Wednesday, October 17, 2007

နှစ်ပေါင်း၂၅၀၀ကျော်က ဗိုင်းရပ်စ်ဆော့ဖ်ဝဲ

ကွန်ပျူတာ အသုံးပြုသူများအနေနှင့် မိမိ၏ ကွန်ပျူတာရှိ program များ ၊ file, folder များ ကို virus က ဖျက်ဆီးပစ် သောကြောင့် အပျက်စီးအဆုံးအရှုံးများနှင့် ရင်ဆိုင်ကြရပါသည် ၊ထို့ကြောင့် ကွန်ပျူတာအသုံးပြုသူများ စိတ်အနောက်ယှက် ဖြစ်ကြရ သည်။ ၁၉၈၂ ခုနှစ်ကတည်းက virus(ဗိုင်းရပ်စ်)အမျိုးမျိုး ပေါ်ပေါက်ခဲ့ရာ၊ ယခု ၂၀၀၇ခုနှစ် ဆိုလျှင် (၂၅)နှစ်ပြည့်ပြီဖြစ်သောကြောင့် ဗိုင်းရပ်စ် ငွေရတု (First Genaration) တစ်ခု သို့ တိုင်ခဲ့လေပြီ။


(က)
ယနေ့ အခါတွင် computer ,system များကို ဖျက်ဆီးပစ်နေသော Elk Cloner / Brain / Morris / Melissa / love bug/ Code Red/ Blaster / Sasser စသည့် ဗိုင်းရပ်စ် အမျိုးအမျိုးပေါ်ပေါက်ခဲ့ပါသည်။ ထို virus (ဗိုင်းရပ်စ်)များ၏ နှောက်ယှက်ဖျက် ဆီးခြင်း မှ ကာကွယ်နိုင်ရန်အတွက် ( AVG, A vast, Anti virus )စသော software များကိုလည်း ရေးသားတီထွင်နိင်ခဲ့ပါသည်။ ထိုဆော့ဖ်ဝဲများကိုလည်း ဖြစ်နိင်လျှင် မကြာခဏဆိုသကဲ့သို့ (update) လုပ်ပေးနိုင်လျှင် ပို၍ကောင်းပါသည်။ အကယ်၍ ထို ဆော့ဖ်ဝဲကို update မလုပ်ထားပါက ကွန်ပျူတာဗိုင်းရပ်စ်ကို မသတ်နိုင်ပေ။ ထို့ကြောင့် ဗိုင်းရပ်စ်ကို သတ်နိုင်ရန် ဆော့ဖ်ဝဲကို မကြာခဏဆိုသလို update လုပ်ပေးရပါသည်။ ထိုကဲ့သို့ပင်--
(ခ)
လူတို့၏ ခန္ဓာကိုယ်၌ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီဆိုလျှင် ရောဂါမျိုးစုံခံစားရတတ်ပါသည်။ ထိုကဲ့သို့ virus (ဗိုင်းရပ်စ်) ကူးစက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို ဆိုင်ရာ ပဋိဇီဝဆေးများကို မှီဝဲသုံးစွဲခြင်းဖြင့် ပျောက်ကင်းရပါသည်။ အကယ်၍ သတ်မှတ်ထားသော ရက်ထက်ပိုလွန်၍ (update)မဖြစ်သော ပဋိဇီဝဆေးများကို သုံးစွဲမိပါက ရောဂါ မပျောက်သည့်အပြင် အဆိပ်ဖြစ်ပြီး အသက်ပါဆုံး ရှုံးနိုင်ပါသည်။ ထိုသို့မဖြစ်စေရန် သတ်မှတ်ထားသော ရက်မလွန် ပဋိဇီဝဆေးများကို ဆရာဝန်များ၏ လမ်းညွန်မှုအရ မှီဝဲမည်ဆိုပါက