Thursday, November 29, 2007

ဖန်တီးရှင်

လောက သတ္တ၀ါတို့သည် ဖန်တီးရှင်ဆိုသူ၏ စီမံရာကို ခံယူကြရာဝယ် ကောင်းသောအရာဖြစ်သော ဘ၀၏အလှကို ခံယူကြရသကဲ့သို့ မကောင်းသောအရာဖြစ်သော ဘ၀၏အကျည်းတန်မှုကိုလည်း ခံယူကြရပါသည်။ ထိုဖန်တီးရှင်ဆိုသူကို မည်သူက အစပျိုးပေး လိုက်ပါသနည်း။ ထိုဖန်တီးရှင်ကို အစပျိုးပေးသူကား တစ်ခြားမဟုတ်ပါ၊ လောကရှိ သတ္တ၀ါများပင်ဖြစ်ပါသည်။


ဖန်တီးရှင်ဟူသည် ကား ကိုယ်အလုပ်၊ နှုတ်အပြော ၊ စိတ်အကြံ ဟုဆိုအပ်သော ‘ကံ’ တရားများ ဖြစ်ပါသည်။
မြတ်ဗုဒ္ဓက ကံတရားတို့သည် လေးမျိုးရှိ၏ ဟု မိန့်တော်မူခဲ့ပါသည်၊ ၄င်းတို့မှာ-
၁။ ဂရုကံ
၂။ အာသန္နကံ
၃။ အာစိဏ္ဏကံ
၎။ ကဋတ္တာကံ ဟူ၍ ဖြစ်သည်။
၁။ ကုသိုလ်တရားဖက်၌ သောတာပတ္တိမဂ်စသည်တို့သည် ကြီးလေးသော ဂရုကံများဖြစ်သည်၊ သောတာပတ္တိမဂ်ရ ရှိပြီးသော သူများသည် သေလွန်သည့်အခါ ထိုကုသိုလ်ဂရုကံကြောင့် အပါယ်မကျရောက်ရတော့ပေ။
ထို့အတူ အကုသိုလ်ဖက်တွင် ဆိုရပါမူ ပဥ္ဒနန္တရိယကံသည် ဂရုကံ မည်၏။ သေလွန်သောအခါ ထိုကြီးလေးသော အကုသိုလ် ဂရုကံက အပါယ်သို့ ဆွဲချလေတော့၏။
၂။ သေခါနီးကာလ ရုတ်တရက်ဖြစ်ပေါ်လာသော ကံတရားကို အာသန္နကံ ဟုခေါ်ကြပါသည်။ ဘ၀တစ်လျှောက် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အကြိမ်ပေါင်းများစွာ ပြုလုပ်ထားစေကာမူ သေခါနီးတွင် ရုတ်တရက်ဖြစ်ပေါ်လာသော ကုသိုလ်/အကုသိုလ်ပုံရိပ်များ ထင်ဟပ်လာပြီဆိုလျှင် ထိုထင်ဟပ်လာသော ကံ တရားကို အာသန္နကံဟုခေါ်ပါသည်။ သေခါနီးသတ္တ၀ါများသည် အကြောင်းညီညွတ်လျှင် ထိုအာသန္နကံ၏ အဆုံးအဖြတ်ကိုလည်း ခံယူကြရပါသည်။
၃။ ကြိမ်ဖန်များစွာပြုလုပ်ထားသော ကောင်းကံ၊မကောင်းကံများ(အလေ့အကျင့်များစွာ ပြုလုပ်ထားသောကံ)ကို အာစိဏ္ဏကံ ဟု ခေါ်ပါသည်။
၎။ ပြုကာမတ္တ (ပြုရုံမျှ)ဖြစ်သော ကံကို ကဋတ္တာ ကံ ဟုခေါ်ပါသည်။
သေခါနီးလူတစ်ယေက်အတွက် ကံလေးမျိုး၏ အကျိုးပေးပုံ
