This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, November 29, 2009

ဟန်ဆောင်လင်မယား

အမေး။ ။ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင် လက်ထပ်ပြီး နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင် လက်ထပ်တယ်ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့ လုပ်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ် ထားတဲ့သူနဲ့ အတူ နေထိုင်ခြင်း မရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက် နှင့် ကာမေသုကိုလည် အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ စောင့်မျှော်နေပါမယ်ဘုရား။ ။
လှိုင်းအိမ်
ထိုင်ဝမ်

အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်း ဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။ ဒါပေမဲ့ အမေးရှိက အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမ ကာမေသုအကြောင်းကို သဘောပေါက်ရုံ ပြောပေးပါ့မယ်။
ကာမေသု ဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအား ကျုးလွန်မိရင် ကာမေသုမိစ္ဆာစာရ ဖြစ်ကြပါတယ်။ မသွားလာထိုက်တဲ့ မိန်းမ (၂၀)ရှိတယ်။ မိန်းမ(၂၀)ကို ဒီနေရာမှာ မဖေါ်ပြရင်လည်း အဖြေက မပြည့်စုံပါဘူး၊ ဒါကြောင့် အကျဉ်းမျှ ဖေါ်ပြလိုက်ပါတယ်။ (၁)အမိစောင့်ရှောက်တဲ့မိန်းမ၊(၂)အဘစောင့်ရှောက်တဲ့မိန်းမ၊(၃)အမိအဘစောင့်ရှောက်တဲ့မိန်းမ၊ (၄)မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅)အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။ ထိုမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်တယ်။
(၉)စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ ။ ထိုမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်တယ်။
ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုသော်လည်း သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာစာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။
အခုဒီပြဿနာမှာ ပြည်ပသွားဖို့ရာ လွယ်ကူအောင် ဥပဒေလမ်းကြောင်းအရ ဟန်ဆောင် လင်မယားအဖြစ် လက်မှတ် ထိုးထားတာလောက်ပဲ ရှိတာပါ။ သူတို့နှစ်ဦးကလည်း အချင်းချင်း လင်မယားအဖြစ် မသတ်မှတ်ကြပါဘူး။ ပြည်ပသွားခွင့်ရအောင် လင်မယားအဖြစ် ဟန်ဆောင်ထားတာပဲ ရှိတဲ့အတွက် နှစ်ဦးစလုံးဟာ လွတ်လပ်တဲ့ သူများ ဖြစ်ကြတယ်။ ပြည်ပရောက်တဲ့အခါ ကိုယ်ချစ်ကြိုက်တဲ့သူနဲ့ တရားဝင် လက်ထပ်ကြပြီး သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းသင်းကြရင်တော့ ကာမေသုမိစ္ဆာစာရ မထိုက်ပါဘူး
နောက်ဆုံး ကာမေသုမိစ္ဆာစာရ ထိုက်တဲ့ အင်္ဂါများကို သိထားရင် ကိုယ်ပြုလုပ်လိုက်တဲ့ အခြေအနေအပေါ် ကာမေသု ထိုက်/မထိုက် ဆိုတာ ခွဲခြား တတ်လာမှာပါ။ အင်္ဂါများကတော့……….
(၁)မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။ (၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။ (၃) လုံ့လ ပြုခြင်း။ (၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း လို့ အင်္ဂါလေးမျိုး ရှိပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး လို့ ပဲ ဖြေကြားပေးလိုက်ပါတယ်။

Friday, November 27, 2009

ငလျင်လုပ်တဲ့အကြောင်းဗုဒ္ဓဟောခဲ့ပါသလား

အမေး။ ။ ယခု၂၀၀၉ ခုနှစ်၊ ကမ္ဘာအ၀ှမ်း နိုင်ငံများမှာ မြေငလျင်ဒါဏ်နှင့် မုန်တိုင်းဒါဏ်ကို အလူးအလဲ ခံကြရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဒီနှစ်ထဲမှာ ငလျင် အကြိမ်ကြိမ် လှုပ်ခဲ့ပါတယ်။ အချို့နေရာများမှာ မုန်တိုင်းထန်ခဲ့ကြပါတယ်။ မုန်တိုင်းတောင်မှ သာမာန်မုန်တိုင်းမဟုတ်ဘူး၊ စူပါတိုင်ဖွန်မုန်းတိုင်း အဆင့်အထိတောင် တိုက်ခတ်ခဲ့ပါတယ်။
သပ္ပံပညာရှင်များက နျူကလီးယားကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု များလာပါတယ်။ အဲဒီကနေ မုန်တိုင်းကျတာတို့ ငလျင်လှုပ်တာတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။ တပည့်တော်သိချင်တာက ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ဘုရားရှင် မိန့်တော်မူခဲ့တာတွေ ရှိပါသလား၊ တကယ်လို့ ရှိခဲ့တယ်ဆိုရင် မကြာသေးခင်ကမှ အင်ဒိုနီးရှားမှာ ဘာ့ကြောင့်ငလျင် လှုပ်ခဲ့တာလဲဆိုတာကို ဘုရားဟောနဲ့အညီ အဖြေပေးစေချင်ပါတယ်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။ငလျင်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များက ယခုခေတ်မှသာ ဖေါ်ထုတ်ကြတာပါ။ ဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က တည်းက ဖေါ်ထုတ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်များလို အချိန်အကြာကြီး သုတေသနပြုစရာမလိုပါဘူး။ ဘုရားရှင်ဟာ သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်တဲ့ သဗ္ဗညုတဥာဏ်တော်နဲ့ ပြည့်စုံတော်မူတာကြောင့် တရားအလုံးစုံကို ကိုယ်တိုင်လည်းသိသလို ဝေနေယျများကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်ဟာ ငလျင်လှုပ်ခြင်းရဲ့အကြောင်းကို ဟောတော်မူခဲ့ပါတယ်။
အခါတစ်ပါး ဘုရားရှင်က အရှင်အာနန္ဒာအား ငလျင်လှုပ်ခြင်းနဲ့ပတ်သက်ပြီး ရှစ်ပါးရှိကြောင်းကို မိန့်တော်မူခဲ့ပါတယ်။ ဒါတွေက…
(၁)။ ဓါတ်တွေချောက်ခြားဖေါက်ပြန်တဲ့အတွက် ငလျင်လှုပ်ပါတယ်။ ရှင်းပါအုံးမယ်၊ ဒီကမ္ဘာကြီးဟာ ယူဇနာ(၄၈၀၀၀၀)အထုရှိတဲ့ရေ မှာတည်ပါတယ်။ ထိုရေထုထည်ရဲ့အောက်မှာ ယူဇနာပေါင်း(၉၆၀၀၀၀)ရှိတဲ့ လေထုတည်နေပါတယ်။
ဒီလိုအခြေအနေမှာ တခါတရံ လေထုကြီးဟာ ပြင်းထန်စွာ တိုက်ခိုက်လာတဲ့အခါ လေထုအထက်မှာ တည်နေတဲ့ ရေထုကြီးဟာ လှုပ်ခတ်လာပါတော့တယ်။ (ဒါဟာ မုန်တိုင်းတိုက်ခတ် တာဖြစ်နိုင်ပါတယ်) အဲဒီလို ရေထုကြီးလုပ်ခေတ်လာတော့ ရေထုအထက်မှာ တည်နေတဲ့ မြေထုကြီးဟာ လှုပ်ခတ်လာပါတော့တယ်။ ဒါဟာ ငလျင်ပြင်းစွာလှုပ်ခြင်းရဲ့ ပထမအကြောင်းပဲဖြစ်ပါတယ်။ (စူနာမီဖြစ်တဲ့သဘောကို သတိပြုပါ)။
(၂)။ ဒုတိယအကြောင်းက အဘိညာဉ်ဈာန် အစွမ်းကြောင့်လည်း မြေငလျင်လှုပ်တတ်ပါတယ်။ ဣဒ္ဓိရှင် တန်ခိုးရှင်များက မြေကို လှုပ်စေလိုတဲ့အခါ အားနည်းတဲ့ မြေကသိုဏ်းဈာန်သညာနဲ့အတူ အားကြီးတဲ့ ရေကသိုဏ်းဈာန်သညာတို့ကို ပွားများပြီး မြေကြီးကို လှုပ်ခတ်စေပါတယ်။
(၃)။ တတိယအကြောင်းက ဘုရားအလောင်းတော် မယ်တော်ဝမ်းကြာတိုက်သို့ သက်ရောက်တဲ့အခါမှာ မြေကြီးဟာ သွက်သွက်ခါ တုန်လှုပ်ပါတယ်။
(၄)။ စတုတ္ထအကြောင်းက ဘုရားအလောင်းတော် အမိဝမ်းကြာတိုက်မှာ မွေးဖွားတော်မူတဲ့အခါမှာလည်း မြေငလျင်လှုပ်ပါတယ်။
(၅)။ ပဉ္စမအကြောင်းက ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ခဏမှာလည်း မြေငလျင်လှုပ်ပါတယ်။
(၆)။ ဆဋ္ဌမအကြောင်းက မြတ်စွာဘုရား ဓမ္မစကြာတရားဦး ဟောတော်မူတဲ့အခါ မှာ မြေငလျင်လှုပ်ပါတယ်။
(၇)။ သတ္တမအကြောင်းက ဘုရားရှင်ဟာ သတိ သမ္ပဇဉ်ရှိလျက် အာယုသင်္ခါရကို စွန့်လွတ်တော်မူတဲ့အခါမှာလည်း မြေငလျင် ပြင်းစွာ တုန်လှုပ်ပါတယ်။
(၈)။ အဋ္ဌမအကြောင်းက ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါမှာလည်း မြေငလျင်ပြင်းစွာ တုန်လှုပ်ပါတယ်။
ထိုမြေငလျင်လုပ်ခြင်း ရှစ်မျိုးအနက် ပထမတစ်မျိုးသာလျှင် သက်ရှိသတ္တ၀ါတွေရဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ ကျန်တဲ့ (၇)မျိုးကတော့ သက်ရှိတို့ကို အသက်အန္တရာယ် မဖြစ်စေနိုင်ပါဘူး။
ဒါကြောင့် မကြာသေးခင်က အင်ဒိုနီးရှားမှာ ပြင်းစွာ လှုပ်ခဲ့တဲ့ မြေငလျင်နဲ့ အချို့နေရာတွေမှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း စူပါမုန်တိုင်း များဟာ ဓါတ်ချောက်ချားခြင်း( ဥက္ခေပက လေဓါတ်ချောက်ချားခြင်း) ကြောင့် လှုပ်တာ လို့ ယူဆရပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ ပဉ္စမတွဲ၊ နှာ-၃၃၃)

