This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, October 22, 2010

တရားနားတာနဲ့တရားအားထုတ်တာ ဘယ်ဟာကကုသိုလ်ပိုရပါလဲ

တရားနာတာနဲ့တရားအားထုတ်တာ ဘယ်ဟာကကုသိုလ်ပိုရပါလဲ
အမေး။ ။အရှင်ဘုရား...တပည့်တော် မသိလို့မေးပါရစေဘုရား။ တရားပွဲတွေမှာ တရားနာရုံနဲ့ကုသိုလ်ရနိုင်ပါသလားဘုရား။
တရားတော်များကိုလဲ အမြဲတမ်း မနာကြားနိုင်ပါ။ တပည့်တော်သိချင်တာက တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာက ကုသိုလ်ပိုရနိုင်လဲဆိုတာ သိချင်ပါတယ်ဘုရား။ ။
ဂျေညီညီ
နေရပ်မ်ရှိ

အဖြေ။ ။တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါတယ်။ တစ်ခါတုန်းက ဖားကလေးတစ်ကောင်ဟာ တရားဟောနေတဲ့အသံကို ဘာမှန်းမသိသော်လဲ နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတဲ့အခိုက် ရုတ်တရက်သေဆုံးသွားပါတယ်။ ဖားကလေးဟာ သေတဲ့အခါ နတ်ပြည်မှာ ဖားနတ်သားဆိုပြီး နတ်သားသွားဖြစ်တယ်။ ဒါဟာ ဖားကလေးဘ၀ဖြစ်စဉ်က တရားတော်အသံကို နားထောင်မိရုံပဲရှိပါသေးတယ်။ လူုဖြစ်က ဆိုဖွယ်ရာမရှိတော့။ ဒါကြောင့်တရားနာတဲ့အခါ ကုသိုလ်ရတယ်လို့ပဲပြောရပါမယ်။
အမှန်တော့ တရားနာတာနဲ့ တရားအားထုတ်တာဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ တစ်ခါက ရဋ္ဌပါလသတို့သားဟာ ဘုရားရှင်ရဲ့တရားကို နာကြားရလို့ တရားတော်ကို မှန်မှန်ကန်ကန် နှလုံးသွင်းလိုက်နိုင်ပါတယ်။ ဒီလိုနဲ့ သူဌေးသားဟာ ရဟန်းဘ၀ရောက်ရှိပြီး တရားအားထုတ်လိုက်တာ ရဟန္တာဖြစ် တော်မူခဲ့ပါတယ်။ ဒါဟာ တရားနာခြင်းကြောင့်ရရှိလာတဲ့အကျိုးတရားတွေပါပဲ၊ တရားအားထုတ်တဲ့သူဟာ “တရားနာလျှင် သဒ္ဓါရွှင် ပညာအသိတိုး”ဆိုတဲ့အတိုင်း တရားလဲနာရတယ်၊ တရားနာရတဲ့ အကျိုးတွေလဲဘုရားရှင် ဟောတော်မူထား တာရှိပါတယ်။(၁)မကြားဖူးသေးသော တရားစကားများကို ကြားနာရခြင်း။(၂)ကြားဖူးပြီးသားဆိုရင်ပိုပြီး နားလည်ခြင်း။ (၃)ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။ (၄)အယူဝါဒကိုဖြောင့်မတ်စွာယူနိုင်ခြင်း။(၅) ယုံကြည်တဲ့စိတ် တိုးပွားခြင်း တို့ဖြစ်တယ်။ ဒါ့အပြင် တရားနာတာဟာ တရားအားထုတ်မှုအတွက် အထောက်အပံ့များစွာပေးပါတယ်။
ဘုရားရှင်လက်ထက်က ပဉ္စဂ္ဂဒါယကပုဏ္ဏားလင်မယားနှစ်ယောက်ရှိတယ်။ တစ်နေ့ဘုရားရှင်က ပုဏ္ဏားလင်မယားအိမ် ဆွမ်းခံကြွတယ်။ ဒီအချိန်မှာ ပုဏ္ဏားကြီးက ထမင်းစားနေတဲ့အခိုက်ဖြစ်တယ်။ စားပြီးလို့ တစ်ဝက်လောက်ကျမှ ဘုရားရှင်အိမ်ရှေ့ဆွမ်းရပ်တာကိုသိတဲ့အတွက် ဘုရားရှင်ထံသွားကာ “မြတ်စွာဘုရား… စားပြီးတစ်ဝက်ကျန်တာလဲ အလှူခံပါသလားဘုရား” လို့ ပုဏ္ဏားကမေးလျှောက်တော့ ဘုရားရှင်က “ဒို့အလှူခံတွေဆိုတာ ဦးဖျားဖျားအလှူခံလဲ လက်ခံပါတယ်၊ စားပြီးလို့တစ်ဝက်ကျန်တာလဲ အလှူခံပါတယ်” လို့မိန့်တော်မူတော့ ပုဏ္ဏားဟာ သူ့ပုဂံထဲက စားပြီးတစ်ဝက်သာကျန်တဲ့ထမင်းကို လောင်းလှူလိုက်ပါတယ်။ ပြီးတဲ့အခါ ပုဏ္ဏားက “အရှင်ဘုရား….အရှင်ဘုရားတရားဟောတဲ့အခါ ဘိက္ခု လို့ခေါ် ခေါ်ပြီးဟောတော့ ရဟန်းများသာပါတာလာဘုရား၊တပည့်တော်တို့ လူဝတ်ကြောင်တွေလဲ မပါဘူးလား” မေးလျှောက်တယ်။ ဘုရားရှင်က ပုဏ္ဏားအားတရားဟောဖို့အတွက် ပုဏ္ဏားရဲ့ရှေးပြုခဲ့တဲ့ကုသိုလ်တွေကို ဥာဏ်တော်နဲ့ ပြန်လည်ဆင်ခြင်တော်မူပါတယ်။ ပုဏ္ဏားလင်မယားဟာ တစ်ခုသောဘ၀တုန်းက ရုပ်နာမ်နဲ့စပ်ပြီး တရားနာခဲ့ဖူးတာကို မြင်တော်မူပါတယ်။ ဒါနဲ့် ဘုရားရှင်က ပုဏ္ဏားအား ဘိက္ခုလို့ ခေါ်ရတဲ့အကြောင်းအရင်းနဲ့အတူ ရုပ်နာမ်နဲ့စပ်တဲ့တရားဒေသနာတော်ကို ဟောကြားတော်မူလိုက်ပါတယ်။ တရားအဆုံးမှာ ပုဏ္ဏားလင်မယား တရားထူးများရသွားကြပါတယ်။ဒါဟာ အတိတ်ဘ၀က တရားနာခဲ့ရတဲ့အကျိုးကျေးဇူးကြောင့်ဖြစ်တယ်။
ဒါနဲ့စပ်ပြီး ပါထေယျပါဠိတော်မှာ တရားရနိုင်တဲ့အင်္ဂါလေးချက်ကို ဖေါ်ပြထားပါတယ်။ ဒါကိုသိရင် သဘောပေါက်သွားမှာပါ။ (၁)သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ရမယ်။ (၂) သူတော်ကောင်းတရားကို နာကြားရမယ်။ (၃) ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမယ်။ (၄)မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော ကျင့်ဝတ်ရှိရမယ်။(ပါထေယျပါဠိတော်၊ နှာ၊၁၉၀)
ဒါကြောင့် ကုသိုလ်များအနက် မဂ်ကုသိုလ်တိုင်အောင် ရချင်တယ်ဆိုရင် အထက်ပါအင်္ဂါလေးချက်နဲ့အညီ နေထိုင်ကျင့်သုံးသွားပါမယ် ဆိုတာပြောရင်း………..။

Monday, October 18, 2010

အနှောက်အယှက်ဆိုတာ တကယ်ရှိပါသလား

အမေး။ ။အရှင်ဘုရား…. အိမ်တစ်အိမ်မှုာ မကောင်းတဲ့အစောင့်ရှိတယ်၊ အနှောက်အယှက်တွေရှိတယ် ဆိုပြီး ဆရာဆိုသူက ပြောနေတာ ကြားလိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက အနှောက်အယှက်ဆိုတာ တကယ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။
မအေးသီတာဝင်း
Mcc (မြိတ်)

