သဘာဝအလှတရားများဖြင့် ချယ်မှုန်းထားသော ပတ်ဝန်းကျင်၌ လှပသော လောကကို တွေ့မြင်နိုင်ကြပေသည်။ ထို့အတူ သိမ်မွေ့နူးညံ့သောစိတ်၊ အနှစ်နာခံနိုင်သောစိတ်၊ မာန်မာနနည်းပြီး ကိုယ့်ကိုယ်ကို နှိမ်ချသောစိတ်၊ ထောင်လွှားတက်ကြွခြင်း အလျှင်းမရှိသောစိတ် ၊ တည်ငြိမ်ရင့်ကျက်သော စိတ်ထားတို့သည်လည်း လူတစ်ယောက်၏ ဘ၀ကို အစဉ်အမြဲလှပနေစေရန် ပန်းချီဆရာ တစ်ယောက် ချယ်မုန်းထားသကဲ့သို့ ပေါ်လွင်နေပါသည်။
ထိုသို့သဘာဝအလှကို ချယ်မှုန်း(အလှဆင်)နိုင်သော စိတ်နေစိတ်ထားမျိုးသည် လူတို့တွင် တွေ့နိုင်ရန် အလွန်ခဲယဉ်းပေသည်။ သို့သော်ငြားလည်း လူထဲကလူပင် ဖြစ်စေကာမူ အထက်ကဆိုခဲ့ပြီးသည့် စိတ်ထားမျိုးကို ပိုင်နိုင်စွာ ဆုတ်ကိုင်ထားနိုင်သည့် သူတစ်ယောက်ရှိပါသည်။ သူသည် သာသနာ့နွယ်ဝင် သီလရှင်တစ်ပါး ဖြစ်ပြီး၊ သူ၏နာမည်သည် မဓမ္မစာရီ မည်၏၊ ဆရာလေးသည် အစဉ်အမြဲပြုံးယောင်သန်းနေသည့်အတွက် မြင်သူတိုင်း ချစ်ခင်သည့် ရုပ်အသွင်ကိုလည်း ပိုင်ဆိုင်သူဖြစ်သည့်အပြင် တည်ငြိမ်ရင့်ကျက်သောအသွင်ကို ဆောင်နေပါသည်။
တစ်နေ့သောအခါ သူမသည် KMD , computer သင်တန်းမှအပြန် မျဉ်းကြားမှနေ၍ လမ်းဖြတ်ကူးစဉ် ရုတ်တရက် ဆလွန်းကားတစ်စင်းက သူ့၏ ခြေကို ဖြတ်ကြိတ်သွားပါသည်။ ကားအကြိတ်ခံရသည့်အတွက် မေ့လုနီးနီးဖြစ်ကာ ဖြစ်ပေါ်လာသော ဝေဒနာကို ကြိတ်မိတ်ခံစားခဲ့ရပါသည်။ သို့နှင့် ကားပိုင်ရှင်သည် ပြန်လှည့်လာကာ ဆေးခန်းပို့ပေးပါမည်၊ လိုအပ်သည်များအားလုံး စိတ်တိုင်းကျ ဖြစ် စေရပါမည်၊ အနာများပျောက်ကင်းသည့် တိုင်အောင် ကုသပေးပါမည်၊ သူ့အားတရားမစွဲပါနှင့် ဟု သနားစဖွယ်တောင်းပန်နေပါတော့သည်။
ထိုကဲ့သို့ ကားမောင်းသောသူ(သင်္ဘောသား)က မည်မျှပင် တောင်းပန်နေစေကာမူ ကားမောင်းသူ၏ အစ်မဖြစ်သူကတော့ မာန်မာနခက် ထန်စွာဖြင့် “ င့ါမောင်ရယ်…… ပိုက်ဆံလိုသလောက်ပေးလိုက်ပြီးတာပဲ ၊ တောင်းပန်ခယနေဖို့ မလိုပါဘူး” ဟု အကြင်နာတရား၊ ကိုယ်ချင်းစာနာတရားကင်းမဲ့သောစကားလုံးများဖြင့်ရင့်သီးစွာပြောဆိုစော်ကားခဲ့ပါသေးသည်။