ဂရုကံကြောင့် သေရင် အပါယ်တန်းကျပါသလား

အမေး။ ။အကုသိုလ်ဂရုကံ ကျူးလွန်သူများဟာ ဒီဘ၀မှာ မဂ်ဖိုလ် မရနိုင်ဘူး လို့ သိထားပါတယ်ဘုရား၊ ကျူးလွန်သူဟာ လက်ရှိဘ၀မှ သေပြီး အခြားမဲ့မှာ အပါယ်ငရဲ တန်းကျတာလားဘုရား။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ကျူးလွန်ခဲ့မယ်ဆိုရင် ယခုလက်ရှိဘ၀ကနေ ကွယ်လွန်တဲ့အခါ အပါယ်တန်းကျနိုင်ပါသလားဘုရား။ ။
မရီမော်အိ
မဲဆောက်

အဖြေ။ ။ဂရုကံ ကျူးလွန်မိရင် ကျူးလွန်တဲ့သူဟာ သေပီးရင် အပါယ်ငရဲ မှာ တန်းဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်က အဇာတသတ်မင်း ကို ကြည့်ပါ။ သူဟာဖခင်ကို သတ်ခဲ့တဲ့ ဂရုကံ ကျူးလွန်ခဲ့ပါတယ်။
နောက်ပိုင်း ဘုရားရှင်အား ကြည်ညိုလွန်းလို့ သူမတူအောင် သာသနာပြုခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ပဌမသင်္ဂါယနာတင်တဲ့နေရာမှာလည်း ပစ္စည်းလေးပါး အထောက်အပံ့ကို သူမတူအောင် စွမ်းစွမ်းတမံ ထောက်ပံ့ပြီး သာသနာ ပြုတော်မူခဲ့ပါတယ်။ ဒါပေမဲ့ အဖသတ်တဲ့ ဂရုကံ ကျူးလွန်ခဲ့တဲ့ အဇာတသတ်ဟာ သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲမှာ ကျခံခဲ့ရပါတယ်။
အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား ပြစ်မှားကျူးလွန်ခဲ့တဲ့ ဂရုကံကြောင့် သေခါနီး နောင်တရကာဘုရားရှင်အား သူ့ရဲ့ ခန္ဓာကိုယ်ဖြင့် ပူဇော်ကန်တော့ကာ ၀န်ချခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးတော့ သူကျူးလွန်ခဲ့တဲ့ ဂရုကံက သူ့ကို အ၀ီိစိငရဲကို ဆွဲခေါ်သွားခဲ့ပါတယ်။
စိဉ္စမာဏ၀ိကာ အမျိုးသမီးဟာလည်း ဘုရားရှင်အား မဟုတ်တရားစွတ်စွဲခဲ့တဲ့ ဂရုကံကြောင့် မြေမျိုခံရပြီး အ၀ီစိငရဲမှာ ကျခံခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ ဘထွေးတော်တော်စပ်သူလဲဖြစ်တဲ့အပြင် ဘုရားလောင်းတော်ဘ၀ ယောက္ခမလည်း တော်စပ်ခဲ့ဖူးတဲ့ သုပ္ပဗုဒ္ဓမင်းကြီးဟာ “ ငါ့သမီးကို ယူပြီးတော့ ပစ်ထားခဲ့တယ်။ အခုတခါ ငါ့သား ရှင်ဒေ၀ဒတ်ကိုလည်း ရန်သူလိုသဘောထားတယ်” ဆိုပြီး ဘုရားရှင်အား ရန်ညိုးဖွဲ့ကာ ပြစ်မှားခဲ့တဲ့ အတွက်ကြောင့် မြေမျိုခံရပြီးနောက် အ၀ီစိငရဲသို့ ရောက်ခဲ့ရပါတယ်။
အထက်ပါ အဖြစ်အပျက်များကို ကြည့်ရင် ဂရုကံကျူးလွန်သူများဟာ ယခုလက်ရှိဘ၀ တရားအားထုတ်လို့ မဂ်ဖိုလ်မရနိုင်တဲ့အပြင် သေလွန်တဲ့အခါ အပါယ်ငရဲကို သေချာပေါက် သွားရပါတယ်။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ဂရုကံကျူးလွန်ခဲ့တယ်ဆိုတာ သေချာမယ်ဆိုရင် မေးခွန်းရှင်ဟာ ဒီဘ၀ လူလာမဖြစ်နိုင်ပါဘူး။ အပါယ်ငရဲကိုပဲ တန်းကျမှာ ဖြစ်တယ်။

Wednesday, November 25, 2009

ဖြူးဆရာတော်၏ အန္တိမဈာပန အခမ်းအနား အစီအစဉ်

ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်းဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်
၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ
၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ
၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ
၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိအချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊
ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာအရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့်ပေါက်မြိုင်ဆရာတော်ဘုရားကြီးတို့မှ
သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီး နောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။
ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ
ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပ
မည်ဖြစ်ပါသည်။ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါ ကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍
အသိပေးကြေညာအပ်ပါသည်။

Type the rest of your post here.

Tuesday, November 24, 2009

မဟာယာနမှာလဲ ဓါတ်တော်တွေနဲ့

အမေး။ ။ အရှင်ဘုရား…..တပည့်တော်ဟာ ထေရ၀ါဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ကြည်ညိုသူ တစ်ဦးဖြစ်ပါတယ်။ လျှောက်ထားချင်တာက….. မဟာယာန ဗုဒ္ဓဘာသာဝင် ရဟန်းတော်များမှာလည်း ရဟန္တာ ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ သူတို့ရဲ့ ဓါတ်တော်များ ချန်ထားနိုင်ပါသလား၊ မဟာယာန ဗုဒ္ဓဘာသာရဟန်းတော်/သီလရှင်ကြီးများရဲ့ ဓါတ်တော်များကို တင်ပေးထားတဲ့ (http://slz.goodweb.cn/monk_27.asp) website မှာ တွေ့မြင်ခဲ့ရပါတယ်ဘုရား။
ထိုwebsite မှာ ဆရာတော်ကြီးများကို ရဟန္တာ လို့ ပြောထားခြင်း မရှိပါ။ ထိုဆရာတော်ကြီးများဟာ ဘယ်လိုနည်းကို ကျင့်သုံးပြီး ဓါတ်တော်များ ချန်ထားခဲ့ပါသလဲဘုရား။ တရုတ်ပြည်မှာ ၀ိပဿနာအသံကို ကြားရဖို့ မလွယ်ပါ။ တကယ်လို့ ထိုဆရာတော်ကြီးများဟာ ရဟန္တာ ဖြစ်လျှင် ဘယ်လို ၀ိနည်းကို လိုက်နာပြီး အဘယ်ကျင့်စဉ်ကို ကျင့်သုံးသလဲ ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား။
ဦးတင်လျှက်
ရဲလင်း

