Tuesday, June 29, 2010

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။
စောဝတ်မှုံခင်
ခေတ္တ ဂျပန်

အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)
နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်….
သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်။(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ
ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။
ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက
ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ
ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသနေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ
သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။
ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလာဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။

9 comments:

ဦးဇင်းရေ တပြည့်တော့်မ နည်းနည်း ဖြည့်ပြောချင်ပါတယ်ဘုရား

ဘုရားဟောတဲ့ အချက်နဲ့ ဒါဝင်သီအိုရီက ဆင်းသက်လာတဲ့ အချက်က နှစ်ခုစလုံးကို မှန်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားဟောတဲ့ လူဖြစ်လာပုံက ရှေးဘ၀နောက်ဘ၀ ဆိုတဲ့ လောကုတ္တရာ သံသရာနဲ့ ပြောတာဖြစ်ပြီး လူကို မျောက်ကနေ ဆင်းသက်လာဖွယ်ရှိတယ်ဆိုတာက ဇီဝသိပ္ပံနဲ့ အခုလက်ရှိ သက်ရှိတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှုကိုပဲ ကြည့်ပြီး ပြောတာဖြစ်ပါတယ်။

လူက မျောက်ကနေ ဆင်းသက်လာတယ်ဆိုတာ ဇီဝသိပ္ပံပညာရှင် ချားလ်ဒါဝင်ရဲ့ သက်ရှိတွေကို သုတေသန ပြုလေ့လာရာမှ Evolution Process ကို လေ့လာတွေ့ရှိပြီး ခန့်မှန်းချက် ဖြစ်ပါတယ်။ ဇီဝသိပ္ပံပညာရှင်ကြီး ချားလ်ဒါဝင်ရဲ့ Natural Selection အရ သက်ရှိ သတ္တ၀ါအားလုံးဟာ တမျိုးတည်းက ဆင်းသက်လာနိုင်ဖွယ် ရှိတယ်လို့ ယူဆပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာအစမှာ ဘယ်သူမှ မရှိခင်က ဒီကမ္ဘာာကြီးက အစိုင်အခဲကြီး ဖြစ်တယ်ဆိုတာ ကြားဖူးသလို သိပ္ပံ လေ့လာတွေ့ရှိချက်များမှာလည်း ဒီကမ္ဘာကြီးကို စတင်ခဲ့စဉ်က သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်စတဲ့ Organic Compound တွေ မပါဝင်ခဲ့ဘဲ ကမ္ဘာကြီးဟာ inorganic အစိုင်အခဲအဖြစ်ပဲ ရှိခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရှည်ကြာလာမှ ကာဗွန်၊ ဟိုင်ဒရိုဂျင် အောက်စီဂျင် စသည်တို့ပါတဲ့ Organic Compound တွေ စတင်ဖြစ်ပေါ်လာပြီး အမှုန်အမွှား သေးသေးလေးကနေ ရေဓါတ်နဲ့ပေါင်းစပ်ကာ သက်ရှိတွေ စတင် ဖြစ်လာရတယ်။ အခုလက်ရှိကမ္ဘာမှာ ရှိနေတဲ့ သက်ရှိတွေကို အုပ်စုခွဲလိုက်တော့ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes) အဆင့်ကနေ Species အဆင့်အထိ သက်ရှိတို့ရဲ့ Organic compound တခုတည်းကနေ ရွေ့လျား ဖြာထွက်ပြောင်းလဲလာပုံ အဆင့်ဆင့်ကို Kingdom အဆင့်ကနေ နောက်ဆုံး Species (မျိုးနွယ်စု) အထိ ဖျာထွက်လာတာကို ခွဲခြမ်းပြထားပါတယ်။ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes), Phylum, Superclass, Class, Order, Family, Genus, Species ဆိုပြီး သက်ရှိတွေ ဖြာထွက်လာရာမှာ Family အဆင့်အထိ လူနဲ့မျောက်က အမျိုးအစားအတူတူ ဖြစ်ပြီး ဒီနောက်ပိုင်း ဖြာထွက်လာတဲ့ Genus နဲ့ Species မှာမှ ပြောင်းသွားပါတယ်။ ဒါကြောင့်မို့ အဲဒီ Genus နဲ့ Species မတိုင်ခင် အဆင့်က လူနဲ့ မျောက်နဲ့က အုပ်စုတမျိုးတည်းမို့ လူက မျောက်က နေဆင်းသက်လာတယ်လို့ လူတွေက ဒါဝင် သီအိုရီကို အလွယ်နည်းနဲ့ နားလည်လိုက်တာသာ ဖြစ်ပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာဆိုတာ ဒီကမ္ဘာတခုတည်းကို ပြောတာ မဖြစ်နိုင်၊ ဘုရား ပါရမီဖြည့်ခဲ့တာတောင်မှ ကမ္ဘာပေါင်း လေးအသင်္ချေနဲ့ တသိန်းဆိုတော့ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း မြောက်များစွာကို ဆိုလိုတာ ဖြစ်နိုင်ပြီး ဟိုတုန်းကကမ္ဘာက အကြောင်းအရာတွေပါ အကျုံးဝင်နိုင်ပါတယ်။ ဒါဝင်သီအိုရီက ရည်ညွန်းတဲ့ ကမ္ဘာက အခုလက်ရှိ ကမ္ဘာကိုသာ ရည်ညွန်းပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ မှားတယ်လို့ တွက်လို့မရနိုင်ဘူးလို့ ဖြည့်စွက် လိုက်ပါတယ်။