ဆိုင်ရာဗိုင်းရပ်စ်ပိုးများ ကင်းရှင်းပြီး ခံစားနေရသည့် ရောဂါများမှ ကင်းစင်သွားနိုင်ပါသည်။ သို့သော်လည်း HIV virus (ဗိုင်းရပ်စ်)များ ကူးစက်ခံရပြီဆိုပါက ထိုvirus(ဗိုင်းရပ်စ်)ကို သတ်နိုင်သော ဆေး မပေါ်ပေါက်သေးသောကြောင့် “ကုရာနတ္ထိ ဆေးမရှိ” ဆိုသည့် အတိုင်း မကြာမှီ အသက်ပါဆုံးရှုံးကြရပါတော့သည်။ ယနေ့ခေတ်တွင် သုတေသနပညာရှင်များသည် ခန္ဓာကိုယ်အတွင်းရှိ ကူးစက်တတ်သော virus(ဗိုင်းရပ်စ်) ပိုးမျိုးစုံကို ရှာဖွေတွေ့ရှိကြပါသော်လည်း၊ စိတ်ခန္ဓာအတွင်း၌ virus ပိုး ရှိနေသည်ကို သုတေသနပညာရှင်များ မသိကြသေးပေ။ အဘယ့်ကြောင့်ဆိုလျှင် စိတ်ထဲ၌ ရှိသော virus (ဗိုင်းရပ်စ်)ကို ရှာဖွေရမှန်း မသိခြင်း၊ ရှာဖွေတွေ့ရှိရန် လက်တွေ့ သုတေသနမပြုလုပ်ခြင်းတို့ကြောင့် စိတ်ရောဂါများကို ရှာဖွေ ဖေါ်ထုတ် နိုင်စွမ်းမရှိကြခြင်း ဖြစ်လေသည်။
(ဂ)
ယနေ့အချိန်၌ စိတ်ခန္ဓာအတွင်း virus (ဗိုင်းရပ်စ်) ပိုးကို ရှာဖွေ မတွေ့ရှိကြသော်လည်း လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်အချိန်က စိတ်၌ဖြစ်သည့် virus(ဗိုင်းရပ်စ်) ပိုးမျိုးစုံကို တွေ့ရှိခဲ့သည်သာမက ထိုပိုးများအား ပယ်သတ်သောနည်းကို တွေ့ရှိခဲ့သော သုတေသနပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးပါသည်။ ထိုသူကား မြတ်ဗုဒ္ဓသုတေသနပညာရှင်ကြီးပေတည်း။ ထို မြတ်ဗုဒ္ဓသုတေသနပညာရှင်ကြီးသည် ခန္ဓာဗေဒပိုင်းဆိုင်ရာ၌ ကျွမ်းကျင်ရုံသာမက စိတ္တဗေဒ၌လည်း ကျွမ်းကျင်တော်မူသဖြင့် စိတ်၌ဖြစ်သော virus ကို ရှာဖွေတွေ့ရှိတော်မူခဲ့ခြင်းဖြစ်ပါသည်။
ဆက်ဦးအံ့ ။
စိတ်၌ ကူးစက်တတ်သည့် virus ပိုးအမျိုးမျိုးရှိသည့်အနက် စိတ်ထဲ၌ ကုသိုလ်တရားများ မဖြစ်အောင် လိုက်လံ နှောက်ယှက်နေသော virus(ဗိုင်းရပ်စ်) ပိုးကို ဖေါ်ပြလိုပါသည်။ ထိုပိုး၏အမည်ကို “နီဝရဏ”ဗိုင်းရပ်စ် ဟု မြတ်ဗုဒ္ဓသုတေသနပညာရှင်ကြီးက နာမည်ပေး တော်မူခဲ့ပါသည်။ ထိုနီဝရဏ ဗိုင်းရပ်စ် အမျိုးအစား ငါးမျိုးခွဲခြားထားပါသည်၊ ၄င်းတို့မှာ-
(၁) ကာမစ္ဆန္ဒနီဝရဏ
(၂) ဗျာပါဒနီဝရဏ
(၃) ထိနမိဒ္ဓနီဝရဏ
