This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, December 31, 2008

နှစ်ဟောင်းမှသည် နှစ်သစ်ဆီသို့

အချိန် ည ၇း၃၀,၃၁,၁၂,၂၀၀၈
New year မှာ အမှတ်ရလေးဖြစ်အောင် ဘာအကြောင်းများ ရေးရပါ့မလဲ လို့ စဉ်းစားနေတာနဲ့ new year ကို ရောက်လုနီးနေပါ ပေါ့လား၊ new year ပြီးရင် နှစ်ဟောင်းက အကြောင်းတွေကို မထားချင်သော်လည်း ထားခဲ့ရဦးမှာပေါ့။ ဒါကြောင့် နှစ်မကူးခင် အမှတ်ရတာလေးကို စာရွက်ပေါ် ကလောင်တင် အဲလေ… ယောင်လို့ ကွန်ပျူတာ ကီးဘုတ်ပေါ် လက်တက်လို့ အတွေးဖြင့် ရေးနေမိ ပါတော့တယ်။

ငါ့ဘ၀ဖြတ်သန်းခဲ့ရတာဟာ အခု ၂၀၀၈ ကုန်ရင် ၅၃ ထဲသို့ ချင်းနင်းဝင်ရောက်ခဲ့ပြန်ပြီပေါ့။ စဉ်းစားမိပါတယ်၊ ဒီတစ်နှစ်အတွင်း မှာ သာသနာပြုလုပ်ငန်းနဲ့ပတ်သက်ပြီး အတော်လေးကို လုပ်နိုင်ခဲ့တယ်လို့ ဆိုရမယ်။ ပထမအဦးဆုံးက တုနှိုင်းမမီ လုံးချင်းစာအုပ်တစ်အုပ်လည်း ထုတ်နိုင်ခဲ့လို့ ၀မ်းသာရတယ်။ ထိုတုနှိုင်းမမီစာအုပ်အတွက် စာမူများ ရေးဖြစ်အောင် တိုက်တွန်းနိုးဆော် ပေးသူက တော့ ဆရာလေး မဓမ္မစာရီပါပဲ၊ ဆရာလေးကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ အဲဒါနဲ့ စာမူ တစ်ပုဒ်ပြီးတိုင်း အင်တာနက် စာမျက်နှာပေါ်မှာ ပို့စ်တင်ခဲ့တာ ချည်းပါပဲ၊ ရည်ရွယ်ချက်က ဒီစာမူများကို စာအုပ်အဖြစ်ထုတ်တဲ့အခါ လူများဖတ်ရသလိုပဲ အွန်လိုင်းပေါ်တက်နေကြတဲ့ အခြေအနေအရ ပြည်ပရောက်နေကြတဲ့ မြန်မာများကို ဖတ်စေချင်လိုပါ်။ အချိန်တန်တော့လည်း “တုနှိုင်းမမီ’’ လုံးချင်းစာအုပ် တစ်အုပ်ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဘ၀အတွက် တုနှိုင်းမမီ ဆိုတဲ့ မှတ် တိုင်လေးတစ်ခုအဖြစ် ထားနိုင်ခဲ့တာကိုလည်း ၀မ်းမြောက်ကြည်နူးခဲ့ရတာပါ၊ ရင်ထဲဖော်မပြနိင်လောက်အောင်ပါပဲ။
စာအုပ်ထွက်တယ်ဆိုရင်ပဲ စာအုပ်ထွက်ကြောင်းကို အွန်လိုင်းပေါ်မှာ ကြွားရတာလည်း အမောပါပဲ။ ဒီလိုကြွားရင်းနဲ့ အနောက်နိင်ငံမှာ နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးက စာအုပ် အုပ်ရေ (၆၀)အတွက် ငွေလှူဒါန်းချင်ပါကြောင်း ပြောလာတဲ့အတွက်လည်း ၀မ်းမြောက်ရပြန်ပါတယ်။
စာရေးတဲ့အခါ အကြံဥာဏ်ကောင်းတွေ ပေးတဲ့ ကဗျာဆရာ ညိုမင်းဟန်၊ စာရေးဆရာ ၀င်းမြအောင်(မြိတ်)၊ စာရေးဆရာမ မြတ်နိုးရှင်း တို့ကိုလည်း ကျေးဇူးတင်မဆုံးသလို တစ်ခြားကျေးဇူးတင် ထိုက်တဲ့ သူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း။ ဒီနှစ်အဖို့မှာ (ပင့်ဂိုးလ်ပြောသလို) စန်း များထနေသလားလို့ တွေးမိပါရဲ့ ၊
စာရေးသူဟာ ၂၀၀၆ ကတည်းက အွန်လိုင်းပေါ်ရောက်ခဲ့တာလေ၊ ၂၀၀၈ နှစ်ကုန်ဆိုရင် ၂ နှစ်ကျော်ခဲ့ပြီလို့ ဆိုရမှာပေါ့။ ဒီအွန်လိုင်းပေါ်မှာပဲ မိတ်ကောင်းဆွေကောင်းများစွာနဲ့ တွေ့ရတယ်။ တစ်နေ့ မထင်မှတ်တဲ့သူ လုံးဝကို မသိတဲ့ သူ တစ်ယောက် မဖိတ်ခေါ်ဘဲနဲ့ စာရေးသူရဲ့ မေးလ်ထဲသို့ ၀င်ရောက်လာတယ်လေ။ သူ့နာမည်က ‘ မြကြာဖြူ’ လို့ခေါ်ပါတယ်။ သူဟာ ဘာသာရေး သာသနာရေးကို အလွန်စိတ်ဝင်စားသူဖြစ်ပြီး ရဟန်းသံဃာတော်များကိုလည်း အလွန်ကြည်ညိုတတ်သူ ဖြစ်တယ်။ ဒါနဲ့ နောက်ပိုင်း ဘာသာရေးနဲ့ပတ်သက်ပြီး ပြဿနာ အမေးပုစ္ဆာများ မေးချင်ပါတယ် ၊ မေးလို့ရပါ့မလား လို့ သူမက မေးလာတယ်။ စာရေးသူဟာ စာပေကျမ်းဂန် မနှံ့စပ်တဲ့အတွက် သိတာဆိုရင် အဖြေပေးပါ့မယ် မသိတာဆိုရင်တော့ မဖြေနိုင်ဘူး လို့ ပြောခဲ့တယ်။ ဒါနဲ့ နောက်ပိုင်းမှာ ခေတ်မီတဲ့ အမေးပုစ္ဆာများကို မေးလာပါတော့တယ်။ သူတစ်ပါး မမေးဖူးသေးတဲ့ ပြဿနာမျိုးကိုလည်း မေးတတ်တယ်။ အမေးပြဿနာအတွက် အဖြေကို ရှာဖွေတဲ့နေရာမှာ စာအုပ်အမျိုးမျိုးကို ဖတ်ရတယ်လေ။ ဒီတော့ စာပေကို အများကြီး ဖတ်ဖြစ်တာပေါ့။ အဲဒါလည်း သူမရဲ့ အမေးပုစ္ဆာ ကျေးဇူးကြောင့်ဆိုရင် မမှားဘူးပေါ့။
ဒီလိုနဲ့ မေးလာတဲ့ ပြဿနာများကိုလည်း သေချာစွာ ပြန်လည် အဖြေပေးခဲ့ပါတယ်။ ဒီလိုအမေးအဖြေတွေ များလာတဲ့အခါကျတော့ စာမူလည်းဖြစ်သွားတာပေါ့၊ ဒါကြောင့် သူမကို အထူးကျေးဇူးတင်ရသလို သူမနဲ့လည်း အတော်လေး ရင်းနှီးခဲ့ရပါတယ်။ အခုဆိုရင် သူမကျေးဇူးကြောင့် သန်းခေါင်ယံ အမေးအဖြေများ ဆိုတဲ့ အမည်နဲ့ စာအုပ်တစ်အုပ်ထုတ်ဖို့ စီစဉ်နေတယ် ဆိုတာ သူမ သိစေချင်လိုက်တာ။ အဲဒီ သန်းခေါင်ယံ အမေးအဖြေများ ဆိုတဲ့ အမည်ကလည်း သူမကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာပါ။
ညတစ်ည ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် အိပ်ယာစောစောဝင်ခဲ့တယ် အိပ်ပျော်နေစဉ် သန်းခေါင်ယံလောက်မှာ ဖုန်းလာတယ်လေ။ ဒီတုန်းက နေမကောင်းဘူး၊ ခေါင်းမထူနိုင်အောင် မူးနေတာပါ။ ဒါနဲ့ ဖုန်းကိုင်လိုက်တော့ တပည့်တော်မ မြကြာဖြူပါ…တဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး မေးစာရာလေးတွေရှိလို့ ဆို့ပီး မေးပါလေရော၊ နေမကောင်းသော်လည်း သူတစ်ပါးကို ကူညီဖို့ ဘာသာရေးခေါင်းဆောင်များရဲ့ တာဝန်တစ်ရပ်ပါ။ ဒါကြောင့်လည်း သူမ မေးတဲ့ ပုစ္ဆာများကို တိတိကျကျသိအောင် ပြန်လည် အဖြေပေးပါ့မယ် လို့ ၀န်ခံခဲ့ရပါတယ်။
အဲဒီကနေ သန်းခေါင်ယံက စခဲ့တဲ့ အမေးအဖြေလေးမို့လို့ “ သန်းခေါင်ယံ အမေးအဖြေများ” ဆိုပြီး နာမည် မှည့်ရခြင်းဖြစ်ပါတယ်။ ဒီစာအုပ်အတွက်ပြည်ပမှ လှူဒါန်းကြတဲ့ စေတနာရှင်များနှင့် စာမူအတွက် ကုန်ကြမ်းများစွာရရှိအောင် အမေးများစွာကို မေးပေးတဲ့ မြကြာဖြူ တို့အား ကျေးဇူးတင်ရှိပါတယ်။ နှစ်သစ်နှင့်အတူ ပျော်ရွှင်သော ဘ၀ခရီးတစ်ခု ကို လျှောက်လမ်းနိင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်ပါ။
သူမကနေ အမေးအဖြေစခဲ့ရာကနေ အခုအချိန်ထိ နိုင်ငံတကာက မေးလာတဲ့ အမေးပုစ္ဆာတွေကို ဖြေနေရဆဲပါ၊ယခင်က စာရေးသူရဲ့ဝဘ်ဆိုက်မှာ လူနည်းနည်းဖြင့် ခြောက်သွေ့နေခဲ့ရာက ယခုဆိုရင် လာရောက်လည်ပတ် မေးမြန်းကြတဲ့ လူများဖြင့် စည်ကား လို့နေပါပြီ။ အဲဒါလည်း သာသနာပြုနည်း တစ်မျိုးပါပဲ၊ မှန်ပါတယ်၊သာသနာပြုတယ်ဆိုတာ လူတိုင်းမပြုနိုင်သလို ပြုတိုင်းလည်း မအောင်မြင်ပါဘူး။ ဒီနှစ်မှာ ၀မ်းသာစရာတစ်ခုက MBAA, 2008 ဆုအတွက် ဘာသာရေးကဏ္ဍမှာ အွန်လိုင်းပေါ် မဲအရွေးခံဖို့အတွက် အကောင်းဆုံး ဘာသာရေးဆိုက် (၆)ဆိုက်ကို ရွေးချယ်ခဲ့တယ် ။အဲဒီမှာ မမျှော်လင့်ဘဲ စာရေးသူရဲ့ A Light of Dhamma ဆိုတဲ့ ၀ဘ်ဆိုက်တစ်ခုလည်း ပါဝင်ခဲ့တယ်လေ။ အကောင်းဆုံးဆုရဖို့ရာ မမျှော်လင့်ရဲသော်လည်း မဲအတွက်ရွေးချယ်ခံရတာကိုက ကိုယ့်အောင်မြင်မှုအတွက် ၀မ်းမြောက်ကြည်နူးခဲ့တာပါ။
တကယ်တော့ စာရေးသူမှာ အစကတည်းက ဆုတွေအများကြီး ရရှိထားပြီးပါပြီ။ ကိုယ်ရတဲ့ဆုက တန်ဖိုးမဖြတ်နိုင်တဲ့ “ကုသိုလ်” ဆုပါ။ စိတ်သာရှင်စော ဘုရားဟော ဆိုတဲ့အတိုင်း ကုသိုလ်စိတ်ဖြင့် ပို့စ်တင်နေသမျှကာလပတ်လုံး ကုသိုလ်ဆုကို အမြဲတမ်း ရနေတယ် ဆိုတာကို တွေးရင်း ၀မ်းမြောက်မိပါတယ်။ အွန်လိုင်းပေါ်တက်ကြတဲ့ သူများလည်း ဗဟုသုတအပြင် ကုသိုလ်ရအောင်လည်း စွမ်းဆောင်ကြမယ်ဆိုရင် အလွန်ကောင်းမှာဘဲ လို့ ပေါ့။
အဲဒီအချိန်မှာမှ မခေါ်ဘဲနဲ့ရောက်လာခဲ့ပြီး မနှင်ဘဲနဲ့ ပြန်လည်ထွက်ခွာသွားတဲ့ ကျေးဇူးရှင် မြကြာဖြူ ဆိုတဲ့ သူမတစ်ယောက် ဘာသတင်းမှ မကြား ရတော့ပါ။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ မတွေ့ရပေမယ့် နှစ်သစ်နှင့်အတူ ကျန်းမာချမ်းသာ ပါစေကြောင်း၊ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း။ အားလုံးချစ်ပရိသတ်အတွက်….နှစ်သစ်လက်ဆောင်အနေဖြင့် အတွေးလေးတစ်ခုကို မျှဝေချင်တယ်။
“ ကျောင်းသူကျောင်းသားများဟာ အပတ်စဉ်၊လစဉ်၊ စာမေးပွဲဖြေဆိုနေကြရပါတယ်၊ ဒါ့အပြင် တစ်နှစ်ကုန်ဆုံးတဲ့အခါမှာလည်း အရေးကြီးဆုံးဖြစ်တဲ့ အတန်းတင် စာမေးပွဲကြီးကိုလည်း စိတ်လှုပ်ရှားစွာ ဖြေဆိုကြရပါတယ်။
ထို့အတူ………ဘ၀ကျောင်းတက်နေကြတဲ့ လူများဟာလည်း နေ့တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်၊စက္ကန့်တိုင်းမှာ ဘ၀စာမေးပွဲကို ဖြေဆိုနေကြရတယ် ဆိုတာကို သိစေချင်တယ်။ ဘ၀စာမေးပွဲကို နာရီ စက္ကန့်မလပ် ဖြေဆိုနိုင်ပါမှလည်း ဘ၀နေ၀င်ခါနီး တကယ့်အရေးကြီးတဲ့ ဘ၀အတန်းတင်စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ကြမှာပါ။
ဒီလို ဖြေဆိုနိုင်အောင် ဘာများပြင်ဆင်ရပါ့မလဲဆိုရင် ….ငါဟာ နာရီတိုင်း စက္ကန့်တိုင်းမှာ ဘ၀စာမေးပွဲကို ဖြေဆိုနေရတာပါလား ဆိုတာကို သိပြီး သတိနဲ့နေဖို့ပါပဲ။ အဲဒါဆို ဘ၀အတန်းတင် စာမေးပွဲအတွက် သေချာနိုင်ကောင်းပါရဲ့…..လို့ ပြောရင်း………၂၀၀၉ ခုနှစ်-နှစ် သစ်ဆီသို့…………..
ပျော်ရွှင်မှုအပေါင်းနဲ ခညောင်းကြပါစေ

Sunday, December 28, 2008

MBAA 2008 အတွက် VOTE

MBAA 2008 အတွက် ဒီမှာ VOTE နိုင်ပါကြောင်း

Type the rest of your post here.