"မျောက်ကနေလူဖြစ်တယ်ဆိုတာ သိပ္ပံရှုထောင့် က မှားတယ်လို့ ပြောလို့မရဘူး" ဆိုတဲ့ ငယ်နိုင် ရဲ့ ထင်မြင်ယူဆချက်ကို လက်မခံနိုင်ပါဘူး။
ဘာ့ကြောင့်ဆိုရင် ဘုရားဟောနဲ့ ဆန့်ကျင်နေ လို့ပါပဲ။
ယခုဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူအနက် လေးဆူ မြောက်ပွင့်တာ ဂေါတမ ဘုရားရှင်ပါ ။ဒါကြောင့် ဘုရား ရှင်ဟောကြာားတာ ဟိုးယခင်က ကမ္ဘာပေါင်း များစွာပါသလို ယခုဘဒ္ဒကမ္ဘာလဲပါတယ်ဆို တာ သိထားရပါ့မယ်။
ပီးတော့ ကမ္ဘာဦးအစမှာ မျောက်ကနေ လူဆင်းသက်လာတာ လုံးဝမဟုတ်ပါဘူး။ တကယ်တန်းပြောရရင် ဗြဟ္မာ့ပြည်က ဗြဟ္မာ အချို့ သေပြီး လူလာဖြစ်ကြတာပါ။ ဒါ ဘုရားဟောပါ။
ဒါကြောင့် မငယ်အယူအဆ လုံးဝ လက်မခံနိုင်။

ဦးဇင်း
တပည့်တော်မ ပြောတဲ့ Evolution ကလည်း လူကို မျောက်ကဆင်းသက်လာတယ်လို့ မပြောဘူး လူနဲ့ မျောက်ဟာ သက်ရှိအုပ်စု တခုတည်းက ဆင်းသက်လာတယ်လို့ပဲ ပြောတာဖြစ်တယ်။

တကယ်ဆိုရင် ဘုရားရှင်ဟောကြား တော်မူခဲ့ သည့် ၃၁-ဘုံကို နားလည် လက်ခံ နိုင်ရင် ဒီပြဿနာမျိုးက ဖြေရှင်းရလွယ် တယ်လို့တပည့်တော်မြင်မိပါတယ်။ လူနဲ့ တိရစ္ဆာန် တစ်မျိုးတည်းကဆင်းသက် လာတယ်ဆိုတာ ဗုဒ္ဓဘာသာရှုထောင့်အရ ဘယ်လိုမှသဘော မတူနိုင်ပါ။ ၀ိပါက်အကျိုးပေးခြင်းလို့ ဘ၀ဖြစ်ရခြင်း ကွာခြားပါတယ်။(ဇာတ်ခြင်းမှမတူတာ)။

ဒါဝင်ရဲ့သိပ္ပံအမြင်ကို သိပ္ပံရှုထောင့်မှာဘဲ သီးသန့်ထားလိုက်တာပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါဝင်ရဲ့အယူအဆ ဟာ ဗုဒ္ဓဘာသာ အယူဝါဒနဲ့ နဲနဲလေးမှ ဆက်စပ် လို့မရနိုင်ပါ။