အဖြေ။ ။မေးသင့်တဲ့ မေးခွန်းပါပဲ။ မဟာယာန ဗုဒ္ဓဘာသာဝင်များမှာ ရဟန္တာဆိုတာ မရှိနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သူတို့ကျင့်သုံးနေတဲ့ လမ်းစဉ်ဟာ သဗ္ဗညုတ ဘုရားရှင်ရဲ့ လမ်းစဉ်နဲ့ ကွဲလွဲနေလို့ဖြစ်ပါတယ်။ ဒါလောက်နဲ့တော့ ကျဉ်းလွန်းနေတဲ့အတွက် ပြည့်စုံမှုမရှိသေးဘူး။ အနည်းငယ် ချဲ့ပြီး ပြောပါအုံးမယ်။
အခါတစ်ပါး ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ ဘုရားရှင်က သုဘဒ္ဒပရိဗိုဇ်အား မိန့်ကြားတော်မူခဲ့တာ ရှိပါတယ်။
“သုဘဒ္ဒ….. အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား မရှိ။ ထိုအရိယာမဂ် မရှိတဲ့ သာသနာမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတာ မရှိနိုင်ပါ။
သုဘဒ္ဒ…..အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား ရှိတယ်။ ထိုအရိယာမဂ် ရှိတဲ့ သာသနာမှာသာ သောတာပန် ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်များ ရှိပါတယ်။
ငါဘုရားရဲ့ သာသနာတော်မှ တစ်ပါးသော အယူဝါဒ သာသနာတွေမှာ တရားကိုသိမြင်တဲ့ ကိလေသာကင်းတဲ့ ရဟန်းမြတ်ဆိုတာ မရှိပါ။ သုဘဒ္ဒ…..ဆိုခဲ့ပြီးတဲ့ ရဟန်းမြတ်များဟာ (ကိုယ်တိုင်လည်းကျင့် သူတစ်ပါးအားလည်း အဆင့်ဆင့် ဟောကြားလျက်)ကောင်းမွန်စွာနေကြမယ်ဆို ပါရင် လောကကြီးမှာ ရဟန္တာတို့မှ မဆိတ်မသုဉ်း နိုင်ပါ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ (သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗိုဇ်ဝတ္ထု၊ နှာ၊၁၄၅)
ဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်းဆိုရင် ဘုရားရှင်ရဲ့အဆုံးအမ သာသနာတော်ကြီးဟာ မဂ္ဂင်ရှစ်ပါး ရှိတဲ့ သာသနာတော်ကြီးပါ။ ဘုရားရှင် သာသနာမှ တစ်ပါးအခြားသော သာသနာတွေမှာ ရဟန္တာ ဆိုတာ မရှိနိုင်ပါဘူး။
ဒါဖြင့်ရင် အင်တာနက်စာမျက်နှာတစ်ခုမှာ တွေ့ရှိချက်အရ မဟာယာန ရဟန်းတော်များရဲ့ ပုံနဲ့ သူတို့ရဲ့ ဓါတ်တော်များကို ပူးတွဲ ဖေါ်ပြထားတာ အများကြီးပါ။ ဒါဘယ်လိုဖြေရှင်းမလဲ……
ပထမအချက်က ဓါတ်တော်ဟုတ်မဟုတ်စီစစ်ချက်။ ဒုတိယအချက်က မဟာယာနများ အရိယာ ဖြစ်နိုင်/မဖြစ်နိုင် ဆိုတဲ့ နှစ်ချက်ကို ဖြေရှင်းရပါ့မယ်။
ပထမအချက်။ အချို့က ရဟန္တာဓါတ်တော်ဆိုတာ အလုံးလေးတွေလို့ ပြောကြပါတယ်။ ဘုရားရှင်ရဲ့ ဓါတ်တော်များတောင်မှ အဓိဋ္ဌာန်တော်မူတဲ့အတွက် အလုံးလေးတွေ ဖြစ်ရတာပါ။ သာမာန်ရဟန္တာများမှာ ဓါတ်တော်ဟာ အလုံးလေးတွေ ဖြစ်သင့်/မဖြစ်သင့်ဆိုတာနဲ့ ပတ်သက်ပြီး …. မဟာစည်ဆရာတော်ဘုရားကြီး အိန္ဒိယနိုင်ငံရောက်စဉ်က ……
“ဘုန်းကြီးတို့…..ကလကတ္တားမြို့ကို သီးသန့်လေယဉ်နဲ့ သွားပြီး အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ ဓာတ်တော်များကို အထင်အရှားတွေ့ခဲ့ရပါတယ်။ ပကတိ အရိုးအတိုင်းပါပဲ၊ အရောင်အဆင်းက ဖြူဖွေးတယ်။ ပုံသဏ္ဍာန်ကတော့ လက်ဆစ်ရိုးလေးတွေဟာ လက်ဆစ်လေးများအတိုင်းပါပဲ ၊ အစွန်းနှစ်ဖက် အဆစ်နေရာများက ကြီးပြီး ခါးလယ်ကသေးနေတယ် ဆိုတော့ ဒီပြင် ရဟန္တာဓါတ်တော်များဟာလည်း ပကတိအရိုးအတိုင်းပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ ယခုကာလ ဆရာတော်များ မီးသဂြိုလ်တဲ့အခါ ကျောက်ခဲလုံးလေးများလို ဓါတ်တော်များ ကျတယ်ဆိုတာ ချင့်ပြီး ယုံကြည်ကြဖို့ပါပဲ” လို့ သလ္လေခသုတ်တရားတော်မှာ မဟာစည်ဆရာတော် ဘုရားကြီး မိန့်တော်မူထားတာကို ကြည့်ခြင်းဖြင့်….
Website မှာတွေ့မြင်ရပါတယ် ဆိုတဲ့ မဟာယာနများရဲ့ ဓါတ်တော်များဟာလည်း ချင့်ပြီး ယုံကြည်ကျဖို့ လိုပါလိမ့်မယ်။
ဒုတိယအချက်က။ မဟာယာနများကော ရဟန္တာ ဖြစ်နိုင်သလား……..ကျင့်စဉ်အားဖြင့် လုံးဝမတူညီ သူတို့ကျင့်စဉ်က မဂ္ဂင်ရှစ်ပါး မပါတဲ့အတွက် ဘုရားရှင်မိန့်တော်မူချက်အရ သူတို့ဟာ ရဟန္တာများ မဟုတ်နိုင်ပါဘူး။
ဒါပေမဲ့ ဘုရားရှင်ရဲ့ဝါဒက ၀ိဘဇ္ဇ၀ါဒဆိုတော့ ယနေ့ခေတ် အချိန်အခါ ပြည်ပနိုင်များမှာ ထေရ၀ါဒတို့ရဲ့ meditation စင်တာတွေ အများကြီးပေါ်ပေါက်နေပါတယ်။ ထို ကမ္မဋ္ဌာန်းဌာနများမှာ မဟာယာန ဘုန်းကြီးများ၊ မယ်သီလများ လာရောက်ပြီး နည်းနာနိဿယ ခံကာ တရားကြိုးစားအားထုတ်တဲ့ သူများကို တွေ့မြင်မိကြမှာပါ။သတိထားမိကြမှာပါ။
ဒီလို ထေရ၀ါဒနည်းဖြင့် ကမ္မဋ္ဌာန်းနည်းလမ်းကျနစွာ သင်ယူပြီး ၀ိပဿနာတရားကို ကိုယ်တိုင် တသက်လုံး ကြိုးစားအားထုတ်သွားတဲ့ မဟာယာနဘုန်းကြီး များလည်း ရှိနေကြတဲ့အတွက် အရိယာမဂ်ကို မျက်မှောက်ပြုတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် လို့ ယူဆရပါတယ်။
ဒါပေမဲ့ မဟာယာန အများစုကတော့ မဟုတ်နိုင်ပါဘူး။ အချူပ်ပြောရရင် မဟာယာနတို့ရဲ့ မဂ္ဂင်မပါတဲ့ ကျင့်စဉ်နဲ့ အရိယာ မဖြစ်နိုင်ပါဘူးဆိုတာပါပဲ။

Monday, November 23, 2009

ဖြူးဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူခြင်း

နိုင်ငံကျော်ဓမ္မကထိက ဦးနရပတိ ဖြူးဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံကြီးတွင်၂၄.၁၁.၂၀၀၉ နံနက်(၇)နာရီအချိန် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါပြီ။ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၃၀.၁၁.၂၀၀၉ ရက်နေ့မှာ မီးသဂြိုလ်မည်ဖြစ်ပါကြောင်း.....

Type the rest of your post here.

ဖြူးဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူခြင်း

နိုင်ငံကျော်ဓမ္မကထိက ဦးနရပတိ ဖြူးဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံကြီးတွင်၂၄.၁၁.၂၀၀၉ နံနက်(၇)နာရီအချိန် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါပြီ။ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၃၀.၁၁.၂၀၀၉ ရက်နေ့မှာ မီးသဂြိုလ်မည်ဖြစ်ပါကြောင်း.....

Type the rest of your post here.

Thursday, November 19, 2009

လူတို့ရဲ့ အရိုးကို စေတီ တည်ကောင်းပါသလား

အမေး။ ။ အရှင်ဘုရား……… ရုပ်ရှင်မင်းသား တစ်ဦးရဲ့ အရိုးပြာနဲ့ စေတီတည်မယ်လို့ကြားမိပါတယ် အဲ့ဒါပုတုဇဉ်လူသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်ကောင်းပါသလား ဘုရား။
ပိုင်မင်းဦး
USA

အဖြေ။ ။ လောကမှာ စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ ၊ စကြာဝတေးမင်း တို့ ဖြစ်ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြာဝတေးမင်းက ဘာပြုလို့ စေတီ တည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူတို့ရဲ့ စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချူပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြာဝတေးမင်းဟာ တစ်ဦးသာ ဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ အထဲမှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။
(ဒီ၊ ၂၊ ၁၁၇-၈။ အံ၊၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊ ၂၊ ၅၁)
ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား “အရိုးအိုးစေတီ” တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များရဲ့ အရိုးကို အရိုးအိုးစေတီအဖြင့် တည်ထားဖို့ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များ မရေမတွက်နိုင် လောက်အောင် များပြားလှပါတယ်။
ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီ တည်ကြမယ်ဆိုရင် နေရာအနှံ့ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ဒိလိုသာဆိုရင် လူတွေ ကိုးကွယ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူရင် အရိုးအိုးစေတီ တည်ထားဖို့ အခွင့် မပေးခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁)
လူသာမာန်ဆိုရင်တော့ ဆိုဘွယ်ရာ မရှိတော့ပါ။

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၁၀)

အဖန်ငါးရာ ငါးကမ္ဘာ
“အရှင်ဘုရား……အရှင်ဘုရားကျောင်းမှာ သာသနာအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ဦး………………..လေဘုရား၊ ဘယ်လို ပြဿနာများ ရှိလို့လည်းတော့မသိဘူး ပြီးခဲ့တဲ့ နှစ်က ကိုယ့်ဟာကိုယ် ကြိုးကွင်းဆွဲချ သတ်သေသွားပါတယ်ဘုရား၊ သွားပီပေါ့ဘုရား၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေဟာ အဖန်ငါးရာ ငါးကမ္ဘာ၊ ဘ၀ပေါင်းများစွာ ခံပေအုံးတော့ပေါ့ဘုရား”
ဒါယကာ တစ်ယောက် လျှောက်ထားလိုက်တဲ့ စကားကြောင့် သေသူအတွက် စိတ်မကောင်း ဖြစ်မိတာအမှန်ပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အတွေးရေယဉ်ကြော မျောခဲ့ရပါတယ်။

