အလ္လာပ သလ္လာပ ဟူသော ဝေါဟာရ သည် ယခုမှပေါ်လာသော ဘန်းစကာမဟုတ်ချေ၊ လွန်ခဲ့သော 25 ရာစုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော စကားတစ်ခုဖြစ်သည်။
တစ်နေ့သ၌ စာရေးသူသည် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ကိစ္စတစ်ခုဖြင့် သွားရောက်သောအခါ ထိုကျောင်း၌ သီတင်းသုံးတော်မူသော ကျောင်းထိုင်ဆရာတော်အား “ ဆရာတော်ဘုရား…..ကျန်းမာပါရဲ့လားဘုရား” ဟု မေးလိုက်ရာ ထိုဆရာတော် က “ငါ့ရှင်…….ငါ့ရှင်က မေးရလောက်အောင် တပည့်တော်က အနာရောဂါ ဖိစီးနေလို့လား အဲဒီလို မမေးပါနဲ့” ဟု စိတ်ဆိုးကာ ပြန်ပြောပါ လေတော့သည် ။ ဤသို့ မေးရုံမျှဖြင့် ထိုဆရာတော် အဘယ့်ကြောင့် ဒေါသထွက်ရပါသနည်း၊ “ငါမေးတာ လွန်များသွားလို့လား” ဟု ပြန်လည်တွေးမိပါတော့သည်။ ထိုအချိန်တုန်းက ဘယ်လိုပင် စဉ်းစားတွေးတောပါသော်လည်း တိကျသောမှန်ကန်သော အဖြေ မရရှိခဲ့ပေ။ တစ်ဦးနှင့်တစ်ဦး ခင်မင်းရင်းနှီးမှုဖြင့် တွေ့ကြသောအခါ အလ္လာပသလ္လပစကားများ၊ အမှတ်ရဖွယ်ရာစကားများ ပြောဆိုရပါသည်။ စာရေးသူ တွေ့ကြုံခဲ့ရသော အနေအထားအရဆိုလျှင် တစ်ယောက်နှင့်တစ်ယောက်တွေ့သော်လည်း အမှတ်ရဖွယ်စကား အလ္လာပသလ္လာပ စကားများ ပြောဆိုဖို့ရာ ခက်ချိမ့်မည်။
ကာလအတန်ကြာသောအခါ အတိတ်ရေစက်ကြောင့်လားတော့မသိပါ၊ စာရေးသူနှင့် ထိုကျောင်းထိုင်ဆရာတော်တို့ ပြန်လည် တွေ့ဆုံကြပါသည်။ ထိုအခါ ရှေးဦးစွာ နုတ်ဆက်လိုက်သူကား ထိုကျောင်းထိုင်ဆရာတော် ဖြစ်နေသည်။
“ငါ့ရှင် ….. ကျန်းမာရေးကောင်းပါရဲ့လား”ဟုမေးလိုက်ရာ “ မှန်ပါ…တပည့်တော် နေကောင်းပါတယ်ဘုရား” ဟု အလိုက်သင့်ပြန်ဖြေ လိုက်ရသော်လည်း စာရေးသူစိတ်ထဲတွင်တော့ “ ဒီလိုမေးရလောက်အောင် ငါ့မျက်နှာက နေမကောင်းတဲ့ မျက်နှာကြီးဖြစ်နေလို့လား” ဟု စဉ်းစားနေမိပါတော့သည်။ တစ်ဆက်တည်းမှာပင်-
တစ်ချိန်တုန်းက စာရေးသူ၏ “နေကောင်းပါရဲ့လား” ဟူသောအမေးကြောင့် စိတ်ဆိုးစွာပြန်ဖြေလိုက်သောထိုဆရာတော်၏ သဘောကို စာရေးသူကိုယ်တိုင် ခံစားလိုက်ရပါမှ သဘောပေါက်သွားပါတော့သည်။
ဤသို့ဆိုလျှင် ရင်းနှီးသမှုဖြင့် ထိုသို့မနှုတ်ဆက်ကောင်းတော့ပြီလား၊ နှုတ်ဆက်၍ မရတော့ပြီလား ၊ အမှတ်ရဖွယ်စကားများ မပြောရတော့ပြီလား၊ စသည် လားပေါင်းများစွာနှင့် စာရေးသူ တွေးနေမိပါတော့သည်။ တစ်ယောက်နှင့်တစ်ယောက် တွေ့ကြပြီ ဆိုလျှင် “ နေကောင်းပါရဲ့လား”ဟု မေးမည့်အစား “ မတွေ့ရတာကြာပြီနော် အခုလိုတွေ့ရတာ အလွန်ဝမ်းသာပါတယ်” ဟု တစ်ခြားအသုံးအနှုံးဖြင့် နှုတ်ဆက်ရ မလို ဖြစ်နေပြီ ပေါ့…….။ မြန်မာတို့ ဓလေ့ဝယ် တွေ့ဆုံကြ၍ နှုတ်ဆက်ကြခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်းသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ တစ်ခြားသော လူမျိုးများလည်း ဤနည်းအတိုင်းပင် ဖြစ်ချေမည်။ နှုတ်ဆက်ခြင်းသည် လူမျိုးတိုင်းရဲ့ ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်ပါလိမ့်မည်။