ကားနှင့်လည်းတိုက်သေးသည့်အပြင်၊စကားဖြင့်လည်း အစော်ကား ခံခဲ့ရပါသည်။ ဆရာလေးသည် ထိုအကြင်နာတရားခေါင်းပါးသော အမျိုးသမီးကြီး၏ စကားကြောင့် လွန်စွာစိတ်ထိခိုက်ခဲ့ရပါသော်လည်း ကားမောင်းသူ၏ ပြောပြချက်အရ သူသည် သင်္ဘောသားတစ်ယောက်ဖြစ်သောကြောင့် နိုင်ငံရပ်ခြားသို့ မကြာမီ ထွက်ခွာရတော့မည် ဟုသိရပါသည်၊ သူ၏ဇနီးသည်ကလည်း ကိုယ်ဝန်အရင့်အမာကြီးနှင့် ကားပေါ်၌ပါလာသည်ကို တွေ့မြင်ရပါသည်။ ထိုအခါ ဆရာလေးသည် “အကယ်၍ ကားမောင်းသူကို တရားစွဲဆိုလိုက်မည်ဆိုရင် သာယာနေသော သူတို့၏မိသားစုလေးသည် အတိဒုက္ခရောက်သွားနိုင်တယ်၊ ငါ့ကြောင့် ဘယ်သူမှ ဒုက္ခမရောက်စေရဘူး၊ ငါပဲအနစ်နာခံတော့မယ်” ဟု တွေးကာ နှလုံးသားနူးညံ့သိမ်မွေ့သူပီပီ ကားဖြင့်တိုက်သူ သင်္ဘောသားထိုလူရွယ်အား သနားသောကြောင့် “ဒကာကြီးရယ်…..ဆရာလေး တရားလည်းမစွဲပါဘူး၊ ဆေးကုသရန်အတွက် ပိုက်ဆံလည်း မတောင်းပါဘူး၊ အဲ….တစ်ခုတော့ရှိပါတယ်၊ ဆရာလေးကို ရောဂါပျောက်တဲ့အထိတော့ ဆေးခန်းသို့ ကားနှင့်ကြို/ပို့ လေးတော့ အကူအညီပေးစေချင်ပါတယ်” ဟု ပြောခဲ့ပါသည်။ ထိုဖြစ်ပျက်ပုံအခြင်းအရာတို့ကို ဆရာလေးသည် မိဘများအား သူ့ကြောင့်စိတ်ဆင်းရဲမည် စိုးသဖြင့် အသိမပေးဘဲ လျှို့ဝှက်စွာ ဆေးကုသခဲ့လေသည်။ ထိုဆောင်းပါးရေးနေသည့်တိုင် မိဘများ မသိရှိရသေးဟု သိရပါသည်။
ကားအတိုက်ခံရသည့်အပြင် အကြင်နာကင်းမဲ့သော စကားလုံးများဖြင့် အစော်ကားခံရစေကာမူ တစ်ဖက်သား ဒုက္ခရောက်မည်ကို မလိုလား၊ကိုယ်သာ အနစ်နာခံမည်ဟု ဖြူစင်သော စိတ်ထားဖြင့် သည်းခံခွင့်လွတ်ခဲ့ပါသည်။ အတုယူစရာကောင်းသော မြင့်မြတ်သည့်စိတ် ထားဟု ဆိုရချေမည်။
ဆရာလေးသည် စိတ်ထားနူးညံ့ရုံမျှမက ပရဟိတလုပ်ငန်းကို ၀ါသနာပါသူတစ်ယောက်အဖြစ်လည်း တွေ့မြင်ခဲ့ရပါသေးသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ပင်းတယမြို့ ကုံလုံဆရာတော်ကြီး အသက်ထင်ရှားရှိစဉ် ဆရာတော်သွားလေရာ နောက်ကနေ လိုက်ပါရစမြဲပင်၊ ထိုသို့သွားလာခဲ့ရာ အတိဒုက္ခ ရောက်နေကြသည့် မိဘမဲ့ကလေးများကို များစွာမြင်တွေ့ခဲ့ရပါသည်။ ကုံလုံဆရာတော်ကြီး၏ သြ၀ါဒတော်ကို ခံယူကာ ဆုံးမပြောကြားခဲ့သည်များကြောင့် ခိုကိုးရာမဲ့ကာ ကယ်မည့်သူဝေးနေကြသော ကလေးများ၏ ဘ၀တိုးတက်ရေးအတွက် မိမိဘ၀ကို မြုပ်နှံတော့မည်ဟု ယတိပြတ်ဆုံးဖြတ်ချက်ဖြင့် ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကုံလုံဆရာတော်ကျောင်းဝင်းအတွင်း မိဘမဲ့ကလေးများကို သာသနာ့အနွယ်ဝင်သီလရှင်အသွင်သို့ ကူးပြောင်းစေကာ သီလရှင်(၂၅)ပါးခန့်ကို တာဝန်ယူ ကျွေးမွေးစောင့်ရှောက်၍ ပညာသင်ကြားပေးနေသည်မှာ (၄)နှစ်ခန့် ရှိနေချေပြီ၊ ဆရာလေးသည် ထိုသီလရှင်ဆရာလေးများအတွက် တစ်လလျှင် ၅ သိန်းနီးပါးခန့် ထောက်ပံ့နေရသည်ဟု သိရပါသည်။
တစ်ဖန် ဆရာလေးသည် ရတနာ့မေတ္တာအဖွဲ့နှင့် ယူနီဆက်တို့ပူးပေါင်းကာ တာဝန်ယူ ကျင်းပခဲ့သော ထေရ၀ါဒနှင့် HIV သင်တန်းကို တက်ရောက်ခဲ့ပါသည်၊ ထိုသင်တန်းပြီးဆုံးသောအခါ HIV ရောဂါပိုးရှိသော ရောဂါသည်များအား အခါအားလျော်စွာ ထေရ၀ါဒ ဗုဒ္ဓနည်းကျ နေထိုင်ကျင့်သုံးနည်းကို ဟောပြောရန်အတွက် အရွေးချယ်ခံခဲ့ရပါသည်။ သို့နှင့် ဆရာလေးသည် HIV ဝေဒနာသည်များအား ရောဂါရနေသော်လည်း ထေရ၀ါဒဗုဒ္ဓနည်းကျကျနေထိုင်ကျင့်သုံးလျှင် သက်တမ်းစေ့နေနိုင်ကြောင်း ၊ စိတ်ပျက်အားငယ်ရန် မလိုကြောင်း ၊ လူဆိုသည်မှာ တစ်နေ့သေရမည်ဖြစ်ကြောင်း၊ အသက်ရှင်ဆဲကာလတွင် မိမိစိတ်ကို အသန့်ရှင်းဆုံးဖြစ်အောင် ဗုဒ္ဓနည်းကျကျ နေထိုင်ကျင့်သုံးပြီး ဘ၀ကို တန်ဖိုးရှိစွာ ဖြတ်ကျော်နိုင်ကြောင်း၊ HIV ရောဂါပိုးရှိသည်ဟု သိရာပါသော်လည်း ဘ၀ကို အရှုံးမပေးကြစေလိုကြောင်းစသည့် စိတ်ပျက်အားငယ်နေသူအား စိတ်ချမ်းသာပြီး အားတက်စေမည့် ဟောပြောချက်များဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို ထေရ၀ါဒနှင့် HIV ဟောပြောဆွေးနွေးပွဲများကို ယူနီဆက်မှ တာဝန်ယူ ကျင်းပပေးသည်ဟု သိရပါသည်၊မကြာသေးမီက (သံလျင်)တွင်လည်း ဝေဒနာရှင် ၂၅၀ ခန့်အား