သောတာပန်အရိယာများသည် သောတာပတ္တိမဂ်တည်းဟူသော ကောင်းသော ဂရုကံကြောင့် သေလွန်လျှင် အပါယ်မလားတော့သော်လည်း ၊ ပဉ္စနန္တရိယကံ အနက် အဖသတ်သည့်ကို ကျူးလွန်မိသော အဇာတသတ်မှာမူကား အသက်ရှင်စဉ်တွင် မြတ်ဗုဒ္ဓအား ကြည်ညိုလွန်းလှသောကြောင့် စွမ်းစွမ်းတမန် သာသနာပြုခဲ့ပါသော်လည်း သေခါနီးကာလ သူပြုခဲ့သော အဖသတ်သည့် ဂရုကံ က သူ့အား အကျိုးပေးကာ သူသွားရမည့် ဒုဂ္ဂတိ(အပါယ်ဘုံ)ကို အဆုံးအဖြတ်ပေးခဲ့လေသည်။
ဂရုကံ မရှိသော သူများသည် သေခါနီးတွင် အာသန္နကံက အကျိုးပေးပါလိမ့်မည်။ ထိုအာသန္နကံ အကျိုးပေးပုံကား-
တစ်ခါက ရာဇဂြိုဟ်ပြည်တွင် သေမိန့်ကျသော ရာဇ၀တ်သားများအား သတ်ပေးရသော တမ္ဗဒါဌိက လူဆိုးကြီး သည် နှစ်ပေါင်း (၅၅)နှစ်တိုင်တိုင် ရာဇ၀တ်သားများအား သတ်ခဲ့ပါသော်လည်း၊ မသေမီ အရှင်သာရိပုတ္တရာကို ဆွမ်းလောင်းလှူလိုက်ရပါသည်။ မကြာမီ ကွယ်လွန်သွားရာတွင် နတ်ပြည်သို့ ရောက်ခဲ့ရပါသည်။ ဤသည်မှာ သေခါနီး ဆွမ်း လောင်းလှူရသော ကုသိုလ်ကံ (အာသန္နကံ )က အားကြီးစွာနှင့် အကျိုးပေးလိုက်သောကြောင့် ဖြစ်ပါသည်။
တစ်ခါက လူတစ်ယောက်သည် ငယ်စဉ်မှစ၍ အရွယ်ကြီးရင့်သည့်တိုင်အောင် မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းမှု ပြုခဲ့ပါသည်။ အိုမင်းလာသောအခါ သားဖြစ်သူ ရဟန်းက ငါ၏ ဖခင်သည် သေခါကျရင် ဘ၀ကူးကောင်းပါစေ တော့ ဟု ရည်ရွယ်ချက်ဖြင့် ဖခင်မုဆိုးကြီးအား ရဟန်းပြုစေခဲ့ပါသည်။ တစ်နေ့သ၌ မကျန်းမမာဖြစ်၍ အိပ်ယာထဲ လဲသောအခါ သူ၏အာရုံထဲ၌ ခွေးနက်ကြီးများက သူ့ကိုလာရောက် ဆွဲနေကြသဖြင့် ကြောက်လန့်တကြား အော်ဟစ်နေပါတော့သည်။ ထိုအခါ သားဖြစ်သူ ရဟန်းက ငါ့၏ဖခင်တော့ ဒီလိုနိမိတ်နှင့်သေဆုံးလျှင်ဖြင့် ဧကန်မုချ အပါယ်ကျမှာသေချာနေပြီ ၊ငါလိုသားရဟန်းတစ်ပါးရှိပါလျှက်နှင်ဲ့ ငါ့ဖခင်ကို အပါယ်မကျစေရဘူးဟု တွေးကာ ကျောင်းရှိ ကပ္ပိယအား ပန်းခူးစေ၍ မနီးမဝေးတွင်ရှိသော စေတီတော်ရှိရာသို့ ဖခင်ရဟန်းကြီးအား ခေါ်ဆောင်သွားပါသည်။