လူတွေဟာ စိတ်ညစ်လို့ ဒေါသဖြစ်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံ ကြတဲ့သူတွေ လောကမှာ ဘယ်လောက်များ ရှိနေမလဲ။ တစ်ခါက ကြားလိုက်ရတယ် ဂျပန်နိုင်ငံမှာ စိတ်ညစ်လွန်းလို့ အခက်အခဲတွေကနေ ရုံးထွက်ဖို့အတွက် တံတားကြီးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့သူများဟာ နှစ်စဉ် တစ်သောင်းဝန်းကျန်လောက် ရှိတယ်လို့ ကြားလိုက်ရပါတယ်။
သတ်သေရတဲ့အကြောင်းတွေက အများကြီးရှိကြမှာပါ။ စီးပွားရေး ယိုယွင်းလာတဲ့အတွက် ကြွေးတင်ရာက ပြန်မဆပ်နိုင်တာရယ်၊ ကိုယ့်ရဲ့ ပြင်လို့မရတဲ့ အမှားတွေကြောင့်ရယ်၊ လင်ကောင်မပေါ်ပဲရခဲ့တဲ့ ကိုယ်ဝန်ကြောင့် အရှက်ကို အသက်နဲ့လှဲလိုက်တာာ ရယ်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုတဲ့ လောကကြီးကို မရင်ဆိုင်ခြင်တာရယ်၊ ထိုထို အကြောင်းအရင်းတွေရယ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြတယ်။
လူ့ဘ၀ဟာ ရခဲလှပါတယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တယ်။ ဗြဟ္မာ့ပြည်မှ အပ်တစ်ချောင်း ကျလာမယ်။ လူ့ပြည်ကလည်း အပ်တစ်ချောင်း ထောင်ထားမယ်ဆိုရင် ထိုအပ်နှစ်ချောင်းတို့ရဲ့ အပ်သွားထိပ်ချင်း ထိသွားနိုင်တယ်။ ဒါပေမဲ့ လူ့ပြည် လူတစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး ။ အလွန်ခဲယဉ်းလှပါတယ်။ ဒါနဲ့တောင် လူ့ဘ၀အရတော်နေပါလျက်နဲ့ ဘာပြုလို့များ မိမိကိုယ်ကိုယ် သတ်သေကြရတာပါလိမ့်။
ပြည်ပနိုင်ငံများမှာ လူများဟာ အခက်အခဲမျိုးစုံကို ငါမရှိရင် အေးသွားမှာပါဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ဒါဟာ လွဲမှားတဲ့ ထွက်ပေါက်ရှာနည်းတစ်ခုပါ။ လက်ရှိပစ္စုပ္ပန် ဘ၀အခက်အခဲကိုသာ အမြင်ကျဉ်းမြောင်းစွာ ကြည့်တတ်ကြတယ်။ သေသွားပါပြီတဲ့ ကျန်ရစ်တဲ့ ပြဿနာတွေ ပြေလည်နိုင်မလား၊ မပြေလည်နိုင်တဲ့အပြင် ကျန်ရစ်သူမိသားစုမှာ ပိုပြီး အပူတွေ များလာတာကို တွေ့ရ ပါတယ်။
ဒါဟာ အတွေးမှား၊ အသိမှားတဲ့အတွက် အလုပ် မှားသွားခြင်းပါ။
နောင် လူပြန်ဖြစ်ဖို့ ဆိုတာ မတွေးရဲအောင်ပါပဲ။ တစ်ချို့ကပြောကြတယ် ၀ဋ်ရှိလို့ ခံရတာပါ။ အရင်ဘ၀များစွာက ကိုယ့်ကိုယ်ကို သတ်သေခဲ့လို့ အခုလို ကိုယ့်ကိုယ်ကို သတ်သေရတာပါ စသဖြင့် မမြင်ရတဲ့ ကံကြမ္မာအတွက် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပါတယ်။
ဘယ်လိုအကြောင်းပဲ ရှိရှိ ဖြစ်လာတဲ့ အပေါ်မှာ သတိတရားနဲ့ လုပ်သင့်မလုပ်သင့် ဆင်ခြင်တုံ(ပညာ)တရားထားကြမယ်ဆိုရင် ယခုလို အဖြစ်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘ၀မှာ ဘယ်အချိန်မဆို သတိရှိရမယ်။ ပညာနဲ့ နှလုံးသွင်းဆင်ခြင်ရပါမယ်။ ဒီနေရာမှာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒုလ္လဘငါးတရားတွေကို ဖတ်ရှုလေ့လာပြီး ဆင်ခြင် နှလုံးသွင်းရင် ကောင်းမှာပါ။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို နစ်နာအောင် မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ရလာတဲ့ လူ့ဘ၀လေး တန်ဖိုးရှိအောင် နေတတ်၊ ပြောတတ်၊ တွေးတတ်သွားဖို့ပဲ လိုတာပါ။
ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ အဖန်ငါးရာ ငါးကမ္ဘာ ခံရတတ်တယ်၊ ဘ၀ပေါင်းငါးရာ မိမိကိုယ်ကို ပြန်သတ်ရတတ်တယ် ……….တဲ့ ဒါက လူတို့ ပြောနေကြတဲ့ စကားတစ်ခုပါပဲ။ ကျမ်းဂန်မှာတော့ ဒီလိုမျိုး မလာပါဘူး။ ဒီဘ၀ငါးရာနဲ့ ပတ်သက်ပြီး ဧကနိပါတ် ၊ မတကဘတ္တဇာတ်မှာ…
ဗာရာဏသီပြည် ဒိသာပါမောက္ခဆရာကြီးဟာ တစ်နေ့ သေသူကို ရည်မှန်းပြီး လှူမယ် လို့ဆိုကာ ဆိတ်ကုလားတစ်ကောင်ကို ရေချိုးပြီး၊ ပန်းနံ့သာတွေနဲ့ လိမ်းခြယ်ပေးဖို့ ပန်ကုန်းစွပ်ပေးဖို့ တပည့်များအား ပြောပါတယ်။ တပည့်များကလည်း ဆိတ်ကုလားကို ရေချိုးပေးကာ ပန်းကုန်းစွပ်ပေးပြီး ကမ်းနားတစ်ခုမှာ ထားထားတယ်။ ဒီအချိန်မှာ ဆိတ်ကုလားက ရယ်လည်း ရယ်တယ်၊ ငိုလည်း ငိုတယ်။ ဒီအကြောင်းကို တပည့်များက “ဘာကြောင့် ရယ်ပြီး ဘာ့ကြောင့် ငိုရတာလဲ” ဆိတ်ကို မေးပါတယ်။ “ အခုမမေးပါနဲ့ ၊ သင်တို့ဆရာ ထံရောက်မှ မေးပါ” လို့ ဆိတ်ကပြန်ပြောပါတယ်။
ဒိသာပါမောက္ခဆရာထံရောက်တော့ တပည့်များရဲ့ ပြောဆိုချက်နဲ့ ငို ၊ ရယ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဆိတ်ကုလားကို မေးပါတယ်။ “ဆရာကြီး ကျူပ်ဟာ တစ်ခုသောဘ၀တုံးက သင်လိုပဲ ဆရာကြီးဖြစ်ခဲ့ဖူးပါတယ်။ အခုလိုမျိုး သေသူကိုရည်မှန်း အလှူလုပ်ဖို့အတွက် ဆိတ်တစ်ကောင်ကို သတ်ခဲ့ဖူးပါတယ်။ ဒီမကောင်းမှုကံကြောင့် ဘ၀ပေါင်း ၄၉၉ ဘ၀တိုင်အောင် လည်ပင်းပြတ်ကာ သေပွဲဝင်ခဲ့ရပါတယ်။ ယခုဒါဟာ ငါ့အတွက် နောက်ဆုံးတစ်ဘ၀ပဲ ခံရတော့မှာပါ။ ဒါပြီးရင် လည်ပင်းပြတ်သေရတဲ့ ဘ၀က လွတ်ပါပြီဆိုပြီး တွေးမိလို့ ရယ်တာပါ။
နောက်တစ်ခုကဲ သင်ဆရာကြီးလည်း ငါ့ကိုသတ်ပြီး ဘ၀ငါးရာခံရအုံးမှာကို တွေးမိပြီး ဆရာကြီးကို သနားလို့ ငိုမိတာပါ” လို့ ဆိတ်ကပြောတော့ ဒိသာပါမောက္ခဆရာကြီးလည်း ဆိတ်ကို မသတ်တော့ဘဲ ချမ်းသာပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံက မျက်နှာမလိုက်ပါဘူး။ တစ်နေ့ ဆိတ်ကုလားဟာ မြက်စားနေခိုက် အနီးရှိ ကျောက်ဖြာပေါ်ကို မိုးကြိုးထိမှန်ကာ ကျောက်ချပ်တစ်ခုလွင့်ထွက်လာပြီး ဆိတ်ကုလားရဲ့ လည်ပင်းကို ဖြတ်မိလျှက်သား ဖြစ်သွားပါတယ်။ လှံထမ်းလာတာကိုသာ မြင်ပြီး ကံထမ်းလာတာတော့ ဘယ်သူမှ မမြင်ကြဘူးဆိုတာ မှန်လိုက်ပါဘိ။
ဒီဝတ္ထုဟာ ဇာတ်တော်ထဲက လာတာပါ ။ဒီဝတ္ထုကို ရည်ရွယ်ပြီး အဖန်ငါးရာ ဆိုတာ ဖြစ်ပေါ်လာတာပါ။ တကယ်ကတော့ ကိုယ့်ကိုယ်ကို သတ်သေတာဟာ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ မဟုတ်ပါဘူး။ သူများကို သတ်လို့သာ အဖန်ငါးရာခံရတာပါ။
ပြောချင်ပါသေးတယ် မိမိကိုယ်ကိုယ် သတ်သေတာဟာ နှစ်မျိုးရှိတယ်။ (၁) မိမိခန္ဓာရဲ့ အပြစ်ကိုမြင်ပြီး သတ်ခြင်း။(၂) အပြစ်ဒေါသကြောင့်သတ်ခြင်း တို့ဖြစ်ကြတယ်။
မိမိခန္ဓာရဲ့အပြစ်မြင်ပြီး သတ်တာ ဟာ ပါဏာတိပါတကံမထိုက်သလို အပြစ်လည်းမရှိပါဘူး။ ပါဏာတိပါတကံထိုက်တဲ့ အင်္ဂါ ငါးချက် ရှိပါတယ်။ (၁)သတ်အပ်တဲ့သတ္တ၀ါရှိရမယ်။ (၂) သတ္တ၀ါရယ်လို့ အမှတ်သညာရှိရမယ်။(၃)သတ်လိုစိတ်ရှိရမယ်။(၄)လုံ့လပြုရမယ်။(၅) လုံ့လကြောင့် သေသွားတာရယ်။ ဆိုပြီး အင်္ဂငါးချက်နဲ့ပြည့်စုံရင် ပါဏာတိပါတကံထိုက်ပါတယ်။
အတ္တာနံ မုဉ္စိတွာ ပရပါဏိမှ ပါဏသညိတော လက္ခဏဿ အင်္ဂဿ အဘာဝတော နေ၀တ္ထိ ပါဏာတိပါတော လို့ ၀ိမတိဝိနောဒနီ ပ-၂၂၈ မှာ ပြထားပါတယ်။ အဓိပ္ပါယ်က….. မိမိကိုယ်ကို ထားပြီး တစ်ပါးသတ္တ၀ါရယ်လို့ အမှတ်သညာလက္ခဏာ မရှိတဲ့အတွက်ကြောင့် ပါဏာတိပါတကံ မဖြစ်ဘူး လို့ဆိုထားပါတယ်။
တစ်ခါတုန်းက ၀ဂ္ဂလိထေရ်ဟာ သူ့လည် ပင်းကို သူ့ဓားနဲ့ ဖြတ်ခဲ့တာပဲ။ သူ့ကိုယ်သူသတ်လို့ အပါယ်မကျတဲ့အပြင် ရဟန္တာဖြစ်သွားကြောင်းကို ခန္ဓ၀ဂ္ဂသံယုတ်ပါဠိ(၉၇)မှာ အထင်အရှားရှိပါတယ်။ အဖန်ငါးရာဆိုတာ မဟုတ်ပါဘူး။
နောက်တစ်ခု အပြစ်ဒေါသကြောင့် ကိုယ့်ကိုယ်ကို သတ်သေရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။
“ကောဓံ နိဿာယာတိ- သတ္တော သတ္ထံ အာဒါယ အတ္တနာဝ အတ္တာနံ ပဟရန္တိ၊ ၀ိသံ ခါဒန္တိ၊ ရဇ္ဇုယာ ဥဗ္ဗန္ဓ န္တိ၊ ပပတာ ပပတန္တိ၊ ဧ၀ံ ကောဓ၀သေနကာလံ ကတွာ နိရယာဒီသု ဥပ္ပဇ္ဇ န္တိ” လို့ ဧကနိပါတ်၊ ဋ္ဌ -၅၃၁ မှာ ဖေါ်ပြထားပါတယ်။ အဓိပ္ပါယ်က…
အပြစ်ဒေါသကြောင့် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ အဆိပ်စားခြင်း၊ ကြိုးကွင်းလည်ပင်းစွတ်ခြင်း၊ ကမ်းပါးပြတ်မှခုံချခြင်းစတဲ့ အပြစ်ဒေါသရဲ့ အစွမ်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေလို့ သေလွန်တဲ့အခါ ငရဲ စတာတွေကို ရောက်တတ်တယ် လို့ ဟောတော်မူထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုထုဇဉ်လူသားများအနေနဲ့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ အကျည်းတန်တဲ့အဖြစ်မျိုးမှ လွတ်ကင်းအောင် နေတတ်ဖို့ပါသာ လိုတာပါလို့ ပြောရင်း သာယာဖြောင့်ဖြူးတဲ့ ဘ၀ကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ……….