ဟောပြောခဲ့သကဲ့သို့ လှည်းကူးတွင်လည်း ဝေဒနာရှင် တစ်ရာကျော်တို့အား ဟောပြောပေးခဲ့ပါသည်။ ဆွေးနွေးခဲ့ကြသော ဝေဒနာရှင်များအနက် တစ်ချို့သည် ဆရာလေး၏ ဟောပြောပို့ချမှုများကြောင့် စိတ်ဖြစ်တိုင်းကို သတိဖြင့်စောင့်ကြည့်နေခြင်းဖြင့် စိတ်တည်ငြိမ်မှု(သမာဓိ)များ ရရှိလာကာ စိတ်အကြောင်းကို နားလည်လာပါကြောင်း၊ နားလည်ရုံတင်မကဘဲ ယခင်က စိတ်အားငယ်ခဲ့သော်လည်း ယခုအချိန်တွင် စိတ်အားငယ်မှုများမရှိတော့၊ မိမိကိုယ်ကို အားကိုးတတ်လာသည်၊ ဘ၀မှာ ရှင်သန်နေထိုင်ရခြင်းသည် အဓိပ္ပါယ်ရှိလာကြောင်းကို အားတက်သရောပြန်လည်ပြောပြပါတော့သည် ၊ ဝေဒနာရှင်များထံမှ ထိုစကား ကြားလိုက်ရသောအခါ ဆရာလေးသည် အတိုင်းမသိ ရင်ဝယ် ၀မ်းသာကြည်နူး ပီတိဖြစ်ခဲ့ရပါသည်။
“ဒီလိုပြုလုပ်ရခြင်းအပေါ် ဆရာလေးရဲ့ အမြင်နှင့် ခံယူချက်ကို သိလိုပါတယ်” ဟု မေးရာ-
“ ဒီဟောပြောပွဲမှာ တက်ရောက်လာကြတဲ့ ဝေဒနာသည်တွေဟာ တက္ကသိုလ်ကျောင်းသားအရွယ်၊ ရုပ်ရည်သန့်သန့်လေးတွေ ဖြစ်ကြပါတယ်၊ HIV ပိုးရှိတယ်လို့တောင် မထင်ရက်စရာတွေပါ၊ စိတ်ပျက်အားငယ်နေကြတဲ့ ဝေဒနာသည်တွေကို စိတ်ချမ်းသာပြီး စိတ်ဓါတ်ခွန်အားများတိုးတက်လာအောင် ဟောပြောပေးရတာဟာ ဆရာလေးအတွက် တန်ဖိုးမဖြတ်နိုင်အောင် ၀မ်းမြောက်ကြည်နူးခဲ့ရပါတယ်၊ ဒါကြောင့် နောင်ကိုလည်း ဝေဒနာရှင်များအတွက် မိမိဘ၀ကို မြုပ်နှံကာ မြင့်မြတ်သောအလုပ်ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချသွားမှာဖြစ်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
ထိုကဲ့သို့ အားကျဖွယ် အတုယူဖွယ်ကောင်းလှသော ဆရာလေးမဓမ္မစာရီ၏ ဘ၀ဇာတ်ကြောင်းကို တစ်စေ့တစ်စောင်း ပြန်ပြောင်းကြည့်မည်ဆိုလျှင်-
၁၉၈၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်၊စနေနေ့တွင် အဘ ဦးစိုးမြင့် အမိ ဒေါ် တို့မှ မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။