ဓမ္မက္ခန္ဓာ-၈၄၀၀၀

အမေး။ ။ဘုန်းဘုန်းဘုရား….တပည့်တော် မရှင်းတာလေးတစ်ခုရှိလို့ မေးလျှောက်ပါရစေ။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀)ရှိတယ် လို့ ကြားဖူးပါတယ်။ ဘယ်အရာတွေကို ဓမ္မက္ခန္ဓာတွေ လို့ ခေါ်ခြင်းဖြစ်ပါသလဲဘုရား။ ဒီဓမ္မက္ခန္ဓာတစ်ခုစီ ဟာ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်စွမ်း ရှိပါသလားဘုရား။
ကျော်ဇင်လတ်(သုခရိပ်)
MePhi Universit, Mosscow

အဖြေ။ ။မောင်ကျော်ဇင်လတ်ရေ….ဘယ်အရာတွေကို ဓမ္မက္ခန္ဓာ လို့ခေါ်တာလဲ ဆိုရင် ဥပမာ ခန္ဓငါးပါးဆိုတာ အစုငါးပါးပါ။ ရူပက္ခန္ဓာ၊ဝေဒနက္ခန္ဓာ၊သညက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ = ရုပ်အစု ဝေဒနာအစု သညာအစု သင်္ခါရအစု ၀ိညာဏအစု ဆိုပြီး သူ့အစုလိုက်အစုလိုက်ရှိသလို တရားအစုတစ်ခုကို ဓမ္မက္ခန္ဓာတစ်ခု ဖြစ်တယ်။ မင်္ဂလသုတ်ထဲမှာ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။ ဆိုတဲ့ တရားတော်မှာ အသေ၀နာစ ဗာလာနံ = လူမိုက်ကို မပေါင်းရ ဆိုတာ ၀ါကျတစ်ကြောင်းပါ။ ဒီဝါကျတစ်ကြောင်းကိုပဲ ဓမ္မက္ခန္ဓာ တစ်ခု လို့ ခေါ်ပါတယ်။ ထို့အတူ ပဏ္ဍိတာနဉ္စ သေ၀နံ = ပညာရှိကို ပေါင်းသင်းရမယ် ဆိုတာလည်း ဓမ္မက္ခန္ဓာတစ်ခု လို့ ခေါ်ပါတယ်။ ဒါက သာမန်လူများ နားလည်အောင် အဖြေပေးရတာပါ။
ရှင်/ရဟန်းများအတွက် ဖြေရမယ်ဆိုရင်….
(ဧကာနုသန္ဓိကံ သုတ္တံ ဧကော ဓမ္မက္ခန္ဓော (ပေယျာလ) ဧ၀ံ ဓမ္မက္ခန္ဓ၀သေန စတုရာသီတိသဟဿာတိဝိဓံ ) ၀ိနည်းပါရာဇိကဏ်အဋ္ဌကထာမှာလာပါတယ်။
အဓိပ္ပါယ်က……သုတ္တန်မှာ အဆက်အစပ်စကား (အနုသန္ဓေ)တစ်ခုရှိတဲ့ သုတ်ဟာ ဓမ္မက္ခန္ဓာ တစ်ခု လို့ခေါ်တယ်။ အနုသန္ဓေများတဲ့ သုတ်မှာ အနုသေန္ဓေရဲ့အစွမ်းဖြင့် ဓမ္မက္ခန္ဓာအရေအတွက်ကို သိရပါမယ်။ ဂါထာဗန္ဓတို့မှာ အမေးပုစ္ဆာတစ်ခုသည် ဓမ္မက္ခန္ဓာ တစ်ခု ဖြစ်သလို အဖြေတစ်ခုဟာလည်း ဓမ္မက္ခန္ဓာတစ်ခု ဖြစ်တယ်။ အဘိဓမ္မာမှာ တိက် ဒုက် တို့ကို ဝေဖန်ထားခြင်းနှင့် တစ်ခုသောစိတ်အစုကို ဝေဖန်ထားတာတွေဟာ ဓမ္မက္ခန္ဓာတစ်ခု လို့ ခေါ်ပါတယ်။ ၀ိနည်းမှာ ၀တ္ထုကိုဖြစ်စေ၊ ခေါင်းစဉ် မာတိကာ ဖြစ်စေ၊ပုဒ်ကိုဝေဖန်ထားတဲ့ ပဒဘာဇနီကိုဖြစ်စေ၊ အကြားတွင် သင့်သောအာပတ် ဆိုတဲ့ အန္တရာပတ္တိကို ဖြစ်စေ၊ အာပတ်သင့်တဲ့ အလှည့်အကြိမ်ပေါင်းဆိုတဲ့ အာပတ္တိဝါရကို ဖြစ်စေ၊ အနာပတ္တိဝါရကိုဖြစ်စေ တိက်ကို ပိုင်းခြားခြင်းကိုဖြစ်စေ၊ ဒီအရာတွေမှာ တစ်ခုခုသော အစုကို ဓမ္မက္ခန္ဓာ တစ်ခုလို့ ခေါ်ဆိုရပါတယ်။
နောက်တစ်ခုက…..တရားတော်မှန်သမျှဟာ သစ္စာတရားမှ လွတ်တဲ့ တရားမရှိ လို့ ဟောတော်မူထားတဲ့အတွက် ဓမ္မက္ခန္ဓာ တစ်ခုဟာ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်ပါကြောင်း အဖြေပေးလိုက်ပါတယ်။

Saturday, December 27, 2008

ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ

အမေး။ ။အရှင်ဘုရား….အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ရှိသူဖြစ်ပါသလဲဘုရား။ ဒီ ဒိဋ္ဌိဟာ ဘယ်နှစ်မျိုးရှိပါသလဲ၊ သိချင်ပါတယ်၊ အဖြေပေးတော်မူပါဘုရား။
ငြိမ်းလွင်
Moscow

အဖြေ။ ။ လက်ရှိအခြေအနေတွင် မဆင်းရဲဘဲ ချမ်းချမ်းသာသာ နေရတာ၊ ကိုယ်ချမ်းသာစိတ်ချမ်းသာ ခံစားရတဲ့ ချမ်းသာဟာ နိဗ္ဗာန်ပဲ လို့ မိစ္ဆာအယူရှိသူဟာ ‘ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ’ အယူရှိသူဖြစ်တယ်။ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ဒိဋ္ဌိ ငါးမျိုး ရှိပါတယ်။
(၁) ကာမဘုံမှာ ကာမဂုဏ် စည်းစိမ်ကို ခံစားပြီး ကိုယ်စိတ်ချမ်းသာမှုနှင့် ပြည့်စုံနေတာဟာ နိဗ္ဗာန်ရောက်နေတာပဲ လို့ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။
(၂) ပထမဈာန်နှင့် ပြည့်စုံခံစားနေရတာကိုပဲ နိဗ္ဗာန်ရောက်ပြီ လို့ ယူဆသော မိစ္ဆာအယူဝါဒ။
(၃)ဒုတိယဈာန်ချမ်းသာကို ခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲ လို့ ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။
(၄)တတိယဈာန် ချမ်းသာကို ခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲ လို့ ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။
(၅)စတုတ္ထဈာန် ချမ်းသိာကု ခံစားပြီး ဒီချမ်းသာကို ရောက်နေတာဟာ နိဗ္ဗာန်ကို ရောက်နေတာပဲ လို့ ယူဆတဲ့ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ။ တို့ဖြစ်ကြတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ကန်တော့ပွဲ

အမေး။ မင်္ဂလာဆောင် ၊ စေ့စပ်ပွဲ ၊ ခိုးပြေးပြီးမှ ပြန်အပ်တဲ့အခါ ကန်တော့ပွဲထိုးပီး ၀င်တာကျ ဘာအဓိပ္ပာယ်ပါလဲဘုရား။
အိအိ
စင်္ကာပူ

အဖြေ။ ။ကန်တော့ပွဲဆိုတာ နတ်တင်တဲ့ငှက်ပျောပွဲ အုန်းပွဲနဲ့ အယူအဆခြင်း မတူပါဘူး။ နတ်တင်တဲ့ပွဲက မမြင်ရတဲ့နတ်တွေကို ဘေးအန္တရာယ်များက စောင့်ရှောက်လိမ့်နိုးဖြင့် နတ်ကို တင်ကြတာပါ။ ကန်တော့ပွဲဆိုတာက ဘုရား၊တရား၊သံဃာရတနာသုံးပါး ဆရာမိဘတို့ရဲ့ ဂုဏ်ကို အာရုံပြုပြီး ရှိခိုးကန်တော့တဲ့အခါ ကန်တော့ပွဲကို အရှေ့မှာထားပြီး ကန်တော့ကြတယ်။ ဒါဟာ ရှေးအစဉ်အလာတစ်ခုပါ။ မြန်မာပြည်ရဲ့ ဆွမ်းကျွေး ကောင်းမှုပွဲတွေ မှာ အများအားဖြင့် ကန်တော့ပွဲထိုးကြပြီး သံဃာတော်များအား ကန်တော့ကြပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လူကြီးမိဘများကို တောင်းပန်ကန်တော့တဲ့အခါ လူကြီးမိဘများရဲ့ ဂုဏ်ကို အာရုံပြုပြီး ရိုသေမှု ဂါရ၀ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ကန်တော့ပွဲပေးကာ ကန်တော့ကြတဲ့ အဓိပ္ပါယ်ပါ လို့ ဖြေကြားပေးလိုက်ပါတယ်။

ကံအကျိုးပေးရာကာလ

အမေး။ ။(၁) ဗုဒ္ဓဘာသာဝင်တွေ လုပ်လေ့လုပ်ထရှိတဲ့ ဘုရားရှိခိုး ပုတီးစိတ် ဂါထာရွတ် မေတ္တာပို့ စတဲ့ အလုပ်တွေဟာ တကယ်လက်တွေ့ မှာ လောကီစီးပွားကို အကျိုးပေးနိုင် မပေးနိုင် သိလိုပါတယ်ဘုရား။ မြန်မာ လာအို ထိုင်း ဗီယက်နမ် နိုင်ငံသားတွေဟာ တခြား အနောက်နိုင်ငံသားတွေနဲ့ ယှဉ်ရင် အလွန်ချို့တဲ့နေတာကို တွေ့နေရပါတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။
(၂)။ သံဃာတော်များအား ကိုယ်ထိလက်ရောက် စော်ကားတဲ့သူ အများစုကို မြင်ဖူးပါတယ်။ သူတို့ဟာ မြေမြို မိုးကြိုးပစ်စတဲ့ ကံကြီးထိုက်တယ် ဆိုတာ မကြားရတဲ့အပြင် တခြားလူတွေထက်တောင်မှ ပိုမိုပြီး ကြီးပွားချမ်းသာနေကြပါတယ်။ ဘာကြောင့်လည်း ဆိုတာ သိချင်ပါတယ်ဘုရား။
(၃)။ အရှင်ဥက္ကဌရေးတဲ့ စာအုပ်တွေမှာ လက်ဝဲဆန်ဆန် ၀ိပဿနာတရားတော်ကလွဲရင် တခြား အလုပ်တွေကို ဘုရားမကြိုက်၊ လုပ်လဲ မလုပ်စေချင်၊ ဗုဒ္ဓဘာသာနဲ့လည်း မဆိုသလို ရေးထားတာ တွေ့ရပါတယ်။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘယ်လို အယူအဆမျိုး ကို ကျင့်သုံးသင့်တယ် ဆိုတာကို သိလိုပါတယ်ဘုရား။
ကိုကိုအောင်
(ဆန်ဖ၇န်စစ်စကို)