ဒါပေမယ့် ဘာလို့ လူတော်တော်များများက ဗုဒ္ဓဘာသာ အယူဝါနဲ့ ဒါဝင်ရဲ့ သီအိုရီနဲ့ ရောထွေး ဆက်စပ်ချင်နေကြတယ်ဆိုတာ မစဉ်းစားတက် အောင်ပါဘဲ။
တပည့်တော်စဉ်းစားပြီးရေးတာ အမှားပါခဲ့ လျှင်ထောက်ပြပြင်ပေးတော်မူပါဘုရား။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗုဒ္ဓဘာသာမှာက လူဘုံနဲ့ တိရစ္ဆာန်ဘုံရှိတယ်။ ဒီအယူအဆဟာ လူသားရဲ့ အတွင်းပိုင်း စိတ်ခံစားချက်အပေါ် မူတည်ပြီး တည်ဆောက်ပြထားတဲ့ Mythical World တစ်ခုပါပဲ။ သူက သက်ရှိတွေဘယ်လိုဖြစ်လာတာကို စိတ်မဝင်စားပါဘူး။ ပြင်ပလောကထက် ကိုယ့်စိတ်အတွင်းက အကြောင်းကို ရှာဖွေတာပါ။ သိပ္ပံနဲ့ တခြားစီပါ။ ဒါပေမယ့် အင်ဂျင်နီယာတစ်ယောက်က ဆရာဝန်တစ်ယောက်ကို ဆေးပညာဟာ အသုံးမကျဘူးလို့ ပြောသလိုမျိုး၊ ဘာသာရေးက သိပ္ပံဟာ ဘာသာရေးလောက် အသုံးမကျဘူးဆိုရင် ရယ်စရာဖြစ်သွားမှာပါ။

ဆင့်ကဲဖြစ်စဉ် သီအိုရီကတော့ လူ့အတွင်းပိုင်း စိတ်ခံစားချက်ကို ထည့်သွင်းမစဉ်းစားတဲ့အပြင် လူရဲ့  ခံစားချက်တွေကြောင့် ဘက်လိုက်မှာစိုးလို့ဆိုပြီး ဝေးဝေးကို ရှောင်ပါလေသတဲ့။ မတူကြတာကို ပြောပြတာ။

သူ့အခြေခံအဆိုပြုချက် (၅)ခုရှိပါတယ်။ ရိုးရှင်းပါတယ်။
အတိုချုပ်ပြောမယ်ဆိုရင်-
Quote-
"(၁) မျိုးနွယ်တူ ဇီဝတို့သည် တစ်ခုနှင့် တစ်ခု အနည်းငယ်မျှသော ဗီဇကွဲပြားချက်လေးများ ရှိကြသည်။ လူဆိုလျှင် အရပ်ရှည်သူ၊ အရပ်ပုသူ၊ အသားမဲသူ၊ အသားဖြူသူ စသည်ဖြင့်ရှိမည်။
(၂) ဇီဝသည် မျိုးပွားသည့်အခါ မူလဇီဝ အရေအတွက်ထက် ပိုများသော နောင်မျိုးဆက်များ ဖြန့်ဝေလေ့ရှိသည်။ သို့သော် အသားတင် ရှိနေသော မျိုးစိတ်တစ်ခုစီ၏ အရေအတွက်မှာ ပြောင်းလဲခြင်း မရှိ။ ထို့ကြောင့် သက်ရှိတို့သည် ကန့်သတ်ထားသော သဘာဝအရင်းအမြစ်များအတွက် ရုန်းကန်သုံးစွဲရကြောင်း ထင်ရှားသည်။ နောင်မျိုးဆက်ဝင် ဇီဝအားလုံး မရှင်ကျန်ရစ်။ အချို့သာ ရှင်ကျန်ရစ်သည်။
(၃) ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော တစ်နည်း၊ မျိုးဆက်သစ်ပွားရန်‘သင့်တော်’သော နောင်မျိုးဆက်ဝင်တို့သာ ကျန်ရစ်ပြီး၊ မသင့်တော်သော၊ သို့မဟုတ်၊ ‘လျှော်’သော နောင်မျိုးဆက်ဝင်တို့ မရှင်ကျန်ရစ်ပေ။ နောက်ထပ် မျိုးဆက်သစ်လည်း မဖြန့်ဝေနိုင်ပေ။ ဤ တော်သူရှင် လျှော်သူသေ ဥပဒေသ (Survival of the fittest) သည် သဘာဝ၏ ရွေးချယ်မှု (Natural Selection) ပင်ဖြစ်သည်။ (မျိုးဆက်သစ်ပွားရန် တော်ခြင်းကိုသာ ဆိုလိုသည်။ အခြားဇီဝစွမ်း၇ည်များရှိသော်လည်း မျိုးဆက်သစ်ပွားရန် မထောက်ကူလျှင် သဘာဝ၏ ရွေးချယ်မှု မခံရပေ)
(၄) သဘာဝက ပတ်ဝန်းကျင်နှင့် လိုက်လျောနိုင်သော မျိုးဆက်များကိုသာ ရှင်သန်ခွင့်ပေး၍ မျိုးနွယ်တစ်ခုတွင်း ဗီဇကွဲပြားချက်များ၏ အချိုးအစားမှာ ပြောင်းလဲလာသည်။ ၎င်းဖြစ်စဉ်ကို မျိုးဗီဇအချိုးပြောင်းရွေ့ခြင်း (Genetic Drift) ဟုခေါ်သည်။ ဤဖြစ်စဉ်ကြောင့် ကျွန်ုပ်တို့ ဂေဟစနစ်တို့ကို လေ့လာသောအခါ သက်ရှိတို့သည် ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်လာသည် (Adaptation) ဟူသော ထင်မှတ်မှားမှုကို ဖြစ်စေသည်။
(၅) မျိုးနွယ်တူ ဇီဝအုပ်စု အသီးသီးသည် ပတ်ဝန်းကျင် ဒေသပေါ် မူတည်၍ မျိုးဗီဇ အချိုးပြောင်းရွေ့မှု မျိုးစုံဖြစ်ရသည့်အတွက်လည်းကောင်း၊ ဗီဇအသစ်များ ပေါ်ထွန်းလာမှု ကြောင့်လည်းကောင်း ဗီဇကွဲပြားချက်များ ပုံထပ်လာသည်။ ဤဖြစ်စဉ်ကို မျိုးစိတ်တွင်း ဆင့်ကဲဖြစ်စဉ် (Microevolution) ဟုခေါ်ဆိုမည်။ ထိုဗီဇကွဲပြားမှုများ ပုံထပ်လာမှုသည် အတိုင်းအတာ တစ်ရပ်ကို ကျော်လွန်သွားသော် မျိုးနွယ်တူ ဇီဝတို့သည် အချင်းချင်း မျိုးစပ်မရလောက်အောင်ကို ကွဲပြားလာကြပြီး ၎င်းတို့၏ ဗီဇတို့ ပြန်လည်မရောစပ်ပဲ မျိုးစိတ်သစ် တစ်ခုစီအဖြစ် ကွဲထွက်လာကြသည်။ ဤဖြစ်စဉ်သည် မျိုးစိတ်သစ်ဖြစ်ပေါ်ခြင်း တစ်နည်း မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် (Macroevolution) ဖြစ်သည်။

