This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 25, 2009

ခရီးသွားမှတ်တမ်း(၈)

ရောပရာဘန်ရဲ့ဓါတ်ပုံမှတ်တမ်းများကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
လောနိုင်ငံနဲ့ အမိမြန်မာနိင်ငံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုပါရင် မြန်မာနိုင်ငံက ရှေးဟောင်းအမွေအနှစ်များ ပိုမိုများတာ တွေ့ရပါတယ်။ အဲဒီ ရှေးဟောင်းအမွေအနှစ်တွေကို အင်တာနက်ကနေ ကမ္ဘာကို ကြေညာမယ်ဆိုရင် ကမ္ဘာက အသိများ လာမှာပါ။ အဲဒီအခါ နိုင်ငံခြားသားခရီးသည်များ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာကြပြီး နိုင်ငံခြားဝင်ငွေ အများကြီး ရလာနိုင်မယ်လို့ တွေးမိပါတယ် ။
ညဉ့်ဖက် လောပရာဘန်မြို့အတွင်း ချေလျင်သွားခဲ့ကြပြီး ည ၉း၃၀ ခန့် တည်းခိုရာ ဟော်တယ်သို့ ပြန်လာခဲ့ကြတယ်၊ ဒီလိုနဲ့ ညဉ့်နက်လာသောအခါ အတူလိုက်ပါလာတဲ့ သီတင်းသုံးဖေါ်နှစ်ဦးမှာ ခရီးပမ်းတဲ့အတွက် အိပ်ပျော်သွားကြပေမယ့် စာရေးသူမှာတော့ ထုံးစံအတိုင်း တွေ့ကြုံခဲ့သမျှ အတိုးချပြီး စာတွေကို မက်မောစွာ ရေးနေမိပါတော့တယ်၊ ည ၁၁ နာရီခန့်မှ အိပ်ရာဝင်ခဲ့တယ်ဆိုပါတော့။

Morning beautiful of Loungprabang လောပရာဘန်မြို့ရဲ့နံနက်ခင်းအလှ
၂၃.၅.၂၀၀၉
နံနက်၅း၃၀မှာ တည်းခိုရာဟော်တယ်အနီး ဘုန်းတော်ကြီးကျောင်းမှ အုံးမောင်းခေါက်သံ ကြားရသဖြင့် မြန်မာပြည်နှင့် ကွာခြားမှုမရှိလှ။ နံနက် စောစောအိပ်ရာထကြကာ ရေချိုးပြီး နံနက် ၆း၃၀ နာရီခန့်တွင် စာရေးသူတို့ သုံးဦးသား မနက်စာစားရန် မြို့ထဲ ထွက်လာခဲ့ကြတယ်။ လမ်းများက ကတ္တရာလမ်းဖြစ်ပြီး လမ်းခင်းထားတာ အလွန် ကောင်းပါ တယ်။ ဒါ့အပြင် လမ်းပေါ်မှာ အမှိုက်များ လုံးဝမရှိ၊ ကွမ်းတံတွေး ထွေးထားတဲ့နေရာလည်း လုံးဝမရှိပါ။
ဒါတင်မက မဲခေါင်မြစ်အတွင်း မော်တော်စီးလာတုန်းက မော်တော်ပေါ်ကနေ မြစ်ထဲသို့ အမှိုက်ပစ်ချသူ လုံးဝမတွေ့ရပါ။ ကိုယ့်အမှိုက်ကို ကိုယ်စနစ်တကျထားကာ မော်တော်ပေါ်ထားရှိတဲ့ အမှိုက်ပုံးထဲ သွားထည့်ကြတာကို တွေ့ရပါတယ်။ စည်းကမ်းရှိလှတဲ့အတွက် မြို့ကြီးသားများ ပီသပါစေစွ လို့လည်း ချီးကျူးမိပါတယ်။ အမိမြန်မာနိုင်ငံမှာဆိုလျှင် နယ်မြို့များတိုင်းမြို့များကို မဆိုထားနဲ့၊ ရန်ကုန်ရွှေမြို့တော်ကြီးမှာတောင် အမှိုက်ကို အလွယ်ပစ်ချလား ပစ်ချရဲ့၊ လမ်းမပေါ် ကွမ်းတံတွေး ထွေးလား ထွေးရဲ့ လမ်းမကြီးနံဘေးမှာ အန္တရာယ် လွယ်ထားမကောင်းဘူး ဆိုပြီး အကြောင်းပြကာ မရှက်မကြောက် ကျင်ငယ်စွန့်လားစွန့်ရဲ့နဲ့ မြို့ကြီးသားများ စည်းကမ်းရှိပါပေ့။ ပြောရရင်တော့ အတုယူစရာတွေ အများကြီးပါ။ ပြောရင်းနဲ့ စကားတောင်ဘယ်ရောက်မှန်း မသိတော့ ဘူး။
ခုနင်က လောပရာဘန်မြို့တွင်း မနက်မှာ လည်တာနဲ့ပတ်သက်ပြီး ပြန်ပြောပါ့မယ်။
အဲဒီမှာ Loungprabang မြို့လေးရဲ့ နံနက်ခင်းအလှတစ်ခုကို သွားတွေ့ပါတယ်။ ရဟန်းသံဃာတော်များ နံနက်ခင်း ၇ နာရီခန့်မှာ တန်းစီပြီး ဆွမ်းခံကြွတော်မူကြပါတယ်။
လောနိင်ငံမှ ရဟန်းသံဃာတော်များဟာ ထိုင်း၊ကမ္ဘောဒီးယားများသံဃာများနဲ့ ဆင်တူပြီး ၀တ်ဆင်ထားတဲ့ သင်္ကန်း အရောင်အသွေးတူညီကြပါတယ်။
ဒကာ/ဒကာများက ရဟန်းတော်များအား ဆွမ်းလောင်းတဲ့အခါမှာ လမ်းပေါ်မှာပဲ မိန်းမထိုင်(ပေါင်ယာထိုင်)နဲ့အတူ အခင်းမပါ ပြားဝပ်စွာ ထိုင်ပြီး ရိုသေစွာ ဆွမ်းလောင်းလှူကြပါတယ်။ ထူးခြားတာက ဆွမ်းလောင်းတဲ့အခါမှာ ကောက်ညှင်းပေါင်းကို အဆုပ်အဆုပ်လေးလုပ်က သပိတ်ထဲသို့ ညင်သာစွာ ပစ်ထည့်ကြပါတယ်။ အဲဒါကလည်း သပိတ်ကို လက်နဲ့ မထိမစေရန်၊ ရိုသေသည့်သဘောဖြင့် လက်နဲ့ ပစ်ထည့်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရပါ့မယ်)။
ထိုဆွမ်းလောင်းမှုနဲ့ပတ်သက်ပြီး မြန်မာ့အမြင်မှာတော့ မရိုမသေဖြစ်နေတယ်လို့ ထင်ရပြီး အမြင်ဆန်းနေပါတော့တယ်။ ဒါပေမဲ့ လောပြည်သူတို့ရဲ့ ဓလေ့အတိုင်း ရိုသေစွာပေးလှူကြတယ်လို့ပဲ မှတ်ယူရပါ့မယ်။
ဆွမ်းလောင်းပြီးတဲ့အခါ တစ်ချို့က အနီးရှိ ဘုရားသိမ်ထဲ သွားကာ သူတို့မှာပါလာတဲ့ ကောက်ညှင်းပေါင်းတွေကို အဆုပ်လေးတွေလုပ်ပြီး ဘုရားမှာ ကပ်လှူကာ ဘုရားဝတ်ပြုပြီး နေအိမ်သို့ ပြန်သွားကြပါတယ်။
ဒီလို နံနက်ခင်းမှာ တန်းစီပြီး ဆွမ်းခံကြွတော်မူလာကြတဲ့ ရဟန်းသံဃာတော်များဟာ လောပရာဘန်ရဲ့ နံနက်ခင်းအလှတစ်ခု လို့တင်စားပြောလိုက်ချင်တယ်။ ဒီလိစိတ်ချမ်းမြေ့စရာုမြင်ကွင်းမျိုးကို စာရေးသူတို့ မြန်မာပြည်မှာလည်း နံနက်တိုင်း တွေ့မြင်နေကျဖြစ်လို့ မဆန်းပေမယ့် ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အမြင်မှာတော့ ဆန်းတယ်လို့ ထင်ရပေမပေါ့။
ဒီလို သံဃာတော်များအား ဆွမ်းလောင်းလှူကြတာဟာ လာအိုပြည်သူတို့ရဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို လာအိုတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုလို့လည်း ဆိုရပါမယ်။ အဲဒါကိုပဲနံနက်ခင်းသံဃာတော်များအား ပေးလှူမှုဟာ အလွန်ယဉ်ကျေးသော အပြုအမူတရပ်ကို ဆောင်ရွက်ပြုမူကြတယ်(Morning Alms Giving Ceremony) လို့ အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်လိုက်ရပါတယ်။
နံနက်စောစော ဒီမြင်ကွင်းကို စာရေးသူကိုယ်တိုင် တွေ့မြင်လိုက်ရတဲ့အတွက် လောနိုင်ငံသူများရဲ့ စေတနာ သဒ္ဓါတရားနှင့် ဘာသာရေး ကိုင်းရှိုင်းမှုကို တွေ့မြင်ခဲ့ရပါတယ်။
(လော်ပရာဘော်ရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်များ)
The world heri tage of Loungprabang
စာရေးသူတို့လည်း နံနက်စာအတွက် ဥရောပစတိုင်ဖြင့် ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်သို့ဝင်ကာ send wiches ကို မှာစားကြပါတယ်။ ဆိုင်ဝန်ထမ်းများက ပေါင်မုန့် များနဲ့ အသားပြား၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊သခွားသီး၊ ချိစ်ပြား၊စတာတွေကို လာရောက်ချပေးပါတယ်။
ပြီးတော့ ဒါး-ဇွန်းများနှင့်အတူ အနက်ရောင် လေးထောင့်ပုဂံပြားလေးတွေကိုလည်း လာရောက်ချပေးပါတယ်။ စာရေးသူတို့လည်း ဗိုက်ဆာဆာနဲ့ စတိုင်လ်နဲ့မဟုတ်ဘဲ တောသားစားနည်းအတိုင်း လက်နဲ့ကိုင်ပြီး တ၀စားပါတော့တယ်။
ဒီမြို့မှာလည်း ရေနွေးကအစ ၀ယ်ရပါတယ်။ အလကား ဘာတစ်ခုမှ မရပါ။ အမိမြန်မာပြည်မှာဆိုလျှင် ရေနွေးကြမ်းကို ၀ယ်သောက်စရာမလိုပဲ အလကားသောက်ရပါတယ်။ အဲဒီမှာ send wiches ကို စားပြီးတဲ့အခါ ရေခဲရေ တ၀သောက်ပြီး ဆိုင်မှ ထွက်ခဲ့ကြပါတော့တယ်။
မဲခေါင်မြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ရင်း ရှေးဟောင်းအမွေအနှစ်များကို လေ့လာလည်ပတ်ဖို့ ကားငှားပါတယ်၊ အဲဒီရက်က ကားငှားရန်းခမှာ(310000)KIP ၊ မြန်မာငွေဆိုရင်တော့ 46500 ကျပ် ပေးရပါတယ်။
ကောင်းစီရေတံခွန်…
လောပရာဘန်မြို့ဝန်းကျင်မှာ ရေတံခွန်များစွာ ရှိတယ်။ ထိုရေတံခွန်များအနက် အကြီးဆုံးနှင့် ထူးခြားထင်ရှားဆုံးက ကောင်းစီရေတံခွန်ပါ။ ဒီရေတံခွန်ဟာ လောဘရာဘန်မြို့ရဲ့ အနောက်တောင်ဘက် ၃၀ ကီလိုမီတာခန့်တွင် တည်ရှိပြီး ကားဖြင့် သွားလာနိုင်ပါတယ်။
စာရေးသူတို့လည်း တစ်နေ့တာငှားရမ်းထားတဲ့ ကားဖြင့် တစ်နာရီကျော်ကျော်ခန့် သွားမိတယ်ဆိုရင်ပဲ ကောင်းစီ ရေတံခွန်ကြီးကို ရောက်ရှိပါတယ်။ ဒီရေတံခွန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး ရောက်တဲ့ နေရာပဲဖြစ်တယ်။
စာရေးသူတို့ ရောက်သွားတဲ့ အချိန်က နံနက်ဖြစ်တော့ လူအနည်းငယ်ရှင်းနေပါတယ်။ နေ့လည်ဆိုရင်တော့ ရေတံခွန်တွင် လာရောက်အပမ်းဖြေသူ လည်ပတ်သူ လူအရေအတွက် အလွန်များတယ်လို့ သိရပါတယ်။ ရေတံခွန် ရောက်တယ်ဆိုရင် ဦးစွာ ဂိတ်ဝင်ကြေး ပေးရတယ်လို့ ပြောပါတယ်၊ စာရေးသူတို့ကတော့ ရဟန်းတွေမို့လို့ မပေးရပါ။ (လောနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်တယ်)
ဂိတ်အ၀င်ရဲ့ ဘယ်ဖက်ခြမ်းက ကွင်းပြင်မှာ သူတို့ရဲ့ Traditional ရိုးရာပစ္စည်းများ ရောင်းချနေကြတဲ့ ဆိုင်တန်းလေးတွေရှိတယ်။ စာရေးသူတို့လည်း အဲဒီမှာ အမှတ်တရ ပစ္စည်းလေးတွေဝယ်ပြီး ရေတံခွန်ဖက်သို့ ခြေလျင် ဖြင့် ငါးမိနစ်ကျော်ခန့်သွားပြီးတဲ့အခါ ရေတံခွန်ကို ရောက်ပါတယ်။ အလွန်မြင့်မားတဲ့ တောင်ထက်ကနေ ရေများ တစ်ဝုန်းဝုန်မြည်ကာ ကျနေပြီး စီးကျလာတဲ့ရေများဟာ အပြာရောင်ဖြစ်နေတာတွေ့ရပါတယ်။ ရေစီးကျတဲ့အရှိန်ကြောင့် ရေတံခွန်နားမှာ အေးမြတဲ့ အတွေ့ကို ခံစားရတဲ့အတွက် ခန္ဓာကိုယ်လည်း လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ခဏအပမ်းဖြေကာ ရေတံခွန်ဖက်ကနေ လာလမ်းအတိုင်းမပြန်တော့ဘဲ တောလမ်းအတိုင်း ခြေလျင် ပြန်ခဲ့ပါတယ်။ အဲဒီမှာ ၀က်ဝံများ ကောင်ရေ အနည်းဆုံး ၁၀ကောင် ခန့် မွေးထားတာကို မြင်ခဲ့ရပါသေးတယ်။
လောဘရာဘန်မြို့ အမျိုးသားပြတိုက်
(Laungprabang National Museum)
နောက်မြို့ထဲ ပြန်ရောက်လာတဲ့အခါ မြို့ထဲမှာ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ laungprabang,National Museum အမျိုးသားပြတိုက်ကို သွားရောက်လည်ပတ်ကြပါတယ်။ ပြတိုက်အ၀င်ဝရဲ့ ညာဖက်မှာ (Temple architecture) သူတို့နိုင်ငံရဲ့ ဗိသုကာပညာဖြင့် ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်တစ်ခုကို တွေ့ရတယ်၊
အထဲဆက်ဝင်သွားတဲ့အခါ အမျိုးသားပြတိုက်ကြီးကို ရောက်ပါတယ် ဒီအမျိုးသားပြတိုက်ကြီးဟာ ဘုရင်အုပ်ချူပ်တဲ့ ခေတ်က ဘုရင့်နှင့် ဘုရင်မိသားစုများနေထိုင်ရာ ဘုရင်နန်းတော် တစ်ခုပါ။ အဲဒီမှာ ဘုရင်နေတဲ့အခန်း၊ မိဖုရားနေတဲ့အခန်း၊ဘုရင့်သားတော်များ နေတဲ့အခန်း၊ ထမင်းစားခန်း၊ ထီးနန်းသုံးတဲ့ အသုံးအဆောင်များကို ပြသထားတဲ့အပြင်၊ စေတီဘုရားများက ရရှိတဲ့ ၁၄ ရာစုနှစ်က ကြေးနဲ့တစ်မျိုး၊ကျောက်နဲ့တဖုံ ဖလ်နဲ့တသွယ် ပြုလုပ်ထားတဲ့ ဘုရားဆင်းတုတော်များကိုလည်း တွေ့မြင်နိုင်ပါတယ်။နန်းတော်ခေတ်က အသုံးအဆောင်များကိုလည်း မြင်ရတယ်၊ တိုင်းခန်းလှည့်လယ်တဲ့အခါ ထုတဲ့ ကြေးမောင်းကြီးများကိုလည်း ပုံစံတစ်မျိုးဖြင့်မြင်ရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ လာအိုဘုရင်အား လက်ဆောင်အဖြစ်ပေးထားတဲ့ လက်ဆောင်ပစ္စည်းများကိုလည်း ဘယ်နိုင်ငံကပေးတဲ့ လက်ဆောင်ဆိုပြီးစနစ်တကျ သူ့နေရာနဲ့သူ ထားပေးထားပါတယ်။ အဲဒီလက်ဆောင်များအနက် မြန်မာနိုင်ငံမှလည်း ပါဝင်နေတာကို အံ့သြစွာ တွေ့မြင်ခဲ့ရပါတယ်။ (၁၉၆၃)ခုနှစ်မှာ ဦးနေ၀င်းမှ လာအိုဘုရင်အား လက်ဆောင်အဖြစ် ဗုဒ္ဓ၀င်ရုပ်စုံပါ ငွေလင်ဘန်းတစ်ချပ်ကို လက်ဆောင်အဖြစ် ပေးထားပါတယ်။ အမိမြန်မာနိုင်ငံမှ ပေးတဲ့လက်ဆောင်ကို ပြတိုက်မှာ စာနဲ့ တခမ်းတနား ပြသထားတာကို မြင်ရတော့ ပီတိဖြစ်မိသူကတော့ စာရေးသူပါ။
နေ့လည်စာကိုတော့ Loungprabang မြို့ မဲခေါင်းမြစ်ကမ်းနံဘေးက ဆိုင်တစ်ဆိုင်မှာ စားကြပါတယ်။ ဒီနေ့တော့ အထူးအဆန်းလေးတွေစားမယ်ဆိုပြီး မဲခေါင်မြစ်က ထွက်တဲ့ မဲခေါင် ရေညှိနဲ့လုပ်ထားတဲ့ ဟင်းလျာကို မှာယူစားကြတယ်။ ရေညှိကို အပြားလေးလုပ်ကာ နှမ်းဖြူးပြီး ကြော်ထားပါတယ်၊ အဲဒါကို ကောင်းညှင်းနဲ့ ပူးတွဲပြီး အချဉ်နဲ့တို့စားရပါတယ်။ မဲခေါင်မြစ်ကို မျှော်ကြည့်ရင်း မဲခေါင်ရေညှိအပါအ၀င် နေ့လည်စာ စားပြီး၊ ဟော်တယ်မှာ ခေတ္တခဏပြန်နားကြတယ်။
(The world heri tage) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် လို့ သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုက တန်တင်း လို့ခေါ်တဲ့ ပါ့ခ်ဦး လှိုင်ဂူပါ။
နေ့လည် တစ်နာရီခန့ှ်မှာ Tam Ting (Pak Ou Cave) တန်တင်းလို့ခေါ်တဲ့ ပါ့ခ်ဦး ဂူသို့ ကားဖြင့်သွားကြပါတယ်။ Loungprabang နဲ့ Pak Ou Cave ဟာ ၂၅ ကီလိုမီတာ ဝေးပါတယ်။ ဒီပါ့ခ်ဦးဂူဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းနံဘေးမှာ တည်ရှိပါတယ်။ ၄င်းနေရာကို Loungprabang မြို့ မှ ကားဖြင့်ဖြစ်စေ၊ ရေလမ်းခရီးမှ မဲခေါင်မြစ်အတိုင်း ဆန်တက်ကာ မော်တော်ဖြင့်ဖြစ်စေ သွားရောက်နိုင်ပါတယ်။(ဆက်လက်ရေးသားပါဦးမည်)