(၁)။ ကံအကျိုးပေးရာကာလ….
ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပြင် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင်နေထိုင်တဲ့သူများဟာ အကျိုးပေးရာကာလ မတူ ကွဲပြားကြတယ်။ ဘုရားရှင်ရဲ့ ဒေသနာတော်နဲ့ ပြောရရင် သင်္ဂြီုလ်ဘာသာဋီကာ၊ ၃၄၄၊ပါပကာစတုက္က မှာ အကျိုးပေးရာကာလ ကွဲပြားသော ကံ ၄ မျိုးကို ပြဆိုထားပါတယ်။ ၄င်းတို့မှာ…..
(က)။ ဒိဋ္ဌဓမ္မဝေဒနိယကံ = မျက်မှောက်ဘ၀မှာ အကျိုးပေးသောကံ။
(ခ)။ ဥပပဇ္ဇှဝေဒနိယကံ = ဒုတိယဘ၀ အကျိုးပေးသောကံ။
(ဂ)။ အပရာပရိယကံ = တတိယဘ၀မှ နိဗ္ဗာန်ရတဲ့ ဘ၀တိုင်အောင် အကျိုးပေးသောကံ။
(ဃ)။ အဟောသိကံ = အကျိုးပေးခွင့် မရသောကံ တို့ ဖြစ်ကြပါတယ်။
အကျိုးပေးရာ ကံ လေး မျိုးဟာ ဇောစေတနာများ ကြောင့်ဖြစ်ပါတယ်။ ဇောစေတနာများဟာ (၇)ကြီမ်စောကြပါတယ်။ ဒီဇော(၇)ကြိမ်အနက် ပထမဇောက ထက်သန်ရင် ပစ္စုပ္ပန်ဘ၀ အကျိုးပေးခွင့်ရပါတယ်။ နောက်ဆုံးဇောဖြစ်တဲ့ သတ္တမဇောက ထက်သန် ရင် ဒုတိယဘ၀ အကျိုးပေးပါတယ်။ ပထမဇောနဲ့သတ္တမဇောရဲ့ ကြားမှာရှိတဲ့ အလယ်ဇော ငါးချက်က ထက်သန်ရင် တတိယဘ၀မှ နိဗ္ဗာန်ရတဲ့ နောက်ဆုံးဘ၀တိုင်အောင် အကျိုးပေးပါတယ်။
ထို့အတူ မိမိပြုတဲ့ကုသိုလ်ကံ အကုသိုလ်ကံများရဲ့ အကျိုးပေးဟာလည်း ဇော (၇)ကြိမ်တို့ရဲ့ အကျိုးပေးထက်သန်ပုံ အမျိုးမျိုးတို့ကြောင့် အကျိုးပေးပုံ ကွာခြားကြတယ် လို့ အဖြေပေးလိုက်ပါတယ်။
(၂)။ ကံကြီးထိုက်သူများဟာ ပစ္စုပ္ပန်ဘ၀မှာ အကျိုးမပေးတာ ဘာ့ကြောင့်လဲ..
ကံကြီး ငါးပါး ရှိတယ်။ ဒါကို အာနန္တရိယ ငါးပါးလို့လည်းခေါ်တယ်။ ဒီကံငါးပါးအနက် တစ်ပါးပါး ကျုးလွန်မိပြီဆိုရင် တစ်ခါတစ်ရံ မျက်မှောက်ဘ၀မှာ အကျိုးပေးတတ်ပါတယ်။ ဒါပေမယ့် ယခုဘ၀အကျိုးပေးတယ်ဆိုတာ ယနေ့ခေတ်မှာ မကြားရ၊ မမြင်ရသလောက်ပါပဲ၊ အဲဒါဘာကြောင့်ပါလဲ လို့ မေးရင် ကောင်းမှု၊မကောင်းမှုကံများ ဇော(၇)ချက်အတိုင်း အကျိုးပေးခွင့်ရတယ်ဆိုတာဟာ သမ္ပတ္တိ၊ ၀ိပတ္တိတို့နှင့် အများကြီး သက်ဆိုင်တယ်လို့ ဆိုရမှာဖြစ်တယ်။ ဒီအကြောင်းပြောရင် အလွန်ရှည်သွားလိမ့်မယ်၊ ဒါပေမယ့် နားလည်အောင် အတိုချူံးပြောရပါမယ်။
သမ္ပတ္တိတရား(၄)ပါး၊၀ိပတ္တိ(၄)ပါးရှိတယ်။ အဲဒါက ဂတိ၊ ဥပဓိ၊ ကာလ၊ ပယောဂ တို့ဖြစ်ကြပါတယ်။
(၁)။ လူပြည်နတ်ပြည်ဟာ ဂတိသမ္ပတ္တိ ဖြစ်ပြီး၊ အပါယ်လေးပါးဟာ ဂတိဝိပတ္တိ ဖြစ်ပါတယ်။
(၂)။ ခန္ဓာကိုယ်ရဲ့ ဥပဓိအသွင်အပြင်နှင့်ပြည့်စုံတာကို ဥပဓိသမ္ပတ္တိ လို့ခေါ်ပြီး၊ ခန္ဓာကိုယ်ရဲ့ ဥပဓိအသွင်အပြင်နှင့်မပြည့်စုံတာကိုတော့ ဥပဓိဝိပတ္တိ လို့ခေါ်ပါတယ်။
(၃)။ကောင်းသောမင်း၊ကောင်းသောလူလက်ထက် ဆိုတဲ့ ပြည့်စုံသောကာလကို ကာလသမ္ပတ္တိ ခေါ်ပြီး၊မကောင်းသောမင်း၊ မကောင်းသော လူ လက်ထက် ဆိုတဲ့ မပြည့်စုံသောကာလကို ကာလ၀ိပတ္တိ ဖြစ်တယ်။
(၄)။ ကာယ၊၀စီ၊မနော ဖြင့် ကောင်းသော လုံ့လပြုခြင်းဟာ ပယောဂသမ္ပတ္တိ ခေါ်ပြီး၊ ကာယ၊၀စီ၊မနောဖြင့် မကောင်းသော လုံ့လပြုခြင်းဟာ ပယောဂ၀ိပတ္တိ လို့ခေါ်တယ်။
သမ္ပတ္တိ၊၀ိပတ္တိနှင့်ကံအကျိုးပေးခွင့်
(၁)။ မကောင်းအကုသိုလ်ကံရှိသောသူဟာ ဂတိသမ္ပတ္တိဖြစ်စဉ် အကျိုးမပေးနိုင်ပေမယ့် မကောင်းမှုကံဟာ တကယ်လို့ ဂတိဝိပတ္တိဖြစ်နေမယ်ဆိုရင် အကျိုးပေးနိုင်ပါတယ်။ ကောင်းမှု ကုသိုလ်ကံရှိသူဟာ ဂတိသမ္ပတ္တိဖြစ်စဉ် အကျိုးပေးနိုင်ပြီး၊ ဂတိဝိပတ္တိ ဖြစ်စဉ် ကုသိုလ်ကံ အကျိုးမပေးနို်င်ပါဘူး။
(၂)။ မကောင်းမှု အကုသိုလ်ကံရှိသောသူဟာ ဥပဓိသမ္ပတ္တိဖြစ်စဉ် အကျိုးမပေးနိုင်ပေမယ့် ဥပဓိဝိပတ္တဖြစ်ဉ် အကျိုးပေးနိုင်ပါတယ်။ ကောင်းမှုကံရှိသူဟာ ဥပဓိသမ္ပတ္တိဖြစ်စဉ် အကျိုးပေးခွင့်ရရှိပြီး ၊ ဥပဓိဝိပတ္တိဖြစ်စဉ် အကျိုးပေးခွင့်မရပါဘူး။
(၃)။ မကောင်းမှု အကုသိုလ်ကံ ရှိသူသောသူဟာ ကာလသမ္ပတ္တိဖြစ်တဲ့အခါ အကျိုးမပေးနိုင်ပေမယ့် ကာလ၀ိပတ္တိဖြစ်တဲ့အခါ အကျိုး ပေးနိုင်ပါတယ်။ ကောင်းမှုကံရှိသောသူဟာ ကာလသမ္ပတ္တိ ဖြစ်တဲ့အခါ ကုသိုလ်ကံ အကျိုးပေးခွင့်ရနိုင်ပြီး၊ ကာလ၀ိပတ္တိဖြစ်တဲ့အခါ ကုသိုလ်ကံက အကျိုးပေးခွင့် မရနိုင်ပါဘူး။
(၄)။ မကောင်းမှု အကုသိုလ်ကံ ရှိသောသူဟာ ပယောဂသမ္ပတ္တိ ဖြစ်တဲ့အခါ အကုသိုလ်ကံရဲ့ အကျိုးပေးခွင့်မရနိုင်ပါ၊ဒါပေမယ့် ပယောဂ၀ိပတ္တိဖြစ်နေတဲ့အခါ အကုသိုလ်ကံရဲ့ အကျိုးပေးခွင့်ရနိုင်ပါတယ်။ ကောင်းမှုရှိသောသူဟာ ပယောဂသမ္ပတ္တိဖြစ်တဲ့အခါမှာ ထိုကံအကျိုးပေးခွင့်ရရှိနိုင်ပါတယ်။သို့သော်လည်း ပယောဂ၀ိပတ္တိဖြစ်နေမယ်ဆိုရင် ကုသိုလ်ကံရဲ့ အကျိုးပေးခွင့်မရနိုင်ပါဘူး။
အကျယ်သိချင်ရင်တော့ (၀ိဘင်းပါဠိတော်၊ဥာဏ၀ိဘင်း၊ဒသ၀ိဓညဏ၀တ္ထုနိဒ္ဒေသ၊ ဒုတိယဗလနိဒ္ဒေသ) (အဘိ၊ဋ္ဌ၊၂။၄၂၁)တို့မှာ အကျယ်ဖတ်ရှုနိုင်ပါတယ်။
တကယ်လို့ မျက်မှောက်ဘ၀ အကျိုးပေးခွင့် မရဘူးဆိုပါက ဒုတိယဘ၀တွင် အမှန်တကယ်အကျိုးပေး နိုင်ပါတယ်။ သင်္ဂြီုလ်ဘာသာဋီကာ၊ ၃၅၀ မှာ ဖေါ်ပြထားတာက ပဉ္စာနန္တရိယကံ - မိစ္ဆာဒိဋ္ဌိကံတို့ ဟာ သတ္တမဇောစေတနာ ဖြစ်တယ်။ ဒါကြောင့် သတ္တမဇောရဲ့ အကျိုးပေးခွင့်ဖြစ်တဲ့ ဒုတိယဘ၀မှာ အကျိုးပေး မှာအမှန်ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ရပါတယ်။
(၃)။ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘယ်လိုကျင့်သုံးသင့်သလဲ…
စစ်မှန်တဲ့ ဗုဒ္ဓဘာသာဖြစ်ဖို့ အတိုဆုံးအရှင်းဆုံး အဖြေပေးပါ့မယ်။ အဆူဆူသော ဘုရားရှင်တို့ မိန့်တော်မူခဲ့ တဲ့ သြ၀ါဒတော် ဆိုတာရှိပါတယ်။ အဲဒါက (၁)အကုသိုလ်မှန်သမျှ လုံးဝ မလုပ်နဲ့ ရှောင်ကြဉ်ကြ။ (၂) ကုသိုလ်တရားမှန်သမျှ့ များသထက်များအောင် ပြည့်စုံသထက်ပြည့်စုံအောင် အားထုတ်ကြ။ (၃) စိတ်ကို ဖြူစင်အောင်ထားကြ ဆိုတဲ့ တရားတော်မှာ ကုသိုလ်ဆိုရင် ဒါန သီလ ဘာဝနာ၊ သီလာ၊သမာဓိ၊ပညာ ကုသိုလ်မှန်သမျှအားလုံးပါ၊ အကုသိုလ်ဆိုရင် ဒုစရိုက်တရားဆယ်ပါး ရှောင်ကြဉ်ကြ။ မကောင်းတာမှန်သမျှ မပြုနဲ့၊မပြောနဲ့၊ မတွေးနဲ့ ။ စိတ်ကို ကောင်းတဲ့ဖက်ရောက်နေအောင် ကျင့်သုံးပေးပါ လို့ ဘုရားညွန်ကြားတဲ့အတိုင်း ကျင့်သုံးရုံပါပဲ လို့ ဖြေကြားပေးလိုက်ပါတယ်။

Sunday, December 21, 2008

ပွဲဘာကြောင့်ထိုးရ

အမေး။ ။ သာသနာပွဲအကြောင်းဖတ်ရတဲ့အတွက် ကျေးဇူးများလှပါတယ်ဘုရား။ အခြားပွဲထိုးတာနဲ့ပတ်သက်ပြီး အခမ်းအနား၊ ပွဲ၊ အိမ်ဆောက်၊ စသည်ဖြင့် ပွဲထိုးတာတွေ့ဖူးကြုံဖူးပါသည်။ ဒီပွဲတွေကို ဘာကြောင့်ထိုးရလဲ။ ဘာအတွက်လဲ။ အကျိုးရမလား။ ရိုးရာလား။ ကွဲပြားစွာ သိလိုပါသည် ဘုရား။
ရတီ

အဖြေ။ ။ ဒီမှာ ထိုးတဲ့ပွဲတွေက ငှက်ပျောပွဲအုန်းပွဲ တွေပဲများပါတယ်။ ဒါကြောင့်လည်း သိပ်မကုန်တဲ့အတွက် ထိုးကြတာပေါ့။ ဒီပွဲတွေကို ဘာကြောင့် ထိုးရလဲ……..။ အကြောင်းကို ရှာကြည့်တဲ့အခါ ကိုယ်လုပ်တဲ့ အခမ်းအနား၊ဇာတ်သဘင်စတာတွေမှာ အန္တရာယ်ကင်းအောင် လို့ ဆိုတာရယ်။ လာဘ်လာဘရွှင်အောင်လို့ဆိုပြီး ပွဲတင်ကြတာပါ။ တစ်ချို့ကလည်း ရိုးရာလို့ဆိုပြီး ပွဲတင်ကြတာရှိပါတယ်။
အိမ်ဆောက်မယ်ဆိုရင်လည်း အဆင်ပြေအောင် အန္တရာယ်ကင်းအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိမ်တည်ဆောက်ခါစမှာ ပွဲပေးကြတယ်။ ဒီတင်လိုက်တဲ့ ပွဲတွေဟာ အမှန်တကယ်အကျိုးပေးမှာလား ဆိုတော့ “ဟင့်အင်း” လို့ပဲ ပြောလိုက်ပါရစေ။ ဒီလိုပွဲတင်တဲ့အတွက် ငှက်ပျော်သီး ၊ အုန်းသီးများကို စားရမှာ သေချာသလောက် ဖြစ်ပေမယ့် ၊ ပွဲတင်သူ လူသားများ အတွက် ဘာအကျိုးမှ မရနိုင်ပါကြောင်း၊ ပွဲတင်ခြင်းဖြင့် ရိုးရာဟု ဆိုကြသော်လည်း ထေရ၀ါဒရှုထောင့်ကနေ ကြည့်ရင် ရိုးရာပွဲများလည်း မရှိစေကောင်းပါ လိ့ ဖြေကြားပေးလိုက်ပါတယ်။ ( မေးခွန်းမေသူရဲ့နာမည်နဲ့ နေတဲ့ လိပ်စာတတ်ပြီးမေးပါရန်)

သိကြားသာသနာ

အမေး။ ။သာသနာတော်မှာ သိကြားသာသနာဆိုတာ တကယ်တမ်း ရှိပါသလားပါဘုရား၊သာသနာတော်ကို သိကြားက တကယ်စောင့်တာလားဆိုတာ သိချင်ပါတယ်ဘုရား။
ရဲနိုင်ထွန်း
အိန္ဒိယ