(၄) ဥဒ္ဓစ္စ၊ကုက္ကုစ္စ နီဝရဏ
(၅) ၀ိစိကိစ္ဆာ နီဝရဏ ဟူ၍ ဖြစ်ပါသည်။
ဤနေရာ၌ စိတ်ကိုတိုက်ခိုက်သော ဗိုင်းရပ်စ်ပိုးများ၏ အဓိပ္ပါယ်ကို ရှင်းလင်းပါ ဦးမည်။
ကာမစ္ဆန္ဒ နီဝရဏ
ထိုဗိုင်းရပ်စ်ကား နှစ်သက်လိုချင်ခြင်းသဘောရှိသည်။ နှစ်သက်လိုချင်ဖွယ်ရာအာရုံများနှင့် တွေ့ရလျှင် စိတ်၌ ကာမဆန္ဒနီဝရဏ ဗိုင်းရပ်စ်များ ကူးစက်ဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခါ ကူးစက်ခံရသော စိတ်သည် တည်ငြိမ်မှု၊ သန့်ရှင်းမှု၊ ဖြူစင်မှု
အပြစ်ကင်းမှု မရှိတော့ပေ။ နှစ်သက်လိုချင်ခြင်းသည် အကြွေးတင်သည်နှင့်တူသည်၊ဟု မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါသည်။ အကြွေးတင်လျှင် ပြန်ဆပ်ရသကဲ့သို့ ၊ နှစ်သက်လိုချင်သော စိတ်များဖြစ်ပေါ်လာလျှင် ထိုစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် ဖြူစင်အောင် ပြုလုပ်ရပါသည်။ (နှစ်သက်လိုချင်၊ ကြွေးမြည်တင် ၊ လျှင်လျှင်ပယ်ဖျောက်လေ)။




ဗျာပါဒ နီဝရဏ
ဗျာပါဒနီဝရဏ ဗိုင်းရပ်စ်သည် အလိုမကျ၊ စိတ်ဆိုး၊ဒေါသထွက်၊ အငြိုးမပြေ ၊တေးမှတ်ခြင်း၊စသော သဘောရှိသည်။ မနှစ်မြို့ဖွယ် အာရုံများနှင့် တွေ့လျှင် စိတ်သည် အလိုမကျခြင်း၊ စိတ်ဆိုးခြင်း ၊စိတ်ညစ်ခြင်း၊ အငြိုးမပြေခြင်း၊ တေးမှတ်ခြင်း၊ ခက် ထန်ခြင်း၊ ဒေါသထွက်ခြင်းစသော ဗျာပါဒ ဗိုင်းရပ်စ်ပိုးများ ကူးစက်ဖြစ်ပေါ်လာတတ်ပါသည်။ ဒေါသဗိုင်းရပ်စ် ကူးစက်ခံရသော စိတ်သည် တည်ငြိမ်မှု၊ သန့်ရှင်းမှု၊ အပြစ်ကင်းမှု၊ဖြူစင်မှု မရှိတော့ပေ။ မြတ်ဗုဒ္ဓက စိတ်ဆိုး၊စိတ်ပျက်၊ဒေါသထွက်ခြင်းသည် ရောဂါဖြစ်သည်နှင့်တူသည်ဟု မိန့်တော်မူပါသည်။ ရောဂါဖြစ်သူများသည် မအိပ်နိုင်၊မစားနိုင်သကဲ့သို့၊ ဒေါသအားကြီးလာလျှင် မစားနိုင် မသောက်နိင်၊မအိပ်နိုင် ဖြစ်ကြရပါသည်။ ထို ဒေါသအားကြီးသောစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် ဖြူစင်အောင် ပြုလုပ်ရပါသည်။ (စိတ်ပျက်စိတ်ဆိုး၊ရောဂါမျိုး၊နှိမ်ချိုးပယ်ဖျောက်လေ)။
ထိနမိဒ္ဓနီဝရဏ