အဖြေ။ ။အမှောက်ပယောဂတို့ဆိုတာ လောကီအတတ်ပညာများ ဖြစ်တဲ့အတွက် ရှိပါတယ်။ ဒါပေမဲ့ အကြောင်းကိစ္စများ ဖြစ်ပေါ်လာတိုင်း အမှောက်ပယောဂ ဟုတ်/မဟုတ် ဆိုတာကိုတော့ တတ်အပ်သေချာ မပြောနိုင်ပါ။ ဟုတ်တာလဲ ရှိတယ်။ အလိမ်ခံရတာလဲရှိပါတယ်။ ဆိုလိုတာက အမှောက်ပယောဂရှိတယ်ဆိုပြီး တစ်ဖက်စောင်းနင်းမယုံကြည်ဖို့ပါပဲ။ ငှက်ဖျား ဖျားတာလဲ ပယောဂကြောင့်၊ သွေးတိုးတာလဲ ပယောဂကြောင့်၊ နေမကောင်းထိုင်မသာဖြစ်တာလဲ ပယောဂကြောင့်၊ အအေးမိနှာစေးတာလဲ ပယောဂကြောင့်၊ တစ်ဦးနဲ့တစ်ဦးမတည့်တာကိုလဲ ပယောဂကြောင့် သွေးလွန်တုတ်ကွေးဖြစ်တာလဲ ပယောဂကြောင့်ဆိုပြီး ဖြစ်လာပေါ်လာသမျှတွေကို အမှောက် ပယောဂထင်နေမယ် ဆိုရင် အမှားကြီးမှားပါ လိမ့်မယ်။ဒါပြင် အသက်တစ်ချောင်း မသေသင့်ဘဲ သေသွားရတတ်ပါတယ်။
တစ်ခါက ရွာတစ်ရွာမှာ အမျိုးသမီးကြီးတစ်ယောက် အပြင်းဖျားတယ်၊ နောက်သိရတာက ငှက်ဖျားရောဂါအခံရှိတယ်လို့လဲ ပြောကြတယ်။ အမှန်က ငှက်ဖျားရောဂါဖြစ်နေရင် ဒီရောဂါကို နိုင်တဲ့ ပဋိဇီဝဆေးပြားတွေ ဆရာဝန်ညွန်တဲ့အတိုင်းသုံးစွဲရမှာပါ။ အခုတော့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှု၊ ဗဟုသုတနည်းပါးမှုကြောင့် ရိုးရိုးရောဂါတော့မဟုတ်နိုင်၊ ဒါဟာ နတ်ကိုင်တာဖြစ်မယ်၊ နတ်ကနား ပေးမှကောင်းမယ် ဆိုပြီး ငွေအများကြီးအကုန်ခံကာ နတ်ကနားပေးကြတယ်။
ဒါပေမဲ့ လူနာက တဖြေးဖြေး အခြေအနေမကောင်းဖြစ်လာပါတယ်။ နောက်ဆုံးတော့ နတ်ကို အစွဲလန်းကြီးကြီးနဲ့ယုံကြည်ကြတဲ့ အိမ်သားတစ်စုကြောင့် လူနာဟာ နောက်ဆုံး သေပွဲဝင်ခဲ့ရပါတယ်။ ဒါဟာ မသေသင့်ဘဲသေရတာပါ။ တကယ်လို့ ဆေးရုံသာပို့လိုက်မယ်ဆိုရင် အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်တွေ ရှိနေဦးမှာပါ။ ဒါကြောင့် ပယောဂများနဲ့ပတ်သက်လာရင် မှန်တာလဲရှိတယ်၊ အလိမ်ခံရတာလဲရှိတယ်။ ချင့်ပြီးယုံကြဖို့ လိုအပ်လှပါတယ်။
အနှောက်အယှက်နဲ့ပတ်သက်လို့ ပြောပါအုံးမယ်၊ ဘုရားရှင်ဟာ သာဝတ္ထိဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံနေတဲ့အခိုက် ရဟန်းတော်ငါးရာ ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူပြီး သာဝတ္ထိနဲ့ယူဇနာတစ်ရာဝေးကွာတဲ့ ဟိမ၀န္တာနဲ့စပ်နေတဲ့ တောအုပ်တစ်ခုသို့ ကြွတော်မူပါတယ်။
တောအုပ်ရောက်တော့ ရဟန်းတော်များ ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်နေတော်မူကြတယ်။ ထိုတောအုပ်အတွင်းကို ရဟန်းတော်များရောက်လာ ကြတဲ့အခါ ရဟန်းတော်များရဲ့ သီလတန်ခိုးကြောင့် တောထဲရှိ ရုက္ခစိုးနတ်များ မနေနိုင်ကြ၊ နေရာမှ ဖယ်ပေးကြရတယ်။ သူတို့အတွက် နေစရာ နေရာမရှိ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် နတ်တွေဟာ ဒီနေရာကက ရဟန်းများထွက်သွားအောင်ဆိုပြီး မကောင်းတဲ့နံ့၊ကြောက်မက်ဖွယ်အဆင်းတွေနဲ့ အမျိုးမျိုးခြောက်လှန့်ကြတယ်၊ ဒီလိုမကောင်းတဲ့အဆင်း၊အနံ့တွေကို တွေ့ရတော့ ရဟန်းတော်များဟာ ကြောက်သူကကြောက် မူးဝေအော့အန်ပြီး ရောဂါဖြစ်သူကဖြစ်နဲ့ အသားအရေများခန်းခြောက်ကာ ကြုံလှီဖျော့တော့လာပါတယ်။ ဒါနဲ့သံဃာတော်များဟာ ၀ါတွင်းကြီးမှာပဲ သာဝတ္ထိကို ပြန်လည် ကြွတော်မူလာခဲ့ကြပါတယ်။
ဘုရားရှင်ထံရောက်တော့ ရဟန်းတော်များက အကြောင်းစုံလျှောက်ထားကြတယ်။ ထိုအခါ ဘုရားရှင်က ရဟန်းများတရားအားထုတ်မဲ့ နေရာအတွက် အတန်ငယ်ဆင်ခြင်ကြည့်ပါတယ်။ ရဟန်းတော်များ အရဟတ္တမဂ်ဖိုလ်ရရေးအတွက် ထိုတောအုပ်မှတစ်ပါး အခြားနေရာမရှိဆိုတာ ကို ဘုရားရှင် မြင်တော်မူပါတယ်။ ဒါကြောင့် အနှောက်အယှက်များက ကင်းစင်ပြီး ချမ်းသာစွာတရားအားထုတ်နိုင်အောင်ဖို့အတွက် ရဟန်းတော်များအား မေတ္တာသုတ်ကို သင်ပေးတော်မူလိုက်ပါတယ်။
ထိုအခါရဟန်းများဟာ အရင်နေခဲ့တဲ့တောအုပ်ဆီသို့ ပြန်လည်ကြွတော်မူခဲ့ပါတယ်။ တောအုပ်အတွင်း ၀င်ကြတယ်ဆိုရင်ပဲ မေတ္တာသုတ်ကို ရွတ်ဖတ်တော်မူခဲ့ကြပါတယ်။ တောစောင့်နတ်များလည်း အရင်လိုမဟုတ်တော့ဘဲ ရဟန်းတော်များအပေါ် မေတ္တာသက်ဝင်ကာ အနှောက်အယှက်မပြုတဲ့အပြင် ရဟန်းတော်များ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးကြပြန်တယ်။
ဒီဝတ္တုဒေသနာတော်အရ အနှောက်အယှက်ဆိုတာ ရှိကြပါတယ်။ ကိုယ်က အနှောက်ယှက်တွေရန်က ကင်းလွတ်အောင် နည်းလမ်းမှန်ကန်စွာနဲ့ ပြုလုပ်တတ်ဖို့လိုတယ်ဆိုတာ ပြောလိုပါတယ်။
အချုပ်ပြောရရင် အနှောက်အယှက်မရှိဘဲနဲ့ အနှောက်အယှက်ရှိတယ် လို့ဆိုကာ တစ်ချို့ဆရာများရဲ့ အလိမ်ကိုတော့ မခံမိကြဖို့ အရေးကြီးပါကြောင်းပြောကြားလိုက်ပါတယ်။

Saturday, October 9, 2010

အကုသိုလ်ခွဲတမ်း

အမေး။ ။ အရှင်ဘုရား…အကြွေးပေးပြီးလို့ ပြန်မရမှန်းသိတဲ့အခါ ဒီအကြွေးကို ငါလှူလိုက်မယ်လို့ ဆိုပြီး လှူရင် ကုသိုလ်ရပါသလားဘုရား။ နောက်တစ်ခုက ၀ါလတ်လှေ၊ ငါးဝိုင်းလှေတွေရဲ့ အကုသိုလ်ခွဲတမ်းကိုလဲ သိချင်ပါတယ်ဘုရား။
တိုင်းအုပ်ကျော်
မြိတ်

အဖြေ။ ။အကြွေးနဲ့ပတ်သက်ပြီး အကြွေးပေးတဲ့သူ နှစ်မျိုးရှိတယ်။ (၁) အကြွေးယူထားတဲ့သူက ပြန်မဆပ်နိုင်ဘူးဆိုပါစို့၊ အဲဒီအချိန်မှာ အကြွေးပေးသူက “ချေးထားတဲ့အကြွေးတွေကို သူ ပြန်မဆပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အကြွေးမဆပ်နိုင်တာကို တွေးပြီး သူစိတ်ဆင်းရဲနေလိမ့်မယ်၊ မတော်လို့သေသွားမယ်ဆိုရင် စိတ်ထားဖြောင့်မှာလဲမဟုတ်ဘူး။ သူဒုက္ခ ရောက်လိမ့်မယ်၊ မဖြစ်ဘူး၊ ဒီအကြွေးကို ငါမယူတော့ဘူး၊ ဒါမှသူစိတ်ချမ်းမှာ” လို့နှလုံးသွင်းပြီး၊ “ ယူထားတဲ့အကျွေးတွေကို ပြန်မဆပ်ပါနဲ့တော့” လို့ဆိုကာ အကြွေးယူသူအား အပြီးလှူလိုက်တာပါ။ ဒါဟာ လူသားချင်းစာနာတဲ့သဘောသက်ဝင်နေတယ်၊ မေတ္တာ၊ကရုဏာဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့လဲ ပြည့်စုံနေတယ်။ဒါကြောင့် အကြွေးမရမှန်းသိပေမဲ့ ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်တဲ့အတွက် အကြွေးပေးသူမှာ ကုသိုလ်ရပါတယ်။
ဒုတိယအကြွေးပေးသူက “ဒီအကြွေးတွေ ငါမရတော့တဲ့အတူတူ လှူလိုက်တာပဲကောင်းတယ်” ဆိုပြီး လှူလိုက်ပါတယ်။ ဒီဟာက အကြွေးပြန်မရလို့သာ လှူလိုက်ရတာပါ။ တကယ်လို့သာ ပြန်ရမဲ့အခြေအနေရှိရင် လှူမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒုတိယအကြွေးပေးသူဟာ ဘယ်လိုပဲလှူတယ်ပြောပြော ကုသိုလ်မရပါဘူး။
ဒါကြောင့် အကြွေးပေးတဲ့သူ နှစ်ယောက်ထဲမှာ ပထမတစ်ယောက်သာ ကုသိုလ်ရပြီး၊ ဒုတိယတစ်ယောက်ကျတော့ ကုသိုလ်လုံးဝ မရတဲ့အပြင် အကုသိုလ်ပဲ ရမှာဖြစ်တယ်။
ဒုတိယအမေးက…. “အကုသိုလ်ခွဲတမ်း၊ အကုသိုလ်ဝေစု” တဲ့ဘယ်လိုပဲပြောပြော အမေးက ဆန်းသစ်နေတယ်။ လူတွေသိသင့်သိထိုက်တဲ့ အရာမို့ လို့ စိတ်ဝင်စားစရာလဲ ကောင်းလှပါတယ်။
ပါဏာတိပါတကံထိုက်တဲ့အင်္ဂါများရှိပါတယ်။ (၁)သတ္တ၀ါမှန်းသိခြင်း၊ (၂)သတ်လိုတဲ့စိတ်ရှိခြင်း၊ (၃) လုံ့လအားစိုက်ခြင်း၊ (၄) သေခြင်းဆိုတဲ့ အင်္ဂါ လေးချက်နဲ့ပြည့်စုံရင် ပါဏာတိပါတကံထိုက်ပါတယ်။ ငါးဖမ်းလှေမှာပါဝင်တဲ့သူများဟာ ဖေါ်ပြပါ အင်္ဂါလေးချက်နဲ့ပြည့်စုံနေတယ်ဆိုရင်တော့ ပါဏာတိပါတကံထိုက်ပါတယ်။ မပြည့်စုံရင် မထိုက်ဘူးလို့ပဲပြောရပါမယ်။
ဒီနေရာမှာ မေးခွန်းရှင်သိလိုတာက အကုသိုလ် အနည်းအများကို သိချင်တာဖြစ်တယ်။ဒါကြောင့်..
ဝါလတ်လှေများ၊ငါးဝိုင်းလေများနဲ့ပါဝင်ပတ်သက်တဲ့သူများကို စာရင်းကောက်ကြည့်တော့ လှေပိုင်ရှင်၊ ငါးဆရာ၊ ရေရှူး၊ ငါးဖမ်းလုပ်သားများ(လှေသားများ)၊ ပဲ့နင်း၊စက်မောင်းသူ၊ ကုန်းပေါ်ဈေးဝယ်ပေးသူ လို့ သိရပါတယ်။
ထိုသူများအနက် ငါးဖမ်းခိုင်းတဲ့လှေပိုင်ရှင်၊ငါးများများရဖို့ ငါးအုပ်ကို ရှာရတဲ့ ငါးဆရာ၊ ရေရှူး ၊ ငါးဖမ်းသမားများကတော့ ပါဏာတိပါတကံထိုက်ကြတဲ့သူများဖြစ်ကြတယ်။
ပါဏာတိပါတကံထိုက်တဲ့သူများအနက်အကုသိုလ်ဝေစုအများဆုံးရရှိသူက လှေပိုင်ရှင်ဖြစ်တယ်။ ဒုတိယအကုသိုလ်အများဆုံးက ငါးများများရနိုင်အောင် ကြောင့်ကြအစိုက်ရဆုံးဖြစ်တဲ့ ငါးဆရာနဲ့ သူခိုင်းတဲ့အတိုင်းလိုက်လုပ်ရတဲ့ ရေရှူး တို့ပဲဖြစ်ပါတယ်။ တတိယအကုသိုလ်အများဆုံးက ငါးဖမ်းတဲ့ လှေသမားများဖြစ်တယ်။
ပဲ့နင်းနဲ့စက်ဆရာကျတော့ ငါးဖမ်းရာမှာလဲမပါတဲ့အပြင် ငါးဆရာညွန်တဲ့လမ်းအတိုင်း လှေကိုမောင်းပေးရပါတယ်။ စက်ဆရာဆိုရင်လဲ စက်သာမောင်းနေရတာ ငါးဖမ်းတဲ့နေရာမှာ မပါဝင်ပါဘူး။ ဒါကြောင့် ပဲ့နင်းနဲ့စက်ဆရာကတော့ ပါဏာတိပါတကံ မထိုက်တာကများပါတယ်။ အကုသိုလ်ဖြစ်တောင်မှ အနည်းဆုံးပဲ ဖြစ်ကြမှာပါ။ နောက်ဆုံးတစ်ယောက်က ကုန်းပေါ်က ဈေးဝယ်သူပါ။သူက ပိုင်ရှင်ခိုင်းတဲ့အတိုင်း ဈေးသာဝယ်ပေးရတဲ့အတွက် ပါဏာတိပါတကံမထိုက်ပါဘူး၊ တကယ်လို့ အကုသိုလ် ဖြစ်တယ်ဆိုတာတောင်မှ မပြောပလောက်ပါဘူး။
ဓမ္မပဒအဋ္ဌကထာ၊ ကုက္ကုဋမုဆိုးဝတ္ထု မှာ သောတာပန်မယားက လင်တော်မောင်မုဆိုးကြီးရဲ့လုပ်ငန်းအတွက် လေးမြားစတာတွေ ယူပေးပါတယ်။ အဲဒီမှာ ရဟန်းတော်များက သောတာပန်ပုဂ္ဂိုလ်ဟာ ပါဏာတိပါတအမှုပြုသေးလားဆိုတဲ့ ပြဿနာကို ပြောဆိုနေကြတယ်၊ ဘုရားရှင်ရောက်တော်မူလာလို့ မေးတော်မူတဲ့အခါ သောတာပန်သူ့အသက်သတ်သေးလားဆိုတဲ့ပြဿနာကို ပြောဆိုနေကြတယ်လို့ ရဟန်းတော်များက ပြန်ဖြေပါတယ်။ အဲဒီမှာဘုရားရှင်က “သောတာပန်ဟာ သူ့အသက်ကိုဘယ်တော့မှ မသတ်တော့ပါဘူး။ လင်ရဲ့အလိုကို ၀တ္တရားအရပြုလုပ်ပေးနေရပေမဲ့ သေစေလိုတဲ့စိတ်မရှိတဲ့အတွက် ပါဏာတိပါတကံမထိုက်ပါဘူး။ ဥပမာ အနာမရှိတဲ့လက်နဲ့အဆိပ်ကိုကိုင်ရင် ထိုလက်ကို အဆိပ်မလောင်နိုင်သလို သတ်လိုတဲ့စိတ်မရှိတဲ့အတွက် လေးမြားယူပေးသော်လဲ အပြစ်မဖြစ်ပါ” လို့ မိန့်ကြားတော်မူပါတယ်။
ဒီကုက္ကုဋမုဆိုးဝတ္ထုသာဓကအရဆိုရင် ပဲ့နင်း၊ စက်ဆရာ၊ကုန်းပေါ်ဈေးဝယ်ပေးသူ သုံးဦးဟာ သေစေလိုတဲ့စိတ်မပါရင် အကုသိုလ်မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီသုံးဦးကလဲ ငါးဖမ်းရာမှာ ငါးများများရဖို့ မျှော်လင့်နေကြမယ်ဆိုရင်တော့ အကုသိုလ်ဖြစ်ကြမှာပါ။ တကယ်တန်း ပြောရရင် အကုသိုလ်ဆိုတာ နည်းတာဖြစ်စေ များတာဖြစ်စေ ဘာအကုသိုလ်မှမကောင်းဘူးဆိုတာကိုတော့ သတိထားစေချင်ပါတယ်။ ဒီအဖြေရဲ့အဓိကအရေးကြီးတာက ပါဏာတိပါတထိုက်တဲ့အင်္ဂါလေးချက်နဲ့ ကိုယ်ညီလား၊ မကိုက်ညီလားဆိုတာာပါပဲ။
အချုပ်ပြောလိုတာက အကုသိုလ်မှန်သမျှ ရှောင်ကြဉ်ကြ၊ ကုသိုလ်မှန်သမျှ အားထုတ်ကြ၊ စိတ်ကို ဖြူစင်အောင်ထား ဆိုတဲ့ ဘုရားရှင်ရဲ့သြ၀ါဒတော်တိုင်း လိုက်နာနိုင်က အကောင်းဆုံးပါလို့ပြောရင်း……..