အဖြေ။ ။သာသနာတော်ကြီးဟာ ဘုရားရှင်တည်ထောင်တော်မူခဲ့တာပါ။ ဒါကြောင့်လည်း ဘုရားသာသနာ လို့ခေါ်တာပေါ့ ၊ သာသနာ ဆိုတာ အဆုံးမပါ၊ ဒီအဆုံးမဟာ ဘယ်သူ့အဆုံးမလည်းဆိုရင် ဘုရားအဆုံးမပါ။ ဒါကြောင့် ဘုရားသာသနာ လို့ခေါ်ပါတယ်။
ဘုရားသာသနာတော်ကြီးကို နောက်ပိုင်းတွင် သိကြားမင်းက စောင့်မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ကဏှဇာတ်တော်မှာ ကဿပဘုရားရှင်လက်ထက်တော်နောက်ပိုင်း လူအများ အကျင့်ပျက်ကြတဲ့အတွက် သိကြားမင်းက မုဆိုးယောင်ဆောင်ပြီး၊ မာတလိနတ်သားက ခွေးနက်ကြီးအဖြစ် ယောင်ဆောင်ကာ လူအများအား တရားဟောပါတယ်။ ဒီကနေစလို့ လူအများ အကျင့်သီလ လုံခြုံလာပါတယ်။ အဲဒီအကြောင်းနှင့်စပ်ပြီး သိကြားမင်းက လူ့ပြည်ဆင်းလာပြီး သာသနာပြုလိမ့်မယ် လို့ ဆိုပါတယ်။ ဒီစကားအရ ဇာတ်သဘင်များ၊ ကွက်စိပ်ဆရာများက လူ့လောကမှာ သိကြားသာသနာ ဆိုတဲ့အကြောင်း ထင်ရှားလာဟန်တူပါတယ်။
နောက်တစ်ခုက စလေဦးပုညရဲ့ (အင်ကြင်းမြိုင် ကုသိန်နန်းမှာလ စာ စာတမ်းထိုးလျှက်ရှိပါ။ ဘုရားက သိကြားကိုမှာတယ်၊ အဋ္ဌကထာစကား ၊ သာသနာငါထားလို့ ၊ မမှားအောင် စောင့်ဆော်) ဆိုတဲ့ သိကြားတိုင်တေးထပ်အရ သိကြားသာသနာစကား ပိုထင်ရှားလာ ဟန်တူပါတယ်။ ပရိနိဗ္ဗာန်စံတော်မူခါနီး ဘုရားရှင်က “ ဣမေ စ သုဘဒ္ဒ ဘိက္ခု သမ္မာဝိဟရေယျုံ ၊ အသုညော လောကော အရဟန္တေဟိ အဿ” လို့ သုဘဒ္ဒပရိပိုဇ်အား မိန့်တော်မူခဲ့တယ်။ “ ရဟန်းတော်များ ကောင်းမွန်စွာနေမယ်ဆိုရင် လောကကြီးတွင် ရဟန္တာများမှ မဆိတ်သုဉ်းနိုင် လို့ အားရစွာ မိန့်တော်မူခဲ့တဲ့အတွက် ဘုရားသာသနာကို နောက်ပိုင်းစောင့်တာဟာ သိကြားမင်းလည်း မဟုတ် သူရဿတီလည်းမဟုတ်၊ ရဟန်းတော်များသာ ဖြစ်ပါကြောင်း ဖြေပေးလိုက်ရပါတယ်။

ပါရာဇိကကျတဲ့ ရဟန်းအကြောင်း

အမေး။ ။ပါရာဇိက လေးပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတဲ့ရဟန်းတစ်ပါး အနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးရင် ဘာတွေလုပ်ရသလဲဘုန်းဘုန်း။ တကယ်လို့ အဲဒီရဟန်းဟာ လူထွက်သွားတယ်။ ကိုယ်တိုင် ပါရာဇိက ကျူးလွန်တာကို ကျူးလွန်မှန်းမသိရင် ဘာဖြစ်တတ်ပါသလဲ ဘုန်းဘုန်း။ တကယ်လို့ သိခဲ့ရင်ကော အဲဒီလူထွက် ထားတဲ့ ပုဂ္ဂိုလ် အနေနဲ့ အပြစ်ကို ဘယ်လိုချေဖျက်လို့ ရနိုင်ပါသလဲ ဖြေကြားပေးတော်မူပါဘုရား။
ပြည့်စုံအောင်
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း
အဖြေ။ ။ ပါရာဇိက လေးပါးမှာ တစ်ပါးပါးကို ကျုးလွန်မိတဲ့ ရဟန်းတစ်ပါးအနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးတယ်ဆိုရင် သာမဏေ (ကိုရင်)အသွင်ဖြင့် နေနိုင်ပါတယ်။

ကိုယ်တိုင် ပါရာဇိက ကျုးလွန်မှန်းမသိဘဲ ကျုးလွန်ထားတဲ့ ရဟန်းဟာ သီးခြား လူထွက်နေစရာမလိုပါ။ ရဟန်းအဖြစ်မှ လူ့အဖြစ်သို့ အော်တိုမစ်တစ်ရောက်ရှိသွားပါတယ်။ တကယ်လို့ ပါရာဇိကကျတဲ့ ရဟန်းဟာ လူမထွက်ဘဲ နေရင် သေလွန်တဲ့အခါ ငရဲကျခံရမှာဖြစ်ပါတယ်။ တကယ်လို့ ပါရာဇိကကျမှန်းသိတဲ့အတွက် လူထွက်ထားတဲ့ သူဟာ လူ့အသွင်နဲ့ နေကာ ဒါန သီလ ဘာဝနာများ အားထုတ်လျှင် မဂ်ဖိုလ် နိဗ္ဗာန်တောင် ရောက်နိုင်ပါတယ်။

ဓါတ်တော် ပြဿနာပြန်လည်ဖြည့်စွက်ချက်

အမေး။ ။ဘုန်းဘုန်းဘုရား…..ဘုရားရှင်တို့ရဲ့ သာသနာတော် တစ်ခါကွယ်တိုင်း ကွယ်တိုင်းတွင် ဓာတ်တော်မွေတော်တို့ပါ ကွယ်တယ်ဆိုတာ မှန်ပါသလားဘုရား။ အကယ်၍ ကွယ်တယ်ဆိုလျှင် ရွှေတိဂုံဘုရားတွင် ဌာပနာထည့်သွင်းထားတဲ့ ရှေးဘုရားရှင်တို့ရဲ့ ဓာတ်တော်မွေတော်များကို ဘယ်လို ယူဆရပါ့မလဲ ရှင်းပြပေးတော်မူပါဘုရား။
အဖြေ။ ။ ဒီအကြောင်းကို မေးထားတာဟာ ဒီမေးခွန်းပါဆိုရင် လေးခုမြောက် ရှိသွားပါပြီ၊ ယခင်က မေးတာတွေကို မဖြေဆိုနိုင်ခဲ့ပါဘူး။ အထူးသဖြင့် အွန်လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်နေတဲ့ ဒီမေးခွန်းကို ကြိုးစားဖြေပါ့မယ်။ ဘုရားတစ်ဆူရဲ့ သာသနာကွယ်လျှင် ဘုရားရှင်ရဲ့ ဓါတ်တော်များလည်း ဓါတုပရိနိဗ္ဗာန် စံဝင်တော်မူတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အင်္ဂုတ္တရာအဋ္ဌကထာမှာ တွေ့ရပါတယ်။

မြတ်စွာဘုရားရဲ့ ဓါတ်တော်များဟာ အချို့အရပ်ဒေသများမှာ ကိုးကွယ်ပူဇော်မှု မရှိကြတော့ရင် ဘုရားရှင်ရဲ့ အဓိဋ္ဌာန်စွမ်းအား လျော်စွာ ပူဇော်ကိုးကွယ်မှု ရရှိရာ အရပ်သို့ ကြွတော်မူကြလိမ့်မယ်။ သာသနာတော်ကုန်ဆုံးသောအခါ အရပ်ဒေသများစွာမှ ဓါတ်တော်များဟာ သီရိလင်္ကာ (သီဟိုဠ်ကျွန်း) မဟာစေတီသို့ စုပေါင်း ကြွတော်မူလာပြီးနောက် နာဂဒီပကျွန်း ရာဇာယတနစေတီတွင် တည်ပြီး မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့ ဓါတ်တော်များ အကြွင်းအကျန်မရှိ အားလုံး ကြွတော်မူကြလိမ့်မယ်။
အဲဒီအခါ ဓါတ်တော်များ စုပေါင်းပြီး ၃၂ ပါးလက္ခဏာတော်အတိုင်း ဘုရားရှင်ရဲ့ ပုသဏ္ဍာန် ဖြစ်တော်မူကာ ရေမီးအစုံ တန်ခိုး ပြာဋိဟာများကို ပြပါလိမ့်မယ်။ ဒီဖြစ်ရပ်ကို လူအများ မဖူးမြင်ရပါ။ နတ်ဗြဟ္မာများသာ ဖူးတွေ့ရခြင်းဖြစ်ပါတယ် ။ အဲဒီနောက် ဓါတ်တော်များဟာ မုန်ညင်းစေ့ငယ်လောက်ကို မကျန်တော့ဘဲ တေဇောဓါတ်လောင်ကျွမ်းတော်မူပါလိမ့်မယ်။ တေဇောဓါတ်လောင်ကျွမ်းနေတဲ့အခိုက် မီးတောက်မီးလျှံများဟာ နတ်ပြည် ဗြဟ္မပြည်တိုင်အောင် ရောက်လိမ့်မယ် လို့ဆိုပါတယ်။(အံ၊ဋ္ဌ၊၁၊၇၀)
တစ်ဖန် ဘုရားသာသနာကွယ်လျှင် ဓါတ်တော်များ အကြွင်းအကျန်မရှိတော့ဘဲ ဓါတုပရိနိဗ္ဗာန်ဝင်စံမယ်ဆိုတဲ့ အကြောင်းဟာ သက်တမ်းတိုတဲ့ ဂေါတမမြတ်စွာဘုရားသာသနာတော် တစ်ခုသာလျှင်ဖြစ်တယ်လို့ မှတ်ယူရပါမယ်။ သက်တမ်းရှည်တော်မူကြသော ကကုသန်စတဲ့ ဘုရားရှင်များဟာ ဓါတ်တော် သီးခြား မကျန်ရစ်ပါဘူး။ တစ်လုံးတခဲတည်းဖြစ်တဲ့ ဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို ဌာပနာပြီး စေတီတည်ထားကြတယ်။ ဒီကမ္ဘာမြေကြီးအတွင်းမှာ ရှေးဘုရားရှင်များရဲ့ ရုပ်ကလာပ်တော် ဌာပနာထားတဲ့ စေတီများ ယုခုတိုင် မြေကြီးထဲမှာ တည်ရှိနေသေးတယ်ဆိုတာ ပိဋကတ်တော်မှတ်တမ်းမှာ လာရှိပါတယ်။ ဒီအကြောင်းကိုလည်း ပြည့်စုံအောင် ဖေါ်ပြပေးလိုက်ပါတယ်။
အခါတစ်ပါး မြတ်စွာဘုရားဟာ ဒေသစာရီကြွချီတော်မူတဲ့အခါ တောဒေယျရွာအနီး နတ်စဉ်တစ်ခုရဲ့နံဘေးမှာ သီတင်းသုံးနေပါတယ်။ အဲဒီအခါ မြတ်စွာဘုရားက မလှမ်းမကမ်းမှာ လယ်ထွန် နေတဲ့ ပုဏ္ဏားတစ်ယောက်ကို သွားခေါ်ပါ လို့ အရှင်အာနန္ဒာအား ခိုင်းတော်မူပါတယ်။ အရှင်အာနန္ဒာကလည်း လယ်ထွန်ပုဏ္ဏားကို ခေါ်လာပါတယ်။ အနီးရောက်တော့ ပုဏ္ဏားဟာ မြတ်စွာဘုရားကို မရှိခိုးဘဲ နတ်စဉ်ကို ရှိခိုးတယ်။ အဲဒီမှာ ဘုရားက “ အသင်ပုဏ္ဏား…ဒီနေရာကို ဘာကြောင့် ရှိခိုးတာလဲ” လို့ မေးတော်မူတော့ ပုဏ္ဏားက “ အရှင်ဘုရား….ဒီနေရာဟာ ရှေးဘိုးဘွားအစဉ်အဆက်က ပူဇော်ခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ရှိခိုးတာပါ” လို့ ပြန်လျှောက်ပါတယ်။ ဒီအခါ ဘုရားရှင်က “ ဒီနေရာက ရှိခိုးသင့် ရှိခိုးထိုက်တဲ့နေရာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဒီနတ်စဉ်ရဲ့အောက် တည့်တည့်မှာ ကဿပဘုရားရှင်ရဲ့ရုပ်ကလာပ်တော်ကို ဌာပနာထားတဲ့ ရွှေစေတီကြီးတစ်ဆူရှိပါတယ်။ ဒီစေတီကြီးရဲ့ ဥာဏ်တော် တစ်ယူဇနာ ဥာဏ်တော်အမြင့်ရှိပါတယ်” လို့မိန့်တော်မူခဲ့ပါတယ်။ ဒါနဲ့စပ်ပြီး ပြောပါဦးမယ်
ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် မီးသဂြိုလ်မှု မပြုလုပ်ဘဲ ဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို ပုံမပျက်စေဘဲ ရွှေစေတီတော်ထဲမှာ ဌာပနာထားတယ်ဆိုတာပဲ။ အဲဒါကို ဂေါတမမြတ်စွာဘုရားက ပုဏ္ဏားနှင့် ရောက်လာတဲ့ ပရိဿတ်တွေကို ဖူးမျှော်နိင် အောင် မြေကြီးထဲမှာ ယခုတိုင်တည်ရှိနေတဲ့ ကဿပဘုရားရဲ့ ရွှေစေတီတော်ကြီးရဲ့ ပုံတူကို ကောင်းကင်ပေါ်မှာ အဘိညာဉ်နဲ့ ဖန်ဆင်းပြတော်မူပါ တယ်။ (ဓမ္မပဒ၊ဋ္ဌ၊ဒု၊ ကဿပဒသဗလဿ သုဝဏ္ဏစေတိယ ၀တ္ထု)
အချူပ်ဆိုရရင် ဂေါတမမြတ်စွာဘုရားသာသနာတော် တစ်ခုသာလျှင် ဓါတုပရိနိဗ္ဗာန်စံဝင်ကာ ဓါတ်တော်များ လုံးဝမကျန်တော့ လို့ မှတ်ယူရမှာဖြစ်တယ်။ ဒါဖြင့် ရွှေတိဂုံစေတီမှာ ဌာပနာထားတဲ့ ဓါတ်တော်များကို ဘယ်လိုယူဆမလဲဆိုတာနှင့်ပတ်သက်ပြီး ရွှေတိဂုံစေတီတော်မှာ ဌာပနာထားတဲ့ အရာများမှာ ရှေးဘုရားရှင်တို့ရဲ့ တောင်ဝှေးတော်၊ရေသနုပ်တော်၊ ရေစစ်တော်ဆိုတဲ့ ပရိဘောဂ အသုံးအဆောင်များသာ ဖြစ်တယ်။ ဓါတ်တော်များ မဟုတ်ပါ၊ မြတ်စွာဘုရားရှင်တို့ရဲ့ တန်ခိုးတော်၊ ကမ္ဘာစောင့်နတ်မင်းကြီးများရဲ့ စောက်ရှောက်မှုတို့ကြောင့် ရှေးဘုရားရှင်တို့ရဲ့ တစ်လုံးတစ်ခဲတည်းဖြစ်တဲ့ ရုပ်ကလာပ်တော် ဓါတ်တော်များဟာ ကမ္ဘာတည်သမျှ တည်နေမှာ ဖြစ်ပါကြောင်း အဖြေပေးလိုက်ရပါတယ်။