ထိုဗိုင်းရပ်စ်ကား ထိုင်းမှိုင်း၊ပျင်းရိ ခြင်းသဘောရှိသည်။ ထိုတရားများဖြစ်ပေါ်လာလျှင် စိတ်သည်ကြည်လင်မှုမရှိ ရှုပ်ထွေးနေပါ တော့သည်။ ထိုရှုပ်ထွေးပြီး ထိုင်းမှိုင်းပျင်းရိသောစိတ်သည် အချူပ်ထဲရောက်နေသည်နှင့် တူသည်ဟု မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့ပါသည်။ အချူပ်ထဲရောက်နေသူများသည် စားချင်တိုင်း မစားရ နေချင်တိုင်း မနေရ၊ အိပ်ချင်တိုင်း မအိပ်ရ၊ ၀တ်ချင်တိုင်း မ၀တ်ရသကဲ့သို့၊ ထိုင်းမှိုင်း ပျင်းရိသောစိတ်ဖြစ်ပေါ်နေသောသူများသည် မိမိစိတ်ကို အပြစ်ကင်းအောင် ထားချင်သော်လည်း မရနိုင်ဘဲ၊ စိတ်က ရှုပ်ထွေးနေတတ်ပါသည်။ ထို့ကြောင့် ထိုင်းမှိုင်းပျင်းရိနေသောစိတ်ကို သတိပဋ္ဌာန်းနည်းနှင့် ပယ်သတ်ခြင်းဖြင့် ဖြူစင် အောင် ပြုလုပ်ရပါသည်။ (ထိုင်းမှိုင်းပျင်းရိ၊ ချူပ်နှောင်မိ၊ မှတ်သိပယ်ဖျောက်လေ)။
ဥဒ္ဒစ္စ၊ကုက္ကုစ္စ နီဝရဏ
ထိုဗိုင်းရပ်စ်သည် ပျံ့လွင့်ခြင်း၊ ပူပန်ခြင်းသဘောရှိသည်။ ပျံ့လွင့် ပူပန်သောစိတ်ဖြစ်ပေါ်နေလျှင် စိတ်သည် တည်ငြိမ်မှု၊ သန့်ရှင်းမှု၊ အပြစ်ကင်းမှု၊ ဖြူစင်မှု မရှိတော့ပေ။ ထို့ကြောင့် ပျံ့လွင့် ပူပန်ခြင်းသည် သူ့ကျွန်ခံသည်နှင့်တူသည်ဟု မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့ ပါသည်။ ကျွန်အဖြစ်ရောက်နေသောသူများသည် လွပ်လပ်မှုမရှိသကဲ့သို့ ပျံ့လွင့်ပူပန်သောစိတ်သည် လွပ်လပ်မှုမရှိပေ။ ထို့ကြောင့် ပျံ့လွင့်ပူပန်သောစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် လွပ်လပ်အပြစ်ကင်းပြီး ဖြူစင်အောင် ပြုလုပ်ရပါသည်။
( ပျံ့လွင့် ပူပန် ၊ သူ့ကျွန်ခံ ၊ အမြန်ပယ်ဖျောက်လေ)။
ဝိစိကိစ္ဆာ နီဝရဏ
ဝိစိကိစ္ဆာနီဝရဏ ဗိုင်းရပ်စ်သည် ယုံမားခြင်းသဘောရှိသည်။ စိတ်ထဲ ယုံမှားမှု သံသယဖြစ်မှုများ ဖြစ်ပေါ်လာပြီဆိုလျှင် စိတ် သည် ကြည်လင်ခြင်းမရှိ ရှုပ်ထွေးနေပါတော့သည်။ ယုံမှားသံသယဖြစ်နေသောစိတ်သည် လမ်းနှစ်ခွ၏ အလယ်သို့ ရောက်နေသည်နှင့် တူသည်ဟု မြတ်ဗုဒ္ဓ မိန့်တော်မူခဲ့ပါသည်။ လမ်းနှစ်ခွရောက်နေသူသည် ဒီဖက်လမ်းက သွားရနိုးနိုး၊ဟိုဖက်လမ်းက သွားရနိုးနိုး တိကျသော ဆုံးဖြတ်ချက်ကို မချနိုင်သကဲ့သို့၊ ယုံမှားသံသယ ဖြစ်သူသည်လည်း အမှန်ကို မဆုံးမဖြတ်နိုင်ဘဲ စိတ်ရှုပ်ထွေးနေရပါတော့ သည်။ ထို့ကြောင့် ယုံမှားသံသယဖြစ်သောစိတ်ကို သတိပဋ္ဌာန်နည်းနှင့် ပယ်သတ်ခြင်းဖြင့် ကြည်လင်သန့်ရှင်း အပြစ်ကင်းအောင် ပြုလုပ်ရပါသည်။ (ယုံမှားဒွိဟ ၊ လမ်းနှစ်ခွ ၊ တွေ့ကပယ်ဖျောက်လေ)။