စေတီသို့ရောက်သောအခါ “အို…..အရှင်ဘုရား….. ဒီမှာ အရှင်ဘုရားအတွက် ဘုရားမှာ ပန်းလှူပေးထားပါတယ်ဘုရား၊ အဲဒီကုသိုလ်ကို အာရုံပြုလိုက်ပါဘုရားး” ဟု ပြောသောအခါ ဖခင်ရဟန်းကြီးသည် ကုသိုလ်အာရုံရသည်နှင့် တစ်ပြိုင်နက် “ ဟဲ့…သား……ငါ့ကို နတ်ပြည်က သားရဲ့ မိထွေးတွေ လာခေါ်နေပြီ” ဟုပြောပါလေတော့သည် ။ မကောင်းသောအာရုံထင်သောအခါ ကြောက်လန့်တကြားဖြစ်ရသော်လည်း ကောင်းသောအာ ရုံထင်သောအခါ၌မူကား စိတ်ထဲတွင် ပျော်ရွှင်ချမ်းမြေ့ရလေသည်။
ထို့ကြောင့် သေခါနီးအချိန်တွင် လူနာ၏အနား၌ မိတ်ဆွေကောင်းရှိရန် အလွန်အရေးကြီးကြောင်း အထက်ပါ ဖြစ်ရပ်ဖြင့် ထင်ရှားသိသာပါပြီ။ ထို့ပြင် ဖခင်ရဟန်းကြီးသည် သက်တမ်းတစ်လျှောက် သူတစ်ပါးအသက်သတ်ပြီး ပါဏာတိပါတကံကို ကျူးလွန်ခဲ့ပါသော်လည်း သားရဟန်း၏ အစီအစဉ်ကောင်းမှုကြောင့် သေခါနီး ကုသိုလ်နိမိတ် (အာသန္နကံ) ဖြင့်သေလွန်ခဲ့ရပါသည်။
တစ်ဖန် ရင်းနှီးသော သီလရှင် ဆရာလေးတစ်ပါး၏ ပြောပြသော ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်တင်ပြရပါလျှင်-
တစ်ခါက စာသင်တိုက်ကြီးတစ်ခုကို အုပ်ချူပ်ရသော သီလရှင်ဆရာကြီးတစ်ပါးရှိခဲ့ဖူးပါသည်။ တစ်နေ့သူသည် ရိပ်သာတစ်ခုတွင် သီလရှင်ဆရာကြီးတစ်ပါးထံ နည်းခံ၍ တရားအားထုတ်ခဲ့ရာ တရားဖြင့် ပျော်မွေ့ပြီး အသက်ထက်ဆုံး ၀ိပဿနာတရားကို မလွတ်တမ်းအားထုတ်နိုင်ခဲ့ပါသည်။ တစ်နေ့တွင် သတ္တ၀ါတို့၏ ဓမ္မတာအတိုင်း ထိုသီလရှင်ကြီးသည် မကျန်းမမာဖြစ်ကာ ကွယ်လွန်ခဲ့ပါသည်။
တစ်နေ့သ၌ တရားပြသခဲ့သောသီလရှင်ဆရာကြီးသည် စင်္ကြန်လျှောက်နေခိုက် “ အရှင်ဘုရား…..တပည့်တော် (-------)ပါဘုရား” ဟု နောက်နားက ပုံသန္တာန်မမြင်ရဘဲ စကားပြောသံလောက်ကိုသာ ကြားခဲ့ရပါသည်။ ထိုအခါ တရားပြသီလရှင်ဆရာကြီးက “ ဒေါ်------ က ဒီမှာ ဘာလာလုပ်နေရတာလဲ” ဟု မေးရာ “ တပည့်တော် သေပြီးတဲ့နောက် အခု ဒီနေရာမှာ ဆင်းဆင်းရဲရဲနေရပြီး တံမြက်လှဲနေရတာပါ ဘုရား၊” “ ဟင်…….တရားတွေ အချိန်အကြာကြီး အားထုတ်ထားပါလျှက်နဲ့ ဒီလိုဖြစ်ရတယ်လို့ကွယ်” ဟု တရားပြသီလရှင်ဆရာကြီးက ကရုဏာသက်စွာ ပြောသောအခါ ထိုသူက သူ့ရဲ့ဖြစ်စဉ်ကို ပြောပြပါလေတော့သည်။