အတိုင်းအတာ တရပ်ကို ကျော်လွန်သော်ဆိုတော့ ဘယ်လိုအတိုင်းအတာမျိုးလဲ specify လုပ်ပြဖို့လိုလာပြီဖြစ်တယ်။
ဒီပုံလေးကြည့်ရင် နည်းနည်း အဓိပ္ပာယ်ပေါက်မယ်လို့မြင်ပါတယ်။

http://4.bp.blogspot.com/-YpsEM67MlOc/UFFVpmW0BuI/AAAAAAAAAJA/u3B1pKw7F9g/s1600/Speciation.PNG
"ပုံ(၂) အနက်ရောင် အက္ခရာများသည် ဗီဇတစ်မျိုးတည်း၏ အနည်းငယ် ကွဲပြားမှုရှိသော မူကွဲဗီဇများ (Alleles) များဖြစ်သည်။ စက်ဝိုင်းသည် အဆိုပါ မူကွဲဗီဇများ အားလုံးပါဝင်ပြီး အပြည့်အစုံ အပြန်အလှန် မျိုးစပ်နိုင်သော ဇီဝအုပ်စု တစ်ခုဖြစ်သည်။ ခြားနားမှု တစ်ခုရှိလာသောအခါ ၎င်းတို့ချင်း ဗီဇ ရောနှောမှု မရှိပဲ ဖြစ်လာသည်ကို တွေ့ရမည်။ ထို့သို့ ခြားနားပြီးသော အုပ်စုနှစ်ခု၌ ဗီဇဖောက်ပြန်မှု အသစ်(အနီရောင် အက္ခရာများ) များ ပေါ်ပေါက်လာသော် ၎င်းဗီဇဖောက်ပြန်မှု တို့ကိုလည်း အချင်းချင်း အလဲအလှယ် မလုပ်ကြတော့ပေ။ ဤသို့ဖြင့် ဗီဇခြားနားမှု ပုံထပ်လာပြီး တစ်ချိန်တွင် အဆိုပါ ဇီဝအုပ်စုနှစ်ခုတို့သည် မျိုးစပ်၍ မရလောက်အောင် ကွဲပြားလာကြပြီး သီးခြားမျိုးစိတ်များ ဖြစ်လာသည်။"

တခါ ဘယ်လို ခြားနားမှုကြောင့် ဇီဝအုပ်စုတွေဟာ မျိုးမစပ်ကြတော့တာလဲဆိုတာကို နှစ်မျိုးခွဲထားပြန်တယ်။