Wednesday, December 17, 2008

ငါဘုရားကို ဘယ်အချိန်မှာ သတိရ

အမေး။ ။မြတ်စွာဘုရားက “ ချစ်သမီး…ဘယ်အချိန်တွေမှာ ငါဘုရားကို သတိမရတာလဲ” လို့ ၀ိသာခါကို မေးတယ်။ ဒီအခါ ၀ိသာခါက “ ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်နဲ့ မေထုန်အမှုပြုတဲ့အချိန်တွေမှာ သတိမရတတ်ပါဘုရား” လို့ ပြန်လျှောက်သတဲ့။ ဘုရားရှင်က “ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်မှာ ငါဘုရားကို သတိရရင် ကျန်းမာမယ်၊ မေထုန်အမှုပြုတဲ့အချိန်မှာ သတိရရင်တော့ သားကောင်းရတနာ၊သမီးကောင်းရတနာ ထွန်းကားလိမ့်မယ်” လို့ မိန့်တော်မူပါတယ်ဆိုတာကို တစ်နေရာမှာ ဖတ်လိုက်ရ ပါတယ်။ အဲဒါ ဟုတ်ပါသလား၊ အဖြေပေးတော်မူပါဘုန်းဘုန်းဘုရား။ ။
ဖိုးသား
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

အဖြေ။ ။ဒီအမေးနဲ့ပတ်သက်ပြီး ပိဋကတ်တော်မှတ်တမ်းမှာ လုံးဝမတွေ့ရတဲ့အတွက် လုံးဝမဟုတ်ပါလို့ပဲ ပြောပါရစေ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဘုရားရှင်က သတိပဋ္ဌာနသုတ်တော်မှာ “ဥစ္စာရ ပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ”ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါမှာလည်း မှန်စွာအပြားအားဖြင့် သိအောင် ရှုမှတ်ရပါမယ် လို့ သမ္ပဇညပဗ္ဗပိုင်းမှာ ဟောထားပါတယ်။ အဓိပ္ပါယ်က တရားရှုမှတ်တယ်ဆိုတာ ကျင်ကြီးကျင်ငယ်စွန့်တဲ့အခါမှာလည်း သတိကပ်ရှုမှတ်ရတယ် လို့ မိန့်တော်မူတာကို တလွဲတွေးပြီး ရေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

လောကနီတိကျမ်းဟာ အားလုံးအမှန်တွေလား

အမေး။ ။လောကနီတိမှာ လာတာတွေ အားလုံးကို အမှန်ချည်းလို့ ယူဆလို့ ရပါသလားဘုန်းဘုန်း။ ဥပမာ….လောကမှာ အတတ်သင်ခြင်း။ ဥစ္စာရှာခြင်း။ တောင်တက်ခြင်း။ ဒေါသထွက်ခြင်း။ ကာမဂုဏ်ကို အလိုရှိခြင်းတို့ကို ဖြည်းဖြည်းမှန်မှန်သာ ဆောင်ရွက်ရမယ်။ ဒါမျိုးလေးတွေကို ပြောတာပါ။ တပည့်တော်မသိတဲ့အတွက် သိသလောက် ရှင်းပြပေးတော်မူပါဘုရား။
ဖိုးသား
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

အဖြေ။ ။နီတိဆိုတဲ့ ဝေါဟာရဟာ ညွန်ပြခြင်း လို့ အဓိပ္ပါယ်ရတယ်။ လောကနီတိ = လောကကို ညွန်ပြခြင်း လို့ ဆိုလိုတာပေါ့၊ အမျိုးလေးပါးရဲ့ အကျိုးငှါ ရေးသားမယ်ဆိုပြီး လောကနီတိကျမ်းကို စတုရင်္ဂဗလအမတ်ကြီးက ရေးသားခဲ့ပါတယ်။ ဒီနီတိကျမ်းကို ပင်းယခေတ် သက္ကရာဇ် ၆၆၀ ခန့် မှာ ရေးသားခဲ့တယ်။ အဲဒီခေတ်က မင်း၊ပုဏ္ဏား၊ကုန်သွယ်၊လယ်လုပ် အမျိုးလေးပါး ထင်ရှားခဲ့တယ်။
ဒါကြောင့် လောကနီတိကျမ်းကို ရေးသားတဲ့ နေရာမှာ (ဗြဟ္မဏ) ပုဏ္ဏားတို့ရဲ့ ကျမ်းစာများမှ တစ်ချို့ကို မလွဲသာဘဲ ထည့်ယူရေးသားထားပါတယ်။ ဒါကြောင့်လည်း ပကိဏ္ဏက ကဏ္ဍမှာ တစ်ချို့ဂါထာတွေဟာ ဗြဟ္မဏအယူအဆရှိတဲ့ ဂါထာတွေ ဖြစ်နေတာကို တွေ့နေရပါတယ်။
ဥပမာ.. သမ္ပုဏ္ဏရက္ခော ဗြဟ္မာဝ ၊ အစ္စုရက္ခော စ ဗိဿဏော။ တသ္မာ ဟိ တေ ပူဇယန္တု ၊ သဒါ မာနေန္တိ တံ နရံ။ စတဲ့ ဂါထာလိုမျိုးပါ။ အဓိပ္ပါယ်က ဗြဟ္မာကသာ သင်ပုဏ်းကို စောင့်တယ်၊ ဗိဿနိုးနတ်ကလည်း ကမ္ဗလွေကို စောင့်တယ်၊ ဒါကြောင့် အတတ်သင်သူဟာ ဗိဿနိုးကို ပူဇော်ကြရမယ် စတဲ့ စကားတွေဟာ ဗြဟ္မဏအယူဝါဒကလာကြောင်းထင်ရှားနေပါတယ်။ ၄င်းဂါထာများ ရေးသားထားတဲ့ အခန်းဟာ ပကိဏ္ဏက အခန်းဖြစ်ပါတယ်။ သို့သော်လည်း တစ်ခြားကဏ္ဍတွေမှာတော့ ဘုရားဟောတော်မူတဲ့ ပါဠိတော်ထဲက များစွာတွေ့ရပါတယ်။
ဥပမာ….“တဂရဉ္စ ပလာသေန၊ ယော နရော ဥပနယှတိ” ဆိုတဲ့ ပဏ္ဍိတအဆုံးက ဂါထာဟာ ဣတိဝုတ်ပါဠိတော် ၂၄၁ က ဂါထာဖြစ်တယ်။ “သဗ္ဗိရေ၀ သမာသေထ” ဆိုတဲ့ သုဇနကဏ္ဍအခန်းက ဂါထာဟာ အသီတိနိပါတ် မဟာသုတိသောမဇာတ်က ဂါထာ ဖြစ်တယ်။ တစ်ခြားလည်း များစွာရှိပါသေးတယ်။ ဆိုလိုတာက လောကနီတိကျမ်းမှာ ဘုရားဟောနဲ့ ဗြဟ္မဏအယူတို့ပါ ရောနှောပါဝင်နေတာမို့ တစ်ချို့ဂါထာတွေကို ဗဟုသုတရရုံသာ မှတ်ယူသင့်တဲ့အပြင် အနှစ်သာရအားဖြင့်တော့ မမှတ်ယူသင့်ပါ။
ယခုဖိုးသားမေးတဲ့အထဲမှာ ပါဠိလိုက “ သိနေ သိပ္ပံ သိနေ ဓနံ ၊ သိနေ ပဗ္ဗတ မာရုဟံ။ သိနေ ကမဿ ကောဓဿ ၊ ဣမေပဉ္စ သိနေ သိနေ”။ ဆိုတာပါ။ ဒီဂါထာဟာ လောကလူသားများအတွက် အကျိုး ရှိ/မရှိဆိုတာကို စဉ်းစားကြရအောင်ပါ။ ပညာတစ်ခုကို မြန်မြန်သင်ရင် မတတ်တဲ့အပြင် မကျွမ်းကျင်ပါဘူး။ ဒါကြောင့် ပညာသင်ရင် ဖြေးဖြေးသင်ယူရပါမယ်။ တောင်တက်တဲ့အခါ အမြန်တက်သွားရင် မွန်းကျပ်ပြီး လိုတဲ့ခရီးမရောက်နိုင်ဘူး။ ဒါကြောင့် တောင်တက်ရင် ဖြေးဖြေးတက်ရမယ်လို့ ဆိုပါတယ်။ဒေါသအထွက်မြန်ရင် အမှားပါပြီး မဖြစ်သင့်တာ ဖြစ်တတ်တယ်။ ဒါကြောင့် ဒေါသအထွက် နှေးရတယ်။ ကာမဂုဏ်နဲ့ပတ်သက်ပြီး အဆင်းကာမဂုဏ်တွေ၊ ဥပမာ် T V ကို တစ်နေ့လုံး ထိုင်ကြည့်ရင် ဘာအကျိုးမှ မဖြစ်ထွန်းတဲ့အပြင် အခန့်မသင့် ရင် ကျန်းမာရေးတောင် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို တအားမကြည့်ဘဲ ဖြေးဖြေးခြင်း ကြည့်ရမယ်လို့ဆိုတယ်။ ထို့အတူ အသံ၊အနံ့၊ အရသာ၊အထိအတွေ့စတာတွေကိုလည်း ဖြေးဖြေးချင်း အလိုရှိရမယ်လို့ဆိုတာဟာ သဘာဝကျတဲ့အတွက် လက်ခံရမှာပါ။
နောက်ဆုံးပြောလိုတာက ထေရ၀ါဒရှုထောင့်ကနေ ကြည့်ရင် လောကနီတိကျမ်းလာ အယူအဆတချို့ဟာ မှားယွင်းနေတဲ့အတွက် အမှန်တွေချည်းပဲ လို့ ယူဆမရနိုင်တဲ့အကြောင်း ဖြေကြားပေး လိုက်ရပါတယ်။

Monday, December 15, 2008

အရှင်ဥပသေနအကြောင်း

အမေး။ ။အရှင်ဥပသေန အကြောင်းကို သုတ္တန်လာနဲ့ ၀ိနည်းလာပါ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ သိချင်တဲ့အတွက် ဖြေကြားပေးတော်မူပါ ဘုရား။
ဒေါက်တာ တင့်ဇင်ဦး
Mansfield, England