သီလရှင်ဆရာကြီးသည် စာသင်တိုက်ကြီးတစ်တိုက်ကို အုပ်ချူပ်၍ စာချလာခဲ့ရာ တစ်ဖက်ကလည်း ၀ိပဿနာတရားကို စွမ်းနိုင်သမျှ ကြိုးစားအားထုတ်ခဲ့ပါသည်။ တစ်နေ့ မကျန်းမမာဖြစ်ကာ အိပ်ယာထဲ၌ ဘုံးဘုံးလဲ လေတော့သည်။ ထိုစဉ် သူ၏ တပည့်တစ်ဦးက “ အရှင်ဘုရား…….အရှင်ဘုရားဒီလိုမကျန်းမမာဖြစ်တာဟာ လက်ထောက်သီလရှင်ဆရာက ကျောင်းလိုချင်သောကြောင့် ဂမ္ဘီရ အစီအရင် တစ်ခုနဲ့ပြုလုပ်ထားသည့်အတွက် အခုလို မကျန်းမမာဖြစ်ရတယ် လို့ ဗေဒင်ဆရာထံက အဟောထွက်ပါတယ်ဘုရား” ဟု အမှတ်မထင် ကြားလိုက်ရသော စကားကြောင့် စိတ်နှလုံး မကောင်းဖြစ်ခဲ့ရပါသည်။ သို့နှင့် မကြာမီ ထိုမကောင်းသောစိတ်ဖြင့် သေဆုံးခဲ့ရပါသည်။ ကွယ်လွန်သောအခါ (……….)အပါယ်ဘုံသို့ ရောက်ခဲ့ရပါသည်။ အသက်ထင်ရှားရှိစဉ် မြင့်မားသော ကုသိုလ်တစ်ခု ဟု ပြောဆိုနိုင်သော ၀ိပဿနာကုသိုလ် များရှိနေပါလျှက် သေခါနီး မကောင်းသော နှလုံးသွင်းမှု(အာသန္နကံ)က အသာစီးရပြီး အကျိုးပေးသောကြောင့် ယခုကဲ့သို့ (……..) အပါယ်ဘုံ၌ ဖြစ်ရပါသည်။ ထိုဖြစ်ရပ်ဖြင့် အာသန္နကံ အကျိုးပေးပုံ သိသာထင်ရှားပါပြီ။
အထက်ပါ ဆိုခဲ့ပြီးသော ဂရုကံ နှင့် အာသန္နကံ ဖြစ်ခွင့်မရဘူးဆိုပါက မိမိနေ့စဉ်မှန်မှန် ပြုလုပ်ခဲ့သော အာစိဏ္ဏကံ က အကျိုးပေးပါလိမ့်မည်။ အကယ်၍ ထိုအာစိဏ္ဏကံ မရှိဘူးဆိုပါက ဘ၀တွင် အမှတ်မထင် ပြုလုပ်ခဲ့သော (ကဋတ္တာကံ)က အကျိုးပေးပါလိမ့်မည်။
အချူပ်ဆိုရသော် အသက်ထင်ရှားရှိစဉ် ဒါန သီလ ဘာဝနာစသည်များကို ပြုလုပ်၍ မဂ်ဖိုလ်နိဗ္ဗာန်မရသေးဘူးဆို ပါက သေခါနီး၌ မကောင်းသော အာသန္နကံ ကြောင့် မဖြစ်သင့်သော ဒုဂ္ဂတိဘုံများ၌ ဖြစ်ရတတ်ပါသည်။ ထိုကြောင့် ဘ၀ကူးကောင်းစေရေးအတွက် မိမိတွင် အနည်းဆုံး သောတာပတ္တိမဂ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်သုံးထားနိုင်ပါမှ မိမိ၏ဘ၀အလှကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ သို့မဟုတ်ပါက သေခါနီးတွင် မိမိ၏အနီး၌ သူတော်ကောင်းရရှိရန် အလွန်အရေးကြီးပါကြောင်း ဖန်တီးရှင်ဆောင်းပါးဖြင့် သတိပေးရေးသားလိုက်ရပါတော့သတည်း။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More