Friday, October 8, 2010

ဒု-သ-န-သော

အမေး။ ။ အရှင်ဘုရား…. ဒု သ န သော ဆိုတဲ့စကာလုံးလေးလုံးရဲ့အဓိပ္ပါယ်သက်သက်ကိုသာ တပည့်တော်သိချင်ပါတယ်၊ တပည့်တော် နဲ့အတူ သိချင်နေကြတဲ့သူများအားလုံးအတွက် ရှင်းရှင်းလင်းလင်းဖြေကြားပေးတော်မူပါဘုရား။
မောင်ပြည့်စုံ
ရန်ကုန်

အဖြေ။ ။မောင်ပြည့်စုံရေရဲ့ မေးခွန်းအရဆိုရင် အဖြေကို အကျယ်မသိချင်ဘဲ တိုကျဉ်းလိုရင်းသိချင်နေပုံရတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် “ဒု သ န သော” ရဲ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို မဖေါ်ပြတော့ပါဘူး။ အဓိပ္ပါယ်ကို တိုကျဉ်း လိုရင်းလေးပဲ ပြန်ပေးလိုက်ပါတယ်။
‘ဒု’ ဆိုတဲ့စကားလုံးရဲ့ အပြည့်အစုံက “ ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော”ဖြစ်ပါတယ်။ ဒီဂါထာရဲ့အဓိပ္ပါယ်က.. “ ငါတို့ဟာ မကောင်းတဲ့အသက်မွေးခြင်းနဲ့ အသက်မွေးခဲ့ကြတယ်။စည်းစိမ်ဥစ္စာများ ထင်ရှားရှိရက်နဲ့ မပေးလှူခဲ့ကြရဘူး။ ငါတို့မှီခိုအားကိုးရာတစ်ခုဖြစ်တဲ့ ကုသိုလ်ကောင်းမှုကို မပြုခဲ့ကြရဘူး”။
‘သ’ ဆိုတဲ့စကားလုံးရဲ့အပြည့်အစုံက သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ ဒီဂါထာရဲ့ အဓိပ္ပါယ်က.. “ငါတို့ဟာ လောဟကုမ္ဘီငရဲမှာ အနှစ်ခြောက်သောင်း ခံခဲ့ရပြီးပြီ၊ ဘယ်အခါမှ အဆုံးနိုင်ပါ့မလဲ”။
‘န’ စကားလုံးရဲ့အပြည့်အစုံက “နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ” ဖြစ်ပါတယ်။ ဒီဂါထာရဲ့အဓိပ္ပါယ်က.. “ ငါတို့အား အဆုံးအပိုင်းအခြားမရှိ၊ ငရဲရဲ့အဆုံးဟာ ဘယ်မှာရှိတော့မလဲ၊ ငရဲခံရတဲ့ အပိုင်းအခြားက မထင်ရှား။ ငါတို့ လူဖြစ်ခဲ့စဉ်က မကောင်းမှုကို ပြုခဲ့မိပြီ”။
‘သော’ စကားလုံးရဲ့အဓိပ္ပါယ်က.. “သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ” ဖြစ်ပါတယ်။ အဓိပ္ပါယ်က.. ငါဟာ ဒီငရဲမှ လွတ်ပြီး လူ့ဘ၀ကို ရတဲ့အခါ အလှူခံပုဂ္ဂိုလ်တို့ရဲ့စကားကို သိနားလည်ကာ သီလပြည့်စုံစွာနဲ့ ကုသိုလ် ကောင်းမှုတို့ကို များစွာ ပြုလုပ်တော့မယ်”။ ဒါဟာ ဒု သ န သော ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်အကျယ်ဖြစ်ပါတယ်။
(ဓမ္မပဒအဋ္ဌကထာ၊ဗာလ၀ဂ်၊ အညတရပုရိသ၀တ္ထု)

သတ္တာဝါသ ဘုံကိုးဝနှင့်ဝိဥာဏဌိတိအဓိပ္ပါယ်

အမေ။ ။အရှင်ဘုရား…အမျှဝေတဲ့လင်္ကာမှာ မပြတ်စဉ်လာ၊သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဌိတိ၊ တည်ရှိခုနှစ်ပါး၊ ဆိုတာကို သဘောမပေါက် တဲ့အတွက် တပည့်တော်ကိုဖြေကြားပေးတော်မူပါဦးဘုရား။
မောင်အောင်မျိုးလွင်
ရုရှား(ခေတ္တ)