Tuesday, June 23, 2009

ရွှေတြိဂံမှတ်တမ်း

ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဘက်မှ မြင်ကွင်း

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း

ရွှေတြိဂံဒေသ မြန်မာဖက်ကမ်း

ရွှေတြိဂံဒေသ လောနိုင်ငံကမ်းဖက် ဈေးအတွင်း မြွေဆေးအရက်

ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဖက်မှ ထိုင်တော်မူဘုရားကြီး

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်းက စပိဘုတ်ကလေး

ရွေတြိဂံသား ဘလော့ဂါတစ်ပါး

ထိုင်းနိုင်ငံဖက် ထိုင်တော်မူဘုရားကြီးအတွင်းမှ ကျောက်ဆစ်ရုပ်

Sunday, June 21, 2009

ခရီးသွားမှတ်တမ်း(၇)

မဲခေါင်မြစ်အတွင်း တစ်ညအိပ်နှစ်ရက်ခရီး
၂၁.၅.၂၀၀၉

ဟောင်စီမြို့မှ လော်ပရာဘန်မြို့ကို မဲခေါင်မြစ်အတိုင်း သွားတဲ့အခါမှာ ဘုတ်လေးတွေကို (၂)မျိုးရှိတယ်၊ မြန်တဲ့စပိဘုတ်ကျတော့ ဈေးကြီးပြီး၊ ၆ နာရီခန့်သာစီးရပါတယ်၊ slow boat ကျတော့ ဈေးသက်သာပြီး တစ်ညအိပ်နှစ်ရက်ခရီးရှိပါတယ်၊ မိမိကြိုက်နှစ်သက်ရာ စီးနိုင်ပါတယ်။ (ဓါတ်ပုံများ ဤနေရာ နှင့် ဒီနေရာမှာ ကြည့်ရန်)
နံနက် ၁၁ နာရီ၊ ဟောင်စီဆိပ်ကမ်းမှ မော်တော်ဖြင့် စတင်ထွက်ခွာလာခဲ့ပါတယ်။ စာရေးသူတို့နဲ့အတူ လိုက်ပါလာကြတဲ့ ခရီးသည်များက လူဖြူကြီးပဲများပါတယ်(Tourisim) တိုးရစ်တွေကြီးပါပဲ။ ဒေသခံ လာအိုသူ/သားများက အနည်းငယ်ပါပါတယ်။
လူဖြူတွေကြားထဲမှာ စာရေးသူတို့ သုံးယောက်က ထူးခြားစွာနဲ့ ကာလာတူ နီညိုရင့်သင်္ကန်း(၀တ်ရုံ)များနဲ့ဆိုတော့ မမြင်ဖူးတဲ့ သူတို့မျက်စိထဲမှ အမြင်ဆန်းကာ အံ့သြစွာ ကြည့်ကြပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာ လူဖြူအချို့လည်း ပါဝင်ကြတယ်။
ဥပမာပေးရမယ်ဆိုပါက ကျီးကန်းတွေကြားမှာ ဟင်္သာသုံးကောင် ရောက်နေတယ်လို့ပဲ တင်စားပြောလိုက် ချင်တော့တယ်။