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၉)

ကြားခဲ့ရတဲ့ စကားတစ်ခွန်း
ကြာခဲ့ပါပြီ၊ ဒါပေမဲ့ ယနေ့အထိ ကြားယောင်နေဆဲပါ၊ စာရေးသူဟာ ငယ်စဉ်က တောရွာမှာ ကြီးပျင်းခဲ့ရသူပါ။ ငယ်စဉ်က ခလေးသဘာဝ သူငယ်ချင်းများနဲ့ ဟိုဟိုဒီဒီသွားကာ ဆော့ကစားလေ့ရှိတယ်။ တစ်ခါခါ တောထဲသွားပီးတော့လဲ ဆော့ကစားကြသလို ရွာဦးဘုန်းတော်ကြီးကျောင်းဝင်းထဲ ၀င်ကာ ဆော့ကြတာလဲ ရှိတယ်။
တစ်နေ့ စာရေးသူတို့ သူငယ်ချင်းတစ်သိုက် မြစ်ချောင်းထဲဆင်းကာ ရေချိုးကြပါတယ်၊ ရေချိုးပြီးတဲ့အခါ အိမ်မပြန်ကြသေးဘဲ၊ ထိုမြစ်ကမ်းနံဘေးမှာပဲ ဟိုဟိုဒီဒီ သွားကာ ဆော့ကစားကြပါတယ်။ ဒီအချိန်မှာ မြစ်ကမ်းနား ၀ါးဖေါင်ပေါ်မှာ လူကြီး တစ်ယေက် ငါးမျှားနေတာကို တွေ့ရပါတယ်။ လူငယ်သဘာဝ ၀ါးဖေါင်ပေါ်တက်ပြီး အချင်းချင်း စကြနောက်ကြရင်း ၀ါးလုံးကွဲအသံကြီးနဲ့ ရယ်ကြ ပျော်ရွှင်နေကြပါတယ်။
ထိုအခိုက် ၀ါးဖေါင်ပေါ်မှာ ၀မ်းစာရေးအတွက် ငါးမျှားနေတဲ့ အဖိုးကြီးက သူ့ကို ပျက်ရယ်ပြုတယ်လို့ ထင်မှတ်ပြီး

“ မင်းတို့က ငါ့ကို လှောင်ကြတာလား….အေး…ငါအဖိုးကြီးဖြစ်သလို မင်းတို့လဲ တစ်နေ့ အဖိုးကြီးဖြစ်လာလိမ့်မယ်၊ သတိထားကြ၊ ဒါ နောက်စရာမဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်။ ဒီအချိန်တုန်းက ခလေးသဘာဝ မတွေးတတ်ပါ။ ဒီအဖိုးကြီး ငါတို့ကို စိတ်ဆိုးပီး ပြောတာပဲ လို့ ထင်မှတ်ခဲ့တယ်။
အသက်တွေကြီးလာတော့မှ အဖိုးအိုရဲ့စကားဟာ တကယ်မှန်နေတာတွေ့ရတယ်၊ အချိန်ကြာလာတော့ စကားရဲ့ အနက်အဓိပ္ပါယ် ပိုပြီး ထင်ရှားလာသလို ကြာလေလေ နားထဲက မထွက်လေလေပါပဲ။
ငယ်စဉ်က အဖိုးအိုရဲ့စကားကို ဝေဖန်နိုင်တဲ့ စွမ်းအားမရှိပါ။ ယခုအသက်ကြီးလာတဲ့အချိန်ရောက်တော့ ဝေဖန်မိပါတယ်။ ဘာ့ကြောင့်ဆိုရင် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှဟာ ဓမ္မချည်း ဖြစ်နေလို့ပါပဲ။
ဒီအချိန်တုန်းက အဖိုးအိုဟာ သုဿန်နှုတ်ခမ်းတဖက် နင်းနေပြီ။ သေခြင်းတရားကို သတိမှ ရပါလေစ၊ ဘ၀ပေးအရ စားဝတ်နေရေးအတွက် ငါးမျှားနေရတာကို ကြည့်ပြီး အဖိုးအိုကို သနားမိတာပါ၊ ကြာခဲ့ပြီဆိုတော့ အခုအချိန်မှာ အဖိုးအိုဟာ လောကထဲ ရှိနေမယ် မထင်တော့ဘူး။ လောကမှာ ဒီလိုအဖိုးအိုမျိုး ဘယ်နှစ်ဦးရှိလေမလဲ၊ အသက်ကြီးလာရင် ဒါန သီလ ဘာဝနာ ကုသိုလ်တရားနဲ့ နေရမဲ့အချိန်မှာ အကုသိုလ်အလုပ် လုပ်နေရတာဟာ မချစ်သော်လည်း အောက်ကာနမ်းဆိုသလိုပဲ မလုပ်ချင်လဲ လုပ်နေရတာပဲလား၊ ဒါမှမဟုတ် အပျော်သဘောနဲ့ ငါးမျှားတာလား ဆိုတာ မပြောတတ်ပါ။
မည်သို့ပင်ဖြစ်စေ ဒီအသက်အရွယ်ရောက်လာရင် ဘ၀နေ၀င်ချိန်လည်း နီးကပ်လာပါပြီ။ အပူအရှိန်အားနည်းလာတဲ့ နေ၀န်းနီနီကြီးပမာ မကြာခင် တောင်စွယ်အောက်ရောက်လို့ ကွယ်တော့မှာဖြစ်တယ်။
လူတွေဟာ ငယ်ရွယ်တဲ့အချိန်ကစလို့ လက်မှတ်တွေ အသီးသီးရခဲ့ကြတယ်။ လက်မှတ်က အောင်လက်မှတ်တွေပါ။ မူလတန်းအောင်လက်မှတ်။ အလယ်တန်းအောင်လက်မှတ်။ အထက်တန်း တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်။ တက္ကသိုလ်မှ ဆိုင်ရာဘွဲ့အောင် လက်မှတ်။ ဘွဲ့လွန်အောင်လက်မှတ် ၊ ဂုဏ်ထူးဆောင်လက်မှတ် စတဲ့ အောင်လက်မှတ်တွေ အဆင့် ဆင့် ရရှိခဲ့ကြတယ်။
များပြားလှတဲ့ အောင်လက်မှတ်များနဲ့အတူ ဂုဏ်ယူဝင့်ကြွားပြီး အရှေ့တန်းက နေနိုင်လာခဲ့ပေမဲ့ တစ်နေ့ကျရင် ထိုလက်မှတ်များကို ထားခဲ့ကာ သချိုင်း လက်မှတ် ယူရမဲ့ သူချည်းပါပဲ။
အဖိုးအိုဟာ သချိုင်းလက်မှတ်ယူရမှာကို မေ့နေတာလား မပြောတတ်။ လူတိုင်းလူတိုင်း သချိုင်းလက်မှတ် ယူရမဲ့သူချည်းပါ။ စာဖတ်သူများလည်း တဖြေးဖြေး ကြီးရင့်လာနေပါပြီ။ သချိုင်းလက်မှတ်ကို ဘယ်အချိန် ယူရမယ်ဆိုတာသာ မသိတာ။ တစ်နေ့နေ့ တချိန်ချိန်မှာ ယူရတော့မှာပါ။ ပစ္စုပ္ပန် ၊ အနာဂါတ် ကာလ တစ်ခုခုမှာပေါ့။
ဘ၀မှာ အောင်လက်မှတ် ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ အောက်ခြေလွတ်နေကြတယ်။ မာန်မာနဆိုတဲ့ မျက်မှန်စိမ်း တတ်ထားကြတော့ အပြင်လောကရဲ့ ဘ၀အခြေအနေမှန်ကို မသိဖြစ်နေကြတယ်။ ဒီလိုပါပဲ လူ့လောကမှာ ပစ္စည်းဥစ္စာ၊ ပညာ၊ ရုပ်ရည် စတာတွေကို အခြေတည်လို့ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ မာန်မာနတွေ တက်နေကြတယ်။ု တစ်ချို့ ရဟန်းလောကမှာလည်း ကိုယ့်မှာရှိတဲ့ ပညာ၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တပည့်အခြေအရံများစတဲ့ အခြေအနေအပေါ် မူတည်ပြီး မာန်တက်နေကြတာ ရှိတတ်ကြပါတယ်။ ဒါဟာ မျက်မှန်စိမ်းတတ်နေကြတာပါ။ တစ်နေ့ သချိုင်းလက်မှတ်ရမယ်ဆိုတာကို ဆင်ခြင်မိကြမယ်ဆိုပါရင် ကိုယ်တတ်ထားတဲ့ မျက်မှန်ဟာ အစိမ်းရောင်ကနေ အဖြူရောင် ပြောင်းလဲလာမှာပါ။
စာရေးသူအပါအ၀င် စာဖတ်သူများပါ မျက်မှန်စိမ်း မတတ်မိဖို့နဲ့ လောကသဘ၀အမှန်ကို မြင်နိုင်တဲ့ အဖြူရောင် မျက်မှန်ကို တတ်နိုင်တဲ့သူများ ဖြစ်ဖို့ပါ။ ငယ်စဉ်က အဖိုးအိုအကြောင်း ပြန်ပြောပါမယ်။
အဖိုးအိုဟာ Fisherman ပီပီ ငါးမျှားနေတဲ့အခိုက် ငါးများ မိနေလေမလား၊ မိရင်ကောင်းမယ်၊့  ဘာလုပ်လိုက်မယ် ဆိုတဲ့ အကုသိုလ်အတွေး နယ်ချဲ့မိမှာပါ။ ဒီလိုသာ တွေးဖြစ်ခဲ့ရင်တော့ အကုသိုလ်အရင်းအနှီးဖြစ်တဲ့အတွက် သချိုင်းလက်မှတ်သာမက အပါယ်လက်မှတ်ပါ ၀ယ်ပီးသားဖြစ်သွားမှာပါ။
ငယ်စဉ်ကအဖိုးအိုရဲ့ အဖြစ်မျိုးကို အတွေးနဲ့ ပြေးမြင်ကာ ကိုယ်လည်း ဒီလိုမျိုးများ ဖြစ်နေပီလား၊ ကိုယ့်ဟာကိုယ်သုံးသပ်ကြည့်မိပါတယ်။ စာဖတ်သူများလည်း သုံးသပ်ကြည့်မိဖို့ မိမိကိုယ်ကို လေ့လာရင်း သုတေသနပြုဖို့ လိုအပ်လိမ့်မယ် ဆိုတာ ပြောရင်း…………………..ကုသိုလ်ဆိုတဲ့ အရင်းအနှီးဖြင့် အဖြူရောင်မျက်မှန်များ တတ်နိင်ကြပါစေ………….