အဖြေ။ ။ဝိညာဏဌိတိ ၊တည်ရှိခုနှစ်ပါးဆိုတာ ပဋိသန္ဓေ၀ိညာဏ်ရဲ့တည်ရာ ခုနှစ်ပါးကို ပြောပါတယ်။ ခုနှစ်ပါးသရုပ်ကိုပြောရရင်..
(၁) လူ့ပြည်၊ နတ်ပြည်ခြောက်ထပ်မှာ ဖြစ်ကြတဲ့ သတ္တ၀ါများမှာ ကိုယ်သဏ္ဍန်က အထူးထူးအပြားပြားရှိပြီး၊ ပဋိသန္ဓေစိတ်လည်းအမျိုးမျိုးရှိတဲ့ အတွက် နာနတ္ထကာယ၊ နာနတ္ထသညီမည်တယ်။
(၂) ပထမဈာန် ၃ ဘုံ၊ အပါယ်လေးဘုံ ဒီခုနှစ်ဘုံမှာဖြစ်ကြတဲ့သတ္တ၀ါများမှာ ကိုယ်သဏ္ဍန်က အထူးထူးအပြားပြားရှိပြီး၊ ပထမဈာန် ၃ ဘုံမှာတော့ ပထမဈာန်ဝိပါက်စိတ်ဆိုတဲ့ ပဋိသန္ဓေစိတ်ဖြစ်ပြီး၊ အပါယ်လေးဘုံမှာတော့ အကုသလ၀ိပါက်သန္တီရဏစိတ်ဆိုတဲ့ ပဋိသန္ဓေစိတ်တစ်ခုစီသာဖြစ် ကြပါတယ်။ ဒါကြောင့် ဒီခုနှစ်ဘုံမှာ ကိုယ်သဏ္ဍန်က အမျိုးမျိုးဖြစ်ပြီး၊ ပဋိသန္ဓေစိတ်ကတော့တစ်မျိုးစီသာရှိပါတယ်။ဒါကြောင့် နာနတ္ထကာ၊ ဧကတ္ထသညီမည်တယ်။
(၃) ဒုတိယဈာန်သုံးဘုံမှာဖြစ်ကြတဲ့သတ္တ၀ါများရဲ့ ကိုယ်သဏ္ဍန်အရောင်အ၀ါက တူကြပြီး၊ ဒုတိယဈာန်ဝိပါက်စိတ်၊ တတိယဈာန်ဝိပါက်စိတ်ဆိုတဲ့ ပဋိသန္ဓေစိတ်အမျိုးမျိုး ရှိကြတယ်။ဒါကြောင့် ဧကတ္ထကာယ၊ နာနတ္ထသညီမည်တယ်။
(၄) တတိယဈာန် ၃ ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊သုဒ္ဓါဝါသ ၅ ဘုံတို့မှာဖြစ်ကြတဲ့ သတ္တ၀ါများရဲ့ကိုယ်ဏ္ဍန်မှာ တူညီကြပြီး၊ပဋိသန္ဓေစိတ်ကလဲ စတုက္ကနည်း အားဖြင့် စတုတ္ထဈာဝိပါက်စိတ် တစ်မျိုးသာရှိပါတယ်။ဒါကြောင့် ဧကတ္ထကာယ ဧကတ္ထသညီမည်တယ်။
(၅-၆-၇)အာကာသာနဉ္စာယတန (၆)၀ိညာဏဉ္စာယတန (၇)အာကိဉ္စညာယတန ဆိုတဲ့ အရူပသုံးဘုံတို့ရဲ့သတ္တ၀ါများဟာ ပဋိသန္ဓေ၀ိညာဏ်စိတ် တစ်မျိုးစီသာ ဖြစ်ကြတယ်။ တစ်ဘုံစီယူရင် ၀ိညာဏဌိတိ ၇ ပါးဖြစ်တယ်။
တဖန် သတ္တာဝါသ ဘုံကိုးဝဆိုတာက အထက်ဖေါ်ပြပါ ၇ ပါးမှာ နေ၀သညာနာသညာဘုံတစ်ပါးနဲ့အသညသတ်ဘုံတို့ကိုထည့်ပြီး ဘုံကိုးပါးယူရပါတယ်။

Thursday, October 7, 2010

ရဟန်းဘ၀အမြင်

“အရှင်ဘုရား…..တပည့်တော်တို့မှာတော့ စားဝတ်နေရေးအတွက်ရှာဖွေရတာ နေ့စဉ်မိုးသောက်ပါပဲ၊ မျက်စိနှစ်လုံးပွင့်လာက တည်းက ရှာဖွေကြရပါတယ်။ဒီလိုရှာဖွေရတဲ့အခါမှာ အဆင်ပြေတဲ့အခါဆိုတော်ပါရဲ့ဘုရား၊ အလုပ်အကိုင်အဆင်မပြေတဲ့အခါမျိုးဆိုရင် စိတ်ဖိစီးမှုတွေ၊စိတ်ဆင်းရဲမှုတွေနဲ့ များစွာကြုံရပါတယ်ဘုရား၊ ဒါကြောင့်လဲ ပြည်ပမှာအချို့သူများဟာ စိတ်ဖိစီးမှုများတဲ့အတွက် မခံနိုင်လို့ ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့အထိတောင်ဖြစ်ကြရတယ်ဘုရား။ဒါဟာ လူသားတွေရဲ့ နေ့စဉ် တွေ့ကြုံရတဲ့ ပရိယေသန ဒုက္ခတွေပါဘုရား၊ အရှင်ဘုရားတို့မှာတော့ အေးဆေးလိုက်တာ အချိန်ကျရင် ဆွမ်းက အဆင်သင့်ပဲ၊ စားဝတ်နေရေးအတွက် ပူစရာမလိုဘူး လို့ထင်ပါတယ်ဘုရား။ တပည့်တော်တို့နဲ့နှိုင်းယှဉ်ရင် အရှင်ဘုရားတို့ရဲ့ရဟန်းဘ၀ဟာ အေးချမ်းလှပါတယ်ဘုရား” ။