အဖြေ။ ။ ဒကာကြီးဦးတင့်က…အရှင်ဥပသေနအကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်တယ် လို့ ဆိုထားပါတယ်။ အားလုံးရေးရမည်ဆိုရင် စာအိုင်သွားမှာစိုးတဲ့အတွက် အကျယ်မချဲ့တော့ဘဲ ကျမ်းဂန်အသီးသီးကလာတဲ့အတိုင်း လိုရင်းကို ဖေါ်ပြပေးလိုက်ပါတယ်။
အရှင်ဥပသေနအလောင်းအလျာဟာ ပဒုမုတ္တရဘုရားရှင် လက်ထက်က သမန္တပါသာဒိက ဧတဒဂ်ရ မထေရ်တစ်ပါးကို အားကျတဲ့အတွက် ပဒုမုတ္တရဘုရားရှင်အထံတော်မှာ် ကုသိုလ်ပြုလုပ်ကာ သမန္တပါသာဒိက ဆိုတဲ့ ဧတဒဂ်ဆုကို တောင်းခဲ့ပါတယ်။ အသက်အတိုင်းနေလို့ စုတေတဲ့အခါ လူ့ပြည်၊နတ်ပြည်တို့မှာသာ ကျင်လည်ခဲ့ရပြီး နောက်ဆုံးဘ၀မှာ ၀င်္ကန္တပုဏ္ဏားရဲ့သား၊ အရှင်သာရိပုတ္တရာရဲ့ ညီဖြစ်လာခဲ့တယ်။ အမျိုးကောင်းသားဟာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုခဲ့ပါတယ်။ သူ့နာမည်က အရှင်ဥပသေန လို့ ခေါ်ပါတယ်။
တစ်နေ့သောအခါ မြတ်စွာဘုရားရှင် သိက္ခာပုဒ် မညတ်ရသေးတဲ့ကာလ အရှင်ဥပသေနဟာ နှစ်ဝါရတဲ့အချိန်မှာ ဥပဇ္ဈာယ် ပြုလုပ်ပြီး တပည့်တစ်ပါးကို ရဟန်းခံပေးခဲ့ပါတယ်။ မိမိရဟန်းခံပေးတဲ့ တပည့်ရဟန်းနဲ့အတူ ဘုရားရှင် ထံတော်မှောက် အဖူးမျှော် ရောက်ခဲ့ပါတယ်။ ဘုရားရှင်က အရှင်ဥပသေနကို နှစ်ဝါရရုံမျှနဲ့ ရဟန်းခံပေးတာနဲ့စပ်ပြီး မိန့်တော်မူပါတယ်။ ဘုရားရှင်က “မိမိကိုယ်တိုင် အဆုံးမခံရမယ့်အချိန် ဖြစ်ပါလျှက်နဲ့ သူတစ်ပါးကို ဆရာလုပ်ရမှာလား” လို့ ကဲ့ရဲ့တော်မူပြီး၊ “ ဆယ်ဝါရမှ ရဟန်းခံပေးရမယ်” လို့ မိန့တော်မူခဲ့ပါတယ်။ ထို့နောင်ရဟန်းများက (၁၀)၀ါပြည့်သောအခါ ၀ိနည်းသိက္ခာပုဒ်ကို မသိနားမလယ်ဘဲ ရဟန်းခံပေးကြတယ်။ ဒီအကြောင်း ဘုရားရှင်က သိသောအခါ ဆယ်ဝါလည်းပြည့်၊ သိက္ခာပုဒ်ကိုလည်း နားလယ်မှ ရဟန်းခံပေးရမယ်။ ဆယ်ဝါလည်းမပြည့်၊ သိက္ခာပုဒ်တော်လည်း မသိနားမလယ်ဘဲ ရဟန်းခံပေးက ဒုက္ကဋ်အာပတ်သင့်စေ လို့ ပညတ်တော်မူခဲ့ပါတယ်။
အရှင်ဥပသေနဟာ ဘုရားရှင်က ကဲ့ရဲ့တော်မူသော်လည်း စိတ်ပျက်အားငယ်မှု လုံးဝမရှိဘဲ ပရိသတ်အလယ်မှာ ဘုရားရှင်ရဲ့ အချီးအမွန်းခံရအောင် ကြိုးစားမယ် လို့ ရည်ရွယ်ပြီး၊ တရားအားထုတ်လိုက်တာ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်တော်မူခဲ့ပါတယ်။ ရဟန္တာဖြစ်တော်မူပြီးသောအခါ အရှင်ဥပသေနဟာဓုတင်ဆောင် တပည့်ရဟန်းများနှင့်အတူ ဘုရှင်းထံ တဖန် ချဉ်းကပ်တော်မူခဲ့ပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က အရှင်ဥပသေနကို “သမန္တပါသာဒိက” ဧတဒဂ်ဘွဲ့ကို ပေးပြီး ပရိသတ်အလယ်မှာ ချီးမွမ်းတော်မူခဲ့ပါတယ်။
အခါတစ်ပါးမှာ အရှင်သာရိပုတ္တရာနှင့်အရှင်ဥပသေနတို့ဟာ ရာဇဂြိုလ်ပြည် ယင်းတိုက်တော သပ္ပသောဏ္ဍိကလိုဏ်ဂူမှာ သီတင်းသုံးနေထိုင်ကြပါတယ်။ တစ်နေ့မှာ အရှင်ဥပသေနရဲ့ ကိုယ်ပေါ်ကို မြွေဆိုးတစ်ကောင် ကျပြီး မြွေဆိုးအကိုက်ခံရပါတယ်။ အဲဒီအခါ အရှင်ဥပသေနက “ငါ့ရှင်တို့…လာကြပါဦး၊ တပည့်တော်ရဲ့ ဒီခန္ဓာကိုယ်ကြီး ဖရိုဖရဲ ကျဲမသွားမီ (မသေမီ)ဒီခန္ဓာကိုယ်ကို ညောင်စောင်း ပေါ် တင်ပြီး ဂူအပြင်ကို ထုတ်ပေးကြပါ” လို့ဆို တဲ့အခါ အနီးရှိ အစ်ကိုယ်တော်သူ အရှင်သာရိပုတ္တရာက “အရှင်ဥပသေနဟာ ကိုယ်ဖေါက်ပြန်မှု၊ဣနြေ္ဒဖေါက်ပြန်မှု မရှိပါဘဲနဲ့ ဘာပြုလို့ ဒီလိုဆိုရတာလဲ” လို့ ညီဖြစ်သူအား ပြောလိုက်ပါတယ်။ အရှင်ဥပသေနာက “ အရှင်ဘုရား…မျက်စိ၊နား၊နှာခေါင်း၊လျာ၊ကိုယ်၊စိတ် တွေကို ငါ ငါ့ဥစ္စာလို့ ထင်မှတ်နေရင်တော့ ကိုယ်ရဲ့ဖေါက်ပြန်မှု၊ ဣနြေ္ဒဖေါက်ပြန်မှု လို့ဆိုနိုင်တယ်။ ယခုမှာက မျက်စိ၊နား၊နှာ၊လျာ၊ကိုယ်၊စိတ် ဆိုတာတွေဟာ ငါ ငါ့ဥစ္စရယ်လို့ မှတ်ထင်မှု မရှိတဲ့အတွက် ကိုယ်ဖေါက်ပြန်မှု ဣနြေ္ဒဖေါက်ပြန်မှု ဘယ်မှာ ရှိတော့မှာလဲ ဘုရား…” လို့မိန့်တော်မူကာ မကြာမီ မြွေဆိုး အကိုက်ခံရတဲ့အတွက် အရှင်ဥပသေနာရဲ့ ခန္ဓာကိုယ်ဟာ ဖရိုဖရဲ ကျဲသွားကာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။
(ထေရာအပါဒါန်အဋ္ဌကထာ၊၂၊၂၀၂ ။ ၀ိနည်းမဟာဝါ၊၇၄။ ဥဒါန်းပါဠိတော်၊၁၃၁၊ ဥဒါန်းအဋ္ဌကထာ၊၂၄၂ ။ သဠာယတန၀ဂ္ဂသံယုတ်ပါဠိ၊၂၆၇ ၊သဠာယတန၀ဂ္ဂသံယုတ်အဋ္ဌကထာ၊၃၊၁၄)

ပညတ်နဲ့ ပရမတ်

အမေး။ ။ အရှင်ဘုရား….တပည့်တော် သဲအင်းဂူဆရာတော်ဘုရားကြီးရဲ့ တရားစီဒီခွေ နာယူနေပါတယ်ဘုရား။ တပည့်တော်မရှင်းတာ ရှိလို့ မေးခွင့်ပြုပါဘုရား။ ပညတ်နဲ့ ပရမတ်ကို သဘောမပေါက်တဲ့အတွက် ရှင်းလင်းပေးတော်မူပါဘုရား။ အဖြေကိုလည်း အရှင်ဘုရားရဲ့ ၀က်ဆိုက်ပေါ်တင်ပေးတော်မူပါဘုရား။
မအိအိ
စင်္ကာပူ

အဖြေ။ ။ (ပညပီယတီတိ ပညတ္တိ - လူ၊ အကောင်အထည်ဒြပ်များနှင့် သစ်ပင်တွေ စုပေါင်းတည်နေရာကို တော လို့ ခေါ်ဝေါ်ပညတ်အပ်၏။ ဣတိ- ထို့ကြောင့်။ ပညတ္တိ- ပညတ်မည်၏။) လို့ သဂြိုလ်ဘာသာဋီကာတွင် ဆိုထားပါတယ်။ ဒါကြောင့် လူ၊နတ်၊ဗြဟ္မာ စတဲ့ အသက်ရှိသတ္တ၀ါအကောင်အထည်ဒြပ်များနဲ့ သစ်ပင်ရေ မြေတောတောင်စတဲ့ သက်မဲ့အရာဝတ္ထုများကို ပညတ် လို့ခေါ်ပါတယ်။
ပရမတ်ဆိုတာက အဖေါက်မပြန် မှန်ကန်တိကျတဲ့ သဘောတရားကို ပရမတ္တ လို့ခေါ်ပါတယ်။ ဥပမာ နှမ်းမှ ဆီညစ်ထုတ်ရသလို ပညတ်ကနေ ပရမတ္ထအဆီအနှစ်တွေကို ဥာဏ်နှင့် ညစ်ထုတ်ယူရမယ်။ ဆိုပါစို့ ၊ ယောင်္ကျား မိန်းမ များကို လူ လို့ခေါ်တယ်၊ အဲဒါပညတ်ပဲ၊ ခေါ်ဝေါ်သမုတ်ထားတဲ့ ‘လူ’ ကို ဥာဏ်ဖြင့် ပရမတ္ထ အဆီအနှစ်ထုတ်ကြည့်ရင် ရုပ်နဲ့နာမ် ပဲ တွေ့ရတယ်။
သစ်ပင်လို့ ခေါ်တဲ့ အရာတစ်ခုဟာ သူ့ရဲ့အကိုင်းအခက်အလက်တွေ တစ်စစီဆွဲထုတ်လိုက်ရင် သစ်ပင်ဆိုပြီး ခေါ်လို့ မရတော့ဘူး။ ဒါကို သစ်ခက်၊သစ်ရွက် ပင်စည် လို့ ခေါ်ရတော့တာပါ။ ဒီလိုပါပဲ အိအိ သုံးနေတဲ့ ကွန်ပျူတာဟာ ပညတ်ပါ။ ပညတ်ဖြစ်တဲ့ ကွန်ပျူတာမှာ…တကယ်တမ်း စစ်ထုတ်ကြည့်လိုက်တဲ့အခါ ဘာများ ထွက်လာတုန်းဆို တော့..
(၁) ပျော့တာ၊မာတာ ရှိမယ်။(၂)အစိုအစေးဓါတ်ရှိမယ်။(၃)ထောက်ကန်လှုပ်ရှားမှုရှိမယ်။(၄)အပူ၊အအေးဓါတ်ရှိမယ်။(၅)အရောင်အဆင်းရှိ မယ်။(၆)အနံ့ရှိမယ်။(၇)အရသာရှိမယ်။(၈)အဆီအနှစ်သြဇာဆိုတာရှိမယ်။ အဲဒီရှစ်ပါးကို အဘိဓမ္မာက အ၀ိနိဗ္ဘောဂရုပ်(၈)ပါးလို့ခေါ်တယ်။ အဲဒီရှစ်ပါးက တစ်စစီ ဖြစ်သွားတော့ ကွန်ပျူတာ ဆိုပြီး ခေါ်လို့မရတော့ဘူးပေါ့။
ဒီတော့ ပညတ်ဖြစ်တဲ့ ကွန်ပျူတာတစ်လုံးကို ယခုလို ရုပ်(၈)ခုကို တစ်စစီဆွဲထုတ်ကြည့်လိုက်တော့ ပရမတ်ပဲမြင်ရတယ်၊ ကွန်ပျူတာပုံသဏ္ဍာန်ဆိုတဲ့ပညတ်မမြင်ရတော့ဘူး။
နောက်ပြီး ထင်ရှားရှိတာကို ပရမတ်လို့ခေါ်ပြီး ထင်ရှားမရှိတာက ပညတ် လို့လည်းခေါ်သေးတယ်။ ရှင်းပြဦးမယ်၊ လူ တစ်ယောက်ဟာ သူ့သဏ္ဍာန်မှာ ထင်ရှားရှိတာက ပရမတ်ဖြစ်တဲ့ ရုပ်နဲ့နာမ်ပါ။ လူဆိုတာ အပြင်ဘန်းကြည့်ရင် ထင်ရှားသယောင်ဆိုပေမယ့် ရုပ်နဲ့နာမ်ကို ဥာဏ်နှင့် မြင်သွားရင် ‘လ’ူ ဟာ မထင်ရှားတော့ဘူး။ ဒါကြောင့် လူ ဟာ တကယ်တမ်း ရှာကြည့်ရင် ထင်ရှားမရှိ တဲ့အတွက် ပညတ် ဖြစ်တယ်ဆိုတာကို ဖြေကြားပေးလိုက်ပါတယ်။

Thursday, December 11, 2008

Do you use google?

google ထဲက search အင်ဂျင်ထဲမှာ ကိုယ်လိုချင်တဲ့ အကြောင်းကို အင်္ဂလိပ်လို ရိုက်ပြီး ရှာဖွေတာက မဆန်းပေမယ့် မြန်မာလို ရိုက်ပီးတော့လည်း ရှာဖွေရသလို မြန်မာ+အင်္ဂလိပ်ရောပြီး ရိုက်၊ ရှာဖွေရင်လည်း ရတယ်ဆိုတာကို သိရပါတယ်။ အကြောင်းစုံသိချင် တယ်ဆိုရင် Do you use google? မှာ အပြည့်အစုံဖတ်ရှုနိုင်ပါကြောင်း

Tuesday, December 9, 2008

ဗုဒ္ဓ၀င်စား အလိမ်ပေါ်ပြီ

ဗုဒ္ဓလူဝင်စားအကြောင်းကို AFP သတင်းက လာတဲ့အတိုင်း ဖေါ်ပြလိုက်ပါတယ်။
" နှစ်နှစ်နိးပါးမျှ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ဗုဒ္ဓတရားကို ကျင့်ကြံလိုက်နာသည့် သူတော်စင်လေးဟု ထင်ရှားသူ နိပေါလ်နိင်ငံ သားသည် နှစ်နှစ်နီးပါးမျှ လူမြင်ကွင်းမှ ပျောက်ကွယ်နေရာမှ နိုင်ငံတောင်ပိုင်းတွင် ပြန်လည် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုအခါ အသက်(၁၈)နှစ်အရွယ်ရှိပြီဖြစ်သော ရန်ဗဟာဒူဘွန်ဟမ်သည် လပေါင်းများစွာ မစားမသောက် မအိပ်မနေဘဲ တရားကျင့်ကြံနေသည်ဟု ၂၀၀၅ ခုနှစ်ကတည်းက သတင်းထွက်ပေါ်လာခဲ့သည်။
၂၀၀၇ ခုနှစ် မတ်လတွင် မြေအောက်၌ သုံးနှစ်ကြာ တရားကျင့်မည်ဟု ဆိုကာ ပျောက်ကွယ်သွားခဲ့သည်။ ယင်းကာလတွင်နှစ်ကြိမ်မျှ ပေါ်ထွက်လာခဲ့သေးသည်။ ယခုအခါတွင် မြို့တော် ခေတ္တမန္ဒူတောင်ဘက်ရှိ တောတွင်း၌ နေ့စဉ် လာရောက်သူတို့ကို ၄၅ မိနစ်ကြာ လက်ခံတွေ့ဆုံလျှက် ရှိပြီး၊ နိုဝင်ဘာလ (၁၈)ရက်နေ့အထိ လူများနှင့် လက်ခံတွေ့ဆုံသွားမည်ဟုဆိုသည်။
၎င်းနေထိုင်ရာ တောတွင်းသို့ နေ့စဉ်လူထောင်ပေါင်းများစွာ လာရောက်ကြသည်ဟု နယ်ဒေသခံရဲတပ်ဖွဲ့မှ တာဝန်၇ှိသူက ပြောသည်။ သူတော်စင်ကလေးအား စောင့်ကြပ်ကြည့်ရှုသူများထံမှ အလှူငွေ များစွာ လက်ခံရရှိသည်ဟု သိရသည်။ အစားဘဲနေသည်ဟုဆိုသော် လည်း ပြင်သစ်ရုပ်သံ ဂျာနယ်လစ်တစ်ဦးက ထိုသူငယ် အသီးစားနေသည်ကို ရိုက်ကူးနိုင်ခဲ့သလို အေအက်ဖ်ပီ သတင်းထောက်ကလည်း ၄င်းတရားကျင့်ချိန်၌ သွားရောက်စုံစမ်းမိရာ အိပ်ပျော်နေသည်ကို တွေ့ခဲ့ရသည် ဟုဆိုသည်။(Ref: AFP)