Wednesday, November 18, 2009

ဒီလိုအိမ်မျိုး နောက်သွားရအုံးမှာလား

အမေး။ ။အရှင်ဘုရား……ရဟန်းတော်များမှာ ဒါယကာ/မ တို့ရဲ့ ပစ္စည်းလေးပါး အထောက်အပံ့ရမှာသာ သာသနာပြုနိုင်ကြ ပါတယ်ဘုရား။ တခါတရံ တစ်ချို့ ရင်းနှီးတဲ့ အိမ်တွေကို မလွဲမရှောင်သာ သွားရပါတယ်။ အဲဒီအခါမျိုးမှာ ရဟန်းသံဃာတော်များ ကြွလာမှန်း သိပါလျက် အဖက်မလုပ်၊ ခရီးဦးလည်းမကြိုဆို တာတွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော် သိချင်တာက ဒီလို အိမ်မျိုးကို နောက်တစ်ခါ သွားသင့်/မသင့် ဆိုတာ သိချင်ပါတယ်ဘုရား။ ။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။လူတွေဟာ အလုပ်ကို အချိန်နဲ့ လုပ်နေကြရတဲ့အတွက် ရဟန်းတော်များကို မအားလပ်တဲ့ကြားက ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဧည့်ဝတ်ချွတ်ယွင်းခဲ့ပေမဲ့ ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ရင်းနှီးကျွမ်းဝင်ပြီးသား ဒါယကာအိမ်ကို သွားတဲ့အခါ အဖက်မလုပ်၊ ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိ ဘူးဆိုရင် နောက်တစ်ခါ မသွားမိအောင် သတိထားရပါ့မယ်။ဒါယကာများက ကိုယ့်ကို မကြည်ညိုဘူးဆိုရင်တော့ နောက်တစ်ခါ သွားဖို့ရာ စဉ်းစားရပါလိမ့်မယ်။ ဒါကိုတော့ ခွဲခြားသိဖို့လိုပါလိမ့်မယ်။
ဒါနဲ့ပတ်သက်ပြီး အဂ္ဂင်္ုတ္တရာနိကာယ်၊ ကုလသုတ်မှာ ဟောတော်မူထားပါတယ်။
ဒါတွေက-
(၁) မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုခြင်း။ (၂)မြတ်နိုးသဖြင့် ရှိမခိုးကြခြင်း။ (၃) မြတ်နိုးသဖြင့် နေရာထိုင်ခင်း မပေးကြခြင်း။ (၄) ထင်ရှားရှိတဲ့ လှူဖွယ်ဝတ္တုကို ရဟန်းတို့အား လျှို့ဝှက်ကြခြင်း။ (၅) လှူဖွယ်ဝတ္ထု များစွာရှိပါလျက် အနည်းငယ်ကိုသာပေးလှူခြင်း။ (၆) မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက် ရုန့်ရင်းကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကြခြင်း။ (၇) ရိုသေစွာ မပေးလှူဘဲ မရိုမသေ ပေးလှူကြခြင်း။ (၈) တရားနာရန် ရဟန်းထံသို့ မချဉ်းကပ် မနေထိုင်ကြခြင်း။ (၉) ထိုရဟန်းဟောသော တရားများကို ရိုသေစွာ မနာယူကြခြင်း။
အထက်ပါဖေါ်ပြခဲ့တဲ့ အင်္ဂါ(၉)ချက်နဲ့ ပြည့်စုံတဲ့ ဒါယကာအိမ်သို့ ရဟန်းတော်များ မသွားရောက်သင့်ပါ။ တကယ်လို့ သွားခဲ့တောင်မှ ထိုင်နေဖို့ မသင့်ပါ။ (အင်္ဂ္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ ပဌမပဏ္ဏာသက၊သီဟနာဒ၀ဂ်၊ ကုလသုတ်)

လူဝင်စားဟာ ဘ၀အဆက်ဆက် တစ်ယောက်ထဲများလား

အမေး။ ။အမေရိကန်နိုင်ငံက အသက် (၁၁)နှစ်အရွယ် ခလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၅၀ လောက် ပျံလွန်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားဝင်စားတယ်လို့ ပြောကာ ကျောင်းဆက်မတက်တော့ဘဲ အိမ်ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။ Boston မှာ မွေးတဲ့ Jigme Wangchuk လို့ ခေါ်တဲ့ ခလေးဟာ အခုဆိုရင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Darjeeling မြို့ရှိ ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုမှာ ခေါင်းဆောင် အကြီးအကဲလုပ်ဖို့ ထွက်ခွာသွားပါပြီ။ သူ့ရဲ့ မိဘနှစ်ပါး ပြောကြားခဲ့တာကတော့ သူတို့ရဲ့သားဟာ ငယ်ငယ်ကတည်းက တခြားခလေးတွေနဲ့ မတူသလို စပြီးစပြောတတ်ချိန် (၂)နှစ်သားအရွယ်လောက်ကတည်းက သူ့ရဲ့ဘ၀ဟောင်းတွေကို စတင်ပြောခဲ့ပါတယ်။
ဒါတွေကို တပည့်တော် အင်တာနက်စာမျက်နှာတစ်ခုမှာ ဖတ်လိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက လူဝင်စားအကြောင်းနဲ့ ပတ်သက်ပြီး ဘုရားဟောနှင့်ညှိပြီး ဖြေကြားပေးစေလိုပါတယ်။
အောင်ကျော်နိုင်
ဆစ်ဒနီ ၊ သြစတေးလျား