အထက်ပါစကားများဟာ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေရှာတဲ့ ရင်းနှီးတဲ့အမျိုးသမီးတစ်ဦးထံက အီးမေးလ်ပို့လာတဲ့ စာထဲမှ အချို့ဖြစ်ပါတယ်။ လူ့ဘ၀နဲ့ရဟန်းဘ၀ဟာ မတူညီတာမှန်ပေမဲ့လို့ လူ့ဘ၀အနေတတ်ရင် အထက်တန်းရောက်နိုင်သလို၊ ရဟန်းဘ၀မှာ မနေတတ်ရင် အဆင့်အတန်းနိမ့်ကျပြီး အပါယ်ငရဲကျရောက်ရပါလိမ့်မယ်။ တကယ်တော့ ရဟန်းဘ၀ဆိုတာ စားဝတ်နေရေးအတွက် ပင်ပင်ပမ်းပမ်းမရှာဖွေရဘူး ဆိုပေမဲ့ ဓါးသွားပေါ်လမ်းလျှောက်နေရတဲ့ဘ၀ အနေခက်လှတယ်ဆိုတာ သိစေချင်ပါတယ်။ ရဟန်းတို့စောင့်ထိန်းရတဲ့ သီလကိုကြည့်မယ်ဆိုရင် သိက္ခပုဒ်ပေါင်း ၂၂၇ပုဒ်ရှိတဲ့အပြင် အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိပါ တယ်။ ဒီသိက္ခာပုဒ်တွေကို သတိကြီးစွာထားပြီး စောင့်ထိန်းကြရပါတယ်။ စာဖတ်သူများသိအောင် ရဟန်းဘ၀အမြင်ကို တင်ပြပေးလိုပါတယ်။
အခါတစ်ပါး ဘုရားရှင်ဟာ ရဟန်းသံဃာတော်များနဲ့အတူ ကုရုတိုင်းကြီးအတွင်း ဒေသစာရီကြွချီတော်မူခဲ့ရာ ကုရုတိုင်းသူ-တိုင်းသားတို့နေထိုင်ရာ ထုလ္လကောဌိက နိဂုံးကြီးတစ်ရွာကို ရောက်ရှိတော်မူပါတယ်။ ဘုရားရှင်ဟာ နောက်ပါသံဃာတော်များစွာနဲ့အတူ ထိုနိဂုံးရွာကြီးရဲ့မနီးမဝေး တောအုပ်ကြီးအတွင်း သီတင်းသုံးနေတော်မူပါတယ်။ ဘုရားရှင်ဟာ ခရီးတစ်ခုကို ကြွတော်မူတယ်ဆိုတာ အကြောင်းရှိလို့သာကြွတာပါ၊ အကြောင်းမဲ့မကြွတတ်ပါဘူး။ အခုလဲ ဒီထုလ္လကောဌိကနိဂုံးရွာမှာ နေထိုင်တဲ့ သူဌေးသား တစ်ယောက်ကို အကြောင်းပြုပြီး ကြွတော်မူခဲ့တာပါ။ သူဌေးသားရဲ့နာမည်က ‘ရဋ္ဌပါလ’ ဖြစ်ပါသတဲ့။ ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်ဟာ ကျွတ်တန်းဝင်မဲ့သူ တစ်ဦးလောက်ပဲရှိစေဦးတော့ ထိုသူရှိတဲ့နေရာဆီသို့ ကိုယ်တော်တိုင်အပင်ပမ်းခံကာ ကြွတော်မူခဲ့ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အတုမရှိ ကရုဏာမေတ္တာတော်တွေပါပဲ။
ဘုရားရှင်ဟာ ထုလ္လကောဌိကနိဂုံးရွာသူ-ရွာသားများအား တရားဟောတော်မူပါတယ်။ တရားနာပရိသတ်ရဲ့အစွန်ဆုံးမှာ ရဋ္ဌပါလသူဌေးသားလဲတရားလာနာပါတယ်။ တရားအဆုံးမှာ ရဋ္ဌပါလသူဌေးသားဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့တရားတော်အပေါ် သူ့အမြင်ကို သုံးသပ်တယ်။ ဘုရားရှင်ဟောတော်မူတဲ့တရားအရဆိုရင်တော့ လူ့ဘောင်မှာနေလို့မသင့်၊ ရဟန်းဘောင်တက်ပြီး ကျင့်မှဖြစ် မယ်ဆိုတာကို သဘောပေါက်တယ်။ဒါနဲ့ အမိအဘများထံခွင့်ပန်တယ်၊ ဒီနေရာမှာတိုတိုပဲပြောရအောင်။ ရဟန်းပြုခွင့်ရတယ်ဆိုရင်ပဲ ဘုရားရှင်ထံပြန်လာပြီး ရဟန်းပြုပါတယ်။ဒီလိုနဲ့ ရဋ္ဌပါလရဟန်းတော်ဟာ ဘုရားရှင်နဲ့အတူ သာဝတ္ထိမြို့ကို လိုက်ပါလာခဲ့ပါတယ်။
သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်ရောက်တယ်ဆိုရင်ပဲ အရှင်ရဋ္ဌပါလဟာ တစ်ပါးတည်း ဆိတ်ငြိမ်တဲ့နေရာကို သွားပြီး တရားအားထုတ်လိုက်တာ ရက်အနည်းငယ်အတွင်း အာသဝေါကင်းကွာရဟန္တာဖြစ်တော်မူခဲ့ပါတယ်။ တစ်နေ့ ရဟန်းတော်ဟာ ဘုရားရှင်ထံခွင့် ပန်ကာ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ထုလ္လကောဌိကနိဂုံးရွာကို ပြန်ကြွတော်မူလာခဲ့တယ်၊ ကုရုတိုင်းရဲ့တစ်နေရာရောက်တော့ မင်းရဲ့ ဥယျာဉ်တော်အတွင်း နေ့သန့်စင်တော်မူနေပါတယ်။ ထိုအခိုက် ဥယျဉ်မှုးက သူဌေးသားရဟန်းတော် ဥယျာဉ်တော်အတွင်း ရောက်နေပါကြောင်း ကောရဗျမင်းအား အကြောင်းကြားလိုက်ပါတယ်။
ကောရဗျမင်းဆိုတာက ကုရုတိုင်းကို အစိုးရတဲ့ရှင်ဘုရင်ဖြစ်တယ်။ ဘုရင်ကြီးဟာ ရဋ္ဌပါလသူဌေးသား ဘာ့ကြောင့်ရဟန်းပြုတယ် ဆိုတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေပါတယ်။ မင်းကြီးအံ့သြမယ်ဆို လဲအံ့သြစရာပါပဲ။ အရွယ်ကြည့်ပြန်ရင်လဲ ငယ်ရွယ်သူဖြစ်သလို သူဌေးသားလဲဖြစ်တော့ ကာမဂုဏ်တွေကို အလိုရှိတိုင်းသုံးဆောင်နိုင်တဲ့အခွင့်အရေးလဲရှိနေတယ်။ ကျန်းမာရေးကလဲကောင်းနေတယ်၊ ဒီလို လောကီစည်းစိမ်မျိုးကို ဘယ်သူမှ အဆုံးရှုံးခံမှာမဟုတ်ဘူး။ အခုတော့ ရဋ္ဌပါလသူဌေးသားဟာ သူထင်ထားတာနဲ့တစ်ခြားစီ ကာမဂုဏ်စည်းစိမ်အားလုံးကိုစွန့်ပြီး ရဟန်းပြုသွားတယ်။ ဒါနဲ့စပ်ပြီး ဘုရင်ကြီးဟာ သူဌေးသားအပေါ် အရမ်းစိတ်ဝင်စားနေတာကြောင့် ရဟန်းကိုတွေ့မြင်သူရှိရင် အကြောင်းကြားရမယ်လို့ အမိန့်တော်ရှိထားတာဖြစ်တယ်။
ဒါကြောင့်လဲ ဥယျာဉ်စောင့်တဲ့လူဟာ ရဟန်းကိုမြင်လို့ ဘုရင်ကြီးအား လျှောက်ခြင်းဖြစ်တယ်။ ကောရဗျမင်းလဲ ချက်ချင်းဆိုသလို မင်းဥယျာဉ်တော်သို့ ရောက်လာကာ ရဋ္ဌပါလရဟန်းတော်အား ရှိခိုးဦးချပြီး “အရှင်ဘုရား…. လောကမှာ ကံမကောင်းအကြောင်းမလှ ဒုက္ခရောက်လို့ပဲဖြစ်စေ၊ အနာရောဂါ ထူပြောပြီး ကျန်းမာရေးမကောင်းလို့ပဲဖြစ်စေ၊ စီးပွားဥစ္စာများဆုံးပါးကာ ဘ၀မှာ ရစရာမရှိအောင် ဆင်းရဲသွားလို့ပဲ ဖြစ်စေ၊ အိုမင်းမစွမ်းလို့ပဲဖြစ်စေ အကြောင်းကြောင်းကြောင့် ရဟန်းပြုကြတာ တွေ့ရပါတယ်ဘုရား၊ အခုတော့အရှင်ဘုရား မှာ အရွယ်ကလဲငယ်ူ၊ကျန်းမာရေးကလဲကောင်း၊ စီးပွားဥစ္စာများလဲ ချမ်းသာနေပါရက်နဲ့ ဘာ့ကြောင့် ရဟန်းပြုရတာလဲဘုရား”… လို့ ရဟန်းတော်အားမေးလျှောက်ပါတယ်။
ထိုအခါ ရဟန်းတော်ဟာ သူလူ့ဘ၀ဖြစ်စဉ်တုန်းက ရဟန်းဘ၀သို့ မရောက်ရောက်အောင်တွန်းပို့ပေးလိုက်တဲ့ ဓမ္မသဘာဝတရား လေးမျိုးကို ဘုရားရှင်ထံမှ နာယူခဲ့ရတဲ့အတိုင်း ပြန်လည်မိန့်ကြားတော်မူပါတယ်။
(၁) “ဒကာတော်မင်းကြီး…..သတ္တလောကကြီးအတွင်း ရှိကြတဲ့ လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးဟာ သတ္တ၀ါရယ်လို့ ဖြစ်လာကတည်းက စက္ကန့်၊ မိနစ်၊နာရီ ၊ နေ့၊ ရက်၊ လ၊ နှစ် တဖြေးဖြေးနဲ့ကြီးရင့်လာကြတယ်။ ဒါဟာ မွေးလာကတည်းက အိုခြင်းတရားကြီးဟာ အချိန်နဲ့အမျှ ကြီးရင့်အောင် တွန်းပို့ ခံနေကြရတာပါ။ ဒါတင်မက နောက်ဆုံးဘ၀တစ်ခုရဲ့အဆုံးနိဂုံ်းဖြစ်တဲ့ သေခြင်းတရားဆီကိုလဲ တွန်းပို့ခံနေကြ ရပါတယ်။ ဒါကြောင့်လဲ သတ္တ၀ါတွေဟာ အိုမှု သေမှု အဆင့်ဆင့်တွန်းပို့ခံနေကြရတဲ့အတွက် မတည်မြဲကြဘူး၊ ဘာ့ကြောင့်ဆိုရင် ကြီးရင့်မှုမရှိတဲ့ဘ၀၊ သေခြင်းမရှိတဲ့ဘ၀ရယ်လို့ မရှိလို့ပါပဲ။
ကျုပ်ဟာ လူ့ဘ၀တုန်းက ချမ်းသာတယ်၊ငယ်ရွယ်တယ်၊ ကျန်းမာရေးကောင်းတယ်ဆိုပေမဲ့ ကြီးရင့်ခြင်း၊သေခြင်းဆိုတဲ့ သဘာဝ တရားတွေရဲ့ အတွန်းပို့ကိုခံနေရသူတစ်ဦးပါ။ ကျုပ်သာမဟုတ် အရှင်မင်းကြီးလဲ ထို့အတူပါပဲ၊ သူဌေးသား၊ဆင်းရဲသား၊ကုန်သည်၊လယ်လုပ် စတဲ့အလွှာအသီးသီးမှာ ရှိနေကြတဲ့ သူများအားလုံး ကြီးရင့်ခြင်း၊သေခြင်းတရားတွေရဲ့ အတွန်းအပို့ကို မခံချင်ဘဲခံနေကြရပါတယ်။ ထိုမျှသာမက သုံးဆယ့်တစ်ဘုံရှိ လူနတ်ဗြဟ္မာသတ္တ၀ါအားလုံးလဲ ထိုနည်းတူစွာပါပဲ။