ရွှေ၌ အညစ်ကြေးငါးမျိုး ရှိပါသည်၊ (သံ၊ကြေး၊ ဂျွတ်၊ ခဲ ၊ဘော်၊ )ဟူ၍ဖြစ်သည်။ ထိုအညစ်အကြေးငါးမျိုး သည် ရွှေထဲ၌ ရောနှောနေသည့်အခါ မိမိအလိုရှိရာ ပုတီး၊လက်ကောက်စသည် တန်ဆာအမျိုးမျိုးကို ပြုလုပ်ပါသော်လည်း ထိုတန်ဆာကား ကြမ်းတမ်းခြင်း၊ ပျက်လွယ်ခြင်း၊ မာကျော၍ ကျိုးလွယ်ခြင်း၊ အရောင်ပျက်လွယ်ခြင်း၊ဖြစ်တတ်ပါသည်။ အကယ်၍ ဖါးဖိုတင်ပြီး ရွှေထဲမှ အညစ်အကြေးငါးမျိုးကို ထုတ်ပယ်လိုက်မည်ဆိုပါက သန့်စင်သော ရွှေကို ရရှိလာမည်ဖြစ်ပြီး မိမိအလိုရှိရာ တန်ဆာကို ပြုလုပ်နိင်ကြမည်ဖြစ်ပါသည်။(အရည်အသွေးပြည့်မီသော ရွှေဖြစ်လာသည်)ဟူလို။
ထို့အတူ နီဝရဏငါးမျိုး ရောနှောနေသည့် စိတ်သည် စင်ကြယ်မှုမရှိ ၊ လွတ်လပ်မှုမရှိ ရှုပ်ထွေးနေတတ်ပါသည်။ အကယ်၍ မြတ်ဗုဒ္ဓ၏ Anti virus software ဖြင့် ၄င်းကို ပယ်သတ်ပြီးပါက စိတ်သည် သန့်စင်သောရွှေလို စင်ကြယ်မှုရှိလာ၍ လွတ်လပ်ပြီး အပြစ်ကင်းကြည်လင်ခြင်းလည်းရှိလာမည်ဖြစ်ပါသည်။ (အရည်အသွေးပြည့်မီသော ဖြူစင်သောစိတ်ဖြစ်လာသည်)ဟူလို။
ဤ၌ - မြတ်ဗုဒ္ဓ၏ နီဝရဏ virus (ဗိုင်းရပ်စ်)ကို ပယ်သတ်နိုင်သော virus software (ဗိုင်းရပ်စ်ဆော့ဖ်ဝဲ)ဟူသည် (The Ariya Path of Eight Constituents) မဂ္ဂင်ရှစ်ပါးဟုဆိုအပ်သာ သီလ(morality). သမာဓိ(concentration). ပညာ(right view or wisdom) အကျင့်တရားများ ဖြစ်ပါသည်။
ထို့ကြောင့် computer မှ Anti virus software ကို မကြာခဏ update ပြုလုပ်ပြီး အသုံးပြုရသကဲ့သို့ မြတ်ဗုဒ္ဓတီထွင်ခဲ့သည့် မဂ္ဂင်ရှစ်ပါး virus software (ဗိုင်းရပ်စ်ဆော့ဖ်ဝဲ)ဲကို စိတ်ချယုံကြည်စွာ နေ့စဉ်မှန်မှန် လိုက်နာကျင့်သုံးကြပါဟု တိုက်တွန်းရေးသား လိုက်ရပါတော့သတည်း။ ။

စိတ်နေသန့််ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More