"(၁) ဒေသကွဲ ခြားနားခြင်း (Allopatric isolation)

ချိုင့်ဝှမ်းဒေသတစ်ခုတွင် ကျက်စားသော သမင်အုပ်စု တစ်ခုကို ကျွန်ုပ်တို့ စိတ်ကူးယဉ်ကြည့်ကြမည်။ မူလက အဆိုပါ သမင်တို့သည် ဗီဇစီးဆင်းမှု မျှတမည်။ သို့သော် ကြား၌ မြစ်တစ်ခုဖြစ်တည်လာသောအခါ ကမ်းနှစ်ဖက်ရှိ ရာသီဥတု အခြေအနေများ ကွာခြားသွားခြင်းကြောင့် ကွာခြားသည့် ရာသီဥတုအပေါ် မှီတည် ပြောင်းလဲရသည့် ကမ်း တစ်ဖက်စီမှ သမင် အုပ်စုနှစ်ခုတို့သည် မြစ်အတားအဆီးကြောင့် ဗီဇစီးဆင်းမှု ပြတ်တောက်သွားသောအခါ လုံလောက်သော မျိုးဆက်အသစ်များ ရရှိလာလျှင် ၎င်းတို့ချင်း အလွန်အမင်း ခြားနားလာပြီး ၎င်းတို့နှစ်ခုမျိုးစပ်လျှင် သန္ဓေမအောင်တော့ခြင်း၊ သို့မဟုတ် အမြုံသားငယ်များသာ မွေးဖွားခြင်း မျိုးဖြစ်လာမည်။ ထို့ကြောင့် မျိုးပွားမှုဆိုင်ရာ ခြားနားမှု ရရှိလာပြီး မျိုးစိတ်သစ်ဖြစ်လာသည်။

(၂) ဒေသတူ ခြားနားခြင်း (Sympatric isolation)

ဒေသတူလျက် အထူးသဖြင့် ရှုပ်ထွေးသော သတ္တဝါများသည် မိတ်လိုက်သည့် အပြုအမူများ၊ လက္ခဏာများ ရှိတတ်ကြသည်။ သာဓကဆိုရသော် ငှက်များသည် တေးသီခြင်းဖြင့် မိတ်ဖက်ကို ဆွဲဆောင်ကြသည်။ သီဆိုသော တေးသံ၏ အပြောင်းအလဲကြောင့် မျိုးစိတ်တူလျက်၊ မျိုးအောင်နိုင်လျက် မျိုးမစပ်ကြသော ငှက်များရှိလာသည်။ သို့တည်မဟုတ် နေ့ထွက်ငှက်အချို့သည် ညထွက်ငှက်များအဖြစ် ဆီလျော်အောင် ပြောင်းလဲနေရခြင်းကြောင့် မျိုးစိတ်တူအုပ်စုနှစ်ခု (နေ့ထွက်နှင့် ညထွက်)ကြား ဗီဇစီးဆင်းမှု မရှိတော့ပဲ ဗီဇခြားနားမှုများ တိုးပွားလာသည်။ ထို့နောက် မျိုးပွားမှုဆိုင်ရာ ခြားနားမှု ရရှိလာသောအခါ မျိုးစိတ်သစ်ဖြစ်လာပေမည်။

တခါ တချို့ကရှိတယ်။ မျိုးစိတ်တွင်း ပြောင်းလဲမှု (microevolution)ကတော့ဖြစ်နိုင်တယ်။ လူတွေတောင် ဗီဇဖောက်ပြန်တာတွေ ရှိသေးတာပဲ။ မျိုးစိတ်လွန် ဆင့်ကဲဖြစ်စဉ် (မျိုးစိတ်အသစ်ပေါ်ထွန်းမှု) ကတော့ မဖြစ်နိုင်ဘူးလို့ ငြင်းကြပြန်တယ်။

အမှန်ကတော့ မျိုးစိတ်တွင်း ပြောင်းလဲမှုဆိုတာလည်း ဒီအန်အေပြောင်းလဲမှုပဲ။ ဒီအန်အေပြောင်းလဲလို့ သူကထုတ်တဲ့ ပရိုတင်းဓာတ်ကူပစ္စည်းတွေပြောင်းလဲတယ်။ ပရိုတင်းတွေပြောင်းလဲလို့ ဆဲလ်စီစဉ်ပုံ၊ တစ်ရှုးစီစဉ်ပုံတွေ ပြောင်းလဲတယ်။ ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲတယ်။ အဲ... မျိုးစိတ်အသစ်ဖြစ်စေတဲ့ ပြောင်းလဲမှုကလည်း ဒီအန်အေမှာပဲဖြစ်တာပဲ။ ဒီတော့ သူတို့ဟာ တစ်ဆက်တည်းပါ။ မျိုးစိတ်တွင်းပြောင်းလဲမှု တစ်လက်မက နှစ်လက်မဖြစ်တာဆိုရင် မျိုးစိတ်အသစ်ဖြစ်လာတယ်ဆိုတာ ၁၁လက်မကနေ တစ်ပေဖြစ်သွားတာမျိုးပါပဲ။

ဒီလောက်ဆိုရင် မျိုးစိတ်သစ်ဖြစ်ခြင်းဆိုတာကို လက်ခံလောက်မယ်ထင်ရဲ့။ ဘတ်တီးရီးယားကနေ အပင်ဖြစ်နိုင်ရင် ဒိုင်နိုဆောကနေလည်း ငှက်ဖြစ်နိုင်သလို၊ ကိုက်ဖြတ်စား နို့တိုက်သတ္တဝါနွယ်ဝင်လေးတွေကနေ ပရိုင်းမိတ်တွေလည်း ဖြစ်နိုင်သလို၊ ပရိုင်းမိတ်တွေကနေ လူမျိုးနွယ်ဖြစ်လာနိုင်ပါတယ်ဆိုတာ လက်ခံလောက်ပါရဲ့။ :)

လူဟာ မျောက်လို ပရိုင်းမိတ် တစ်ခုကနေ ဆင်းသက်လာတဲ့ ခိုင်မာတဲ့ အထောက်အထား အချို့ ပြလို့ရပါတယ်။

ဗိုင်းရပ်အချို့ဟာ ဇီဝဆဲလ်တွေထဲကို ဝင်ရောက်ပြီး သူတို့ရဲ့ ဒီအန်အေကို ဇီဝဆဲလ်ရဲ့ ဒီအန်အေမှာ ကပ်ထားလိုက်ကြတယ်။ ဇီဝဆဲလ်ရဲ့ပရိုတင်းတွေက သူ့ဒီအန်အေ အထင်နဲ့ ဗိုင်းရပ်ဒီအန်အေကို ပွားပေးတယ်။ ဗိုင်း၇ပ်ဒီအန်အေကနေ ဗိုင်း၇ပ် ပရိုတင်းတွေထုတ်ပေးတယ်။ ဒီပရိုတင်းတွေနဲ့ ဒီအန်အေတွေ ပြန်ပေါင်းပြီး ဗိုင်းရပ်စ်အသစ်တွေ ထွက်လာကြတာပေါ့။
အကယ်၍ ဗိုင်းရပ်ဟာ သုက်ဆဲလ် သို့မဟုတ် ဥဆဲလ်မှာ ဖြစ်ခဲ့ရင် သားသမီးမျိုးဆက်အထိ ဒီဗိုင်း၇ပ်ရဲ့  ဒီအန်အေ ပါရှိလာတတ်တယ်။ ဒီ ဗိုင်းရပ် ဒီအန်အေတွေဟာ မျိုးဆက်များစွာဖြတ်သန်းပြီးတဲ့အခါ သူတို့လည်း အနိစ္စသဘောအရ ပျက်စီးကုန်တယ်။ ဗိုင်းရပ်ပရိုတင်းလည်း မထုတ်နိုင်တော့ဘူး။ ဒါပေမယ့် ဗိုင်းရပ် ဒီအန်အေအပျက်ကြီးတွေ ဆက်ရှိနေကြတယ်။ ဒီ ဗိုင်းရပ်ဒီအန်အေ အပျက်တွေကို ERV(Endogenous Retrovirus) လို့ခေါ်တယ်။