သတ္တ၀ါများဟာ အထက်ကပြောခဲ့သလို အဆင့်ဆင့်တွန်းပို့မှု ခံနေကြရတာဟာ ဘာ့ကြောင့်လဲဆိုရင် ကိလေသာတဏှာတရား ကြောင့်လို့ပြောရပါလိမ့်မယ်။ ဓမ္မစင်္ကြာသုတ်တော်မှာ အကြင်ကိလေသာတဏှာတရားဟာ ဘ၀အသစ်ကို တစ်ဖန်ဖြစ်စေတတ်တယ် လို့ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ လက်သည်တရားခံဖြစ်တဲ့ ကိလေသာတရားတွေကို အရင်ရှင်းမှာရပါ့မယ်။ ကိလေသာကသုံးမျိုးရှိတယ်။ (က) ၀ိတိက္ကမကိလေသာ…တဲ့။ ၀ိတိက္ကမကိလေသာဟာ ကိုယ်နဲ့နှုတ်လွန်ကျုးတဲ့ အကြမ်းစား ကိလေသာဖြစ်တယ်။ ဒီဝိတိက္ကမ ကိလေသာကိုတော့ သီလနဲ့ပယ်ရပါတယ်။ (ခ) ပရိယုဋ္ဌာနကိလေသာ..တဲ့။ ပရိယုဋ္ဌာနကိလေသာက စိတ်ထဲမှာ ထကြွသောင်းကျန်းတဲ့ အလတ်စားကိလေသာ ဖြစ်တယ်။ ထိုပရိယုဋ္ဌာနကိလေသာကိုတော့ သမာဓိနဲ့ပယ်ရပါတယ်။ (ဂ) အနုသယကိလေသာ…တဲ့။ အနုသယကိ လေသာဟာ ဘ၀သံသရာအဆင့်ဆင့်က ကိန်းအောင်လာခဲ့တဲ့ ကိလေသာတွေပါ။ ဒါဖြင့် ဒီအနုသယကိလေသာတွေက ဘယ်နားမှာ ကိန်း အောင်းနေပါလဲလို့မေးကြည့်မယ်ဆိုရင် ဥပမာ မီးဟာ မီးချစ်ဆံမှာလဲမရှိဘူး၊ မီးခြစ်ကျောက်မှာလဲ မရှိပါဘူး၊ မီးခြစ်ဘီးမှာလဲမရှိပါဘူး။ ဒါပေမဲ့ အားလုံးတိုက်ဆိုင်စွာ ခတ်မိတဲ့အခါမှသာ မီးပွင့်လာရသလို အနုသယကိလေသာတွေဟာ အကြောင်းတိုက်ဆိုင်မှုရှိမှ ဖြစ်ပေါ်လာကြတာပါ။ လောဘ၊ဒေါသ ဖြစ်ဖွယ်ရာအာရုံတွေနဲ့ကြုံတဲ့အခိုက်မှာသာ လောဘ၊ဒေါသကိလေသာတွေဟာ ဘွားကနဲပေါ်လာကြ တာပါ။ အကြောင်းမတိုက်ဆိုင်ဘူးဆိုရင် ကိုယ့်သဏ္ဍာန်မှာ အနုသယအနေနဲ့ပဲကိန်းအောင်းနေပါတယ်။ ထိုအနုသယကိလေသာတို့ကိုတော့ ပညာနဲ့ပယ်မှရပါတယ်။
ဒါကြောင့် အိုခြင်း၊ သေခြင်း ဆိုတဲ့ ဓမ္မသဘာဝတရားတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် တရားခံဖြစ်တဲ့ကိလေသာတွေကို ပယ်သတ်ဖို့အတွက် ရဟန်းဘ၀ဟာ အသင့်တော်ဆုံးပါ။ ရဟန်းဘ၀မှာ အိုမှု၊နာမှုမှ ထွက်မြောက်ကြောင်း ကောင်းမြတ်တဲ့ သီလ၊သမာဓိ၊ပညာတရားများကို အပြည့်အ၀ကျင့်သုံးနိုင်ပါတယ်။ ဒီလိုကျင့်သုံးနိုင်အောင်ဖို့အတွက် “ထောင်မြင်ရာစွန့်”ဆိုတဲ့အတိုင်း တန်ဖိုးနည်းတဲ့ကာမဂုဏ်စည်းစိမ်ချမ်းသာတွေကို စွန့်လွတ်ကာ ရဟန်းဝတ်လာခဲ့ရခြင်းဖြစ်တယ်”…။
(၂)ဒကာတော်မင်းကြီး…သတ္တ၀ါတွေဟာ ဘေးရောဂါဆိုးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အားကိုးစရာရှာကြတာ သဘာဝပါ။ ဒါပေမဲ့ သတ္တ၀ါတွေမှာ ရောဂါဆိုးကြီးတွေမှ ကင်းလွတ်အောင် စွမ်းဆောင်ပေးနိုင်တဲ့သူ အားကိုးရတဲ့သူကိုရှာဖွေလို့ မတွေ့ရတဲ့အတွက် အားငယ်နေကြရသူတွေပါ။ ဒါကြောင့်လဲ ဘုရားရှင်က လောကမှာမိဘသားသမီးမကယ်နိုင်တဲ့ဘေးဆိုးကြီးတွေဆိုတာရှိတယ်။ အဲဒါကို “အမာတာ ပုတ္တိကဘယာတိနာမ” လို့စာပေကဆိုပါတယ်။ အိုမှု နာမှု သေမှုတွေနဲ့ရင်ဆိုင်ရပြီဆိုရင် မိဘကလဲသားသမီးကို မကယ်နိုင်သလို သားသမီးကလဲ မိဘကို မကယ်နိုင်ကြ။ တောင်မင်းကို မြောက်ကမင်းမကယ်နိုင်ဆိုသလိုပါပဲ။
ပြီးတော့ ဒီလို အို နာ သေဆိုတဲ့ဘေးဆိုးကြီးတွေကို မရင်ဆိုင်ချင်လို့ ရင်ဆိုင်ရမှာကြောက်လို့ဆိုပြီး တောင်အောက်လှိုဏ်ဂူမှာပဲ ပုန်းပုန်း၊ သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးကြမ်းပြင်အောက်မှာပဲ ပုန်းပုန်း၊ ကောင်းကင်ပေါ်မှာပဲပုန်းပုန်း၊ ဘယ်လိုပဲပုန်းပုန်း ဒီဘေးဆိုးတွေက ပြေးလို့လွတ်မှာ မဟုတ်ဘူး။ ဒီလိုပါပဲ ကျုပ်လဲ သူဌေးသားဆိုပေမဲ့ ဒီဘေးဆိုးကြီးတွေနဲ့ရင်ဆိုင်ရအုံးမှာအမှန်ဖြစ်တယ်။ဒါကြောင့် ဒီဘေးဆိုးကြီးတွေနဲ့ မရင်ဆိုင်ရလေအောင် ဘေးဆိုးတွေကလွတ်ရာလွတ်ကြောင်း ကောင်းမြတ်တဲ့မဂ္ဂင် အကျင့်တရားတွေကို ကျင့်သုံးဖို့ မြတ်ဘုရားထံမှာ ရဟန်းဝတ်ခဲ့သူဖြစ်ပါတယ်..”။
(၃)ဒကာတော်မင်းကြီး…..သတ္တ၀ါတွေမှာကိုယ်ပိုင်ဥစ္စာ မရှိကြဘူး။ ကိုယ်ပိုင်ဆိုင်တယ်လို့မှတ်ထင်နေတဲ့အရာတွေကို မပြောက်ပျက်သွား အောင် ဆုတ်ကိုင်ထားလို့မရပါဘူး။ တစ်နေ့ကျရင် ကိုယ်ချစ်လှတဲ့ သက်ရှိသက်မဲ့အရာမှန်သမျှကို စွန့်ခွါသွား ကြရမှာအမှန်ပါ။ ဒါကြောင့် ယခုလက်ရှိဘ၀မှာ ကိုယ့်သဘောအတိုင်းဆုတ်ကိုင်ထားလို့မရတဲ့ပစ္စည်းဥစ္စာတွေကို ကိုယ်ပိုင်ဖြစ်အောင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုနဲ့ ပြောင်းလဲယူရမှာပါ။ မိမိနဲ့ပတ်သက်တဲ့ ဇနီးမယား၊သမီးသား၊ လင်သားဆွေညာများဟာ ဘယ်လောက်ပဲ ချစ်ခင်ပါတယ်ပြောပြော၊ မခွဲနိုင်ဘူးလို့ပဲပြောပြော၊ တစ်နေ့ကျရင် ကိုယ့်ကိုယ်စွန့်ခွာသွားကြမြဲဖြစ်တယ်ဆိုတာ လက်ရှိဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ငြင်းစရာမရှိ တော့။ ကိုယ်နဲ့ပတ်သက်တာတွေကို မပိုင်ဆိုင်သလို၊ မိမိကိုယ်ကိုလဲ မပိုင်ဆိုင်ပါ၊ ဒီလိုအကြောင်းအရာတွေကို ဘုရားရှင်က လမ်းကြောင်းညွန်ပြတော်မူခဲ့တဲ့အတွက် အသိအမြင်တိုးတက်လာရခြင်းဖြစ်တယ်။ ဒီလိုနဲ့ ကျုပ်လဲ တစ်နေ့မှာ အားလုံးကို စွန့်ခွာပြီး ဘ၀ခန္ဓာဟောင်းကို စွန့်ခွာသွားကြရမှာဖြစ်တဲ့အတွက် ကျုပ်ဟာ ရဟန်းဘ၀ရောက်လာရခြင်းဖြစ်ပါတယ်..”။
(၄)ဒကာတော်မင်းကြီး…. သတ္တ၀ါတွေဟာ ဘယ်လောက်ပဲ ပြည့်စုံတယ်ပြောပြော လိုချင်မှုတရားတွေကို ထိန်းချုပ်လို့မရပါ။ တစ်ထောင်ရသူက တစ်သိန်းလိုချင်တယ်၊တစ်သိန်းရလာသူက တစ်သန်းလိုချင်တယ်၊ ရသမျှနဲ့မရောင့်ရဲနိုင်ဘူး။ အမြဲတမ်းလိုချင်နေ ပါတယ်။ တဏှာကခိုင်းတဲ့အတိုင်း အငြင်းသာ လုပ်ဆောင်ပေးနေရတဲ့အတွက် သတ္တ၀ါအားလုံးဟာ တဏှာ့ကျွန်တွေချည်းပါပဲ၊ အားလုံးဟာ တဏှာဆိုတဲ့ အရှိန်ဝါရှိတဲ့သူရဲ့ ခိုင်းစေမှုကို အမြဲတမ်းလိုက်နာကာ လုပ်ဆောင်ပေးနေကြရတာပါ။ ဘာလေးစားချင်တယ်ဆိုရင် ကိုယ်တိုင်ပဲ ရအောင်ရှာဖွေပြီး စားရတယ်၊ ပူတယ်ဆိုရင် ရေချိုးပေးရတယ်။ မကျန်းမာဘူးဆိုရင် ဆေးခန်းသွားပေးရပြန်တယ်။ ဘာလေးဝတ်ချင် တယ်ဆိုရင် တန်ဖိုးကြီးတာပဲဖြစ်ပါစေ ပင်ပမ်းခံရှာဖွေပြီး ရအောင် ၀တ်ပေးရပြန်တာပဲ။ ကျုပ်လဲ သူဌေးသားဖြစ်ပေမဲ့ လိုချင်မှုတဏှာရဲ့ကျွန်အဖြစ်ခံခဲ့ရသူပါ။ တဏှာရဲ့အလိုအကြိုက်လိုက်ကာ ရွက်ဆောင်ပေးခဲ့ရပါတယ်။ ဒီလိုရွက်ဆောင်ပေးမှုဟာ အရင်ဘ၀များစွာကလဲ ရွက်ဆောင်ပေးခဲ့ရပြီ၊ အခုလဲ ရွက်ဆောင်ပေးရမြဲ၊ နောင်လဲ ဘ၀မပြတ်သမျှ ရွက်ဆောင် ပေးနေရဦးမှာပါ။ ဒီလို တဏှာကျွန်အဖြစ်မှ လွတ်အောင်ရုန်းချင်တဲ့အတွက် ကျုပ်ရဟန်းပြုလာရတာဖြစ်တယ်” လို့ ရဋ္ဌပါလရဟန်းတော်က ကောရဗျမင်းအားမိန့် တော်မူခဲ့တယ်ဆိုတာ ပြောရင်း ငယ်ရွယ်စဉ်က သြ၀ါဒတက်စဉ် ဆိုခဲ့ရတဲ့သံဝေဂလင်္ကာလေးကိ ကြားယောင်လာမိပါတော့တယ်။
ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည် ။တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်၊ ခဏမစဲ အိုစမြဲ ကိုယ်လဲသေဘက်နီးခဲ့ပြီ၊ ဇရာမီးတောင် အိုမင်းလောင် သေအောင်မြိုက်တော့သည်။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
ဦးကောဝိဒ(မြိတ်)

