးသမီးလည်း မကြာခင်မှာ ရောက်လာတယ်။ နတ်သားတွေရဲ့ မျက်စိက ရောဟိဏီမှာ ချည်းပဲပေါ့။ ဘာကြောင့်ဆိုရင် ရောဟိဏီက အလွန်တရာချောမောလှပနေလို့ပါပဲ၊ အဲဒီမှာ နတ်တွေက “ဒီနတ်သမီး ဘာ့ကြောင့် ဒီလောက်လှတာပါလိမ့်” နတ်များရဲ့ရင်ထဲ ပြဿနာတစ်ခု ဖြစ်ပေါ်ကြတယ်။
နောက်တစ်ခါ နတ်သားတစ်ဦးဟာ သိန္ဓောမြင်း တစ်ထောင်ကတဲ့ နတ်ရထားစီးပြီး နတ်သဘင်ပွဲသို့ ရောက်လာတယ်၊ အနီးရောက်တော့ အခြားနတ်များ တိုက်မိမှာစိုးတဲ့အတွက် လက်တစ်ဖက်နဲ့ တွန်းလိုက်တာ၊ သိန္ဓေမြင်း တစ်ထောင် ဖင်ထိုင်လဲကျသွားပါတယ်။ “သန္ဓောမြင်းတစ်ထောင်နဲ့တောင်လာတာဆိုတော့ ချမ်းသာလိုက်တာ၊ ဘာ့ကြောင့် ဒီလောက်ချမ်းသာရတာလဲ” လို့ နတ်တွေရဲ့ ရင်ထဲ ပြဿာနာတစ်ခု ဖြစ်ပြန်တယ်။ တဆက်တည်းမှာ “လက်တစ်ဖက်တည်းနဲ့ တွန်းလိုက်တာ သိန္ဓောမြင်းတစ်ထောင် ဖင်ထိုင်လဲကျသွားရလောက်အောင် ခွန်အားကြီးတာ အံ့ရော၊ ဘာ့ကြောင့်များ ဒီလောက်ခွန်အား ကြီးရတာလဲ” ဆိုပြီး ပြဿနာတစ်ခုပေါ်ပြန် တယ်။
တစ်ခါ သိကြားမင်းက နတ်သဘင်ပွဲ ရောက်လာကြတဲ့ နတ်အရေအတွက်ကို နတ်သားတစ်ဦးအား ရေတွက်ခိုင်းတယ်။ နတ်သဘင်လာကြတဲ့ နတ်တွေဟာ နတ်ပြည်(၆)ထပ်ကဆိုတော့ မရေမတွက်နိုင်အောင်များပါတယ်။ ဒီလောက်များပြားလှတဲ့ နတ်တွေကို နတ်သားက တစ်ခဏချင်းမှာ အတိအကျ ရေတွက်ပြလိုက်နိုင်တယ်။ ဒါကိုပဲ နတ်အများက “ဒီနတ်သားက ဘာ့ကြောင့်များ ဒီလောက် ရေတွက်နိုင်ရတာလဲ၊ ဘာနဲ့ရေတွက်လိုက်တာလဲ အံ့ရော” ဒါလဲပဲ ပြဿနာတစ်ခုအနေနဲ့ နတ်တို့ရဲ့ ရင်ထဲ တွေးစရာဖြစ်ခဲ့ပါတယ်။
အမှန်က နတ်အရေအတွက်ကို တစ်ခဏချင်းမှာ ရေတွက်ပြနိုင်တာဟာ ဒိဗ္ဗစက္ခု ဆိုတဲ့ နတ်တို့ရဲ့ မျက်စိကြောင့်ပဲ ဖြစ်ပါတယ်။ ဒီခေတ်ကြီးဟာ အိုင်တီခေတ်ကြီးဆိုတော့ ကွန်ပျူတာအကြောင်းလေး နဲနဲထည့်ပြောမယ်။ ပရိသတ်များလည်း သိမှာပါ။ ကွန်ပျူတာမှာ သူရဲ့ သိုမှီးနိုင်တဲ့ capacities ရှိတယ်၊ ဟာ့ဒစ်မှာ capacities များရင်များသလောက် သိုမှီးနိုင်တယ်။ ဒီထက်ပိုပြီး မသိုမှီးထားနိုင်သလို မှတ်ဥာဏ်လည်း သူ့အတိုင်းအတာ တစ်ခုအထိပဲ ရမှာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တုန်းက ကမ္ဘာမှာတောင်မဟုတ် စက်ြဝဠာ စူပါကွန်ပျူတာကြီး တစ်ခု ပေါ်ခဲ့ဖူးပါတယ်။ အဲဒါက ဒိဗ္ဗစက္ခု အဘိညာဉ် ဖြစ်ပါတယ်။ အလိုရှိရင် အလိုရှိသလို သိုမှီးနိုင် မှတ်နိုင်တဲ့အပြင် မြင်လည်းမြင်နိုင်ပါတယ်။ ယနေ့ခေတ်ကွန်ပျူတာကတော့ တစ်ချိန်ကျရင် ပျက်သွားနိုင်တယ်၊ ဒါပေမဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ကတော့ ဘယ်တော့မှ မပျက်နိုင်ပါဘူး။ အသက်မသေသ၍ သုံးသွားနိုင်ပါတယ်။ ပြောရင်း ဘယ်ရောက်သွားပါလိမ့်…..
နတ်တို့ရဲ့ ရင်တွင်း အမေးပြဿနာ လေးမျိုးနော်၊ တစ်နေ့တော့ အမည်မထင်ရှားတဲ့ နတ်သားတစ်ယောက်၊ အမည်မထင်ရှားတဲ့ အညတြ ဆိုပေမဲ့ သာမာန်နတ်သားယောင်ဆောင်လာတာ၊ တကယ်က ဒီနတ်သားဟာ သိကြားမင်းပါ။ ဘုရားရှင်ထံ ညသန်းခေါင်ယံ အချိန်မှာ ရောက်လာကြပြီး မတင်မကျဖြစ်နေတဲ့ ပြဿနာလေးရပ်ကို မေးပါတယ်။
“မြတ်စွာဘုရား….ခွန်အားကြီးချင်တယ်ဆိုရင် ဘာလုပ်ရမှာလဲဘုရား၊
အဆင်းလှချင်ရင် ဘာလုပ်ရမှာလဲဘုရား၊
ချမ်းသာချင်ရင် ဘာလုပ်ရမှာလဲဘုရား၊
မျက်စိအားကောင်းချင်တယ်ဆိုရင် ဘာလုပ်ရမှာလဲဘုရား” ဆိုပြီး ပြဿနာလေးရပ်ကို မေးမြန်းလျှောက်ထားပါတယ်။ ပီးတော့ နောက်တစ်ခု ထပ်မေးလိုက်ပြန်တယ်။ “မြတ်စွာဘုရား….. ပြဿနာလေးရပ်စလုံးကို တပြိုင်နက်ထဲလိုချင်တယ်ဆိုရင် ဘာလုပ်ရမှာလဲဘုရား”၊ ဒီနောက်ဆုံး အမေးအရဆိုရင်တော့ သိကြားမင်းဟာ လောဘတကြီးနဲ့ မေးတယ်ဆိုတာ ထင်ရှားနေတယ်။
ဘုရားရှင်က “အို….နတ်သား…..ခွန်အားကြီးတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်တယ်ဆိုရင် ဆွမ်းအစာအဟာရ လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုနဲ့ ၀ယ်ရတယ်” လို့ ပထမဖြေတော်မူပါတယ်။ ဆွမ်းအဟာရဟာ လူတို့အတွက် ခွန်အားကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆွမ်း အဟာရလှူတဲ့သူမှာ ခွန်အားကြီးခြင်းဆိုတဲ့ အကျိုးရပါတယ်။ ပရိသတ်များက ခွန်းအားဗလကြီးခြင်းဆိုတဲ့ ကုန်ပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ရုံမျှ မကျေနပ်နေကြပါနဲ့၊ ခွန်အားဆိုတာလဲ ကာယအား၊ဥာဏအားဆိုပြီးနှစ်မျိုးရှိတယ်၊ ကာယအားအပြင် ဥာဏအားလည်းရှိအောင် ကျင့်သုံးဖို့လိုပါသေးတယ်ဆိုတာ သတိထားရပါ့မယ်။