ဖခင် ဦးစိုးမြင့်သည် myanmar airway မှ လေယဉ်မှူးတာဝန်ဖြင့် အငြိမ်းစားယူကာ ယခုအခါ yangon airway တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသကဲ့သို့ မိခင်သည်လည်း လေယဉ်ဝန်ထမ်းတစ်ဦးပင်ဖြစ်ပါသည်။ မွေးချင်းများမှာ အစ်မ မဇင်မာစိုး၊ မနွယ်နွယ်အေး၊ မောင်လေး မောင်စည်သူစိုး တို့ဖြစ်ကြပြီး၊ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက်သမီးဖြစ်ပါသည်။ အစ်မဖြစ်သူမှာ မြန်မာ့အဲယားဝေးတွင် လေယဉ်မယ် ၀န်ထမ်းတစ်ဦးဖြစ်ပြီး၊ မောင်လေးကား တွဲဖက်လေယဉ်မှူးတစ်ယောက်အဖြစ် တိုင်းပြည်တာဝန်ကို အသီးသီး ထမ်းဆောင်နေကြပါသည်။ သူမ၏ အမည်ကား မနွယ်နွယ်အေး ဖြစ်ပါသည်။ သို့နှင့် အရွယ်ရောက်သောအခါ မူလတန်းပညာ၊ အလယ်တန်းပညာ၊အထက်တန်းပညာတို့ကို သင်ယူခဲ့ရာ (၁၉၉၅)ခုနှစ်တွင် အခြေခံပညာအထက်တန်းကို အောင်မြင်စွာဖြေဆိုနိင်ခဲ့ပါသည်။
ဆယ်တန်းစာမေးပွဲ ဖြေဆိုပြီးနောက်ပိုင်းတွင် မနွယ်နွယ်အေးသည် ကျန်းမာရေးမကောင်းဖြစ်လာပါသည်။ တစ်နေ့သောအခါ ကုံလုံဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့သို့ ကြွရောက်လာပါသည်၊ ဆရာတော်ဘုရားကြီး ရန်ကုန်သို့ ရောက်ရှိနေစဉ် မနွယ်နွယ်အေးနှင့်တကွ မိသားစုသည် ကုံလုံဆရာတော်ကြီးထံသို့ ဖူးမျှော်ရန် သွားရောက်ကြပါသည်။ သမီးဖြစ်သူ မနွယ်နွယ်အေးနှင့်ပတ်သက်၍ စကားစပ်မိကာ လျှောက်ထားပြောဆိုခဲ့ရာ ဆရာတော်ဘုရားကြီးက “ပင်းတယကိုလိုက်ပြီး သီလရှင်ဝတ်ပါလား” ဟု မိန့်ဆိုခဲ့ပါသည်။ သို့နှင့် မိသားစုနှင့်အတူ မနွယ်နွယ်အေးသည် ရှမ်းပြည်နယ်မြောက်ပိုင်း ပင်းတယမြို့သို့ သွား ရောက်ခဲ့ပါသည်၊ (၂၀၀၅)ခုနှစ်တွင် မနွယ်နွယ်အေးသည် ပင်းတယမြို့-ကုံလုံဆရာတော်ဘုရားကြီးကို ဥပဇ္ဈယ်ပြုကာ သာသနာနွယ်ဝင်သီလရှင်အသွင် ကူးပြောင်းခဲ့ပါတော့သည်။ ဆရာတော်ဘုရားကြီးသည် မနွယ်နွယ်အေးတဖြစ်လဲ ဆရာလေးကို မဓမ္မစာရီဟု နာမည်ပေးခဲ့ပါသည်။ သီလရှင်ဝတ်သောအခါ (၇)ရက်ပဲဝတ်မည်ဟု စိတ်ကူးခဲ့ပါသော်လည်း နောင်တွင် အတိတ်က ပါရမီဟု ဆိုရမည်လား၊ မပြောတတ်ချေ၊ သီလရှင်အသွင်ဖြင့်နေလာခဲ့ရာ (၇)ရက်မှသည် ယနေ့အထိဆိုလျှင် တစ်ဆယ့်သုံးနှစ်ပင် ပြည့်ခဲ့လေပြီ။