လူနဲ့ ချင်ပန်ဇီမျောက်ဝံဟာ ကမ္ဘာအစတည်းက ဒီအတိုင်း ရှိခဲ့တယ်။ နောက်တော့ ဗိုင်းရပ် တစ်မျိုးတည်းက လူကို သက်သက် ချင်ပန်ဇီကို သက်သက်ကူးစက်ခံရတယ်။ ဒါဆိုရင် ဒီ လူနဲ့ ချင်ပန်ဇီရဲ့ ဒီအန်အေမှာ ဗိုင်းရပ်ဒီအန်အေ လာကပ်မယ့် နေရာတွေ တူနိုင်မယ် ထင်ပါသလား။ သိန်းထီးဆုကြီးကို နှစ်ကြိမ်ဆက်တိုက် ပေါက်တာထက် ဖြစ်နိုင်ချေ နည်းပါသေးတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ လူနဲ့ ချင်ပန်ဇီရဲ့ ဒီအန်အေတွေကို တိုက်စစ်ကြည့်တဲ့အခါ လူနဲ့ချင်ပန်ဇီမှာ အနည်းဆုံး ၉ဝဝဝ မကတဲ့ ERV ဗိုင်းရပ်ဒီအန်အေအပျက် တွေကို တူညီတဲ့နေရာတွေမှာ တွေ့ထားပါတယ်။
သမုဒ္ဒရာကြီးထဲက ရေမော်လီကျူးလေး တစ်လုံးကို ကောက်ပြီး ပြန်ပစ်ချ။ ပြီး၇င် နောက်တစ်ခါ ကောက်လို့ ဒီမော်လီကျူးပဲ ပြန်ရတယ်ဆိုသလောက်ကို ဖြစ်နိုင်ချေနည်းလွန်းပါတယ်။

ဗိုင်းရပ်တွေက လူနဲ့ ချင်ပန်ဇီမှာ သီးခြားစီ ကူးစက်ပြီး တူညီတဲ့နေရာတွေမှာ ERV ၉၈ဝဝလောက် ချန်ထားခဲ့တယ်ဆိုတာ ယုတ္တိအင်မတန်မဲ့လွန်းပါတယ်။
ဒါပေမယ့် ဆင့်ကဲဖြစ်စဉ်အရ ကြည့်ရင် ရှင်းပါတယ်။ လူနဲ့ ချင်ပန်ဇီတို့ရဲ့ တူညီတဲ့ ဘိုးဘေး မျောက်လို ပရိုင်းမိတ်တစ်ကောင်မှာတည်းက ERV တွေ ရှိပြီးသားပါ။ တကယ်တော့ ဒီမျောက်ရဲ့ ဘိုးဘေး အစဉ်အဆက်က ဆင့်ကဲဖြစ်စဉ် တလျှောက် နို့တိုက်သတ္တဝါဘိုးဘေးတွေ၊ ဆိုင်နိုဒွန့်တွားသွားသတ္တဝါ ဘိုးဘေးတွေ၊ သူ့ထက်အရင် ဆိုင်နပ်ဆစ်ဘိုးဘေးတွေရဲ့  ERV တွေတောင် ပါနိုင်သေးရဲ့။ ဒီပရိုင်းမိတ်ဘိုးဘေးရဲ့ ၉၈ဝဝသော ERV တွေဟာ သူကနေ ခွဲထွက်လာတဲ့/ဆင်းသက်လာတဲ့ လူနဲ့ မျောက်မျိုးစိတ်တွေမှာလည်း ဆက်လက်ပါရှိနေခြင်းသာ ဖြစ်တယ်။ ဒီဖြေရှင်းချက်ဟာ ကြုံရာကျပန်းဖြစ်တယ်ဆိုတာထက် များစွာ ဖြစ်နိုင်တဲ့ ဖြေရှင်းချက်ပါ။
ဒီ ERV တွေကို လူနဲ့မျောက်ထက် ပိုဝေးတဲ့ နို့တိုက်သတ္တဝါတွေမှာ ရှာကြည့်ရင် လူနဲ့ တူတဲ့ ERV ပိုနည်းသွားတာ တွေ့ရပါတယ်။
ပရိုင်းမိတ်အုပ်စုမှာ ERV တွေဘယ်လိုရလာပြီး ဘယ်သူတွေက ဘယ်လိုမျိုးခွဲလို့ လက်ရှိမျိုးစိတ်တွေမှာ ERV တွေ ဘယ်လိုရှိနေကြလဲဆိုတာကို အောက်က ပုံကို လေ့လာကြည့်ပါရန်။
http://www.helmholtz-muenchen.de/uploads/pics/Fig.1.jpg

ERV တင်မကပါ။ DNA ကွဲပြားမှုကိုလိုက်ပြီး မျိုးခွဲထွက်မှုကို လေ့လာတဲ့ Phylogenetic ပညာရပ်ဆိုတာ ရှိပါတယ်။ ဒီပုံမျိုးဟာ ဒီလေ့လာမှုကို အခြေခံပြီး မျိုးစိတ်တွေ ဘယ်လို ခွဲဖြာလဲ ဇီဝကိုင်းကြီးသုံးကိုင်းနဲ့ ဆွဲပြထားတာပါ။
http://4.bp.blogspot.com/_A9yLEWrMHJE/TBAOhRm4dyI/AAAAAAAAABY/pSy19plMJSA/s1600/phylogenetic+tree+1.jpg