Monday, December 8, 2008

ဗုဒ္ဓလူဝင်စား

တစ်နေ့သ၌ စာရေးသူသည် အွန်လိုင်းပေါ်သို့ ရောက်ရှိနေရာ ပြည်ပမှ ဒါယိကာမတစ်ဦးက လျှောက်ထားလာပါသည်။
“အရှင်ဘုရား ဖြစ်ရပ်ဆန်းတွေတော့ ပေါ်လာပြန်ပြီဘုရား”….။
“ ဘာဖြစ်ရပ်ဆန်းတွေ ပေါ်နေတာလဲ” ဟုမေးရာ
“ အရှင်ဘုရား…အွန်လိုင်းပေါ်မှာ မဖတ်မိဘူးထင်ပါတယ်၊ တပည့်တော် လျှောက်ထားပါရစေဘုရား…” ။
“ ဆိုစမ်းပါဦး” ။
“ ဒီလိုအရှင်ဘုရားရဲ့… လွန်ခဲ့တဲ့နှစ်နှစ်လောက်က မြတ်စွာဘုရားအလောင်းတော် မွေးဖွားတော်မူခဲ့တဲ့ နိပေါလ်နိုင်ငံမှာ ဗုဒ္ဓလူဝင်စား ဆိုတဲ့ သတင်းဟာ ဟိုးလေးတကျော် ပြန့်သွားတယ်လေ ဘုရား”…..။
“ ဟုတ်တယ်လေ…..အဲဒါက အရင်က ဖြစ်ခဲ့တဲ့ ကိစ္စလေ ဖြစ်ပြီးပြီပဲ အခုဟာက ဘာဖြစ်ရပြန်တာတဲ့လဲ”…..။
“ အရှင်ဘုရား….အဲဒါပြောမလို့၊ အခု ဒီဗုဒ္ဓလူဝင်စားဆိုတာလေး ပြန်ပေါ်လာပြန်ပြီ ဆိုပြီး အွန်လိုင်းသတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်ဘုရား…”။

စာရေးသူသည် အွန်လိုင်းပေါ်သို့တက်သည်ဆိုရာဝယ် ဆောင်းပါးများနှင့် နိုင်ငံတကာမှ မေးလာကြသည့် ဘာသာရေးနှင့်သက်ဆိုင်သည့် အမေးပြဿနာများကို ကိုယ့်ဝက်ဆိုက်တွင် ပြန်လည်၍ ဖြေကြားပေးနေရပေသည်။ ထို့ကြောင့်လည်း ယခုဖြစ်ပေါ်နေသည့် သတင်းကို မသိရသေးသည်မှာ မဆန်းပေ။ အင်တာနက်သတင်းတွင် ဖေါ်ထားသော ဖြစ်ရပ်ဆန်းမှာ…..
လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က မြတ်ဗုဒ္ဓအလောင်းတော် မွေးဖွားတော်မူရာ နိပေါလ်နိုင်ငံ Neejgad မြို့လေးတွင် ဗုဒ္ဓလူဝင်စားသည် ဆိုသည့် ရမ်း ဗဟာဒူး ဘွန်ဂျမ် (Ram Bahadur Bomjon) အမည်ရှိ သူငယ်လေးတစ်ယောက်ပေါ်ပေါက်ခဲ့ဖူးပါသည်။သူ၏အသက်မှာ (၁၈)ခန့် ရှိပြီဖြစ်ပြီး ပုံသဏ္ဍန် ပုံတွင်မြင်ရသည့်အတိုင်း ခေါင်းစုတ်ဖွားနှင့် ယခုခေတ်အနေဖြင့်ပြောလျှင် ဟစ်ဟော့ အဆိုတော်အလားထင်ရလောက် အောင် ဆံပင်များကား ရှုပ်ထွေးကောက်လိမ်၍ နေပေသည်။ အဆိုပါ “ဗုဒ္ဓသူငယ်လေး” (Buddha boy)သည် ရေမသောက်၊ အစာမစား မအိပ်စက်ဘဲ လနှင့်ချီကာ မလုပ်မရှား တရားထိုင်နိုင်ကြောင်း ပရိသတ်များက ပြောကြားကြသည်။ မျက်စိဖြင့် တတ်အပ်မြင်ရသူမရှိ။ တစ်နေ့သ၌ သောကြာနေ့ညပိုင်းကာလတစ်ခု၌ တောထွက်သွားသည်ဟု ဆို၏။
ထို ဗုဒ္ဓသူငယ်လေးသည်(ဗုဒ္ဓလူဝင်စား)သည် မြေအောက်ကျင်း၌ သုံးနှစ်ကြာသည်အထိ တရားကျင့်မည်ဖြစ်ကြောင်း ၂၀၀၇ ခုနှစ်၊မတ်လတွင် ပြောကြားခဲ့ပေမယ့်လည်း မကြာသေးမီ ယခုလစောစောပိုင်းက ပြန်ပေါ်လာခဲ့သည်။ မြေအောက်ကျင်းတွင် တရားကျင့်မည်ဟုဆိုသော်လည်း နှစ်ကြိမ်းတိုင်တိုင် ပြန်ပေါ်လာခဲ့သည်။ ယခုပြီးခဲ့တဲ့ သောကြာနေ့က တောထဲပြန်ဝင်သွားပြီဟု (အေအက်ဖ်ပီ)သတင်းက ဆိုပါသည်။
သူငယ်လေးဝင်သွားသည့် တောမှာ နိပေါလ်နိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူမြို့တော်မှ (၃၅.၅)မိုင် ဝေးသည်ဟု ဆိုပါသည်။ သည်ကောင်လေး၏ မိခင်နာမည်က မာယာဒေ၀ီ တာမန်(Maya Devi Tamang)ဖြစ်ပါသည်။
ထိုဖြစ်ရပ်ဆန်းတွင် ဗုဒ္ဓက လူဝင်စားသည်ဆိုသည်မှာ ဗုဒ္ဓ၀ါဒအရ လုံးဝမဖြစ်နိုင်ချေ။ သည်နေရာတွင် မြတ်ဗုဒ္ဓကို မဆိုထားနှင့် အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက တို့သည် အာသဝေါကင်းကွာ ရဟန္တာဖြစ်တော်မူခဲ့ကြသည်။ ဘ၀အသစ်ဖြစ်စေတတ်သည့် တဏှာတရားကို အပြီးသတ်ပယ်သတ်ပြီးသူများ ဖြစ်ကြသောကြောင့် နောက်ဘ၀အသစ်ဖြစ်ရန် အကြောင်းလုံးဝမရှိတော့ချေ။ မေတ္တာသုတ်တွင် မိန့်တော်မူထားသည်မှာ “နဟိဇာတုဂဗ္ဘသေယျ ပုနရေတိ” အမိဝမ်းတွင် ဇာတိပဋိသန္ဓေ တစ်ဖန် ပြန်၍ မနေတော့ပြီ ဟုလည်း လာရှိပေသည်။ ထိုကဲ့သို့ အောက်ထစ်ဆုံး ပကတိသာဝက ရဟန္တာများတောင်မှ ပဋိသန္ဓေတစ်ဖန်မရှိလျှင် မြတ်ဗုဒ္ဓသည်ကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။
ဤအကြောင်းကို မသိသော (အသိခေါက်ခက် အ၀င်နက်သော) ဗုဒ္ဓဘာသာဆိုသူများက ထိုဗုဒ္ဓလူဝင်စားအား ဘုရားပွင့်ရန် တစ်ဖန်လူပြန်ဖြစ်လာပြီ ဟု ယုံကြည်နေကြသည်မှာ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ ဤသည်ကား အသိဥာဏ်မဲ့သည့် ယုံကြည်မှုများနှင့် သူများရောယောင် ကိုယ်လည်းရောယောင်ကာ သူများပါးစပ်ဖျား လမ်းဆုံးနေကြသည့် သူများက ထိုဗုဒ္ဓ၀င်စားဆိုသည့် သူငယ်အား တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ ကျော်ကြားအောင်လည်း သတင်းတွေဖြန့်ထားခဲ့ကြသည်။
ထို ‘ဗုဒ္ဓချာတိတ်’ (Buddha boy) တောထဲသို့ဝင်ကာ ဆယ်လကြာသည်အထိ အစာရေစာမစားဘဲ ကျင့်သုံးခဲ့သည်ဆိုရာဝယ် ထိုသူငယ်ထွက်သွားသည်ဆိုသည့် တောထဲသို့ မည်သူမျှလည်း မလိုက်သည့်အတွက် ဆယ်လကြာသည်အထိ အစာရေစာမစားသည်ကို မည်သူမျှ မသိနိုင်။ တောထဲဆိုသည့်အတွက် သစ်ဥသစ်ဖုများ စားကာ အသက်ရှင်နေနိုင်သည်ကိုကား တောထဲကျင်လည်နေကြသည့် မုဆိုးများပင် သိနိုင်ပေသည်။ ဘာ့ကြောင့်ဆိုလျှင် အစာမစားဘဲ ဆယ်လမပြောနှင့် ဆယ်ရက်တောင်မှာ အသက်ရှင်ဖို့ရာ မလွယ်ကူလှပေ။
ဤသည်ကိုလည်း အဟုတ်ကြီးထင်ကာ လူအများ ကိုးကွယ်နေကြသည်မှာ အံ့သြစရာကောင်းလှပါသည်။
မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ကဏ္ဍကမြင်းဖြင့် မောင်ဆံခေါ်ကာ အနောမာသောင်ကမ်းအရောက် ဆံတော်ကို ပယ်လိုက်သောအခါ ဦးခေါင်းတော်ဝယ် ဆံတော်၏ အရှည်သည် လက်နှစ်သက်မျှသာ ကျန်ရှိတော်မူခဲ့ပေသည်။ ထိုနောက် ဘုရားပွင့်တော်မူပြီးနောက် ပရိနိဗ္ဗာန်ပြုသည်အထိ ဦးခေါင်းတော်မှ ဆံပင်တော်သည် လက်နှစ်သက်ထက် လုံးဝမရှည်တော့ပေ။ သို့ဖြစ်ပါလျှက် ယခုအခါ ဗုဒ္ဓ၀င်စားဆိုသူ၏ ဦးခေါင်းထက်တွင် ဆံပင်များသည် ဂုတ်ဝဲပင်မက ပုခုံးအထိ ရှည်နေသည်ကို တွေ့ရသည့်အပြင် ထိုဆံပင်များသည် သူ၏ ဦးခေါင်းထက်တွက် ရှုပ်ထွေးပွေလီနေသည်မှာ မြင်ရသူအဖို့ ကြည်ညိုဖွယ်လုံးဝ မရှိပေ။
ဤသည်ကိုပင် ဘုရားပွင့်လာပြီဟုဆိုကာ ကိုးကွယ်နေကြပေသည်။ ထိုအထဲတွင် ဗုဒ္ဓဘာသာဝင်များ အများစုပါနေသည်မှာ ၀မ်းနည်း ရှက်ဖွယ်ကောင်းလှပါသည်။
မြတ်ဘုရားရှင်က ထိုကဲ့သို့ အစာရေစာမစားဘဲ အငတ်ခံ ကျင့်သုံးနေသည်မှာ မဂ္ဂင်ရှစ်ပါးအကျင့် မပါဘူးဆိုပါလျှင် အတ္ထကိလမထ အကျင့်ဟု ဓမ္မစကြာ သုတ်တော်တွင် အတိအလင်း မိန့်တော်မူထားသည်။ သို့ပါလျှက် ထိုအတ္ထကိလမထအကျင့် ကျင့်နေသည်ကို တကယ်အကျင့်မြတ်ဟုထင်ကာ အထင်ကြီးနေကြသည်။ ဖြစ်သင့်/မဖြစ်သင့်ဆိုသည်ကိုလည်း ကိုယ်ပိုင်ဥာဏ်ဖြင့် မတွေးတောဘဲ ခွေးဟောင်တိုင်း လိုက်ကြည့်ကြသည့် သဘောပင်ဖြစ်သည်။

