လွန်ခဲ့သော ဆယ်စုနှစ်ဆီသို့ ပြန်လည်၍ စီးမျောမိသောအခါ-
မြိတ်မြို့နယ်၏ အရှေ့စူစူးဖက်တွင် ရွာတစ်ရွာမှ ဒကာ/ဒကာမများ၏ ပင့်လျှောက်ချက်အရ ထိုရွာတွင် (၁၀)ရက်တရားစခန်း ကျင်းပဖြစ်ခဲ့ပါသည်။ ဒကာ/ဒကာမများဘက်က ဆွမ်းစတဲ့ အထောက်အပံ့ကို ပြည့်ပြည့်စုံရရှိသကဲ့သို့ တရားရှုမှတ်ကြရာဝယ် စိတ်ဝင်စားစွာ ရှုမှတ်ကြသောကြောင့် လေးငါးရက်အတွင်း သမာဓိ အသင့်အတင့် ရရှိလာသည်ကို ယောဂီများ လျှောက်ထားချက်အရ သိရ၍ ယောဂီများဖက်က တာဝန်ကျေကြပါသည်၊ အောင်မြင်သော တရားစခန်းတစ်ခုကို ပြုလုပ်ပေး ခဲ့ရသည့်အတွက် ယနေ့ထက်တိုင် တွေးလိုက်တိုင်း ပြန်လည်ဝမ်းမြောက်မှုကို ခံစားခဲ့ရပါသည်။
တရားစခန်းပြီးသောအခါ ထိုရွာ၏ ပတ်ဝန်းကျင် အနီးအနားတစ်ဝိုက် ဗဟုဿုတအလို့ငှါ နောက်ပါ ယောဂီများနှင့် အတူ အလည်အပတ်ထွက်ခဲ့ကြပါသည်။ တရားစခန်းကျင်းပသော ရွာ၏ အနီး အနောက်တောင်အရပ်တွင် ရွာတစ်ရွာရှိပါသည်။ ထိုရွာကား ဘာသာခြားရွာတစ်ရွာဖြစ်ပါသည်။ ထိုရွာတွင် ဖြစ်ရပ်ဆန်းတစ်ခု ထိုစဉ်က ပေါ်ပေါက်ခဲ့ဖူးပါသည်။
အသက်(၂၅)နှစ်ခန့်ရှိမည်ဟု ခန့်မှန်းရသော ဘာသာခြားလူတစ်ယောက်သည် (ကန်တော့ပါရဲ့) မပြောမပြီး မတီးမမြည်ဆိုသကဲ့သို့ သူ့၏ ကပ္ပယ်အိတ်သည် သာမန်ထက် အဆပေါင်းများစွာကြီးနေကာ သူထိုင်သောအခါ သူ့၏ ကပ္ပအိတ်ပေါ်၌ ထိုင်မိလျှက်သားဖြစ်နေပါသည်။ ထို ကပ္ပယ်အိတ်ကြီး သည် တစ်နှစ်ပြည့်လျှင် အရေပြားပေါ်တွင် သုံးမူးလုံးခန့်အလုံးလေးများသည် နေရာအနှံ့ အလိုအလျောက်ပေါ်ပေါက်လာစမြဲပင်ဖြစ်သည်။ ထိုသို့ပေါ်ပေါက်လာရာမှ အလုံးလေးများသည် တစ်ခုနှင့်တစ်ခု ထိကပ်လာကာ ကပ္ပယ်အိတ် ကြီးလာရပြန်ပါသည်၊သို့ဖြင့် နှစ် တွေကြာလာသောအခါ ထိုကပ္ပယ်အိတ်ကြီးသည် ပို၍ ကြီးထွားလာကာ လမ်းသွား၍ မရလောက်အောင် ဖြစ်ခဲ့ရပါသည်။ ထိုစဉ်က ကပ္ပယ်အိတ်ကြီး၏ အလေးချိန် (၁၀)ပိဿာခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။
ထိုကပ္ပယ်အိတ်ကြီးပိုင်ရှင်ဘာသာခြား လူငယ်အား ထိုကဲ့သို့ဖြစ်ရခြင်းသည် မည့်သည့်အကြောင်းကြောင့် ဖြစ်ရသနည်း ဟု စာရေးသူက စပ်စပ်စုစု မေးသောအခါ ထိုလူငယ်က “ ငယ်ရွယ်စဉ် ကလေးဘ၀တုန်းက သူငယ်ချင်းများနဲ့အတူ ဘုရားကိုသွားကာ ရေလှူခဲ့ကြပြီးသည့်နောက်ပိုင်းတွင် မြင်ရတဲ့အတိုင်းပဲ ကပ္ပယ်အိတ်ကြီး ကြီးလာပါတယ်” ဟု ပြောပါသည်။
ထိုဘာသာခြားလူငယ် ပြောသည့်အတိုင်းဆိုလျှင် ဘုရားကို ရေလှူ၍ သူ့ ဟာ ကြီး ကြီးလာသည့် သဘောပင်ဖြစ်နေသည်။ သူ့စကားကို ဘာသာခြားများကြားလျှင် ၀မ်းမြောက်ကြမည် မှန်ပါသော်လည်း ဗုဒ္ဓဘာသာအတွက်မူ ကား ၀မ်းနည်းဖွယ်ရာကောင်းလှပါသည်။
ထိုဘာသာခြားလူငယ်၏ ရေလှူခဲ့သည်ဟူသော ဘုရားသည် တစ်ချိန်က ရဟန္တာအရှင်မြတ် သမုတ်တော်မူခဲ့သော သိမ်အတွင်းတွင် ကိန်းဝပ်စံပါယ်တော်မူနေသော ဆင်းတော်တစ်ဆူဖြစ်ပါသည်။ ထိုကြောင့် ဘာသာခြားလူငယ်ပြောသည့် အတိုင်းကား မဖြစ်နိုင်ချေ။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသည့်အတွက် ဆက်လက်စုံစမ်းခဲ့ပါသည်။
စုံစမ်းသိရှိခဲ့ရသည့် ဖြစ်ရပ်မှန်ကား…….