Sunday, October 3, 2010

အကြွေးမဆပ်ရင် သံသရာမှာဘယ်လိုခံရမလဲ

အမေး။ ။အရှင်ဘုရား…..တပည့်တော်က လူတယောက်မှာ အကြွေးရဖို့ရှိပါတယ်။ အကြွေးယူတဲ့သူက ပြန်ပေးရမှာစိုးလို့ မသိသလိုလုပ်နေ ပါတယ်။ တပည့်တော် စိတ်ထဲကသိကအောက်ဖြစ်မိပါတယ်ဘုရား။ ရှင်းရှင်းပြောရရင် အကြွေးယူတဲ့သူကို ခွင့်မလွတ်ချင်ဘူးဘုရား။ ဒါဆိုရင် သံသရာမှာ အကြွေးဆပ်ရမဲ့သူက ဘယ်လိုဖြစ်နိုင်ပြီး၊ တပည့်တော်က ခွင့်မလွတ်နိုင်တဲ့အတွက် ဘယ်လိုဖြစ်မှာပါလဲဘုရား။
မျိုးမင်းထွန်း
မြိတ်

အဖြေ။ ။ အကြွေးမဆပ်ဘဲ သေဆုံးသွားရင် သံသရာမှာ အကြွေးဆပ်ရတတ်ပါတယ်။ အထူးသဖြင့်အပါယ်ကျရောက်တတ်ပါတယ်။ အကြွေးပေး သူက ခွင့်မလွတ်ဘဲ ဒေါသအာဃာတတရားထားနေမယ်ဆိုရင်လဲ အပါယ်ကျတတ်ပါတယ်။ ဒေါသအာဃာတဆိုတာ မထားကောင်းပါဘူး။ ဘုရားရှင်လက်ထက်က ဒေါသအာဃာတကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်သတ်ရင်း တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်ခဲ့သေခဲ့ရတယ်ဆို တဲ့အကြောင်းကို ဓမ္မာပဒအဋ္ဌကထာ ကာဠယက္ခိနီဝတ္ထုဖြင့် သိနိုင်ပါတယ်။တကယ်လို့ ခွင့်လွတ်မယ်ဆိုရင်တော့ စိတ်ထားကောင်းတဲ့အတွက် ဘ၀သံသရာမှာ ကျင်လည်ရပေမဲ့လဲ ခုနင်ကလို ဒုက္ခမဖြစ်နိုင်ပါ။
ဒီတော့ အကြွေးပေးတဲ့ သူက ခွင့်လွတ်တာဖြစ်စေ၊ ခွင့်မလွတ်တာဖြစ်စေ အကြွေးမဆပ်လိုက်ရဘဲ သေသွားမယ်ဆိုရင် အပါယ်လေးပါး အနက်တစ်ပါးပါးကျရောက်တတ်ပြီး သံသရာမှာ ပုံစံအမျိုးမျိုးနဲ့ အကြွေးပြန်ဆပ်ရတတ်ပါတယ်။
ဒါနဲ့စပ်လို့ တောင်တွင်းကြီးမြို့ရဲ့အနောက်မြောက်ဘက် ဆယ်မိုင်လောက်အကွာမှာ ချောင်းဆုံရွာဆိုတာရှိတယ်။ အိမ်ခြေလေးရာ လောက်ရှိတယ်။ ဒီရွာမှာ ငညိုနဲ့ကံကြီးဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်။သူတို့ဟာ ကွမ်းထမ်းအလုပ်ကို လုပ်ကိုင်ကြတယ်။ တစ်နေ့ ကွမ်းထမ်း ရောင်းရာကပြန်အလာ စားစရာဆန်မရှိတော့တဲ့အတွက် ကံကြီးက သူငယ်ချင်းဖြစ်သူ ငညိုဆီမှာ ဆန် တစ်စလယ်ချေးပြီး ချက်စားပါတယ်။ ဒီလိုနဲ့ ကံကြီးဟာ အကြွေးယူထားတဲ့ဆန်ကို အဆင်ပြေတဲ့တစ်နေ့ပြန်ဆပ်ဖို့ စိတ်ကူးထားပါတယ်။ အကြွေးပြန်မဆပ်သေးမီမှာပဲ ပိုးထိလို့ သေဆုံးသွားရှာတယ်။ ဒီတုန်းကသူတို့အသက်ဟာ ၂၀ ၀န်းကျင်လောက်ပဲရှိပါဦးမယ်။
ဒီလိုနဲ့ ငညိုအိမ်မှာ ကြက်သွားဖြစ်တယ်။ သေခါနီး အကြွေးယူထားတဲ့ ဆန်တစ်စလယ်ကို စွဲသွားဟန်တူပါတယ်။ ကြက်လေးဟာ တိုက် ကြက်ဖြစ်တဲ့အတွက် ငညိုက အခြားကြက်တွေနဲ့တိုက်တယ်။ သုံးကြိမ်တိတိအနိုင်ရခဲ့ပါတယ်။ ဒါဟာ ကံကြီးတစ်ဖြစ်လဲ ကြက်လေးဟာ သူ့သခင် ငညိုကို ကြက်တိုက်ပြီး အကြွေးပြန်ဆပ်နေရတာပါ။ ဒီလိုနဲ့ လေးကြိမ်မြောက် ကြက်တိုက်ရာမှာ ပြိုင်ဘက်ကြက်က အသက်ကလဲကြီး၊ အားကလဲ ကြက်လေးထက်အများကြီးသာတာဆိုတော့ ရှုံးသွားပါတယ်။ အဲဒီမှာ ငညိုက ကြက်တိုက်ရှုံးတဲ့အတွက် သူ့ကြက်ရဲ့ ခြေနှစ်ချောင်းကိုကိုင်ပြီး ရိုက်သတ်လိုက်တယ်။ ကြက်လေး မသေမရှင်ဖြစ်နေတဲ့အချိန်မှာ ငညိုရဲ့နွားမတစ်ကောင်က ကြက်လေးကို လာနမ်းပါတယ်။ အဲဒီမှာပဲ ကြက်ကလေးသေပြီး နွားမ၀မ်းမှာ သွားဖြစ်တယ်။ အချိန်တန်တော့ နွားမလေးတစ်ကောင်ပေါက်လာတယ်။ အရွယ်ကြီးအတော်အတန်ကြီးလာတဲ့အခါ ငညိုသူငယ်ချင်းများက လေးကျပ်နဲ့ပေးဝယ်ပြီး နွားမကလေးကို သတ်စားလိုက်ကြတယ်။ ဒီလိုနဲ့ လှီးဖြတ်ပြီး အမဲဖျက်နေတဲ့အချိန်မှ တောင်တွင်းကြီးက စာရေးကြီးနဲ့စာရေးကတော်တို့ရောက်လာတယ်။ သေခါစနွားမကလေးရဲ့အသား တဆတ်ဆတ်တုံနေတာကို ကြည့်ပြီး နွားမကလေးအပေါ်မှာ ကရုဏာသက်မိကြတယ်။
စာရေးကတော်က “ငါ့နွားသာဆိုရင် မသတ်ဘူး၊ သူ့အလိုလိုပဲသေပါစေ၊ သေရင်လဲ အခုလိုမျိုးမရောင်းစားဘူး၊ မြေမြုပ်ပင့်မယ်” လို့ သနားကရုဏာစိတ်နဲ့ပြောပါတယ်။ ဒါနဲ့ မကြာမီမှာပဲ စာရေးကတော်ကြီးမှာ ကိုယ်ဝန်ရလာပါတယ်။ အချိန်တန်တော့ သားယောင်္ကျားလေး မွေးပါ တယ်။ သားကလေးဟာ ခုနှစ်နှစ်အရွယ်အထိ စကားလုံးဝမပြောပါဘူး။ တစ်နေ့တော့ ဖခင်က “ သား မင်းကစကားလဲမပြောဘူး။ ဒီနေ့အဖေတို့လခထုတ်ရမယ်လေ၊ လခထုတ်ပြီးရင် အ၀တ်လှလှလေးတွေ သားအတွက်ဝယ်လာခဲ့မယ်” ဆိုပြီး ညနေပြန်လာတဲ့အခါ “သားကလေး..ဒီမှာသားအတွက်အ၀တ်လှလှလေးတွေလေ ယူပါ။ ပီးတော့ စကားလဲပြောပါလားသားကလေး” လို့ အဖေဖြစ်သူက မေးတော့ သားကလေးက “ ငညို ဆန်တစ်စလယ်” လို့ပြောပါတယ်။ တိုတိုပြောရရင် အဖေက “သားရယ် သားကသာ စကားပြောပါ။ ဆန်တစ်စလယ်မက ဆန်တစ်အိပ် အကြွေးဆပ်ပေးပါ့မယ်” လို့ သားအားပြောသတဲ့။
ဒီလိုနဲ့ သားကလေးဟာ ငညိုအိမ်ကို အခုပဲသွားပြီး အကြွေးဆပ်ချင်တယ်ဆိုလို့ တဲ့အတွက် အဖေက ဆန်တစ်အိတ်ကို လှည်းပေါ်တင် ပြီး သားကလေးလမ်းညွန်တဲ့အတိုင်းလာလိုက်တာ ချောင်းဆုံရွာကို ရောက်လာတယ်။ ရွာထဲရောက်တော့ ဒီက၀င် ဟိုကထွက် ဆိုပြီး သားကလေး ညွန်တဲ့လမ်းအတိုင်း လာခဲ့ရာ ဦးညိုအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ အိမ်ထဲက လူကြီးတစ်ယောက်ထွက်လာတယ်။ အဖေက “ဒါက ဦးညိုဟုတ်ပါသလားခင်ဗျ” ဆိုတော့ ဦးညိုက “ဟုတ်ပါတယ်ချင်ဗျာ၊ အိမ်ထဲကို ကြွကြပါ” လို့ ပြောတော့ ကလေးလေးက “ဟဲ့..ငညို…မင်းငါ့ကို မှတ်မိသေးရဲ့လား” လို့ပြောတော့ သူ့အဖေလောက်ရှိတဲ့ငါ့ကိုများ ဒီလိုပြောရကောင်းလားဆိုပြီး ဦးညိုက စိတ်ဆိုးနေတော့ တယ်။
ဒိအချိန်မှာ စာရေးကြီးက “ ဦးညိုရေ စိတ်မဆိုးပါနဲ့ ဒီကလေးမှာ ထူးခြားတဲ့အကြောင်းရှိတယ်” လို့ ဦးညိုအားပြောကာ တောင်းပန်ရှာပါ တယ်။ အိမ်ပေါ်ရောက်တဲ့အခါ ကလေးက… “ ဟေ့ ..ငညို မင်းကငါ့ကို မမှတ်မိတော့ဘူးလား၊ ဟိုတုန်းက ကွမ်းထမ်းပြီးရောင်းကြတယ် ငါက မင်းဆီမှာ ဆန်တစ်စလယ်ချေးဖူးတယ် ။ အကြွေးမဆပ်ခင်မှာပဲ ငါပိုးထိလို့သေခဲ့ရတယ်။ မင်းအိမ်မှာကြက်ဖြစ်ရတယ်။ ကြက်ဖြစ်တဲ့အခါ မင်းကို သုံးပွဲအထိနိုင်အောင် ငါခွပ်ပေးခဲ့ပေမဲ့ လေးကြိမ်မြောက်မှာ အားမတန်လို့ ငါရှုံးခဲ့တယ်။ မင်းက ငါ့ကို ရှုံးရကောင်းလားဆိုပြီး ရိုက်သတ်တယ်။ ငါမသေမရှင်ဖြစ်နေချိန်မှာ မင်းအိမ်က နွားမကြီးက ငါ့ကိုလာနမ်းတယ်။ ဒီလိုနဲ့နွားမကြီးဝမ်းမှာဖြစ်ရပြီး မွေးလာတော့ နွားမကလေးဖြစ်ခဲ့ရတယ်။
အရွယ်ရောက်တော့ မင်းတို့ကငါ့ကို သတ်စားကြတယ်။ အဲဒီချိန်မှာ စာရေးကြီးနဲ့စာရေးကြီးကတော်တို့ရောက်လာပြီး သနားစရာစကား ပြောသွားပါတယ်။ နွားမဘ၀ကသေတော့ အခု ဟောဒီအမေအဖေရဲ့သားကလေးလာဖြစ်ရပါတယ်။ အခုမင်းအကြွေးဆန်တစ်စလယ်ပြန်ဆပ်ဖို့ လာတာ” လို့ ကံကြီးတစ်ဖြစ်လဲ ကလေးက ပြောပါတယ်။ ပြောသမျှအားလုံးက မှန်နေတဲ့အတွက် ဦးညိုဟာ သူပြုခဲ့သမျှတွေကို သတိရပြီး ငိုကြွေး ရှာပါတယ်။ (ဒီအကြောင်းကို ဦးညိုကိုယ်တိုင် ရေစကြိုမြို့နယ်က ဦးဘသွင်ကို ၁၃၁၃ ခုနှစ်လောက်မှာ ပြောကြားလိုက်ကြောင်း သိရပါတယ်)။
(ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရတနာသုံးပါးကျေးဇူး)
အကြွေးမဆပ်ရင် ဘ၀သံသရာမှာ အထက်ပါသာဓကလို ကြက်ခွပ်ပီးတော့ပဲဖြစ်စေ၊ အခြားတစ်မျိုးမျိုးနဲ့ဖြစ်စေ အကြွေးပြန်ဆပ်ရတတ် တယ်ဆိုတာပါပဲ၊ သံဝေဂအမြင် ရှင်သန်ပြီး တိုတောင်းလှတဲ့လူ့ဘ၀လေးမှာ ကောင်းအောင်နေတတ်၊ပြောတတ်၊တွေးတတ်ပါစေလို့ပြောရင်း…

Friday, October 1, 2010

သင်္ကန်းအရောင်ဘယ်လိုသတ်မှတ်ပါလဲ

အမေး။ ။မြတ်စွာဘုရားက သင်္ကန်းအရောင်ကို ဘယ်လို သတ်မှတ်ခဲ့ပါသလဲဘုရား၊ ၀ိနည်းတော်နဲ့ကိုက်ညီတဲ့ သင်္ကန်းနဲ့အရောင်ကို သေချာစွာ ရှင်းပြပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့နယ်၊ မကွေးတိုင်း၊