ဓါတ်ပုံတွင်ပါသည့်အတိုင်း ညောင်ပင်အောက် တရားထိုင်တိုင်းသာ ဘုရားဟုဆိုလျှင် အိန္ဒိယပြည်က ညောင်ပင်အောက် အကြာကြီးထိုင်ကြသော ဆာဒူးကြီးများအားလုံး ဘုရားဖြစ်ချေတော့မည်။ဗုဒ္ဓလူဝင်စားသူငယ်၏ မယ်တော်အမည်သည်လည်း မာယာဖြစ်သည့်အတွက် ဗုဒ္ဓမယ်တော်၏ အမည်ဟု ပြောဆိုကာ ဘုရားဖြစ်နိုင်သည်ဟုလည်း ပြောကြသည်။ သည်လိုဆိုလျှင် မာယာအမည်ရှိ မိခင်တိုင်း၏ သားများသည်လည်း ဘုရားဖြစ်ပေးရမည် ဖြစ်နေသည်။
ဗုဒ္ဓလူဝင်စားသည် နေ့အခါတွင် ညောင်ပင်အရင်း၌ တစ်နေကုန် ထမင်းမစားဘဲ မလှုပ်မယှက်ထိုင်နေကာ ညနေ ၅ နာရီမှ မနက် ၅ နာရီအထိ၊ သူငယ်အနားနေသူလူတစ်စုက ကန့်လန့်ကာတွေကာထားပြီး သူငယ်အား လုံးဝတွေ့ခွင့်မရတော့ချေ။ ဤသည်မှာ သူတို့ရဲ့လိမ်ကွက်ဖြစ်မည်ဟုယူဆပ်ါသည်။ အဘယ်ကြောင့်နည်း နေ့ရောညပါ အစာမစားဟု အသံလွင့်ထားခဲ့ပေမယ့် လူအများ အနားကပ်ခွင့်မရသည့် ညဖက်တွင် မစားဟုမပြောနိုင်၊ စားချင်လည်း စားနိုင်သောကြောင့် ဖြစ်သည်။ ပြောလိုသည်မှာ နေ့ခါအစာမစားဘဲ ညောင်ပင်အောက် မလှုပ်မယှက်ထိုင်ပြီး ညအခါ လူအများနှင့်အတွေ့မခံရုံဖြင့် အကျင့်မြတ်ဟု ပြောနိုင်ပါမည်နည်း။ သည်အကျင့်ဖြင့် လောကလူအများကို မည်သို့ အကျိုးပြုနိင်ပါမည်နည်း။
အမှန်တကယ် အကျိုးရရှိနေကြသည်ကား ဗုဒ္ဓချာတိတ် ကို စောက်ရှောက်ပေးနေကြသော သူငယ်အနားက လူတစ်စုကတော့ ဗုဒ္ဓလူဝင်စားသူငယ်ကို အကြောင်းပြု၍ လာဘ်လာဘ ရွှင်နေကြသည်။ လက်ငင်းဒိဋ္ဌ အကျိုးရရှိနေကြသည်။
၂၀၀၅ ခုနှစ်၊နိုဝင်ဘာလမှာ တရားအားထုတ်ရာက ထလာပြီးနောက် ဗုဒ္ဓချာတိတ်က ပြောသည်မှာ…. “ လူတွေကို ပြောလိုက်ပါ ကျူပ်ကို ဗုဒ္ဓလို့မခေါ်ပါနဲ့။ ကျူပ်မှာ ဗုဒ္ဓရဲ့ဘုန်းတန်ခိုးတွေ မရှိသေးပါဘူး။ ကျူပ်မှာ ရင်ပိုချီ အဆင့်ပဲရှိပါသေးတယ်..”။(ရင်ပိုချီဆိုသည်မှာ တိဗက်မဟာယာန ဗုဒ္ဓဘာသာမှာသာ သုံးတဲ့စကားပါ ထေရ၀ါဒမှာမရှိချေ။)။ ဤသို့ ကာယကံရှင်သူငယ်ကိုယ်တိုင်က ဗုဒ္ဓ လို့မခေါ်ပါနှင့် ဟု ပြောနေပါသော်လည်း လောဘဇောကပ်နေကြသည့် လူအများခမျာမှာတော့ ဗုဒ္ဓ ဟု ယုံကြည်ကာ ကိုးကွယ်နေကြပေပြီ။ သည်လို မဟုတ်မှန်းသိလျှက် ကိုးကွယ်နေကြ ယုံကြည်နေကြခြင်းသည် လူအများက လောကီအလိုအားကြီးလွန်းသည့်အတွက် ဖြစ်လာရသည်ဟု ပြောရပေမည်။
လူငယ်က “ ရုပ်ဝါဒဟာ ဒီတိုင်းပြည်မှာ အကြောက်တရား၊ စိုးရိမ်ကြောင့်ကြမှုနဲ့ ပဋိပက္ခတွေကို သယ်ဆောင်လာတယ်။ လူတစ်ယောက်ဟာ ဘာသာတရားနဲ့ ဒဿနိကဗေဒကို သူ့ရဲ့ အတွင်းကျကျ ပျော်ရွှင်မှုအတွက် လိုက်နာသင့်တယ်” လို့ ပရိသတ်တွေကို ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားသည်လို့လည်း အင်တာနက်သတင်းမှာ ဖတ်လိုက်ရပြန်ပါသည်။
အချူပ်ဆိုရသော် လောကတွင် ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုသည်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားဝေဖန်နိုင်ခွင့်ရှိပါလျှက် ကိုယ်ပိုင်ဥာဏ်ကို အသုံးမချဘဲ သူတစ်ပါး ပါးစပ်ဖျားတွင် လမ်းဆုံးက သူတစ်ပါး ပြောတိုင်းယုံကြည်နေကြသည်ကို စဉ်းစားတွေးခေါ်ဖို့ အချိန်တန်နေပါပြီ။ မြတ်စွာဘုရားကလည်း အတ္တာဟိ အတ္တနော နာထော မိမိသည်သာ အားအားရာ ဟု ဟောတော်မူခဲ့ပါသည်။ သည်လိုသာ မိမိ၏ အလိုကြီးမှုကို ရှေ့တန်းတင်နေကြမည်ဆိုပါလျှင် ထိုအလိုကြီးမှု၏ နိဂုံးသည်ကား အကျည်းတန်သည့် နိဂုံးဖြစ်သွားပေတော့မည် ဟု သတိပေးရင်း……

အမြင်မှန်ရကြပါစေ
ဦးကောဝိဒ(မြိတ်)
8.12.2008 ၊ 6း 56 AM

Sunday, December 7, 2008

အာရုံပေါ်ခိုက် ခန္ဓာငါးပါး အစဉ်အတိုင်းဖြစ်/မဖြစ်

အမေး။ ။ အာရုံတစ်ခုပေးတိုင်းမှာ ခန္ဓာငါးပါးနှင့် ပတ်သက်ပြီး အာရုံပေါ်တာ အစီအစဉ်လိုက် ပေါ်ပါသလားဘုရား၊ ဥပမာ ရူပခန္ဓာ ဝေဒနက္ခန္ဓာ ဒီလိုအစဉ်အတိုင်းဖြစ်တာပါလား ဆိုတာကို အဖြေပေးတော်မူပါ အရှင်ဘုရား။ ။
ကိုအောင်ကျော်နိုင်
7/15,Queen st,
Auburn,Sydiney
NSW,2144

အဖြေ။ ။ အောင်ကျော်နိုင်ရေ…… မေးလိုက်တဲ့ မေးခွန်းကို ယခုမှ ပြန်လည်ဖြေကြားပေးလိုက်ရပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ် ဆိုပြီး ဒေသနာအစဉ်အားဖြင့်သာ ဟောကြားတော်မူ တာပါ။ အာရုံဖြစ်ပေါ်တဲ့အခါ ငါးပါးလုံး အတူတူဖြစ်ကြတယ်လို့ပဲ ဆိုရပါ့မယ်။ ရှင်းပြပါဦးမယ်။ ဥပမာ….
အနိစ္စ ၊ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာသုံးပါဟာ တစ်ခုစီ ဟောထားပေမယ့် အနိစ္စလက္ခဏာဖြစ်ပြီဆိုလျှင်ကျန်သည့် လက္ခာဏာနှစ်ပါးလည်း ပါဝင်ပြီးဖြစ်တော့သည်။ (ပထ၀ီ အာပေါ တေဇော ၀ါယော ၊ ၀ဏ္ဏ ဂန္ဓ ရသ သြဇာ) ဆိုတဲ့ အ၀ိနိဗ္ဘောဂ ရှစ်ပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ တစ်ခုစီခွဲထားပေမယ့်လို့ ဒီရှစ်ပါးဟာ ရုပ်ဝတ္ထုပစ္စည်းတစ်ခုမှာ တပေါင်းတည်း ဖြစ်ကြပါတယ်။ တစ်ခုပီးတစ်ခုဖြစ်တယ် ဆိုပြီး ခွဲလို့မရပါဘူး။ ဝေနယျများ သိစေရန်အတွက်သာ ခွဲခြမ်းပြခြင်းသာဖြစ်တယ်လို့ မှတ်ရမယ်။
ထို့အတူ ခန္ဓာငါးပါးဟာလည်း ဒေသနာအစဉ်အားဖြင့်သာ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါ၊၀ိညာဏ် လို့ စီအစဉ်အတိုင်း ခွဲပြထားပေမယ့်လို့ တကယ်တမ်း အာရုံပေါ်တိုင်းမှာ ခန္ဓာငါးပါး ရုပ်နာမ်တရားများဟာ တပြိုင်နက်ဖြစ်ပြီး ချူပ်ပျောက်ကြပါတယ်။ သည်လို ရုပ်နာမ်များ ချူပ်ပျောက်တဲ့နေရာမှာ တောင်မှ လက်ဖျစ်တစ်တွက်တွင် ကုဋေတစ်သိန်းချုပ်တယ်ဆိုတာကို မြတ်ဘုရားရှင်ရဲ့ ဥာဏ်တော်နဲ့သာ မြင်တာပါ။ သာမာန် ပုဂ္ဂိုလ်များ မမြင်နိုင်ပေ။ အကယ်၍ ခန္ဓာငါးရဲ့ ဖြစ်စဉ်ကို ခွဲခြမ်းလို့ရတယ်ဆိုဦးတော့ မြတ်ဘုရားရဲ့ အရာတော်သာဖြစ်တယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

Saturday, December 6, 2008

သန်းခေါင်ယံအမေးအဖြေ စာအုပ်အတွက် အလှူပါဝင်သူများ

  1. ကိုအောင်ကျော်နိုင်+မခင်ဌေးကြူမိသားစု ဆစ္ဒနီမြို့၊ သြစတေးလျားနိုင်ငံမှ လှူဒါန်းငွေ၂,၀၀၀၀၀ ကျပ်။
  2. မောင်ဝင်းမြင့်ဇော် (MIET) မော်စကို မှ လှူဒါန်းငွေ ဒေါ်လာ ၁၀၀ လှူဒါန်းကြပါသည်။
  3. ဒေါက်တာ တင့်ဇင်ဦး+ ဒေါ်ခင်သန္တာအေးမိသားစု mansfield,England ၂၀၀၀၀ ကျပ်။
  4. မောင်ပြည့်စုံအောင် (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ၅၀ ဒေါ်လာ။
  5. မောင်ကျော်စိုးသူ (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ၅၀ ဒေါ်လာ။
  6. မောင်ကိုကိုအောင် စဖရန်စစ္စကို၊ ၁၀၀ဒေါ်လာ။
  7. မမို့မို့မင်းသူ ဒန်ဗာမြို့၊ ကော်ရိုလာဒို ၅၀ဒေါ်လာ။

စိဉ္ဖမာဏ၀ိကာရဲ့အစွပ်အစွဲခံရခြင်းအကြောင်း

အမေး။ ။ဆရာတော်ဘုရား…..စိဉ္ဇမာဏ၀ိကာအမျိုးသမီးဟာ မြတ်စွာဘုရားအား စွပ်စွဲရခြင်းရဲ့အတိတ်ဘ၀ဇာတ်ကြောင်းများ ရှိရင် အားလုံးသိအောင် ဖြေကြားပေးစေလိုပါတယ်ဘုရာ။
ဒေါက်တာ ဦးတင့်ဇင်ဦး
Mansfield,England

အဖြေ။ ။သည်မေးခွန်းမှာ ဘုရားအလောင်းတော် အရက်သမားဘ၀ဖြစ်ခဲ့စဉ်က ဘုရားအလောင်း အရက်သမားရဲ့ ဖျက်ဆီးမှုကြောင့် သစ္စတပါပီဆိုတဲ့ ပရိဗိုဇ်မဟာ အညိုးထားပြီး ယခုဘ၀ စိဉ္ဇမာဏ၀ိကာအဖြစ်နဲ့ ယုတ်မာစွာ မြတ်စွာဘုရားအား ပြန်လည်စွတ်စွဲခဲ့တယ်၊ သည်အကြောင်းကို လူအတော်များများကလည်း ဒီိလိုပဲ သိထားကြတယ်လို့ သိရပါတယ်။
သည်ဇာတ်ကြောင်းမှာ ဘုရားအလောင်းတော်ဖြစ်တဲ့ မဟာကုဏာလမင်းဟာ သေသောက်ကြူး ဖြစ်ခဲ့တာမှန်ပါတယ်။ဒါပေမယ့် သစ္စတပါပီကို ဖြားယောင်းခဲ့တာက ဘုရားအလောင်းမဟုတ်ပါဘူး၊ သာမန်ပညာရှင်တစ်ယောက်ဖြစ်တယ်။ ထိုအကြောင်းကို သိသာရုံ ဖေါ်ပြပါဦးမယ်။
ရှေးအခါက သစ္စတပါပီ ပရိဗိုဇ်မဟာ သုဿာန်မှာနေပါတယ်။ တစ်နေ့မှာ ရွှေပန်းထိမ်သည်နှင့်အပေါင်းအပါတစ်စုဟာ အရက်သောက်နေကြတယ်။ အဲဒီမှာ အရက်သမားတစ်ယောက်က ‘ နမော သစ္စတပါပီယော’ သစ္စတပါပီကို ရှိခိုးပါ၏ ဆိုပြီး ပြောလိုက်တယ်။ ထိုစကားကို အနီးမှာရှိနေတဲ့ ပညာရှင်ဆိုသူက “မိန်းမဆိုတာ သီလမရှိတဲ့သူက များကြတယ်၊ သစ္စတပါပီ သီလရှိ/မရှိကို ယနေ့မှ ရေတွက်ရင် ခုနှစ်ရက်မြောက်နေ့မှာ အရက်အိုးထမ်းလာတာ မြင်စေရမယ်” လို့ ကျပ်တစ်ထောင်ဖြင့် ကြေးလောင်းကြတယ်။
ဒါနဲ့ပညာရှင်ဆိုသူက ရသေ့အသွင်ဆောင်ကာ ဖြားယောင်းတဲ့အတွက် သစ္စတပါပီက အဟုတ်မှတ်ကာ အရက်အိုးထမ်းလာရတဲ့အဖြစ်သို့ ရောက်ရပါတယ်။ အဲဒီနောက်မှာ သူတို့နှစ်ဦးဟာ ရင်းနှီးပြီး အကြင်လင်မယားအဖြစ်သို့ ရောက်ကြတယ်။ သူတို့နှစ်ဦးကို အမှီပြုပြီး သားသမီးများစွာလည်း ထွန်းကားခဲ့တယ်လို့ ဖတ်ရတယ်။ ရန်ငြိုးဖွဲ့ခဲ့တယ်ဆိုတာ မပါဘူး။ ထို့အပြင် ထိုပညာရှင်ဟာလည်း ဘုရားလောင်း မဟုတ်သလို သစ္စတပါပီဟာလည်း စိဉ္ဇမာဏ၀ိကာလို့ ဖေါ်ပြထားခြင်း မရှိပါဘူး။
အချူပ်ဆိုရသော် ၀ိပါတ်တော် ၁၂ ပါးဆိုင်ရာ အစွပ်စွဲခံရမှုမှာ ဘုရားအလောင်းက ပစ္စေကဗုဒ္ဓါအား စွပ်စွဲခဲ့ဖူးသော အကြောင်း ကြောင့်သာဖြစ်ကြောင်း အပဒါန်တွင် ဆိုထားပါတယ်။ (အပဒါနပါဠိ-၁၂၈)

Twitter Delicious Facebook Digg Stumbleupon Favorites More