ထိုမျှသာမကာ မြတ်ဗုဒ္ဓလက်ထက်တော်က သီတင်းကျွတ်၌ မြတ်စွာဘုရားအား လာရောက်ဖူးမျှော်ကြကုန်သော ရဟန်းတော် များအား “ချစ်သားတို့ …..ဆွမ်းဖြင့်မျှတပါ၏လော၊ ကျန်းခံ့သာလို့ မာပါရဲ့လား” ဟု မြတ်ဘုရားက နှုတ်ဆက်စကား မိန့်ကြားတော်မူနေကြ
ဖြစ်ပါသည်။ နှုတ်ဆက်စကားကို မြတ်ဘုရားတောင်မှာ မပယ်ဘဲ ကျင့်သုံးခဲ့ပါသည်။
တစ်ခါကလည်း စာရေးသူသည် ဆရာတော်တစ်ပါးကို “နေကောင်းပါရဲ့လား” ဟု နှုတ်ဆက်ခဲ့ဖူးပါသည်။ ထိုအခါ ထိုဆရာတော် ပြောလိုက်သည်က “ အရှင်ဘုရား…… လူဆိုတာ ခန္ဓာရှိရင် အမြဲတမ်း အနာရောဂါနဲ့ဆက်နေရတာပါ၊ ဘယ်မှာ နေကောင်းတယ်ရယ်လို့ ရှိပါ့မလဲ၊ ဒီစကားမျိုး အရှင်ဘုရားမေးစရာမလိုပါဘူး” ဟု စိတ်ဆိုးကာ ပြန်လည်ဖြေကြားလိုက်သောအသံကြောင့် စိတ်ထဲတစ်မျိုးသွားရပါတော့သည်၊ “ ငါမေးလိုက်တာ မှားများ သွားပါပြီလား” ။ အမှန်စင်စစ် စာရေးသူ မေးလိုက်သော စကားသည် မမှားသည့်အပြင် ရင်းနှီးမှုဖြင့် နှုတ်ဆက်သင့်သော စကားဖြစ်ပါသည်။ သို့ပါလျှက် ထိုဆရာတော်သည် မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ သော စကားမျိုးဖြင့် တုံ့ပြန်ရပါသနည်း။ ဤသို့ဆိုလျှင် မြတ်ဘုရား၏ နှုတ်ဆက်ရာ၌ ပြောဆိုသော အလေ့အထကို လည်းဆန့်ကျင်ရာ က်ျနေပါတော့သည်။ သူပြောဆိုလိုက်သော အသုံးအနှုံးများသည် ဤနေရာ၌ မသုံးနှုံးသင့် ဟု ထင်မြင်ယူဆမိပါသည်။ ပြောဆိုရမည့် နေရာမှားနေပေပြီ၊ ထိုတရားစကားမျိုးကို တရားဟောတဲ့အခါ၌ ဖြစ်စေ၊ တရားဆွေးနွေးတဲ့အခါ၌ ဖြစ်စေ၊ ပြောဆို ဟောပြောရပါမည်။ နှုတ်ဆက်သည့်နေရာ၌ မပြောသင့်ပါချေ။
တစ်ဖန် တရားစကားပြောသည်ဆိုစေဦးတော့ ဒေါသသံပါနေသည့်အတွက် နှုတ်က တရားအကြောင်းပြောနေသော်လည်း စိတ်ထဲတွင်တော့ မတရားဖြစ်နေသည်မှာ ပေါ်လွင်လှပါသည်။ ထို့ကြောင့် သူ၏ အဆင့်အတန်း အနိမ့်အမြင့်ကို သူကိုယ်တိုင်ပဲ ခွဲခြားနေလေပြီ။
အခြေအနေမှန်ကို ယောနိသော မနသိ ကာရ သင့်တင့်စွာ နှလုံးသွင်းပြီး နားလည်ပေးနိုင်မည်ဆိုပါက အလားတူဖြစ်ရပ်များ သည် ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ ဖြစ်ပေါ်လာခဲ့သော် “ င့ါအား တရား ဟောနေပါလား” ဟု ဆင်ခြင်ကာ တရားနာ လိုက်ရုံသာ။
Sunday, November 18, 2007
အလ္လာပ သလ္လာပ
Posted in:
0 comments:
Post a Comment