မော်တော်ဘုတ် စထွက်လို့ ၁၁း၃၀ ခန့်မှာ စာရေးသူတို့ သုံးယောက်သား ဟော်တယ်ပိုင်ရှင် လာအိုသူ လှူဒါန်းလိုက်တဲ့ ဆွမ်းကို နေ့ဆွမ်းအဖြစ် ဘုဉ်းပေးကြပါတယ်။
ဟောင်စီမြို့မှ လော်ဖရာဘန်{အင်တာနက်တွင်နာမည်ကြီးနေတဲ့ (world hari tage city) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်} မြို့သို့ မဲခေါင်မြစ်ကြောင်း အတိုင်း စုံဆင်းလာခဲ့တယ်။ ပထမတော့ မြောက်မှ တောင်သို့ စုံဆင်းလာပေမဲ့ နောက်တော့ အနောက်မှ အရှေ့သို့ စုံဆင်းလာပါတယ်၊ ဘာကြောင့်လဲဆိုရင် မဲခေါင်မြစ် ကြီးက ကောက်ကွေ့နေလို့ပါပဲ။ မဲခေါင်မြစ်နဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြလိုပါသေးတယ်။
မဲခေါင်မြစ်ဟာ အစအဆုံး အရှည် ၄၈၀၀ ကီလိုမီတာ ရှည်လျားပြီး၊ အရှေ့တောင်အာရှဗဟိုချက်မကို ဖြတ်၍ နိုင်ငံ(၆)ခုကို ဖြတ်သန်း စီးဆင်းလာပါတယ်။ ဒီမြစ်ဟာ တိဘက်ဒေသမှ မြစ်ဖျားခံဆင်းလာပြီး၊ ဗီယက်နမ် မြစ်ဝှမ်းဒေသအထိ စီးဆင်းလာပါတယ်။ လူသန်း ၆၀ခန့် မဲခေါင်မြစ်နှင့်မြစ်လက်တက်များကို အမှီပြုပြီးနေကြရပါတယ်။ အစားအသောက်၊ ရေနှင့်သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် ထိုမြစ်ကို အသုံးပြုနေကြရတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြား မဲခေါင်မြစ်က နယ်နိမိတ်အဖြစ်၂၃၄ ကီလိုမီတာအရှည် ဖြတ်သန်းစီးဆင်းပါတယ်။ လူပေါင်းများစွာ မဲခေါင်မြစ်ကို အမှီပြုပြီး နေရတဲ့အတွက် ဒီမြစ်ဟာ လူသားများအတွက် အလွန်ကျေးဇူးများတဲ့ မြစ်တစ်စင်းဖြစ်တဲ့အတွက် “လူသားများအတွက် မဲခေါင်မြစ်” လို့ တင်စားပြောလိုက်ချင်တော့ တယ်။
ဒါကမဲခေါင်မြစ်အကြောင်း တစ်စိတ်တစ်ဒေသပါ၊ အပြည့်အစုံဖတ်ချင်ရင်တော့ အင်တာနက်မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
သို့နှင့် မဲခေါင်မြစ်ချောင်းအတိုင်း မော်တော်ဖြင့် စုံဆင်းလာရာ တစ်ချို့နေရာတွေမှာ မြစ်ချောင်းအနေအထားက ကျဉ်းကျဉ်းလေးပဲရှိတယ်၊ နံဘေးတစ်ဖက်တစ်ချက်မှာတော့ ကျောက်ဆောင်များ တွေ့ရတယ်။ ကျောက် ဆောင်ပုံသဏ္ဍာန်များမှာ ရေတိုက်စားမှုကြောင့် ပုံစံအမျိုးမျိုးပဲ၊ မော်တော်ဘုတ်စတင် ထွက်ခွာလာတုန်းကတော့ တဖက်ကမ်းက လာအို၊ တဖက်ကမ်းက ထိုင်းပါ။ နောက် မကြာမီမှာပဲ ကမ်းနှစ်ဖက်စလုံး လာအိုနယ်နိမိတ်အတွင်းဖြစ်နေပါပြီ။ အဲဒီအခါမှာ ထိုင်း GSM ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်ခဲ့ရပါတယ်။
ဒါကြောင်လည်း အတူပါလာသူ တစ်ဦးက “အခုမှ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပဲ” လို့ ပြောပါတယ်။
ညနေ ၆ နာရီခန့်မှာ pak bang ဆိုတဲ့ မြို့မှာ တစ်ညတာအနားယူ အိပ်စက်ကြပါတယ်။ ဒီမှာတော့ ဟော်တယ်ခ ထိုင်းဘတ် ၃၀၀ ပေးရပါတယ်။
Pak bang မြို့ရဲ့ရာသီဥတုက အလွန်သာယာတယ် နံနက်ပိုင်းအချိန်မှာ ရာသီဥတု အေးမြ မြ အရသာကို ခံစားရပါတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုလိုပဲ၊ pak bang မြို့မှာ ခေတ္တခဏ နေထိုင်ရတယ်ဆိုပေမယ့် ချမ်းချမ်းသာသာနေရတယ်ဆိုပါတော့။
သူတို့ရဲ့ လာအိုငွေဟာ မြန်မာငွေထက် အများကြီးငယ်တယ်ဆိုပေမယ့် အစစအရာရာ ဈေးကြီးလှတယ်။ ရေသန့်တစ်ဘူးကို လာအိုငွေ 3000 KIP ပေးရပါတယ်။ မြန်မာငွေဆိုရင် တော့ ရေသန့်တစ်ဘူးကို ၄၅၀ ခန့်ကျပါတယ်။ ကိုကာကိုလာ တစ်ဘူးကို KIP 10000, (မြန်မာငွေဆိုရင်တော့ ၁၅၀၀ ကျပ်) ပေးပြီးဝယ်သောက်ရပါတယ်။
ညဖက်စာရေးသူတို့ ပင်ပမ်းနွမ်းနယ်လာကြရာ အပမ်းပြေစေရန်အတွက် ဟော်တယ်မှာ Lao Tea ကို မှာသောက်ပါတယ်၊Lao Tea ဆိုလို့ လဘက်ရည်လို့ မထင်လိုက်ပါနဲ့၊ လဘက်ခြောက်နည်းနည်းထည့်ထားတဲ့ မြန်မာအခေါ် ရေနွေးကြမ်းပေါ့။ ရေနွေးကြမ်းတစ်ခွက်ကို 5000 KIP ပေးရတယ်။ မြန်မာငွေဆိုရင်တော့ ၇၅၀ ကျပ်ကြပါတယ်။
ကြားဖူးကြရဲ့လား အရပ်ကတို့ရေ……မဲခေါင်မြစ်ကမ်းနဖူးက pak bang မြို့မှာ ရေနွေးကြမ်းတစ်ခွက်ကို မြန်မာငွေ ၇၅၀ ကျပ်ပေးပြီး ၀ယ်သောက်ခဲ့ရတယ်။ နမြောသော်လည်း မတတ်နိုင် သောက်လိုက်ရတာပါပဲ၊ ညဖက် အိပ်ရာဝင်ကြကာ မနက်စောစောထပြီး ဆိုင်တစ်ဆိုင်မှာ သုံးယောက်သား ထမင်းကြော်စားကြပါတယ်။ ထမင်းကြော်တစ်ပွဲက KIT 15000 ၊ မြန်မာငွေဆိုရင်တော့ ၂၂၅၀ ကျပ်လောက်ကျပါ တယ်။
Loung prabang မြို့ကို မော်တော်ဘုတ်က နံနက် ၉ နာရီမှာ ထွက်ခွာမယ်လို့ စုံစမ်းသိရတဲ့အတွက် ဦးကုမာရနှင့်စာရေးသူတို့ နှစ်ဦးသား နေ့လည်စာအတွက် ကြိုတင်ပြီး ၀ယ်ယူကြပါတယ်။ ထမင်းကြော်က သုံးပွဲ၊ sand wiches အသားညှပ် ပေါင်မုန့် က သုံးခု၊တစ်ခုလျှင် 10000KIP မြန်မာငွေ ၁၅၀၀ ကျပ်ကြပါတယ်။ လာအိုနိုင်ငံမှာ ဈေးဝယ်ရင် ထောင်ဂဏန်းလောက် အနည်းဆုံးပေးရတယ်။
ဟောင်စီ(Houei Xai )မှ လောပရန်ဘန်(Loungprabang)သို့ မော်တော်ဖြင့် တစ်ည အိပ်နှစ်ရက်ခရီးလာရပါတယ်။ ကီလိုမီတာ ၆၀၀ အနည်းဆုံးရှိပါတယ်။
မဲခေါင်မြစ်ကြောင်းတစ်လျှောက် သတိထားမိတာက ကမ်းတစ်ဖက်တစ်ချက်မှာ ကျွန်းပင်များကို ကမ်းခြေတစ်လျှောက် စိုက်ထားတာကို တွေ့ရပါတယ်။ တစ်ချို့တောင်တွေမှာ သစ်ပင်မရှိ မြေသားပြင်ကြီးတွေ့ရတဲ့အတွက် တောင်ယာအလုပ်အကိုင်ကို လုပ်ကိုင်ကြသူများလည်း ရှိတယ်လို့ ယူဆရပါတယ်၊ တစ်ချို့ဆို မဲခေါင်မြစ်အတွင်း လှေလေးကိုယ်စီဖြင့် ပိုက်မျော၊ပိုက်ထောင် လုပ်ကိုင်နေကြ တဲ့အတွက် တံငါအလုပ်ကိုလည်း ဟင်းလျာရဖို့အရေး ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ လာအိုနိုင်ငံသူများဟာ ယိုးဒယားသူများနဲ့ ဆင်ပါတယ်၊ မြန်မာပြည်မှာဆိုရင်တော့ ပအိုဝ်သူလေးများနဲ့ ဆင်တူပါတယ်။ ရေမြေဒေသကလည်း မြန်မာပြည်ရှမ်းပြည်နယ်နဲ့ အဆင်တူပါတယ်။
မဲခေါင်မြစ်တစ်လျှောက်မှာ ကျောက်ဆောင် ကျောက်တုံးများ လွန်စွာပေါများတဲ့ အတွက် မော်တော်စီးရတာ အလွန်အန္တရာယ်များတယ်လို့ ဆိုရမယ်။ ဒါပေမယ့် မော်တော် မောင်းသူများက ကျွမ်းကျင်လှတဲ့ အတွက် စိတ်ချစွာ သွားလာနိုင်ပါတယ်။
တကယ်လို့ မော်တော်နဲ့ မသွားချင်ဘူးဆိုပါရင် ကုန်းလမ်းကနေ ကားဖြင့် သွားမယ်ဆိုလဲ ရပါတယ်လို့ သိရတယ်။ သတိထားရမှာက ကားလမ်းမှာ တောင်တက်တောင်ဆင်း လမ်း အကွေ့တွေ အလွန်များတဲ့အတွက် အန္တရာယ်များတယ် လို့ဆိုပါတယ်။ဒါကြောင့်လည်း စာရေးသူတို့ ဒီမဲခေါင်မြစ်အတိုင်း မော်တော်စီးဖို့ ရွေးချယ်မိတာပါ။
၂၂.၅.၂၀၀၉
ဒီလိုနဲ့ စာရေးသူတို့ စီးလာတဲ့ မော်တော်ဘုတ်ဟာ ညနေ ၆ နာရီလောက်မှာ လောပရာဘန် (loungprabang)သို့ ဆိုက်ကပ်ပါတယ်၊ ဆိပ်ကမ်းရောက်တယ်ဆိုရင်ပဲ ကမ်းနာတွင် လူကြီးလူငယ်လူရွယ်များက စာရွက်လေးတွေကိုင်ပြီး တည်းခိုခမ်းကြော်ညာနေတာကို တွေ့ရပါတယ်။ စာရေးသူတို့လည်း ဟော်တယ်မှာပဲ တည်းကြပါတယ်။ တည်းခတစ်ညကို (၃)ယောက်ခန်း၊ ထိုင်းဘတ်ငွေ ၄၀၀ ကျပါတယ်။
တည်းခိုခန်းရောက်တော့ ရေချိုးလိုက်တဲ့အခါကျတော့မှ တစ်နေ့လုံးပမ်းသမျှ လန်းလာပါ တော့တယ်။
ညဖက်ကျတော့ စာရေးသူနှင့်ဦးကုမာရတို့နှစ်ဦး မြို့ထဲသွားကာ အင်တာနက်ကဖေးဆိုင် ရှာဖွေရာ အဆင်သင့်တွေ့တဲ့အတွင်နှစ်ဦးသား နက်သုံးကြပါတယ်။
ပြီး မြို့ထဲတွင် ညဖက်ဗဟုသုတရအောင် ၉၆၉၃ ကိုသုံးပြီး ခြေလျင်လျှောက်ကြတယ်။ Loungprabang မြို့လေးရဲ့ ညရှုခင်းကတော့ အိမ်အတော်များများမှာ မီးလုံးများစွာတို့ဖြင့် ထွန်းထားတဲ့အတွက် လျှပ်စစ်မီးများ အလွန်သုံးနိုင်တဲ့ မြို့လို့ဆိုရပါမယ်။ ညရှုခင်းမြင်ကွင်းကို စာရေးသူတို့အဖို့ မြင်ရတာ စိတ်ချမ်းသာလှပါတယ်။
ဒီမြို့ကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီး သည်များ အရောက်များကြတယ်။ စာရေးသူတို့ ရောက်တဲ့နေ့ကဆိုလျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တစ်ရာကျော်ခန့် ရှိမည် ဟုခန့်မှန်းရပါတယ်။ ဘာ့ကြောင့် နိုင်ငံခြားခရီးသည်များ ဒီနေရာကို အရောက်များရတာလဲ ဆိုရင် ဒီ Loungprabang ရော်ပရာဘန် မြို့မှာ ရှေးဟောင်း အမွေအနှစ်များကို မပြုမပြင်ပဲ ထားရှိတဲ့အတွက် The world heri tage city ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်မြို့တော် ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခြင်းခံရတယ်။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်များဟာ ဒီ The world heri tage city ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်မြို့တော်ကို ပွင့်လင်းရာသီမှာ နေ့စဉ်နှင့်အမျှ တစ်ရာကျော်ခန့် ရောက်ရှိနေကြတာကို တွေ့မြင်ရပါတယ်။
ရှေးဟောင်းအမွေအနှစ်ဆိုလို့ လောနိုင်ငံက အင်တာနက်ပေါ်တင်ပြီး ကြော်ညာထားတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသည်များ အသိများလာရခြင်းဖြစ်တယ်။
ယခုလည်းစာရေးသူတို့ ဒီနေရာကို သွားရတာကလည်း အင်တာနက်ကနေတစ်ဆင့် website တွေကြည့်ပြီး နယ်စပ်ဖြတ်ပြီး arrival visa ကို အလွယ်တကူရတဲ့အတွက် ဒီလမ်းကြောင်းကနေ သွားကြသလို တစ်ခြား ကမ္ဘာလှည့်ခရိးသည်တွေလည်း အဲလိုပဲ သွားလည်ကြတာ ဖြစ်ပါတယ်။ တကယ်လို့ လောနိုင်ငံ visa ရဖို့အတွက် ဘန်ကောက်ပြန် visa ထုနေရမယ်ဆိုရင်တော့ ဒီလမ်းကြောင်းကနေ သွားဖြစ်ကြမှာ မဟုတ်ပါ။ ဒီလိုပါပဲ ရွှေတြိဂံနယ်မြေ မြန်မာဖက်ကမ်းမှာလည်း Imagration office ရုံးဖွင့်ပြီး arrival visa ပေးနိုင်ခဲ့မည်ဆိုပါက ခရီးသည်များ ရွှေတြိဂံကနေတဆင့် မြန်မာပြည် ထဲဝင်လာနိုင်တယ် လို့ တွေးမိပါတယ်။ဒါဆိုရင် နိုင်ငံခြားငွေ အများကြီးရ ရှိမှာဖြစ်ပါ တယ်။(ဆက်လက်ဖေါ်ပြဦးမည်)