ဒုတိယဘုရားရှင်က “ အဆင်းလှခြင်း ဆိုတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်တယ်ဆိုရင် အ၀တ်အထည်၊သင်္ကန်းလှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုနဲ့ ၀ယ်ရတယ်” လို့ ဖြေတော်မူပါတယ်။ ပရိသတ်များ အ၀တ်အထည်၊သင်္ကန်းလှူခြင်းဆိုတဲ့ အဆင်းလှတဲ့ ကုန်ပစ္စည်းကို ပိုင်ဆိုင်ရပြီဆိုပါစို့၊ ဒီလိုပိုင်ဆိုင်ရုံ အဆင်းလှရုံနဲ့ မကျေနပ်နေကြနဲ့၊ ရုပ်အဆင်းလှပီးတဲ့အပြင် စိတ်လှဖို့အတွက်လည်း လိုပါသေးတယ်ဆိုတာ သိထားစေချင်တယ်။ “ဒါဖြင့် စိတ်လှအောင် ဘယ်လိုလုပ်ကြမလဲ……?” မေးတော့ ပရိသတ်ထဲမှ အသံမထွက်လာပါ။ ပရိသတ်များ ..စိတ်လှချင်တယ်ဆိုရင် စိတ်အလုပ်လုပ်ရမှာပေါ့။ စိတ်အလုပ်ဆိုတာ ဘာဝနာတစ်မျိုးမျိုးကျင့်သုံးနေတာကိုခေါ်တာပါ။ ဘာဝနာတစ်ခုခုကို ပွားနေတယ်ဆိုရင် ကြာလာတော့ စိတ်တည်ငြိမ်လာပါမယ်။ စိတ်တည်ငြိမ်လာပီဆိုရင် လောဘ၊ဒေါသစတာတွေ နည်းလာမယ်။ ဒါကိုပဲ စိတ်သန့်ရှင်းတယ်၊စိတ်လှတယ်လို့ပဲ ခေါ်ကြတယ်။ ဆိုလိုတာက ပရိသတ်များ ရုပ်ရော စိတ်ပါ လှဖို့လိုတာပါ။
တတိယပြဿနာကို ဘုရားရှင်က “ ချမ်းသာခြင်းဆိုတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်ကြတယ်ဆိုရင် ယဉ် လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုနဲ့ ပေးဝယ်ရပါတယ်” လို့ ဖြေတော်မူပါတယ်။ ယဉ်ဆိုတာ တစ်စီးလုံးဝယ်နိုင်မှ ယဉ်အလှူလို့မခေါ်ပါ၊ ကားဆိုရင်လည်း ကားလက်မှတ်၊ ရထားလက်မှတ်၊လေယာဉ်လက်မှတ်၊ ဖိနပ်စတာတွေကို လှူရင်လည်း ယဉ်အလှူပါပဲ၊ လက်မှတ်များ၊ ဖိနပ်များ လှူတယ်ဆိုရင် အလှူခံပုဂ္ဂိုလ်များမှာ ချမ်းချမ်းသာသာ သွားလာရတယ်၊ ဒါကြောင့် ယဉ်လှူတဲ့သူမှာ ချမ်းသာခြင်းဆိုတဲ့ အကျိုးရရှိပါမယ်။
ချမ်းသာတဲ့နေရာမှာလည်း ကိုယ်ချမ်းသာခြင်းနဲ့ စိတ်ချမ်းသာခြင်း (၂)မျိုးရှိတယ်။ ကိုယ်ချမ်းသာရုံနဲ့ မကျေနပ်နေကြဘဲ၊ စိတ်ချမ်းသာအောင် စိတ်အလုပ်ကို လုပ်ကြဖို့လိုတာပါ။