အဖြေ။ ။ဗုဒ္ဓလူဝင်စားတယ်ဆိုတာ ဗုဒ္ဓ၀ါဒအရ လုံးဝ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓဟာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုတော်မူပြီး ဖြစ်တဲ့ အတွက် နောက်တဖန် ဘ၀အသစ် ပဋိသန္ဓေဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် ဗုဒ္ဓလူဝင်စားဟာ လုံးဝ မဖြစ်နိုင်ပါဘူး။
လူဝင်စားဆိုတာ ဖြစ်ခဲ့တဲ့ အတိတ်ဘ၀များကို ပြန်လည်အမှတ်ရနိုင်သူပါ၊ မနေ့ကလုပ်ခဲ့ပြောခဲ့တဲ့အကြောင်းအရာများကို ဒီနေ့ပြန် မှတ်မိနေသလိုမျိုးပါ။ ဒါကို ဘုရားရှင်က ဇာတိဿရဥာဏ်ရရှိသူများ လို့ မိန့်တော်မူပါ တယ်။
ဘုရားရှင်ပါရမီဖြည့်စဉ် တေမိမင်းသားဘ၀ဖြစ်စဉ်က တေမိမင်းဟာ မွေးကင်းစ လသားအရွယ်လောက်မှာ ဘုရင်ကြီးက ထီးဖြူအောက်မှာ မင်းသားလေးကို သိပ်ထားပါတယ်။ မင်းသား နိုးလာတဲ့အခါ ထီးဖြူကြီးကို မြင်လိုက်ရတယ်။ ဒီအခါမှာ မင်းသားဟာ အတိတ်ဘ၀ ဘုရင်ဖြစ်ခဲ့တာကို သတိရတယ်၊ တဆက်တည်း ဘုရင်ဖြစ်စဉ်မှာ ရာဇ၀တ်သားတွေကို အမျိုးမျိုး အမိန့်ချတာကို သွားမြင်တယ်။ ဘုရင်ဘ၀ကနေ ငရဲကျခံရေတာကို မြင်ပြန်တယ်။ငရဲဘ၀ကနေ တာဝတိံသာနတ်ပြည်မှာ နတ်ဖြစ်ရတယ်။ အဲဒီကနေတဆင့် ယခု မင်းသားဘ၀ဖြစ်လာရတယ်။ ဒီအကြောင်းကို မင်းသားလေးဟာ မင်းဖြစ်ရမှာကို ကြောက်ရွံ့တဲ့အတွက် ဘ၀တစ်လျှောက်လုံး ဆွံ့အ ယောင်ဆောင်ခဲ့တယ်။
လူဝင်စားဆိုတဲ့ ဇာတိဿရဥာဏ်ရရှိတဲ့သူများဟာ ဘုန်းကံကြီးမားကြတဲ့ သူများသာ ဖြစ်ပါတယ်။ ယခုခေတ်မှာလည်း အနည်းအကျဉ်း ရှိကြပါတယ်။ လူဝင်စားလို့ခေါ်တဲ့ အတိတ်ဘ၀ပြန်မြင်သူများဟာ သေခါနီးမှာ ရောဂါဝေဒနာ ပြင်းထန်စွာ မခံစားလိုက်ရဘဲ တွေဝေမှုနည်းပါးစွာနဲ့ ရုတ်တရက် ကွယ်လွန်ကာ လူဘ၀လာဖြစ်ကြရတဲ့ သူတွေ များပါတယ်။
လူဝင်စားအတုများလည်း ရှိသေးတယ်။ မိခင်ဝမ်းတွင်း ပဋိသန္ဓေနေစဉ် မိခင်က အပြင်မှာ လူတစ်ယောက်သေဆုံးတာကို စွဲစွဲလန်းလန်းဖြစ်ခဲ့ပါတယ်။ မွေးလာတဲ့ကလေးဟာ မိခင်စိတ်ဓါတ်များ ကူးစက်ကာ ကလေးစကားပြောတတ်ကာခါစ သူဟာ သေဆုံးသွားသူ ဖြစ်ကြောင်း ပြောပါတော့တယ်။ ဒါပေမဲ့ ထိုကလေးမျိုးဟာ နောင်ကြီးလာတဲ့အခါ မေ့လျော့သွားတတ်ပါတယ်။ ဒါက လူဝင်စားအတုဖြစ်ပါတယ်။ ဇာတိဿရဥာဏ်ရသူများကတော့ ငယ်ရွယ်စဉ်မှ အသက်ကြီးတဲ့အထိ အသေးစိတ် ပြောတတ်နေပါတယ်။
လူဝင်စားတာဟာ ဘ၀အဆက်ဆက်တစ်ယောက်ထဲလားဆိုတာကို ပြောပါအုံးမယ်။
လူဝင်စားတယ်ဆိုတာ အရပ်သုံးစကားပါ။ အချို့သူများက လူဝင်စားတာဟာ အရင်ဘ၀က ခန္ဓာကိုယ်ကြီးကို ထားခဲ့ပြီး ၀ိဥာဉ်လေးက ဒီဘက်ခန္ဓာကိုယ်ထဲ ၀င်လာတယ် လို့ ယူဆကြဟန်ရှိပါတယ်။ ခန္ဓာကိုယ်ထဲမှာ အသက်ကောင်ခေါ်တဲ့ လိပ်ပြာကောင်လေးရှိတယ်။ အဲဒီအသက်ဆိုတဲ့ လိပ်ပြာလေးက ခန္ဓာအဟောင်းက စွန့်ခွာသွားတာကိုပဲ အသက်ထွက်သွားတယ်၊ အသက်ကောင်လေးထွက်သွားပြီး တစ်ခြားဘ၀အသစ်ခန္ဓာမှာ အသက်ကောင်လေး တစ်ဖန်ပြန်ဝင်လာတယ် လို့ မှတ်ထင်ကြတယ်။
အမှန်က သတ္တ၀ါတွေမှာ အသက်ကောင်၊ လိပ်ပြာကောင်၊ ၀ိညာဉ်ကောင် ဆိုတာတွေ မရှိပါဘူး။ သတ္တ၀ါတွေမှာ ရုပ်နာမ် သာရှိပါတယ်။ ဒီဘက်ဘ၀မှာ ရုပ်ရော နာမ်ရော ချူပ်ဆုံးသွားပီးမှ ဘ၀သစ်မှာ ရုပ်နာမ် အသစ်သွားဖြစ်တာပါ။ လူဝင်စားဆိုတာက ယခင်ဘ၀ကဟာ တွေပြန်မှတ်မိတာကို ပြောတာပါ။ ဒါဖြင့် လူဝင်စားဟာ ယခင်ဘ၀ကရော တစ်ယောက်ထဲမဟုတ်ဘူးလား ဆိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြောင်းအကျိုးဆက်စပ်မှုတော့ရှိတယ်လို့ ပြောရပါမယ့် ။
ဥပမာ သရက်စေ့လေးတစ်ခု ကို ပျိုးထောင်လိုက်တဲ့အခါ သရက်စေ့အသွင်ပျောက်ပြီး အပင်လေးတွေဖြစ်လာတယ်။ သရက်ပင်ကြီးလာတော့ သရက်သီးလေးတွေ သီးလာတယ်။ ဒါဖြင့် ပျိုးထောင်တဲ့အခါတုန်းက သရက်စေ့နဲ့ ယခုသီလာတဲ့ သရက်သီး ရဲ့အစေ့က အတူတူလားဆိုတော့ မျိုးစေ့ကသန့်သန့် ယခုသီးလာတဲ့ သရက်စေ့က သန့်သန့်မို့ မတူပါဘူး။ ဒါပေမဲ့ သရက်မျိုးစေ့ကြောင့် ယခု အသီးသီးလာရတဲ့အတွက် ယခုသီးလာတဲ့သရက်သီးများဟာ ယခင်သရက်မျိုးစေ့နဲ့ အကြောင်းအကျိုးဆက်နေတယ်။
နောက်ဥပမာတစ်ခု ပြောပြပါအုံးမယ်၊ လှိုဏ်ခေါင်းတစ်ခုထဲမှာ လူတစ်ယောက်က အားကုန် တစ်ချက်အော်လိုက်မယ်ဆိုပါစို့၊ အော်လိုက်တဲ့အသံကြောင့် ပဲ့တင်သံတွေဟာ ဆက်ကာ ဆက်ကာ အသံတွေ တစ်ခုပီးတစ်ခု ဆက်သွားပါတယ်။ ပထမအော်လိုက်တဲ့အသံဟာ ဒုတိယ တတိယ ဆက်ကာ ဆက်ကာ ထွက်တဲ့ ပဲ့တင်သံနဲ့ အတူတူလား ဆိုတော့ တစ်ခုစီပါ။ မတူပါဘူး၊ ဒါပေမဲ့ ပထမအသံကြောင့် ဒုတိယ၊ တတိယအသံများ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်လာတယ်၊ ပထမအသံမရှိရင် ဒုတိယအသံ မမြည်လာနိုင်သလို၊ဒုတိယအသံမရှိရင် တတိယအသံ မမြည်လာနိုင်ပါဘူး။
အသံ တစ်ခုနဲ့တစ်ခုဟာ မတူသော်လည်း တစ်ခုနဲ့တစ်ခု အကြောင်းအကျိုး ဆက်စပ်နေတယ်ဆိုတာ ငြင်းလို့ မရပါဘူး။
ဒီလိုပါပဲ ယခင်ဘ၀နဲ့ ယခုဘ၀ဟာ တူသလားဆိုတော့ မတူပါဘူး၊ ဘ၀နှစ်ခု မတူပေမဲ့ ယခင်ဘ၀ ကံအကြောင်းတရားကြောင့် ကံရဲ့ အကျိုးတရားးအနေနဲ့ ဘ၀အသစ် လာဖြစ်ကြရတာပါ။ ဘ၀တစ်ခုနဲ့တစ်ခုဟာ တစ်ယောက်ထဲမဟုတ်ပေမဲ့ အကြောင်းအကျိုးဆက်စပ် နေတယ်ဆိုတဲ့ အကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ရုပ်မဟုတ်တဲ့ ရုပ်တရား

အမေး။ ။အရှင်ဘုရား ရုပ် အတု (၁၀)ပါး ရှိတယ်လို့ ဖတ်ရပါတယ်ဘုရား။ ဒီရုပ်အတု (၁၀)ပါး ပေါ်ကို လက္ခဏာရေး(၃)ပါး တင်ပြီး ဝိပဿနာ မရှုကောင်းလို့ ဆိုပါတယ် ဘုရား။ ဘာကြောင့် မရှုကောင်းတာလဲ ဆိုတာ သိချင်ပါတယ်ဘုရား။
ထွန်းလင်းကြည်
ပျဉ်းမနား
အဖြေ။ ။ ရုပ်အစစ်မဟုတ်တဲ့ ရုပ်တရားများလောက်သာ ဖြေမယ်ဆိုရင် ဒီအဖြေဟာ လုံလောက်မယ် မထင်ပါ။ ရှင်းသွားအောင် ဖြေပေးပါ့မယ်။ သည်းခံပီး ဖတ်ပေးစေလိုပါတယ်။