ခရီးသွားမှတ်တမ်း(၆)

ထိုင်းနိုင်ငံ-ချင်းခေါင်မြို့နှင့် လာအိုနိုင်ငံ ဟောင်စီမြို့နှစ်မြို့မှာ မဲခေါင်မြစ်တစ်စင်းသာ ခြားပါတယ်။ ဒါနဲ့မဲခေါင်မြစ် ထိုင်းနိုင်ငံဘက်မှ လာအိုနိုင်ငံ ဟောင်စီမြို့သို့ ကုတို့လှေဖြင့် ကူးကြပါတယ်။
ကုတို့လှေပိုင်ရှင်က ဗုဒ္ဓဘာသာမို့ထင်ပါတယ်၊ ကုတို့ခ မယူဘဲ လှူလိုက်တယ်ဆိုပါတော့။ လှူတယ်ဆိုတော့ ၀မ်းသာရတာက စာရေးသူတို့ပါ အလကားရလို့ကတော့ အကုန်ယူတယ်ပေါ့၊ ကိုရွှေမြန်မာတွေလေ…………….ဟီး။

စာဖတ်သူများ ဒီနေရာမှာ သတိထားရမဲ့အချက်က……
Golden Triangle ရောက်တဲ့အခါ
ထိုင်းနိုင်ငံရွှေတြိဂံမှ လာအိုနိုင်ငံဖက်ကို ကူးချင်တယ်ဆိုရင် Bangkok ပြန်ပြီး လာအို သံရုံးမှာ ဗီဇာပြန်ယူစရာမလိုပါဘူး။ ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ ချင်းခေါင်မြို့ကနေ အထွက်ပြကာ လာအိုနယ်စပ်မြို့လေးတစ်မြို့ ဖြစ်တဲ့ (Houei Xai)ဟောင်စီမြို့ရဲ့ Immigration Office မှာ arrival visa ယူလို့ရပါတယ်။
Visa ကြေးကတော့ များများမဟုတ်ပါဘူး၊ ဒေါ်လာ ၃၀ဲ ပေးရပါတယ်။
အစီအစဉ်က လောနိုင်ငံ၊ ကမ္ဘောဒီယားလည်ပတ်ပြီး ထိုင်းနိုင်ငံ ပြန်ဝင်ချင်တာပါ။ ဒီအတွက်ကို ချင်းမိုင်မြို့ကတည်းက Chiang mai , Immigration office ရုံးမှာ ထိုင်းပြန်ဝင်ခွင့်ရနိုင်ဖို့အတွက် Re entry လုပ်ခဲ့ရပါတယ်။ တစ်ယောက်ကို ဘတ်တစ်ထောင်ပေးရတယ်လို့ လည်းအထက်မှာ ဖေါ်ပြခဲ့ပြီးပါပြီ၊ တကယ်လို့ Re entry မလုပ်ထားဘူးဆိုရင် ထိုင်းကနေထွက်တာနဲ့ ရထားတဲ့ ထိုင်းနိုင်ငံ နေထိုင်ခွင့်ဗီဇာ သက်တမ်း ကုန်သွားမှာ ဖြစ်ပါတယ်။ Re entry ကလည်း နှစ်မျိုးရှိတယ် လို့ သတိပေးပါရစေ။
တကယ်လို့ ထိုင်းနိုင်ငံအတွင်း အကြိမ်ကြိမ်ပြန်ဝင်ချင်တယ်ဆိုရင်တော့ re entry ကို multiply လုပ်ရပါတယ်။ ကျသင့်ငွေက(ဘတ်၃၅၀၀)၊ တကယ်လို့ တစ်ကြိမ်ပဲ ပြန်ဝင်မယ်ဆိုရင်တော့ Single re entry လုပ်ရတယ် ၊ ကျသင့်ငွေက (ဘတ် ၁၀၀၀)ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း အထက်မှာ ဖေါ်ပြခဲ့ပြီးပါပြီ။ သတိထားရအောင်လို့ ထပ်မံပြီးပြောခြင်းဖြစ်ပါတယ်။