ဇီဝဗေဒသီအိုရီတစ်ခုဟာ နိဗ္ဗာန်မျက်မှောက်ပြုနိုင်အောင် ဘာမှ အကျိုးမပေးပါဘူး။ ဒါပေမယ့် ဒီလို အကျိုးမပေးတိုင်း အသုံးမကျဘူးလို့တော့ ပြောလို့မရပါဘူး။

ဆင့်ကဲဖြစ်စဉ် အယူအဆဟာ လောကရဲ့ အနိစ္စသဘောကို အများကြီး ထောက်ပြနေတယ်။ ဗုဒ္ဓခေတ်က လူတွေယူဆခဲ့တဲ့ သိပ်ခိုင်မာလှပါတယ်ဆိုတဲ့ ကမ္ဘာမပျက်ခင်ထိ တည်မြဲပါတယ်ဆိုတဲ့ တောင်ကြီးတွေဟာ ရေတိုက်စားမှုလေတိုက်စားမှုကြောင့် ပျက်စီးနေတယ်။ (Alps တောင်တန်းမှာ တစ်နှစ်ကို ရေတိုက်စားမှုကြောင့် တောင်ကမူတစ်ခုစာ ကျောက်သားတွေ တိုက်စားခံရတယ်။ တခါ တည်မြဲလှပါတယ်ဆိုတဲ့ သမုဒ္ဒရာ ကျောက်ဖျာတွေဟာ ကျယ်နေတယ်။ ကျုံ့ နေတယ်။ အကျိုးဆက်အားဖြင့် တည်မြဲလှပါတယ်တဲ့ ကမ္ဘာမြေတိုက်ကြီးတွေဟာ သမုဒ္ဒရာကျောက်ဖျာတွေရွေ့တိုင်း လိုက်ရွေ့နေရတယ်။ တချိန်က ကမ္ဘာတိုက်ကြီးတွေ အားလုံးပေါင်းသွားတာ ရှိတယ်။ အကြိမ်ကြိမ်လည်းဖြစ်ဖူးတယ်။ နောက်သက်ရှိမျိုးစိတ်တွေ။ ခွေး၊ မျောက်၊ လူ ခရမ်းချဉ်သီးပင် စတာတွေဟာ ခိုင်မြဲလှပါတယ်။ လူကမွေးရင် လူပဲ။ မျောက်ကမွေးရင် မျောက်ပဲလို့ ယူဆထားကြရာကနေ သတ္တဝါတွေရဲ့  အသက်နဲ့ ခန္ဓာရဲ့ အနိစ္စသဘောကို ထားဦး။ သက်ရှိမျိုးစိတ်တွေတောင်မှ မတည်မြဲပါလားဆိုတာကို ထောက်ပြနေတယ်။

လောကကြီးရဲ့ အနိစ္စတရားကို ပိုထောက်ပြနေလို့ ဗုဒ္ဓဘာသာနဲ့ ပိုကိုက်ညီတယ်လို့တောင် ဆိုနိုင်သေးရဲ့။ သို့ပေမယ့် ဆင့်ကဲဖြစ်စဉ်သီအိုရီဟာ မြေဆွဲအားသီအိုရီလို လက်တွေ့အထောက်အထားများစွာ၊ ကြိုတင်ဟောကိန်းခန့်မှန်းချက်များစွာ နဲ့ အလွန် အောင်မြင်နေတဲ့ သီအိုရီဖြစ်လို့ ငြင်းဖို့ဆိုတာ အင်မတန် အန္တရာယ်များပါတယ်ခင်ဗျား။

မြန်မာအင်တာနက်လောကမှာ ကျနော် တွေ့မိသလောက် သိပ္ပံစိတ်ဝင်စားသူ အလွန်ရှားပါတယ်။ အဲဒီ့အထဲမှာ ဇီဝဗေဒစိတ်ဝင်စားသူဟာ ပိုလို့ရှားပါသေးတယ်။ အခုထက် မြန်မာတွေ ဒဿနနဲ့ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စား လိုက်စားဖို့ ကျနော်မျှော်လင့်မိပါတယ်။

ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးချင်ရင်တော့
ဒီ blog link အတိုင်း ဆက်သွယ်နိုင်ပါတယ်။
http://kyawzwarlynn.blogspot.com/

အောက်က ကျနော့်ဆောင်းပါးတွေရဲ့  index ပါ။
http://kyawzwarlynn.blogspot.com/p/blog-page_12.html

ဖေ့ဘုတ်မှာ ဆိုရင် အောက်က link ကို ဆက်သွယ်နိုင်ပါကြောင်း။
http://www.facebook.com/kyawzwar.lynn

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More