ရုပ်တရား(၂၈)ပါးရှိပါတယ်။ ထိုရုပ်များအနက် ရုပ် (၁၈)ပါးကို သဘာဝရုပ်၊ သလက္ခဏရုပ်၊ နိပ္ဖန္နရုပ်၊ ရူပရုပ်၊ သမ္မာသနရုပ် လို့ ခေါ်ပါတယ်။
ထိုရုပ်(၁၈)ပါးဟာ အနိစ္စစတဲ့ လက္ခဏာရှိတဲ့အတွက် သလက္ခဏရုပ် လို့ ခေါ်သလို ၀ိပဿနာ စီးဖြန်းတဲ့ ယောဂီပုဂ္ဂိုလ်များဟာ အနိစ္စစတဲ့ လက္ခဏာရှိတဲ့ ထို နိပ္ဖန္နရုပ်(၁၈)ပါးကို အာရုံပြုပြီး မမြဲ၊ ဆင်းရဲ၊ အစိုးမရ လို့ ဥာဏ်နဲ့ သုံးသပ်ကောင်းသောကြောင့် သမ္မာသနရုပ်လို့ လည်း ခေါ်ပါတယ်။ ဖေါက်ပြန်ခြင်းသဘောရှိတဲ့အတွက် ရူပရူပ် (ရုပ်အစစ်) လို့လည်း ခေါ်ပါတယ်။
အာကာသဓါတ်လို့ ဆိုတဲ့ ပရိစ္ဆေဒရုပ်စတဲ့ ရုပ်တရား (၁၀)ပါးကို အရူပရူပ လို့ခေါ်ပါတယ်။ အဓိပ္ပါယ်က ဖေါက်ပြန်ခြင်း မရှိတဲ့အတွက် ‘အရူပရူပ’ လို့ခေါ်ပါတယ်။ (ရုပ်မဟုတ်တဲ့ရုပ်) ရုပ်အတု လို့လည်း ခေါ်လို့ရပါတယ်။ ဒါဖြင့် ရုပ်တရားအစစ်မဟုတ်ပါပဲနဲ့ ဘာ့ကြောင့် ရုပ်တရားလို့ ခေါ်ရတာလဲ၊ ဘာ့ကြောင့်ရုပ်တရားထဲ ထည့်သွင်းထားရတာလဲ လို့ မေးစရာရှိတယ်။
ဒီအာကာသဓါတ်စတဲ့ အနိပ္ဖန္နရုပ်များကို ရုပ်တရား လို့ ခေါ်ထားရတဲ့အကြောင်းက ဖေါက်ပြန်တတ်တဲ့ ရုပ်အစစ်နဲ့ ပူးတွဲပါလာတဲ့ အတွက်ကြောင့် အ၀ိနာဘာဝနည်း (တနွယ်ငင် တစင်ပါနည်း)ဖြင့် ဖေါက်ပြန်တတ်တဲ့ သတ္တိမရှိပါဘဲ ဖေါက်ပြန်တတ်တဲ့ သတ္တိရှိသလို တင်စားပြီး တဒ္ဓမ္မူစာရ အားဖြင့် ရူပ လို့ ခေါ်ဝေါ်ရခြင်း ဖြစ်ပါတယ်။
ဥပမာ လက်ညိုး နှစ်ချောင်းထောင်လိုက်တဲ့အခါ လက်ညိုးနှစ်ချောင်းရဲ့အလယ်မှာ ပိုင်းခြားထားတဲ့ အာကာသဓါတ်ဆိုတာရှိတယ်။ ဒီအာကာသဓါတ်ဆိုတဲ့ ပရိစ္ဆေဒရုပ်ဟာ လက်ညိုးနှစ်ချောင်းဆိုတဲ့ ရုပ်အစစ်နဲ့အတူ ပူးတွဲပြီး လာတဲ့အတွက် ရုပ်အစစ်မဟုတ်သော်လည်း ရုပ် လို့ ခေါ်ဝေါ် သုံးနှုံးရပါတယ်။
မေးခွန်းရှင်မေးထားတာလေးကို ဖြေပါ့မယ်။ ရုပ်အတု(၁၀)ပါးကို ဘာ့ကြောင့် ၀ိပဿနာမရှုကောင်းတာလည်းဆိုရင်….
ဒီရုပ်အတု(၁၀)ပါးဟာ ဖေါက်ပြန်ခြင်းသဘောလည်းမရှိ လက္ခဏာလည်းမရှိတဲ့အတွက်ကြောင့် ၀ိပဿနာဥာဏ်ဖြင့် မသုံးသပ်ကောင်း၊ ၀ိပဿနာ မရှုထိုက်ပါ ဆိုတဲ့အကြောင့် ဖြေကြားပေးလိုက်ပါတယ်။ (သဂြိုလ်ဘာသာဋီကာ၊ နှာ၊ ၄၇၀)

Tuesday, November 17, 2009

အဓမ္မ၀ါဒီများအား သတိပေးခြင်း။

အဓမ္မ၀ါဒလို့ ဆုံးဖြတ်ထားတဲ့ဝါဒများအနက် ဆူးလေးဦးမြင့်သိန်းဝါဒ နှင့် မိုးပြာဂိုဏ်းတို့အား ရဟန်းသံဃာ/ဒကာ/ဒကာမများ ကို ထင်ယောင်မှားဖြစ်အောင် စည်းရုံးလှုပ်ဆော်ခြင်းမပြုကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားလွှာအမှတ်(၉၄) မှာ နိုဝင်ဘာလ(၉)ရက်နေ့ ထပ်မံသတိပေးထား ပါကြောင်း။ ။
ဆူးလေဦးမြင့်သိန်းဝါဒဟာ ယခုအခါ ဓမ္မစေတီဦးကောသလ္လ ဖြစ်ပြီး၊ မိုးပြာဂိုဏ်းကတော့ ဦးဥာဏ ဖြစ်တယ်လို့ သိရပါတယ်။

Monday, November 16, 2009

စာအုပ်စင်

ရေးသားထုတ်ဝေပြီးသောစာအုပ်များ
၁။ တုနှိုင်းမမီ
၂။ သန်းခေါင်ယံအမေးအဖြေများ
။ အွန်လိုင်းပေါ်က အမေးအဖြေများ (၁)
။ အွန်လိုင်းပေါ်က အမေးအဖြေများ (၂)

-----------------------------------------
ပိဋကတ်သုံးပုံ မြန်မာပြန်များ
ပိဋကတ်စာပေကို ဖတ်နိုင်ရန် wininnaw font လိုအပ်ပါသည်။

ဝိနည်းပါဠိတော် မြန်မာပြန်
ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်
ပါစိတ်ပါဠိတော် ဘိက္ခုပါစိတ် မြန်မာပြန်
ပါစိတ်ပါဠိတော် ဘိက္ခုနီ ၀ိဘင်း မြန်မာပြန်
မဟာဝဂ်ပါဠိတော် မြန်မာပြန်
စူဠ၀ဂ္ဂပါဠိတော် မြန်မာပြန်
ပရိဝါပါဠိတော် မြန်မာပြန်

----------------------------------------------------------------------
သုတ္တန္တပိဋက ၊ နိကာယ်ငါးရပ် မြန်မာပြန်
ဒီဃနိကာယ် သီလက္ခန်ပါဠိတော်မြန်မာပြန်
ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော် မြန်မာပြန်
ဒီဃနိကာယ် ပါထိက၀ဂ်ပါဠိတော်မြန်မာပြန်
မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်မြန်မာပြန်
မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန်
မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန်
သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မြန်မာပြန်
သံယုတ္တနိကာယ် နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်မြန်မာပြန်
သံယုတ္တနိကာယ် ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သံယုတ္တနိကာယ် သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်မြန်မာပြန်
သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော်မြန်မာပြန်

အင်္ဂုတ္တရနိကာယ် အင်္ဂုတ္ထိုရ်ပါဠိတော် ဧကနိပါတ်
ဒုကနိပါတ်
တိကနိပါတ်၊
စတုက္ကနိပါတ်
ပဉ္စကနိပါတ်
ဆက္ကနိပါတ်
သတ္တကနိပါတ်
အဋ္ဌကနိပါတ်
န၀ကနိပါတ်
ဒသကနိပါတ်
ဧကာဒသကနိပါတ်

ခုဒ္ဒကနိကယ် ခုဒ္ဒကပါဠိတော်မြန်မာပြန်

ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ၀ိမာနပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ပေတ၀တ္ထုပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ထေရာ ပါဒါန်ပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ထေရီ အပါဒါန်ပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် ဗုဒ္ဓ၀ံသပါဠိတော် မြန်မာပြန်

ခုဒ္ဒကနိကာယ် စရိယာ ပိဋကပါဠိတော်မြန်မာပြန်
ခုဒ္ဒကနိကာယ် မိလိန္ဒပဥှာပါဠိတော် မြန်မာပြန်

အဘိဓမ္မာပိဋကတ်မြန်မာပြန
ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်

ဝိဘင်္ဂပါဠိတော်မြန်မာပြန်
ပုဂ္ဂလပညတ်ပါဠိတော် မြန်မာပြန်
ကာထ၀တ္ထုပါဠိတော် မြန်မာပြန်

ပဋ္ဌာန်းပါဠိတော် နိဿယ - ၁
ပဋ္ဌာန်းပါဠိတော် နိဿယ - ၂
ပဋ္ဌာန်းပါဠိတော် နိဿယ - ၃
ပဋ္ဌာန်းပါဠိတော် နိဿယ - ၎
ပဋ္ဌာန်းပါဠိတော် နိဿယ - ၅
ပဋ္ဌာန်းပါဠိတော် နိဿယ - ၆
ပဋ္ဌာန်းပါဠိတော် နိဿယ - ၇
ပဋ္ဌာန်းပါဠိတော် နိဿယ - ၈
ပဋ္ဌာန်းပါဠိတော် နိဿယ - ၉
ပဋ္ဌာန်းပါဠိတော် နိဿယ -၁၀
----------------------------------------------------------------------------
ဓမ္မာစရိယ ဦးဌေးလှိုင် စာအုပ်များ။
၁။ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ
၂။ မေတ္တာဝါဒ
၃။ ရတနာသုံးပါး ဂုဏ်ကျေးဇူး

၎။ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ
အနာဂတ်သာသနာရေး
ကိုယ်ကျင့်အဘိဓမ္မာ

ရတနာ့ဂုဏ်ရည်
အဆိုအမိန့်များ
သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာ အမေးအဖြေများ
အခြေပြုပဋ္ဌာန်းတရားတော်
ဓမ္မစကြာတရားတော်
ဘ၀သွေး
ဗုဒ္ဓဘာသာလက်စွဲ
နံနက်ခင်းသြ၀ါဒများ
မဟာဂန္ဓာရုံဝတ်ရွတ်စဉ်
ပရိတ်ပါဠိ ၊ နိဿယနှင့် ပရိတ်တရားတော်များ
ဝီထိနှင့်သုံးချက်စု

---------------------------------------------------------------------------------------
ဆရာကြီးငွေဥဒေါင်း
ဗုဒ္ဓစာပန်းချီ - ပထမတွဲ
ဗုဒ္ဓစာပန်းချီ - ဒုတိယတွဲ
ဗုဒ္ဓစာပန်းချီ - တတိယတွဲ
ဗုဒ္ဓစာပန်းချီ - စတုတ္ထတွဲ
ဗုဒ္ဓစာပန်းချီ - ပဉ္စမတွဲ

______________________________________________________________

မြန်မာ့စွယ်စုံကျမ်း အပိုင်း ၁ က
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၁ ခ
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၂ က
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၂ ခ
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၃ က
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၃ ခ
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၄ က
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၄ ခ
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၅ က
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၅ ခ
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၅ ဂ
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၆
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၇
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၈ က
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၈ ခ
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၉ က
မြန်မာ့စွယ်စုံကျမ်း အပိုင်း ၉ ခ

Twitter Delicious Facebook Digg Stumbleupon Favorites More