Houei Xai, Laos (ဓါတ်ပုံများ ဤနေရာမှာ ကြည့်ရန်)
ဒီလိုနဲ့ ထိုင်းနယ်စပ်ကနေ ကုတို့လှေဖြင့်ကူးလာရာ လာအိုနိုင်ငံဖက်ကမ်းသို့ ဆိုက်ရောက်ပါတယ်၊ ထုံးစံအတိုင်း Laos Immigration office ကို သုံးဦးသား ၀င်ခဲ့ကြတယ်။ အဲဒီမှာ Arrival card & Departure card မှာ Form ဖွန်ဖြည့်ရတယ်။ ပြီတော့ Laos Immigration က Arrival visa ပေးပါတယ်။
စာရေးသူတို့ ရောက်တဲ့အချိန်က အချိန်ကုန်နေတဲ့အတွက် over time အတွက် တစ်ဒေါ်လာထပ်ဆောင်းပြီး ပေးရတယ်။ ဒါကြောင့် တစ်ဦးကို ဗီဇာခ ၃၁ ဒေါ်လာ ပေးခဲ့ရတယ်။
ဗီဇာကိစ္စပြီးတော့ တည်းခိုဖို့ ဟော်တယ် လိုက်ရှာရင်းက မနက်ဖန် (Louangphabang)လောဖရာဘန်ကို သွားဖို့အတွက် စုံစမ်းရာ မော်တော်ဖြင့် တစ်ညအိပ် နှစ်ရက်ခရီး သွားရမယ်လို့ သိရတယ် ၊ဒါနဲ့ မော်တော်စီးခ ဘယ်လောက်ကျသလဲ လို့မေးတော့ ထိုင်းဘတ်ငွေ ၁၀၀၀ တဲ့၊ တတ်နိုင်ဘူး၊ လက်မှတ်သုံးစောင်အတွက် ဘတ်သုံးထောင်ပေးပြီး ၀ယ်လိုက်တော့တယ်။ ဒီလိုအဆင်ပြေအောင် လိုက်ပါကူညီသူက တော့ Tour Gide လုပ်နေတဲ့ လာအိုသူ အမျိုးသမီးလေးတစ်ဦးဖြစ်ပါတယ်။
လာအိုနိုင်ငံမှ Houei Xai ဟောင်စီမြို့လေးရဲ့ ရာသီဥတုက အလွန်သာယာတယ်လို့ ဆိုရပါမယ်။ ယခုအချိန် ထိုင်းနိုင်ငံမှာ မိုးတွေရွာနေပေမယ့် လာအိုနိုင်ငံမှာတော့ မိုးမရွာတဲ့ အပြင် ရာသီဥတုအခြေအနေကောင်းပါတယ်။
တည်ခိုးခန်းအတွက်လည်း တစ်ညကို ထိုင်းဘတ် ၃၀၀ပဲကျပါတယ်။ လာအိုနိင်ငံ နယ်စပ်မြို့လေးမှာ ထိုင်းဘတ်ငွေများကို သုံးစွဲလို့ရပါတယ်။ လာအိုနိုင်ငံထဲ ခရီးဆက်ရဦးမှာဖြစ်တဲ့အတွက် လာအိုငွေများကို လှဲလှယ်ထားက ပိုကောင်းပါတယ်၊ ငွေလှဲတဲ့အခါ အစိုးရကဖွင့်ထားတဲ့ Money Changer မှာ ကိုယ့်ပါ့စ်ပို့ ပြပြီး လှဲပါက ပို၍ ကောင်းမွန်ပါတယ်၊ အပြင်မှ ငွေလှဲရင် နစ်နာပြီသာ မှတ်ပေတော့။
ဟောင်စီမြို့ (Houei Xai)လေးဟာ နယ်စပ်မြို့ပေမယ့် လျှပ်စစ်မီး (24 Hour ) ရပါတယ်။ လျှပ်စစ်မီးကြိုးလှိုင်းများကို မဲခေါင်မြစ်ကို ကျော်ကာ ထိုင်းနဲ့လော နှစ်နိုင်ငံ ဆက်သွယ်ထားတာကို တွေရတယ်။ စုံစမ်းကြည့်တဲ့အခါမှာ လောနိင်ငံမှ လျှပ်စစ်မီးကို ထိုင်းက ၀ယ်ယူသုံးစွဲတာဖြစ်တဲ့အကြောင်း ပြောပါတယ်။
ထိုင်း GSMက Conection မပြတ်သေးတဲ့အတွက် စာရေးသူတို့ အင်တာနက် အသုံးပြုလို့ ရပါသေးတယ်။ ညဖက်တွင် ခရီးသွားမှတ်တမ်းရေးရင်း အွန်လိုင်းပေါ်တက်လိုက်တော့ MCC ကွန်ပျူတာမှ မသီတာဝင်းနှင့်တွေ့ရတဲ့အတွက် အတွေ့အကြုံတွေကို ပြောပြဖြစ်ခဲ့ပါတယ်။ မသီတာဝင်းဟာ စာရေးသူအပေါ် ကျေးဇူး အလွန်များပြီး သဒ္ဓါတရားကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ စာရေးသူတို့ ပြည်ပ ထွက်မဲ့အကြောင်းကို သိတဲ့အတွက် မသီတာဝင်းက စာရေးသူအား ထိုင်းဘတ်ငွေ(၃၀၀၀)မြန်မာငွေ တစ်သိန်းဝန်းကျင် လှူဒါန်းပါတယ်။
(တစ်ခုစဉ်းစားမိပါတယ်၊ လောနိုင်ငံနယ်စပ်မြို့မှာထိုင်းဘတ်ငွေများ သုံးခွင့်ပေးထားပေမယ့်လို့ စာရေးသူတို့ဒေသဖြစ်တဲ့ ကော့သောင်းနှင့် ထိုင်းနယ်စပ် ဖန်ပရား ရနောင်းမြို့မှာတော့ မြန်မာငွေများကို သုံးလို့ မရပါဘူး။)
လာအိုနိုင်ငံနယ်စပ် ဟောင်စီမြို့က ဟော်တယ်ပိုင်ရှင်မိသားစု၏ သဒ္ဓါတရား
လာအိုနိင်ငံရဲ့နယ်စပ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဟောင်စီ ဆိုတဲ့မြို့မှာ တစ်ညတာ ဟော်တယ်မှာ တည်းခိုကြပါတယ်။ ဒီနေရာမှာ လာအိုနိုင်ငံသူများရဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအပေါ် စေတနာသဒ္ဓါတရားကောင်းလိုက်ပုံကတော့ ပြောစရာမရှိပါ။ အလုပ်မပါ အပြောနဲ့သာ ဒုက္ခပေးခဲ့တဲ့ ပြည်ပရောက် မြို့ကြီးသားကိုရွှေမြန်မာအချို့နဲ့ တော့ ကွာပါ့….. ဘာမှမဆိုင်ဘူး။
ဟော်တယ်ပိုင်ရှင်အမျိုးသမီးက တည်းခိုခကို ထိုင်းဘတ် ၃၀၀ပဲတောင်းတယ်။ အခန်းကလည်း သန့်ရှင်းသန့်ရပ်တယ် ရေအိမ်သာမှာလည်း အပူအအေးလိုတဲ့ရေသုံးနိုင် ချိုးနိုင်တယ်။ ၀န်ဆောင်မှုအပြည့်ပေးပါတယ်။ ညဖက် စာရေးသူနဲ့ ဥိးကုမာရတို့ နှစ်ပါး မြို့ထဲလျှောက်လည်ကြတယ်၊ မနက်ပိုင်း Brakefast နံနက်စာကိုတော့ ဟော်တယ်အောက်ထပ် စားသောက်ဆိုင်မှာပဲ ဘုဉ်းပေးကြပါတယ်။
နံနက်စာက ဆန်ပြုတ်တစ်ခွက်၊ ဟန်ဘာကာ တစ်ခု၊ ငှက်ပျော်သီး ပျားပအုန်းတစ် ခွက်၊ သရက်သီး ၊ လဘက်ရည်တစ်ခွက် ချပေးပါတယ် ။ ကော်ဖီကတော့ ခါးလိုက်တာမှပြောစရာမရှိပေ၊ အခါးမကြိုက်တဲ့ စာရေးသူအဖို့တော့ အသင့်ပါလာတဲ့ ကော်ဖီမက်နဲ့ ရေပူဖျော်ပြီးသောက်လိုက်ပါတယ်။ နံနက်စာကိစ္စ ပြီးပြီဆိုပါတော့၊ ပိုက်ဆံရှင်းတဲ့အခါကျတော့ ဟော်တယ်ပိုင်ရှင်က သူတို့လှူပါတယ်ဆိုပြီး အင်္ဂလိပ်လိုပြော ပါတယ်။ ဒါတင်မကသေး…..Lunch နေ့လည်စာအတွက်ဆိုပြီး ပါဆယ်ထုပ် သုံးထုပ်နဲ့ ရေသန့်ဘူး သုံးဘူး၊ ဘီစကွတ်မုန့်များပါ လှူဒါန်းလိုက်ပါသေးတယ်။ ဟော်တယ်ပိုင်ရှင်ရဲ့သမီး ကော့လိပ်ကျောင်း သူ လေးက အဂ်လိပ်လိုမေးလာပါတယ်၊ အရှင်ဘုရားတို့ ဘယ်နေရာကလာကြပြီး ဘယ်ကိုသွားကြမှာလဲ တဲ့။ တို့များကတော့ မြန်မာများဖြစ်ကြတယ်။ ရန်ကုန်ကနေ ဘန်ကောက်၊ ဘန်ကောက်မှ ချင်းမိုင်၊ ချင်းမိုင်မှ ရွှေတြိဂံ၊ အခုဒီဟောင်စီမြို့ကို ရောက်လာ တာပါ။ ဒီကနေတဆင့် Louangphabang လော်ဖရာဘန် (The world hari tage)ကမ္ဘာ့အမွေအနှစ်မြို့ကို သွား ကြမှာ ဖြစ်တယ်။ အဲဒီကနေ လောမြို့တော် ဘီရန်ကျင်း၊ ဘီရန်ကျင်းကနေ ကမ္ဘောဒီယား နိုင်ငံ siem reapမြို့ကိုသွားမှာပါ။ အဲဒီကနေ ဘန်ကောက်၊ ရန်ကုန်ပြန်မယ့် အကြောင်း ဥိးကုမာရက ပြောပေးပါတယ်။
(လောနိုင်ငံသူ ကော့လိပ်ကျောင်းသူလေးရဲ့ အင်္ဂလိပ်စကားကို ပိုင်နိုင်စွာ ပြောနိုင်တာကို ထောက်ခြင်းဖြင့် လောနိုင်ငံရဲ့ ပညာရေးအဆင့်အတန်း မခေဘူးဆိုတာ သိလိုက်ရပါတယ်။) ဆက်လက်ပြီး……
ဒါဆိုရင် Louangprabang ကို သွားဖို့ မော်တော်လက်မှတ်ဝယ်ပီးပီလားလို့ မေးတယ်၊ ၀ယ့်ပြီးပြီဆိုတဲ့အကြောင်း ပြန်ဖြေလိုက်ပါတယ်။ ဦးကုမရကြီးကတော့ လိုအပ်ရာများ လာအိုမှာသုံးနိုင်ရန်အတွက် money changer မှာ $ နှင့် လာအိုငွေ(KIP)ကို သွားရောက်လှဲလှယ်ခဲ့ပါတယ်။
ငွေလွဲနှုံးမှာ $ 1 လျှင် လာအိုငွေ 8500 KIP ဖြစ်တယ်။ ဒါနဲ့ ဒေါ်လာ ၁၀၀ကို ငွေ လှဲတော့ လာအိုငွေ 850000 KIP ရပါတယ်။
မနက်စာစားပြီး ဟော်တယ်ပေါ်ခေတ္တခဏ ပြန်နားကြပါတယ်။ စာရေးသူကတော့ ထုံးစံအတိုင်း စာပဲဆက်ရေးနေပါတော့တယ်။ နံနက် ၈း၃၀ ခန့်မှာ မော်တော်ဆိပ်ဆင်းဖို့ အတွက် ဟော်တယ်ခ ပေးရာ ဟော်တယ်ပိုင်ရှင်က ဟော်တယ်ခကို မပေးပါနဲ့ သူတို့ လှူပါ တယ်လို့ ပြောပါတယ်။ စာရေးသူတို့လည်း သဒ္ဓါတရားကောင်းလှတဲ့ Houei Xai မြို့မှ လာအိုမိသားစုများနဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။
သတိထားမိတာတစ်ခုက ဒီဟော်တယ်ပိုင်ရှင်မှာ ကော့လိပ်ကျောင်းတက်နေတဲ့ သမီးလေးတစ်ယောက်ရှိတယ်၊ မေးကြည့်တော့ ဒုတိယနှစ်တက်နေသတဲ့၊ အင်္ဂလိပ်စကား ကို ရေရေလည်လည် ပြောတတ်နေပြီ။ မြန်မာပြည်မှာတော့ တက္ကသိုလ်က ဘွဲ့ရပြီးသည်အထိ အင်္ဂလိပ်စကားကို မပြောတတ်သေးပါဘူး၊ ပြောတတ်အောင်လည်း ကြိုးစားကြဟန် မတူဘူး။ လာအိုနိုင်ငံရဲ့ ပညာရေးအဆင့်ဟာ မြန်မာထက်သာနေတယ် ဆိုတာ သိသာနေပါတယ်။(ဆက်လက်ဖေါ်ပြပါဦးမည်)

Sunday, June 14, 2009

ခရီးသွားမှတ်တမ်း(၅)

၂၀.၅.၂၀၀၉
နံနက် စောစောထကာ ခရီးသွားမှတ်တမ်းရေးနေခဲ့ပါတယ်၊ ရေးလို့မှမပြီးသေး၊ ခရီးထွက်ဖို့ အချိန်ရောက်လာပြီဖြစ်တဲ့အတွက် စာရေးတာကို ရပ်နားပြီး ခရီးထွက်ဖို့ အထုပ်အပိုးပြင်ဆင် ရပါတော့တယ်။ ပစ္စည်းများ မကျန်အောင်လည်း ဂရုစိုက်ရတယ်။ ဘာ ကြောင့်တုန်းဆိုရင် ချင်းမိုင်ကို ပြန်လာဖို့ ရာ ခရီးစဉ်ထဲမပါတဲ့အတွက်ကြောင့်ဖြစ်တယ်။
ဒါနဲ့ နံနက် ၅း၃၀ မှာ ချင်းမိုင်မြန်မာကျောင်းရှေ့က ထိုင်းအမျိုးသမီးရဲ့ ကားနဲ့ ကားဂိတ်ကို လိုက်ပို့ပါတယ်။