ကုံလုံဆရာတော်၏ ကျောင်းတွင် ပရိယတ္တိစာပေများကို စိတ်ဝင်စားစွာ သင်ယူခဲ့ရာ အစိုးရ ပထမပြန် ငယ် ၊ လတ် ၊ ကြီး စာမေးပွဲများကို ဆက်တိုက်အောင်မြင်ခဲ့သည့်အပြင် တစ်ဖက်၌လည်း လောကီတက္ကသိုလ်ကို ဆက်လက်တက်ရောက်ခဲ့ရာ (၂၀၀၅)ခုနှစ်တွင် E-major ဖြင့် B A ဘွဲ့ကို ရရှိခဲ့ပါသည်။
(၂၀၀၇)ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်၌ တက်ရောက်သင်ကြားနေသည့်အပြင် တစ်ဖက်ကလည်း နိုင်ငံခြားဘာသာသိပ္ပံကျောင်း၌ တရုပ်ဘာသာအထူးပြုဖြင့် တက်ရောက်သင်ကြားနေပေသေးသည်။ ယခုအချိန်တွင် ဆရာလေးမဓမ္မစာရီသည် အင်းယားမြိုင်လမ်းမှ အိမ်တွင် ကျောင်းအဖြစ်သတ်မှတ်ပြီး နေထိုင်ကာ ဘာသာသာသနာအကျိုးကို ရွက်ဆောင်နေပါကြောင်း-
အချူပ်ဆိုရသော် မဓမ္မစာရီသည် လောကဓံတရားများကို သည်းခံကာ သူတစ်ပါးအတွက် အနစ်နာခံခြင်း၊ သူတစ်ပါးအကျိုးကို ကြည့်ခြင်း၊ ကိုယ့်ကိုယ်ကို နှိမ်ချခြင်း၊ မာန်မာနနည်းပါးခြင်း ၊ အမျက်ထွက်ခဲခြင်း၊ မေတ္တာထားခြင်း စသည့် တန်ဖိုးမဖြတ်နိုင်သောစိတ်ထားများဖြင့် ပန်းချီဆရာတစ်ယောက်ခြယ်မှုန်းသကဲ့သို့ ဘ၀ကို တစ်စိတ်တစ်ဒေသ အလှဆင်နိင်ခဲ့ပါသည်။ ထို့အတူလောက၌ ကံကောင်း၍ လူလာဖြစ်ကြသော သူများသည် သိမ်မွေ့နူးညံ့သောစိတ်ထားဖြင့် ဘ၀အလှကို လက်တွေ့ကျကျ ခြယ်သ ဖန်တီးနိုင်ကြပါစေဟု ဆန္ဒမွန်ဖြင့် ဤဆောင်းပါးကို နိဂုံးချူပ်လိုက်ရပါတော့သတည်း။
Sunday, February 10, 2008
ဘ၀အလှ ခြယ်သနိုင်ပါစေ
Posted in: ဆောင်းပါး
2 comments:
သူလို လူတွေအများကြိး လိုတယ်။
သာသနာပြုဖို့ ပါ။
သားသေ လင်ဆုံး ကုန်ရှုံး ကြွေးတင် လိုလင် မရ မယ်သီ လ လို့ တစ်ခေတ် တစ်ချိန်ခါ က နှိမ်ချ ဆက်ဆံ ခံခဲ့ရတဲ့ သီလရှင် များ အတါက် သူလို သီလရှင်လေးတွေရဲ့ လုပ်ရပ်က ချေဖျက်ပစ်နိုင်မယ်။
ဒါမှ နွယ်နောင်းတို့ တရုပ်မ တို့လည်း မိရှင်ဝတ် ဖို့ စိတ်ပါလာလိမ့်မယ်..
အရှင်ဘုရား သာသနာ မပြုခိုင်းတော့ဘူးလား?
Post a Comment