အဖြေ။ ။ သင်္ကန်းအရောင်နဲ့ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဘယ်အရောင်ဝတ်ရမယ်ဆိုတာ အတိအကျ မဖေါ်ပြထားပေမဲ့ မဟာဝါ စီဝရက္ခန္ဓကမှာ မအပ်တဲ့သင်္ကန်းအရောင် ခြောက်မျိုးကို ဘုရားရှင်က ပညတ်ထားတာတွေ့ရတယ်။ မ၀တ်အပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးက..
(၁)အလုံးစုံ ညိုမောင်းတဲ့အရောင်။ (၂) အ၀ါရောင်။ (၃) အနီရောင်။ (၄) မည်းနက်တဲ့အရောင်။ (၅) ကင်းခြေများကျောကုန်းအရောင်။ (၆) ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင်များဖြစ်ကြတယ်။ဒီ ခြောက်မျိုးဟာ သင်္ကန်းအတွက်မအပ်တဲ့အရောင်များဖြစ်ပါတယ်။
နားလည်အောင်တစ်ပါးစီ ပြောရရင် ညိုတယ်ဆိုတာ ဆံပင်နက်ညိုမဟုတ်ပါဘူး။ ကောင်းကင်အရောင် ပြာညိုမျိုးဖြစ်တယ်။ဒါကြောင့် သင်္ကန်းအပြာရောင် မဆိုးအပ်ဘူး။ မောင်းတယ်ဆိုတာက အမဲ အပြာ အနီ သုံးရောင်စပ်ထားတဲ့ မဉ္ဇိဋ္ဌ အနီဖျော့ ပန်းရောင်ကိုခေါ်တယ်။ ဒီပန်းရောင်လဲ မဆိုးအပ်ဘူး။ ပီးတော့ အ၀ါရောင်ဆိုတာက ၀ါရွှေတဲ့အရောင်၊ ဖြစ်တယ်။ ဒီဝါရွှေတဲ့အရောင်လဲ မအပ်ပါဘူး။ အနီရောက်ဆိုတာက ဒီနေရာမှာ နီလွန်းတဲ့အရောင်ဖြစ်တယ်၊ လယ်ခေါင်ရမ်းပွင့်အရောင်နဲ့နှိုင်းပြထားပါတယ်။ ယခုအခါ ကြက်သွေးအရောင်၊ ငါးရှဉ့်သွေးအရောင်များလို့ခေါ်နေကြတဲ့အရောင်များဖြစ်တယ်။ ထိုအရောင်ကိုလဲမဆိုးကောင်းပါဘူး။ နောက်တစ်ခု နက်သောအရောင်ဆိုတာကို ဆင်ပုတီးစေ့အဆင်းနဲ့နှိုင်းထားပါတယ်။ ဆင်ပုတီးစေ့ဟာ မီးသွေးလိုမည်းနက်နေတဲ့အတွက် သင်္ကန်းကို မီးသွေးအရောင်လဲ မဆိုးသင့်ပါဘူး။ ပီးတော့ ကင်းခြေများရဲ့ကျောကုန်း အရောင်ဖြစ်တယ်။ ကင်းခြေများရဲ့ကျောကုန်းအရောင်နဲ့စပ်လို့ပြောရရင် မြန်မာပြည်မှာတော့ ဒေသနဲ့ရာသီဥတု မတူညီမှုကြောင့် အရောင်များပြောင်းလဲတာတွေ တွေ့ရပါတယ်။ ဧရာဝတီဒေသမှာဖြစ်တဲ့ ကင်းခြေများနဲ့ အောက်ပြည် အောက်ရွာမှ ဖြစ်တဲ့ ကင်းခြေများရဲ့အရောင် မတူညီကြပါဘူး။ ဧရာဝတီဘက်မှာဆိုရင် ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ အများအားဖြင့် မည်း(မဲ)နေတာတွေ့ရပါတယ်။ အချို့ကင်းခြေများအရောင်က အစိမ်းဖက်ကို လုပြီး အစိမ်းပုပ်ရောင်မျိုး ဖြစ်တယ်။ စာရေးသူတို့ တနင်္သာရီတိုင်းဒေသ အတွင်းမှာတော့ ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ နီညိုဖြစ်တယ်။ ဒီနီညိုရောင်သင်္ကန်းမျိုးက ယခုမြန်မာပြည်မှာ အများဆုံးဝတ်ကြတဲ့သင်္ကန်း အရောင်မျိုးဖြစ်တယ်။ အမှန်တော့ မြန်မာပြည်မှာရှိတဲ့ ကင်းခြေများရဲ့အရောင်ဟာ အမျိုးမျိုးရှိကြတဲ့အတွက် တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ ဘုရားရှင်ပညတ်တော်မူခဲ့တာက မဇ္ဈိမဒေသ ဖြစ်တယ်ဆိုတာ သတိထားမဲ့အချက်တစ်ခုပါ။
ဒါကြောင့် အိန္ဒိယဒေသတစ်ခွင်မှာ ရှင်သန်လေ့ရှိတဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်ကို ယူရင်ပိုပြီးတိကျပါလိမ့်မယ်။ ဒါဖြင့် အိန္ဒိယဒေသမှာဖြစ်တဲ့ ကင်းခြေများရဲ့ကျောကုန်းအရောင်က ဘာအရောင်လဲလို့မေးရင် တိတိပပ မပြောနိုင်ပါ။ ဒါကြောင့် ပညာရှိများ အရောင်အတိအကျကို ကျမ်းဂမ်မှာတွေ့ခဲ့ရင် ဖေါ်ပြပေးတော်မူကြဖို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင် ဖြစ်တယ်။ အခုဖေါ်ပြခဲ့တာတွေက မအပ်စပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးဖြစ်ပါတယ်။
တစ်ခါ အပ်စပ်တဲ့အရောင်ကို ပြောရရင် အနီ၊ အညို၊ အ၀ါ ရောယှက်ပြီး မနီလွန်း မညိုလွန်းသောအရောင်ရှိတဲ့သင်္ကန်းကို ဘုရားရှင်နဲ့ တပည့်ရဟန်းများ ၀တ်ရုံတော်မူကြတယ် လို့ အဂ္ဂမဟာပဏ္ဍိ ဘဒ္ဒန္တ ကုဏ္ဍလမထေရ် ရေးသားပြုစုတော်မူတဲ့ မဟာသုတဒီပနီကျမ်းမှာ ဖေါ်ပြထားပါတယ်။ ထိုဖေါ်ပြချက်ဟာ ဘုရားရှင် တားမြစ်တော်မူခဲ့တဲ့ မအပ်စပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးမှာ မပါတဲ့အတွက် သင့်မြတ်လှပါ ကြောင်း။
ဝိနည်းတော်နဲ့အညီ သင်္ကန်းပုံသဏ္ဍာန်
သင်္ကန်းကို လယ်ကန်သင်းလို လယ်ကွက်ပုံစံ ခွင့်ပြုတော်မူခဲ့ပါတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်ဟာ တစ်နေ့ ရာဇဂြိုဟ်ပြည်မှ ဒက္ခိဏဂီရိဇန ပုဒ်ကို ဒေသစာရီကြွချီတော်မူရာ လမ်းခလပ်မှာ မဂဓတိုင်းသားတို့ရဲ့ လယ်ကန်သင်းပြုလုပ်ထားပုံကို မြင်တော်မူပါတယ်။ လေးထောင့်ကန်လယ်ကွက်နှစ်ကွက်ရဲ့အကြားမှာ လမ်းကလေးတစ်ခုရှိနေတယ်။ ဒါဟာ လယ်ကွက်နှစ်ခုရဲ့ကြားမှာ လယ်ကိုရေသွင်းဖို့ ဖွဲ့ထားတဲ့ ရေမြောင်းငယ်ဖြစ်တယ်။ စနစ်တကျဖွဲ့ထားတဲ့ မာဂဓတို့ရဲ့လယ်မြေကွက်ကို မြင်တောမူတဲ့အတွက် ဘုရားရှင်က “အာနန္ဒာ….မာဂဓတို့ရဲ့လယ်ကန်သင်းကို တွေ့တယ်မဟုတ်လား” လို့မေးတောမူပါတယ်။ အရှင်အာနန္ဒာက “မြင်ပါတယ်ဘုရား”လို့လျှောက်ထား တယ်။ ထိုအခါဘုရားရှင်က “ အာနန္ဒာ……..မာဂဓတို့ရဲ့လယ်ကန်သင်းပုံစံမျိုး သင်္ကန်းကို စီရင်နိုင်မလား” မေးတော်မူတော့ “ စီရင်နိုင်ပါတယ် ဘုရား” လို့ အရှင်အာနန္ဒာက ပြန်လည်လျှောက်ထားတယ်။ ရာဇဂြိဟ်ပြည်ပြန်ရောက်တော့ သင်္ကန်းကို လယ်ကွက်ပုံစံဖြတ်တောက်ပြီး ချူပ်လုပ်ပါ တယ်။ ချုပ်လုပ်ပြီးတဲ့သင်္ကန်းကို ဘုရားရှင်အား ပြတော်မူတဲ့အခါ ဘုရားရှင်က ရှင်အာနန္ဒာအားချီးမွန်းတော်မူပါတယ်။ အဲဒီမှာ ဘုရားရှင်က မဖြတ်တဲ့သင်္ကန်းကို မသုံးဆောင်ရ ဖြတ်ထားတဲ့ ဒုကုဋ်၊ ကိုယ်ရုံသင်္ကန်းများ၊သင်းပိုင်များကိုသာ သုံးဆောင်ရမယ်လို့ ခွင့်ပြုတော်မူပါတယ်။
သင်္ကန်းကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး လယ်ကွက်ပုံစံလို ချုပ်လုပ်ရမယ်လို့ဆိုလိုပါတယ်။ သင်္ကန်းကို မဖြတ်ဘဲ ပြောင်ချောထားပြီး အနားလုံးကာ ချုပ်ဝတ်လို့မရဘူးလား၊ ဘာကြောင့် လယ်ကွက်လို ဖြတ်ချုပ်ပြီးမှ ၀တ်ခွင့်ပြုရတာလဲလို့ မေးစရာ တစ်ခုရှိပါတယ်။
လယ်ကွက်ပုံသဏ္ဍာန် ဖြတ်ချုပ်ရတဲ့အကြောင်းက (၁) သူခိုးဓားမြများက သင်္ကန်းကိုမျက်စိကျပြီး အန္တရာယ်ပြုမှာစိုးတာကတစ်ကြောင်း။ (၂) စနစ်တကျချုပ်ထားတဲ့အတွက် ကြည်ညိုဖွယ်ဖြစ်တာကတစ်ကြောင်း။ (၃) ရဟန်းတော်များဟာ ကောင်းမှုမျိုးစေ့တို့ရဲ့တည်ရာ လယ်ယာမြေနဲ့တူ တယ်ဆိုတဲ့အဓိပ္ပါယ်ကို ဆောင်တာကတစ်ကြောင်း ဒီအကြောင်းသုံးမျိုးကြောင့် သင်္ကန်းကို လယ်ကွက်ပုံစံလေးထောင့်အပိုင်းများ ပိုင်းဖြတ်ပြီး ချုပ်လုပ်စေခြင်းဖြစ်ပါတယ်။
သင်္ကန်းရဲ့ အလျား x အနံ ပမာဏ
ဘုရားရှင်ရဲ့သင်္ကန်းတော်ပမာဏနဲ့သင်္ကန်းတော်ပမာဏထက်သာလွန်တဲ့သင်္ကန်းမျိုးကို သုံးဆောင်ရင် ပါစိတ်အာပတ်သင့်စေလို့ပညတ် ချက်ရှိပါတယ်။ဒါကြောင့်ရဟန်းတော်များရဲ့သင်္ကန်းဟာ ဘုရားရှင်ရဲ့သင်္ကန်းတော်အောက် ငယ်ရပါမယ်။ ဘုရားရှင်ရဲ့သင်္ကန်းတော်ပမာဏက အလျား ၉ ထွာ၊ အနံ ၆ ထွာဖြစ်တယ်။
တစ်ခါသင်္ကန်းရဲ့ အတိုဆုံးပမာဏကို ပထမကထိနသိက္ခာပုဒ် ကင်္ခါမှာ ဧကသီ၊သင်္ကန်းကြီးအတွက် အလျား ငါးတောင် တောင်ဆုပ်၊ အနံ သုံးတောင် တောင်ဆုပ်။ သင်းပိုင်အတွက် အလျားက ဧကသီအတိုင်း ငါးတောင် တောင်ဆုပ်၊ အနံ က နှစ်တောင် လို့ဆိုထားပါတယ်။ အကြီးဆုံးပမာဏက ဘုရားရှင်ရဲ့သင်္ကန်းတော်အောက်ပမာဏရှိရင် သုံးဆောင်အပ်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More