ကားဂိတ်ရောက်တော့ ကားလက်မှတ်ဝယ်ဖို့ စုံစမ်းကြရာ ချင်းမိုင်ကနေ ရွှေတြိဂံကို တိုက်ရိုက်ပြေးဆွဲတဲ့ Bus မရှိဘူး၊ ချင်းမိုင် = ချင်းရိုင်=ရွှေတြိဂံ အဲလို အဆင့်ဆင့်စီးရမယ်ဆိုတာ သိလိုရတယ်။ Chiang mai မှ Chiang Rai သွားတဲ့ ကားလက်မှတ် ဖြတ်လိုက်တယ်၊ တစ်ယောက်ကို ၁၂၂ ဘတ် ပေးရပါတယ်။ ချင်းမိုင်မှ ချင်းရိုင် သို့ အကွာအဝေးကို google Earth မှာ မျဉ်းဖြောင့် ဆွဲကြည့်တော့ ၁၀၆.၈ မိုင် ရှိတယ်၊ဒါဆို ခန့်မှန်း မိုင်ပေါင်း ၁၀၀ ကျော်ခန့် ကွာဝေးမယ်လို့ ခန့်မှန်းရပါတယ်။ ချင်းမိုင်မှ နံနက် ၇ နာရီခန့်က စတင်ထွက်ခွာလာရာ ၁၀ နာရီလောက်မှာချင်းရိုင်မြို့ကို ရောက်ရှိပါတယ်။
တဖန် Chiang Rai မှ Golden Triangle သို့ သွားမည့် ကားကို ရှာဖွေရာ မရှိတော့ကြောင်းသိရတဲ့အတွက် Taxi ကားတစ်စီးကို ထိုင်းဘတ် ၈၀၀ ဖြင့် ငှားလိုက်ပါတယ်။ လမ်းရောက်တော့ ဆွမ်းချိန်က နီးကပ်နေတဲ့အတွက် ကားရပ်ကာ နီးရာဆိုင်ဝင်ပြီး နေ့ဆွမ်းစားကြတယ်၊ အဲဒီမှာ ဆွမ်းမရှိတဲ့အတွက် ထိုင်းအစားအသောက်တစ်ခု ဖြစ်တဲ့ ကွီးတရုတ် နဲ့ပဲ တင်းတိမ်ခဲ့ရပါတော့တယ်။
Golden Triangle ရွှေတြိဂံနယ်မြေ ( ဓါတ်ပုံများ ဤနေရာမှာ ကြည့်ရန်)
နေ့ဆွမ်းဘုဉ်းပေးပြီး ခရီးဆက်ခဲ့ပါတယ်။ ဒါနဲ့ ရွှေတြိဂံနယ်မြေကို ရောက်ခဲ့တယ်ဆိုပါတော့ ရွှေတြိဂံနယ်မြေရောက်တယ်ဆိုရင်ပဲ အလွန်မြင်ချင်နေတဲ့ မဲခေါင်မြစ်ကြီးကို မြင်လိုက်ရတယ် ၊ ခရီးပန်းလို့ နွမ်းသမျှ လန်းခဲ့ရတယ်ပေါ့။
Golden Triangle ရဲ့ ဆိပ်ကမ်းရောက်တော့ မဲခေါင်မြစ်အတွင်း စပိဘုတ်ဖြင့် လည်ပတ်ကြပါတယ်။စပိဘုတ် အတွက်ကျသင့်ငွေက တစ်ဦးလျှင် ထိုင်းဘတ် ၅၀၀ ပါ။ အဲဒီမှာ ပါလာတဲ့ ဘုန်းဘုန်းများကတော့ မော်တောင်ဆရာတော်ရယ်၊ စာရေးသူ၊ဦးကုမာရ၊ ချင်းမိုင်မြန်မာကျောင်းမှ ဦးဣန္ဒ၀ံသ လေးပါးဖြစ်တယ်။
မဲခေါင်မြစ်အတွင်း စပိဘုတ် နဲ့ စတင်ထွက်ခွာခဲ့ပါတယ် ၊ ဖြစ်ချင်လို့ပဲလား၊ တိုက်ဆိုင်လို့ပဲလားတော့မသိ၊ Golden Triangle ရဲ့ မြစ်လယ် မြစ်ဆုံကို ရောက်တယ်ဆိုရင်ပဲ စပိဘုတ်အင်ဂျင်စက်ပျက်ပါလေရော၊ တွေးမိသေးတယ်။ စာရေးသူတို့တော့ ရွှေတြိဂံနယ်မြေ ရဲ့ အလယ်ဗဟိုမှာ အချိန်အကြာကြီး နေခဲ့ရပြီဟေ့ လို့ ဆိုပြီး ၀မ်းသာ ကြည်နူးခဲ့ရတဲ့အပြင် မြန်မာ၊ထိုင်း၊လာအို သုံးနိုင်ငံရဲ့ အကြား မဲခေါင်မြစ်လယ်မှာ ခေတ္တနေလိုက်ရတဲ့ အရသာလေးကို ခံစားပီတိဖြစ်ရင်း မကြာမီ စပိဘုတ်တစ်စင်း ရောက်လာတဲ့အတွက် စာရေးသူတို့ လှေပြောင်းပြီး စီးခဲ့ရတယ်။
ရွှေတြိဂံနယ်မြေကို ထိုင်းနိုင်ငံကနေ ကြည့်မယ်ဆိုရင် မြောက်ဖက်မှာ မြန်မာနိုင်ငံ၊ အရှေ့ဖက်မှာ လောနိုင်ငံ ဖြစ်ပါတယ်။ စပိဘုတ်လေးဟာ ပထမဦးစွာ မဲခေါင်မြစ်ကို ဆန်တက်သွားပါတယ်၊ စပိဘုတ်က မြန်တဲ့အတွက် ၁၅ မိနစ်ခန့် ခုတ်မောင်းတယ်ဆိုရင်ပဲ မြန်မာပြည်ဖက်ကမ်းအနီးကို ရောက်ရှိသွားပါတယ်။မြန်မာကမ်းအနီးရောက်တော့ ကုန်းပေါ်မှာ နန်းတော်ပုံသဏ္ဍာန် အဆောက်အဦးကြီးတွေကို မြင်ရပါတယ်၊ နောက်သိလိုက်ရတာကတော့ ကာစီနိုရုံကြီးတွေလို့ သိရပါတယ်။
သည်လိုနဲ့ မြန်မာကမ်းအနီး ရောက်တော့ ကမ်းဆိုက်ကပ်လို့ ရမလား လို့ မေးကြည့်တော့ တက်ခွင့်မရှိဘူးလို့ ပြောပါတယ်။ မြန်မာကမ်းဖက်မှာ တိတ်ဆိတ်ပြီးနေတော့တယ် လူလည်းသိပ်မတွေ့ရဘူး။ ဥပမာပေးရရင် လူမရှိတဲ့ အိမ်အိုကြီးမှာ ပြိတ္တာချောက်နေသလိုပါပဲ။
Golden Triangle မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်မှာ ထိုင်းနဲ့ လာအို ကမ်းခြေတို့ က အလွန်စည်ကားပြီး၊ မြန်မာဖက်ကမ်းခြေမှာတော့ ကမ္ဘာလှည့်ခရီးသည်များ တက်ခွင့်မရှိတဲ့အတွက် ခြောက်သွေ့နေတာကို မြင်ခဲ့ရပါတယ်။ မြန်မာဖြစ်တဲ့ စာရေးသူတို့ မြန်မာကမ်းကို မတက်ရပေမယ့် လောနိုင်ငံကို တော့ နားလည်မှုနဲ့ တက်ခွင့်ပေးခဲ့တဲ့အတွက် မိနစ် သုံးဆယ်အကြာ တက်လည်ခွင့်ရခဲ့ပါ တယ်။အဲဒီ လောနိုင်ငံရဲ့ ကမ်းခြေမှာ ကမ္ဘာလှည့်ခရီးသည်များအတွက် ရည်ရွယ်ကာ သူတို့နိုင်ငံက ထွက်တဲ့ ရိုးရာ ပစ္စည်းမျိုးစုံကို ရောင်းချနေတဲ့ ဈေးကြီးတစ်ခုလည်း မြင်ခဲ့ရတယ်။
မြန်မာနိုင်ငံဖက်မှာလည်း ဒီလိုသာ Tourisim တွေကို တက်ခွင့်ပေးခဲ့မယ် ဆိုရင် နိုင်ငံခြားငွေ ဘယ်လောက်ရလိုက်မလဲ လို့ အမိမြန်မာနိင်ငံအတွက် တွေးမိပါသေးတယ်။ စိတ်မကောင်းရုံမှတစ်ပါး မည်သို့မျှမတတ်နိုင်ပါ။ (Tourisim တွေကို ဘယ်လမ်းကြောင်းက လာခွင့်ပေးလဲဆိုတာ မသိရပါ)
Golden Triangle ရဲ့ချစ်ရာကောင်းတဲ့ စီးပွားရေးတစ်ခု
ဒီလိုနဲ့ မဲခေါင်မြစ်အတွင်း စပိဘုတ်စီးပြီးGolden Triangle ထိုင်းကမ်းခြေသို့ ပြန်တက်လာသောအခါ အံ့သြစရာတစ်ခုကို မြင်လိုက်ရတယ်။ ထိုင်းအမျိုးသမီးတစ်ယောက်က စာရေးသူတို့ ပုံတွေပါတဲ့ ကြွေပုဂံပြားလေးတွေ တစ်ခုကို ဘတ် ၁၀၀ ဆိုပြီး ရောင်းပါတော့ တယ်။ စာရေးသူတစ်ယောက်ထဲမဟုတ်၊ ဘုန်းကြီးလေးပါးစလုံး ကို ရိုက်ထားတာ မြင်လိုက်ရတော့ အံ့သြလို့ကို မဆုံးတော့ဘူး၊ ပုဂံပြားအလယ်မှာ စာရေးသူတို့ပုံများပါအောင် ဘယ်အချိန်က ဓါတ်ပုံရိုက်လိုက်တာလဲ လျင်လိုက်တာလို့ တွေးမိတယ်၊ နောက် တဖြေးဖြေး စဉ်းစားတော့ မှ ၀၀ဖိုက်ဖိုက်ထိုင်းအမျိုးသမီးတစ်ယောက် စာရေးသူကို ဓါတ်ပုံရိုက်တာ သတိရလိုက်တယ်။ စာရေးသူကတောင် Thanks you ဆိုပြီး ကျေးဇူးတင်စကားတောင် ပြောမိပါရဲ့၊ ဘယ်မဟုတ်မလဲ သူတို့က ဓါတ်ပုံရိုက်ပြီး ဓါတ်ပုံစတေကာကို ပုဂံပြားအလယ်မှာ ကပ်ပြီး ရောင်းတာ ကိုယ့်ပုံပါတော့ ဘယ်သူက မ၀ယ်ဘဲ ရှိပါ့မလဲ၊ ပိုင်လိုက်တဲ့ အကြံ ဒါကို စာရေးသူက ကိုယ့်ကို ဓါတ်ပုံရိုက်တယ်ဆိုပြီး ကျေးဇူးတောင်တင်လိုက်သေး……. ရွှေတြိဂံသူများရယ်……ပိုင်ပါပေ့……..လို့ ရိုးသားစွာ စီးပွားရှာနေကြတဲ့ ထိုင်းအမျိုးသမီးလေးများကို ချီးကျူးမိပါတော့တယ်။

Golden Triangle Tample
Golden Triangle ရှိ ရွှေရောင်ဝင်းဝင်းပြောင်နေတဲ့ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော် ကြီးကိုလည်း ကြည်ညိုဖွယ်ရာ ဖူးတွေ့လိုက်ရပါတော့တယ်။ အဲဒီမှာ ထေရ၀ါဒ မျက်စိနဲ့ ကြည့်မယ်ဆိုရင်တော့ တစ်ချို့အရာတွေဟာ အဆင်မပြေဘူး။
အဲဒါက ဘုရားပေါ်တက်လိုက်တယ်ဆိုရင်ပဲ အရှေ့မှာ ကွမ်ယင်မယ်တော်ပုံနှင့် (ဟိန္ဒူနတ်လို့ထင်ရတဲ့) လက်ပေါင်းများစွာ ရှိတဲ့ မယ်တော်ပုံတစ်ခုရယ် ကို စကြင်ကျောက်ဖြင့် ထုလုပ်ထားတာကိုတွေ့ရတယ်။ တစ်ချို့နေရာမှာကျတော့ ဘုရားဖူးလာသူ အချို့က ကြုပ်တစ်ခုကို ကိုင်ပြီး လိုရာဆုကိုတောင်းကာ ဂလောက် ဂလောက်ဆိုပြီး လက်လုပ်ရမ်းနေတာလည်း တွေ့ရတယ်။ ဘုရားရဲ့ မြောက်ဖက်ကို ဆင်းသွားတဲ့အခါ ဘိုးတီပွား အရုပ်ကြီးကို လည်း မြင်ရတယ်၊ ဒီအရုပ် ကြီးရဲ့တစ်ဖက်တစ်ချက်မှာတော့ (Donation Box) လို့ရေးထားတဲ့ ကတော့လို သံကတော့ကြီးနှစ်ခု(အလှူခံပုံး)ကိုလည်း တစ်ဖက်တစ်ချက်တွေ့ရတယ်။
အဲဒီသံကတွတ်ကြီးမှတဆင့် စယောက်ကို သွယ်တန်းထားတယ် ၊ နောက်ဆုံး အဲဒီသံစယောက်ဟာ ဘိုးတီပွားရဲ့ ဗိုက် ချက် ကနေတဆင့် ဗိုက်ထဲကို သွယ်ထားပါတယ်၊ အဓိပ္ပါယ်ကတော့ ပိုက်ဆံ ကတော့ထဲဝင်သွားတယ်ဆိုရင် စယောက်ကနေတဆင့် ဘိုးတီပွားဗိုက်ထဲ ရောက်သွားမယ် ၊ အဲဒီလိုရောက်သွားရင် စီးပွားလာဘ်လာဘ တိုးတက်မယ်ပေါ့၊ ဒါဟာ မဟာယာန အလွန်ဆန်သွားပါပြီ လို့ ထင်ပါတယ်။ လူများဟာ လောကီ စီးပွားရေးကို အချောင်လိုချင်လို့ ဖြတ်လမ်းကပဲ လိုက်ချင်နေကြတာကို အထင်းသား ပေါ်လွင်နေပါတော့တယ်။ ဘာသာရေးမှာ weak ဖြစ်တယ်လို့ပဲ ပြောရမှာပဲ။
သို့နှင့် ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း စပိဘုတ်နဲ့ လည်ခဲ့ရာက ထိုင်းနိုင်ငံ ကမ်းခြေဖက်ပြန်ရောက်ပါတယ်။ အဲဒီအခါ စာရေးသူမှာ ထိုင်းဘတ်လိုနေတဲ့အတွက် Money Changer မှာ ငွေသွားလဲပါတယ်၊ စာရေးသူက ပထမ ဒေါ်လာ ၁၀၀ ကှို money changer မှ လူအား ပေးလိုက်ပါတယ်။ ဒေါ်လာစစ်မစစ် အလွန်ကြာအောင်ကြည့်ရှုပီး ထိုင်းဘတ်ငွေကို ပေးပါတယ်၊ ငွေလှဲရာမှာ ဒီအတိုင်း မလဲပေးပါဘူး၊ ပါ့စ်ပို့ တောင်းကြည့်တာကို ခံရတယ်။ ပါ့စ်ပို့မပါလို့ကတော့ လှဲလို့ရဟန်မတူဘူး၊ အပြင်မှာတော့ အမဲလှဲလို့ရတာတော့ ၇ှိတာပေါ့။ ဒီတုန်းက ငွေလှဲနှုန်းက $1 = 34.06ဘတ် ဖြစ်ပါတယ်။
ဒီလိုနဲ့ Golden Triangle မှ Chiang Sai သို့ ထိုင်းဘတ် ၃၀၀ပေးပြီး ကားစီးလာ ခဲ့ပါတယ်။ကားမောင်းသမားက ဗမာဖြစ်နေတဲ့အတွက် ရှေ့ဆက်ရမဲ့ခရီးကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်။
Chiang Sai မြို့ကို ရောက်ပါတယ်၊ဒီကတဆင့် ချင်းခေါင်မြို့ကို တဖန် စီးရပြန်တယ်။ ဘာ့ကြောင့် ချင်းခေါင်အထိစီးရတာလဲဆိုရင် Immigration Office က ချင်းခေါင်မြို့မှာရှိတယ်၊ ဒါကြောင့် Chiang Sai မြို့မှတဆင့် Chiang Choung(ချင်းခေါင်နယ်စပ်မြို့)သို့ ကားဖြင့်လာခဲ့ရပါတယ် အချိန် ၂ နာရီခန့် ကားစီးရပါတယ်။
သို့နှင့် Chiang Choung သို့ ရောက်ခဲ့ပါတယ်။ ရောက်တယ်ဆိုရင်ပဲ immigration office မှာ အထွက်ပြကာ လာအိုနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ဟောင်စီမြို့သို့ ကုတို့လှေဖြင့် ကူးပါတယ်။ (ဆက်လက်ရေးသားပါဦးမည်)