စတုတ္ထပြဿနာကို ဘုရားရှင်က “ မျက်စိအားကောင်းခြင်းဆိုတဲ့ ကုန်ပစ္စည်းကို ၀ယ်ချင်တယ်ဆိုရင် ဆီမီးလှူဒါန်းခြင်းဆိုတဲ့ ကောင်းမှုနဲ့ ပေးဝယ်ရပါတယ်” လို့ ဖြေကြားတော်မူပါတယ်။ ဆီမီးအလှူကြောင့် မျက်စိအားကောင်းပါပြီတဲ့၊ မျက်စိအားကောင်းရုံ ဒိဗ္ဗစက္ခုအမြင်ရရုံနဲ့ မကျေနပ်ကြပါနဲ့၊ ပညာမျက်စိရအောင်လည်း ကျင့်သုံးကြဖို့ လိုအပ်ပါတယ်ဆိုတာ သတိပေးပါရစေ။
ပဉ္စမအမေးကို ဘုရားရှင်က “ ဆိုခဲ့တဲ့ ကုန်ပစ္စည်းအားလုံးကို ၀ယ်ချင်တယ်ဆိုရင် အိပ်ယာနေရာ ကျောင်းတို့ကို လှူဒါန်းခြင်းဆိုတဲ့ ကောင်းမှုနဲ့ ပေးဝယ်ကြရမယ်” လို့ ဖြေတော်မူပါတယ်။
ဒီမှာ တစ်ခုထူးခြားတာက နတ်သားက ပြဿနာငါးရပ်မေးတဲ့အခါ ဘုရားရှင်က ပြဿာနာလေးရပ်စလုံးဖြေပီးပြီ၊ နောက် လိုအပ်နေသေးတဲ့ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို ဘုရားက သိမြင်တော်မူတဲ့အတွက် သိကြားမင်းက မေးမြန်းခြင်း မရှိသော်လဲ မိန့်တော်မူလိုက်တာကတော့ “ အိုနတ်သား မအို၊မနာ၊မသေရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ကုန်ပစ္စည်းကြီးတစ်ခု ကျန်နေပါသေးတယ်။ ဒီကုန်ပစ္စည်စကို ၀ယ်ချင်တယ်၊ လိုချင်တယ်ဆိုရင် ငါဘုရားဟောကြားထားတဲ့ တရားတော်တွေကို သင်အံ၊ပို့ချ၊ဟောပြော ဆုံးမမယ်။ လိုက်နာကျင့်သုံးကြမယ်ဆိုရင် နိဗ္ဗာန်ကုန်စ္စည်းကြီးကို ရယူနိုင်ပါတယ်” လို့ နောက်ဆုံး အမေးမရှိတဲ့ အဖြေတစ်ခုကို ဘုရားရှင်က နတ်သား အား မိန့်တော်မူလိုက်ပါတယ်။
အားလုံး……..ပရိသတ်များ….သာသနာ့ဈေးရုံကြီးမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ပစ္စည်းများကို ၀ယ်ယူနိုင်တဲ့ သူများဖြစ်ပြီး၊ ဘုရားရှင်ရဲ့ အမေးမရှိတဲ့အဖြေလို နိဗ္ဗာန်ဆိုတဲ့ ကုန်ပစ္စည်းကြီးကို ရယူပိုင်ဆိုင်နိုင်တဲ့သူများ ဖြစ်ကြပါစေလို့ ပြောရင်း…………

1 comments:
ကောင်းလိုက်တဲ့ဥပမာလေးတွေပါ။ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ဘုရာ့။
Post a Comment