ဘာသာခြားလူငယ်တစ်သိုက် ငယ်ရွယ်စဉ် သူငယ်ချင်းများနှင့်အတူ လှည့်လည်ဆော့ကစားခဲ့ရာမှ ထိုဆင်းတုတော် တည်ရှိရာ သိမ်အတွင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုတွင် လူငယ်တို့ဘ၀ “ သိမ်ထဲကဘုရားကို အပြိုင် ကျင်ငယ်စွန့်ကြမယ်” ဟု အလောင်းအစားဖြင့်ပြောဆိုကာ ထိုဆင်းတုတော်အား သူ့ထက်ငါ ဦးအောင် ကျင်ငယ်စွန့်ကြလေသည်။ ထိုနောက်တွင် ဆင်းတုတော်အား ကျင်ငယ်စွန့်ခဲ့ကြသည့် လူငယ်များသည် ရှေ့ဆက်နောက်ဆက်ဆိုသကဲ့သို့ အသေဆိုးနှင့်သေခဲ့ကြရပြီး ကပ္ပယ်အိတ် အဆမတန်ကြီးနေသော လူငယ်တစ်ယောက်သာလျှင် လူ့လောကတွင် ကျန်ခဲ့သည်ဟု ကြားခဲ့ရပါသည်။
နောက်နှစ်အနည်းငယ်အတွင်း မွန်လမြိုင်ဖက်မှ ဒေါက်တာတစ်ဦး၏ အကူအညီဖြင့် ရန်ကုန်သို့ ခေါ်ဆောင်ခဲ့ရာမှ အလှူငွေများစွာရရှိခဲ့ကာ ခွဲစိတ်မှုခံယူခဲ့၍ အကောင်းပကတိဖြစ်သွားပါသည်။ ထိုတွင် ဒုက္ခဖြစ်သော သူများအား သနားငှဲ့ညာမနေသာသော ဗုဒ္ဓဘာသာဝင်များ၏ ကရုဏာကား ကြီးမားပါပေစွ။ ထိုဖြစ်ရပ်ကို မြတ်မင်္ဂလာတွင် ဆောင်းပါးတစ်ပုဒ်အဖြစ်ပါလာခဲ့ပါသေးသည်။ ခုနှစ်မမှတ်မိတော့ပေ။
အချူပ်ဆိုရသော် ၀ိပါက်ကြမ္မာ မလွတ်သာ ဆိုသည့်အတိုင်း သူပြုလုပ်ခဲ့သည့် အမှုသည် သူ့အား ဒိဋ္ဌဓမ္မဝေဒနိယကံဖြင့် ယခုပစ္စုပ္ပဘ၀တွင်ပင် အကျိုးပေးခံခဲ့ရသည်ကို ဘာသာခြားလူငယ်သည် လက်မခံဟုဆိုသော်လည်း သူ၏ စိတ်အတွင်းတွင် ဗုဒ္ဓဘုရားသည် အလွန်တန်ခိုးကြီးသည်ဟူသော အသိကိုကား တိတ်ဆိတ်စွာ လက်ခံလိမ့်မည်မှာ အသေချာပင်ဖြစ်ပါတော့သတည်း။ ။
Tuesday, March 18, 2008
ဝိပါက်ကြမ္မာ မလွတ်သာ
Posted in: ဆောင်းပါး
0 comments:
Post a Comment