Friday, June 12, 2009

ခရီးသွားမှတ်တမ်း(၄)

တည်းခိုတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်က ဦးအာသဘဖြစ်ပြီး သက်တော်မှာ (၉၀)ကျော် ရှိပါပြီ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရောက်နေသည် မှာ အသက် ၂၀ ကတည်းကဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ပြီလို့ သိရပါတယ်။
နေ့လည်ဖက်မှာ (Doi Su htep ) ဒွိုင်ဆူထက်ပ် တောင်ဘုရားသို့ ဘလော့ဂါ မခွန်မြလှိုင်ရဲ့ ခင်ပွန်းက ကားနဲ့ လိုက်ပို့ပါတယ်။
ချင်းမိုင်မြို့လေးဟာ ဘန်ကောက်ရဲ့ မြောက်ဖက် ၇၀၀ ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။ ဒီမြို့ဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် တစ်မြို့ဖြစ်ပါတယ်။ ဓါတ်ပုံများကို ဒီနေရာနှင့်ဒီနေရာမှာ ကြည့်နိုင်ပါတယ်
ချင်းမိုင်ရဲ့ အနောက်ဖက်တွင် ၁၆၇၆ ကီလိုမီတာ အမြင့်ရှိ(Doi su htep) ဒွိုင်ဆူထက်ပ် တောင် ဘုရားသို့ blogger တစ်ယောက်ဖြစ်သူ မသူဇာရဲ့ခင်ပွန်း ကိုအောင်မျိုးကျော်က ကားဖြင့် လိုက်ပါပို့ဆောင်ကာ ကုသိုလ်ယူခဲ့ပါတယ်။ ချင်းမိုင်မြို့အတွင်း ဗဟုသုတဖြစ်ဖွယ်တွေကို ဘလော့ဂါ ခွန်မြလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးကျော်က ကားမောင်းရင်း ရှင်းပြခဲ့ပါတယ်။ ခွန်မြလှိုင်ကတော့ ကလေးနဲ့မို့လို့ မလိုက်နိုင်ခဲ့ပါ။

ချင်းမိုင်မြို့(ဇင်းမယ်)အကြောင်း
ချင်းမိုင်ဟာ အလွန်ကောင်းတဲ့ ရာသီဥတု ရှိပြီး၊ ချင်းမိုင်မြို့ကို တောင်များနဲ့ ၀န်းရံထားတယ်။ ဒါကြောင့်လားမသိ ရာသီဥတုက အလွန်သာ ယာတယ်။
ချင်းမိုင်မြို့ဟာ ထိုင်းနိင်ငံ မြောက်ပိုင်းဒေသတွင် ရှိပြီး ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပါတယ်။ ယခုအခါ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။
ချင်းမိုင်သည် ယိုးဒယားနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဒေသ၊ ချင်ရိုင်းဒေသ၊ လန်ပန်း၊ မယ့်စလင်း၊ မယ့်ဟောင်ဆောင်တို့ အကြောင်းကို ကားမောင်းရင်း ပြောပြခဲ့တယ်။
ချင်းမိုင်ဒေသ၊ ယိုးဒယားမြောက်ပိုင်းဟာ ရှေးကာလက မြန်မာ၊ ရှမ်းကြီး (Tail)၊ မွန်၊ ခမာ (ကမ္ဘောဒီးယား) လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ စီးမျောဝင်ရောက်ရာဒေသဖြစ်ခဲ့တယ်။ လောနှင့် တရုတ် (ယူနန်) အငွေအသက်လည်း ရှိသော ဒေသဖြစ်သည်။ သမိုင်းအဆိုအရ မူလက လန်ပွန်း (Lamphun) သည် ယိုးဒယားမြောက်ပိုင်း၌ စတင်ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က ဟာရီပွန်ချိုင်း (Haripunchai) ဟု အစဉ်အလာကြီးခဲ့သော မင်းနေပြည်ဒေသဖြစ်သည်။
ချင်းမိုင်အကြောင်းနဲ့ပတ်သက်ပြီး ဒီဝက်ဘ်ဆိုဒ်လင့်ခ်မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

၁၈.၅.၂၀၀၉

နံနက် ၉ နာရီခန့် ချင်းမိုင်မြို့ တိရစ္ဆာန်ရုံ (Chingmai zoo) ကို သွားရောက်ခဲ့တယ်။ တိရစ္ဆာန်ရုံအတွင်း ၀င်လျှင် foreigner နိုင်ငံခြားသားဆိုလျှင် b 350 ပေးရပါတယ်။ သံဃာတော်များဆိုလျှင် Free ပိုက်ဆံမပေးရပါ။
သို့နှင့် ဦဣန္ဒာဝံသနဲ့နှင့်အတူ chingmai zoo အတွင်း ကားဖြင့်လည်ပတ်ခဲ့ကြတယ်။ ကားခမှာ တစ်ယောက်လျှင် B 20 ပေးရပါတယ်။ တစ်ပတ် ပတ်ပြီးသောအခါ ငါးပြတိုက်ကို သွားရန်အတွက် သီးသန့် ကားပြန်စီးရသည် အဲဒီအခါမှာလည်း တစ်ယောက်လျှင် B 20 ပေးရပါသည်။ ငါးပြတိုက်ရောက်တဲ့အခါ ငါးပြတိုက်အတွင်း ၀င်ကြေးပေးရသည်။ forainer တစ်ယောက်လျှင် B 380 ဖြစ်ပါတယ်။ သံဃာတော်များဆိုလျှင် တစ်ဝက်နှုံးဖြင့် B ၁၆၀ ပေး ရပါသည်။ ချင်းမိုင်မြို့သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်၍ ရဟန်းတော်များအား အထူးဦးစားပေး ဆက်ဆံကြသည်ကို တွေ့ရသည်။
ငါးပြတိုက်အတွင်း ၀င်ကြည့်ကြသောအခါ ပင်လယ်ထဲသို့ တကယ်ရောက်နေသကဲ့ သို့ ထင်ရပေသည်။ ငါးတွေကို ရေငုတ်ဝတ်စုံနဲ့ ငါးစာကျွေးနေတဲ့ ၀န်ထမ်းတွေကိုလည်း မြင်ခဲ့ရပါတယ်။ ငါးပြတိုက်ရဲ့ လုပ်ဆောင်နေတဲ့ အနေအထားအရ အလွန်အဆင့်မြင့်တဲ့ အတွက် ၀င်ကြေးခကို မြင့်မြင့် ယူထားခဲ့သည်ထင့်။ တန်လည်းတန်ပါသည်။ ငါးပြတိုက်ထဲက ပင့်ကွင်းငှက်တို့ရဲ့နေထိုင်ကျက်စားတဲ့နေရာဆိုလျှင် ၂၄ နာရီပတ်လုံး ပင့်ကွင်းငှက်များ နေနိုင်တဲ့ အအေးဓါတ်များကို လွတ်ပေးထားရတဲ့အတွက် ကုန်ကျငွေ အလွန်များမှာ သေချာပါသည်။
ငါးပြတိုက် မှ အထွက် နာရီကြည့်သောအခါ ထိုင်းစံတော်ချိန် ၁၁ နာရီထိုးနေပြီဖြစ်တဲ့အတွက် နေ့ဆွမ်းစားရန်အတွက် (Burmese Food ) မြန်မာထမင်း ဆိုင် မှာ ဆွမ်းစားကြပါသည်။ နေ့လည်စာ စားပီးသောအခါ မနောနော အမည်ရှိ အမျိုးသမီးပျိုတစ်ဦးက ဆွမ်းကပ်ပါသည်။ မနောနောသည် လွယ်လင်သူဖြစ်ပြီး ချင်းမိုင်မြို့ အလှ ပြင်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည်မှာ ၆ နှစ်တိုင်တိုင် ရှိခဲ့ပြီဟု သူပြောပြချက်အရ သိရပါသည်။ ခရီးသွားဟန်လွဲ ကြုံတုန်း သံဃာတော်များအား ဆွမ်းကပ် ရသည်မှာ သူမအတွက် ထူးလှတဲ့ ကာလဒါန ဖြစ်ခဲ့တယ် လို့ ဆိုရပေမပေါ့။
နေ့လည်ဖက် imgration တွင် reentry လုပ်ဖို့အတွက် ဦးကုမာရနဲ့ ဦးဣန္ဒ၀ံသတို့ နှစ်ပါး သွားကြတယ်။ အဲဒီမှာ ကိုယ်တိုင်လာရမယ်လို့ ပြောတဲ့အတွက် စာရေးသူတို့ကို လာခေါ်ရဦးမည်ဖြစ်ရာ ဒီနေ့အဖို့ reentry လုပ်ဖို့ အချိန်မရတော့၊ ဒါနဲ့ ရတာတွေကိုပဲ လုပ်မယ် ဆိုပြီး လေယာဉ်လက်မှတ် date ပြောင်းရန် သွားခဲ့တယ်။ လေယာဉ် date က ၂၄.၅.၂၀၀၉ အထိသာဖြစ်တော့ date ကို ၁၄.၆.၂၀၀၉ အထိ ရက်ရွေ့ခဲ့တယ်။ လေယာဉ် DATEနဲ့ပတ်သက်ပြီး power full ယူခဲ့တယ်ပေါ့။
ညနေဖက်မှာ ချင်းမိုင်ကနေ ကီလိုမီတာ ၃၀ ခန့်ဝေးကွာတဲ့ ယိုးဒယားလို လန်းဖွန် မြန်မာလို လန်ဖုန်းဆိုတဲ့ တော မြို့လေးသို့ ဘတ်စ်ကားဖြင့် လာခဲ့ကြရာ လမ်းဘေးဝဲယာတစ်လျှောက် လူလေးယောက် ပိုက်ခန့်ရှိတဲ့ အပင်များကို တွေ့ခဲ့ရတော့ အမြင်ဆန်းနေပါတယ်။ ဒါနဲ့ ပါလာတဲ့ ဦးဣန္ဒ၀ံသ ကိုမေးကြည့်တော့ ဒါဟာ တစ်ချိန်က မြန်မာ -ဇင်းမယ် ချစ်ကြည်ရေးအနေဖြင့် ဒီသစ်ပင်တွေ ကို စိုက်ခဲ့တာလို့ ပြောပါတယ်။ မြို့ပြအနေအထာားကောင်းမွန်လှပေမယ့် ဒိလို ရှေးဟောင်းသစ်ပင်များကို မခုတ်လှဲဘဲ ရှေးဟောင်းအမွေအနှစ်အနေဖြင့် အမြတ်တနိုးထိန်းသိမ်းထားတာကို တွေ့မြင်ရပါတယ်။ ထိုနည်းတူ တစ်ခြားခြားသော နိုင်ငံများမှာလည်း ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များကို လက်ရာမပျက် ထိန်းသိမ်းထားကြတာကို လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေမှာလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့်လည်း လောနိင်ငံက longprabong လောဘရာဘွန်မြို့လေးကို (the world hari tage city ) ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်မြို့ ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း internet တွင် နာမည်ကြီးကာ ကမ္ဘာလှည့်ခရီးသည်များ များပြားစွာ လာရောက်ကြပါတယ်။
ပြည်ပနိုင်ငံများမှာ ရှေးဟောင်းအမွေအနှစ်များ ရှိသလို အမိမြန်မာနိုင်ငံမှာလည်း ရှေးဟောင်းအမွေအနှစ်များစွာပင် ရှိပါတယ်။သို့သော် ပြည်ပနိုင်ငံ(လာအိုနိုင်ငံ လောဘရာဘွန်၊ ကမ္ဘောဒီးယား အန်ကောဝပ်)များမှာလို အဘယ့်ကြောင့် the world heri tage လို့ သတ်မှတ် မခံရပါသလဲ ဆိုတာကို တွေးမိပါတယ်။ အမှန်ကား မြန်မာနိုင်ငံမှာလည်း ရှေးဟောင်း အမွေအနှစ်များစွာ ရှိတာပါ။ ထိုအမွေအနှစ်များကို (modify)ပြုပြင်ပြောင်းလဲမှုမရှိဘဲ ထိန်းသိမ်းရုံမျှ (protection) ကာကွယ်ထိန်းသိမ်းထားကြမယ်ဆိုရင် မြန်မာနိုင်ငံ နေရာအနှံအပြားရှိ ရှေးဟောင်းအမွေအနှစ်များကို world heri tage လို့ ကမ္ဘာက အသိအမှတ်ပြုခံရမှာ သေချာတယ် လို့ တွေးမိပါတယ်။ အဲဒီအခါ ကမ္ဘာလှည့်ခရီးသည်များ အများအပြား ရောက်လာနိုင်စရာ အကြောင်းရှိပါတယ်။
စကားစပ်လို့ ပြောမိတာ လမ်းကြောင်း အပြင်ထွက်သွားတယ်၊ ခုနင်က ချင်းမိုင်အကြောင်းကို ဆက်ပြောကြရ အောင်ပါ။
အဲဒီမှာ စာရေးသူတို့ တည်းခိုတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှ အသက်အားဖြင့် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဦးအာသဘရဲ့ ပြောပြချက်အရ….. ချင်းမိုင်မြို့မှ လန်းဖွန်မြို့သို့ သွားရာလမ်းတစ်လျှောက် နံဘေး ၀ဲယာတွေမှာ စိုက်ထားတဲ့ လူငါးယောက်
ဒီသစ်ပင်တွေကို ကညင်ပင်လို့ ခေါ်ပါတယ်။ ကညင်ပင်များရဲ့အသက်ဟာ သက်တမ်း လေးရာကျော်ခန့် ရှိပြီ လို့ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ “ဆရာတ်ာဘုရား…၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းကိုကြီးကို ဘယ်နှစ်ခုနှစ်က စတင် တည်ထောင်ခဲ့ပါသလဲ ဘုရား” လို့ မေးလျှောက်သောအခါ ဆရာတော်က “ ဒီကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၅ နှစ်ကတည်းက တည်ထောင်ခဲ့တယ်။ တည်ထောင်တဲ့သူများက မြန်မာစစ်တပ်များ ဖြစ်တယ်လို့ ပြောကြတယ်။ ဆရာတော်က ဆက်လက်ပြီး….
တစ်ခါက မြန်မာနိုင်ငံက စာရေးကြီးတစ်ယောက်က တပည့်တော်ကို မေးဖူးပါတယ်။ “ဘုန်းတော်ကြီးများ ကားမောင်းသင့်သလားဘုရား” တဲ့၊ ဆရာတော်က “ ဒကာက ဘယ်အမြင်နဲ့ မေးတာလဲ၊ အမြင်နှစ်မျိုးရှိတယ်၊ မြန်မာ့အမြင်နဲ့ ကမ္ဘာ့အမြင် နှစ် မျိုးမှာ ဘယ်အမြင်နဲ့ မေးတာလဲ” လို့ မေးတော့ ဒကာက “ မြန်မာ့အမြင်နဲ့ မေးတာပါ” တဲ့ အဲဒီမှာ ဆရာတော်က “ မြန်မာ့အမြင်ဆိုရင်တော့ မမောင်းသင့်ဘူး” ကမ္ဘာ့အမြင်ဆိုရင် မောင်းသင့်ပါတယ်။ ဒကာ….မင်းကိုးကွယ်တဲ့ ဆရာတော်ကို ပြန်မေးကြည့်ဦး၊ ဘုရားဟော တဲ့ မဟာပဒေသလေးပါး ဆိုတာ ရှိလား၊ တကယ်လို့ ရှိတယ်ဆိုရင်တော့ မင်းတို့ရဲ့ အမေး ရှုံးပြီသာ မှတ်တော့၊ ဆက်မမေးနဲ့တော့” ဆရာတော်က အမိန့်ရှိပါတယ်။
ဆက်လက်ပြီး…… သြစတေးလျား ဆစ်ဒနီကို တပည့်တော် ရောက်ခဲ့ဖူးပါတယ်။ သူတို့နိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ မဟုတ်ပေမယ့် မေတ္တာ၊ကရုဏာ။မုဒိတာ ဗြဟ္မစိုရ်တရားလေးပါး ရှိကြတယ်။ ဥပမာ ငှက်မပစ်ရ ပစ်လို့ သေရင် ဒါဏ်ဆောင်ရတယ်။ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မမာမကျန်းဖြစ်ရင် ဆေးခန်းသွားပြီးပြရတယ်။ တကယ်လို့ ဆေးမကုပေးဘူးဆိုရင်တော့ မွေးထားတဲ့ တိရစ္ဆာန် ပိုင်ရှင်က ဒါဏ်ငွေဆောင်ကြရတယ် လို့ ဆရာတော်က အမြွက်မျှ ပြောကြားကြပါတယ်။
နေ့ခင်းဖက်မှာ
ချင်းမိုင်ကနေ ကီလိုမီတာ ၃၀ကျော်ခန့်ဝေးသော လန်းဖွန် တောမြို့လေးကို ၁နာရီကျော်ကျော်ခန့် ကားစီးပြီးနောက် (hariphu chai temple)ယိုးဒယားလို (ဟရီဖူချိုင်း)မြန်မာလို ဟရိ ဘုဇ္ဇ ဘုရားကို ရောက်ခဲ့တယ်၊ ဒီဘုရားသမိုင်းက အခါတစ်ပါး မြတ်စွာဘုရားရှင် ဒေသစာရီ ကြွချီတော်မူတဲ့အခါ ဒကာများလာရောက်ဆက်ကပ်တဲ့ ကြစုသီးကို ဘုဉ်းပေးပြီး တစ်ည ကျိန်းစက်တော်မူတဲ့ နေရာဖြစ်တဲ့အတွက် ဒီနေရာမှာ ဟရိဘုဇ္ဇ ဘုရားရယ်လို့ တည်ခဲ့တာ ဖြစ်တယ် အကြောင်းစုံသိချင်ရင်တော့ hariphuchaitemple.org ၀က်ဘ်ဆိုက်မှာ ဖတ်ရှုနိုင်ပါတယ်။ ဘုရားကပြန်အလာမှာတော့ ချင်းမိုင်မြို့ထဲက ညဈေးနှင့် (pamtap)ပန်တက်ပ် ကုန်တိုက်ကြီးတို့ကို ဗဟုသုတအနေဖြင့် ဦးဣန္ဒ၀ံသက လိုက်ပို့ပါတယ်။
၁၉.၅.၂၀၀၉
နံနက် ၈း၃၀ မှာ စာရေးသူတို့သုံးပါး အင်မ်ဂေးရှင်း(လူဝင်မှုကြီးကြပ်ရေး)ရုံးသို့ သွားကြပါတယ်။ မနေ့က လူကိုယ်တိုင်မပါလို့ ဆိုပြီး re-entry မလုပ်ခဲ့ရဘူး။ ဒီနေ့ကျမှ သုံးယောက်သား အင်မ်ဂေးရှင်းရုံးသို့ ကျောင်းအရှေ့က ယိုးဒယားသူရဲ့ကားနဲ့ လိုက်ပါပို့ပေး ပါတယ်။ အင်မ်ဂေးရှင်း ရုံးရောက်တော့ ပါစ်ပို့ မိတ္တူကူးစရာရှိတာ ကူးပြီး re-entry လုပ်ကြပါတယ်။ ဒီမှာ re-entry ကိုဘာကြောင့်လုပ်ရသလဲဆိုတာကို ပြောချင်တယ်။
ယိုးဒယားနိုင်ငံကနေ တစ်ခြားနိုင်ငံထွက်သွားမယ် ၊ ပြီးလျှင် ထိုင်းနိုင်ငံ ပြန်ဝင်ချင်တယ်ဆိုရင် ပြန်ဝင်ရအောင်လို့ re-entry လုပ်ရပါတယ်။ ဒီမှာ re-entry က နှစ်မျိုး ရှိပါတယ်။ single နဲ့ multiply ပါ။ single က ဘတ် ၁၀၀၀ ပဲပေးရပြီး multiply ကတော့ ဘတ် ၃၅၀၀ ကျပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံအတွင်း အကြိမ်များ စွာထွက်ပြိး အကြိမ်ကြိမ်ပြန်ဝင်ချင်တယ်ဆိုရင်တော့ multiply re-entry လုပ်ရတယ်။ တကယ်လို့ တစ်ကြိမ်လောက်သာ ထွက်ပြီး တစ်ကြိမ်သာ ပြန်ဝင်ချင်တယ်ဆိုရင်တော့ single re-entry လုပ်ရပါတယ်။
ဒါနဲ့ စာရေးသူတို့လဲ ကိုယ့်အခြေအနေအရ တစ်ယောက်ကို ဘတ် ၁၀၀၀ ပေးပြီး single re-entry လုပ်ခဲ့ကြပါတယ်။ ဒီမှာ ထိုင်းနိုင်ငံ အင်မဂေးရှင်းရုံးဝင်တဲ့အခါမှာ အတွေ့ကြုံတစ်ခုတော့ ပြောချင်တယ် ၊ အဲဒါက re-entry နှစ်မျိုးရှိတယ်လို့ အထက်မှာ ပြောခဲ့တယ်။ ဒီနှစ်ခုအနက် ကိုရွှေမြန်မာများအတွက်တော့ single ပဲရတယ်၊ multiply တော့ လုံးဝမရနိုင် လို့ သိခဲ့ရပါတယ်။ ဒါလည်း စာရေးသူတို့အတွက် အားငယ်စရာတစ်ခုဖြစ်သလို မခံချင်စရာတစ်ခုလည်း ဖြစ်ခဲ့တယ်။ ဘာကြောင့်ရယ်တော့မသိပါ။
သို့သော်လည်း ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့အတွက် ဘုန်းကြီးများ ကို အကူအညီပေးတာ များပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ယခုညနေ မိုး ရွာချပြီး၊ မကြာမီ မိုးတိတ်သွားတယ်။ဒါနဲ့
ညနေဖက်တွင် ချင်းမိုင်မြို့အတွင်း BIG C SUPER CENTER ကုန်တိုက်ကြီး သို့ ဦးဣန္ဒ၀ံသနှုင့်အတူ ဦးကုမာရ ၊ စာရေးသူတို့ သွားရောက်လည်ပတ်ခဲ့တယ်။ ကုန်တိုက်ကြီးမှာ အလွန်သပ်ရပ်ပြီး စနစ်ကျနစွာ ရောင်းချနေကြတာကိုလည်း မြင်ကြရပါ တယ်။ ကျောင်းပြန်ရောက်တော့ ည ၈ နာရီ ရှိနေပြီ။ ဦးဣန္ဒ၀ံသက Golden Triangle ကို သူကိုယ်တိုင် လိုက်ပို့ပါမည့်အကြောင်း ပြောလာတော့လည်း ၀မ်းသာရပြန်ပါတယ်။
သို့နှင့် မနက်ဖန် သွားမဲ့ခရီးအတွက် ခရီးစဉ်ဆွဲကာ ည ၁၁ နာရီမှာ အိပ်ရာဝင်ခဲ့ကြပါတယ်။ (ဆက်လက်ဖေါ်ပြပါဦးမည်)

Sunday, June 7, 2009

ချင်းမိုင်မြို့ဓါတ်မှတ်တမ်း

ချင်းမိုင်မြို့ တွင်းက ကျုံး

ခွန်မြလှိုင်ခင်ပွန်းနှင့်အတူ

ဘုရားရင်ပြင်တော်
ဒွိုင်ဆူထက်ဘုရားတွင် အမှတ်တရ

(Doi su htit) ဒွိုင်ဆူထက် ဘုရားတောင်(ချင်းမိုင်)

ချင်းမိုင်မြို့ရှုခင်း
ချင်းမိုင်မြို့ Doi Su htep တောင်ပေါ် ဗျူးပွိုင့်တွင် အမှတ်တရ

စာရေးသူတို့ ချင်းမိုင်မြို့-၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် အမှတ်တရ

ချင်းမိုင်မြို့ကားဂိတ်တွင် လာရောက်ကြိုဆိုသူ သဒ္ဓါတရား အထူးကောင်းမွန်လှတဲ့ ထိုင်းအမျိုးသမီး

Type the rest of your post here.

Twitter Delicious Facebook Digg Stumbleupon Favorites More